မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၀၇

သတေဖန် ကျောက်ခဲနဲ့ပေါက်သတ်ခံရတဲ့အကြောင်း

သတေဖန် ကျောက်ခဲနဲ့ပေါက်သတ်ခံရတဲ့အကြောင်း

ဒူးထောက်နေတဲ့လူက သတေဖန်။ ယေရှုရဲ့သစ္စာရှိ တပည့်တော်တစ်ယောက်ပေါ့။ သူ့ခမျာဘာဖြစ်နေသလဲ ကြည့်လိုက်ပါဦး။ လူတွေ သူ့ကိုကျောက်ခဲကြီးတွေနဲ့ ပေါက်နေကြတယ်။ သတေဖန်ကိုဒီလိုရက်ရက်စက်စက်လုပ်တဲ့အထိ သတေဖန်ကို သူတို့ဘာဖြစ်လို့များမုန်းကြသလဲ။ ကြည့်ရအောင်။

သတေဖန် တန်ခိုးအမျိုးမျိုးပြနိုင်အောင် ဘုရားသခင်တန်ခိုးပေးခဲ့တယ်။ ဒီလူတွေက အဲဒါကိုမကြိုက်ကြဘူး။ ဒါနဲ့လူတွေကို အမှန်တရားသင်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူနဲ့အငြင်းအခုံဖြစ်ကြတယ်။ ဒါပေမဲ့ ဘုရားသခင်ကသတေဖန်ကို ဉာဏ်ပညာအများကြီးပေးတော့ သူကအဲဒီလူတွေမဟုတ်မမှန်တာတွေကို လူတွေကိုသင်ပေးနေတယ် ဆိုတာကိုပြလိုက်တယ်။ ဒါနဲ့ ဒီလူတွေပိုလို့စိတ်ဆိုးလာကြတာပေါ့။ ဒါကြောင့် သူ့ကိုဖမ်းလိုက်တယ်။ ပြီးတော့ သူ့ကိုမဟုတ်မမှန်စွပ်စွဲဖို့ သက်သေတွေကို ခေါ်ကြတယ်။

ယဇ်ပုရောဟိတ်မင်းကြီးက သတေဖန်ကို ‘သူတို့ပြောတာမှန်သလား’ ဆိုပြီးမေးတယ်။ သတေဖန်က ကျမ်းစာကိုးကားပြီး သိပ်ကောင်းတဲ့ဟောပြောချက်ပေးလိုက်တယ်။ အဆုံးပိုင်းရောက်တဲ့အခါ ရှေးတုန်းကယေဟောဝါရဲ့ ပရောဖက်တွေကိုဆိုးတဲ့လူတွေ ဘယ်နည်းဘယ်ပုံမုန်းခဲ့ကြတဲ့အကြောင်းပြောပြတယ်။ ပြီးတော့ ‘ခင်ဗျားတို့လည်း ဒီလိုလူတွေနဲ့အတူတူပဲ။ ခင်ဗျားတို့ဟာ ဘုရားသခင်ရဲ့ကျွန်ယေရှုကို သတ်ပစ်လိုက်တယ်။ ဘုရားသခင်ရဲ့ပညတ်တော်ကိုလည်း ချိုးဖောက်ကြတယ်’ ဆိုပြီးပြောတယ်။

ဒီလိုပြောလိုက်တဲ့အခါ ဘာသာရေးခေါင်းဆောင်တွေ အကြီးအကျယ်ဒေါကန်ကြတာပေါ့။ ဒေါသဘယ်လောက်ထွက်သလဲဆိုတော့ အံကိုတောင်ကြိတ်ကြတယ်။ ဒါပေမဲ့ သတေဖန်က ခေါင်းကိုမော့ပြီး ‘ကြည့်ကြစမ်း။ ကောင်းကင်မှာ ဘုရားသခင်ရဲ့လက်ယာဘက်မှာ ယေရှုရပ်နေတာကျွန်တော်မြင်တယ်’ ဆိုပြီးပြောပြန်တယ်။ ဒီအခါ အဲဒီလူတွေ နားကိုပိတ်ပြီး သတေဖန်ဆီကိုပြေးလာကြတယ်။ သူ့ကိုကိုင်ဖမ်းပြီးမြို့ပြင်ကိုထုတ်သွားကြတယ်။

အဲဒီကိုရောက်တဲ့အခါ အပေါ်အင်္ကျီတွေကိုချွတ်ပြီး ရှောလုဆိုတဲ့လူငယ်တစ်ယောက်ကိုကြည့်ထားခိုင်းတယ်။ ရှောလုကိုပုံမှာတွေ့ကြသလား။ အဲဒီနောက် သူတို့ထဲကတချို့က သတေဖန်ကို ခဲနဲ့ပေါက်တော့တာပဲ။ သတေဖန်ကတော့ မြင်တဲ့အတိုင်း ဒူးထောက်လိုက်တယ်၊ ပြီးတော့ ‘သူတို့ခုလိုမိုက်ကန်းတာကို အပြစ်မပေးပါနဲ့ ယေဟောဝါ’ ဆိုပြီး ဆုတောင်းလိုက်တယ်။ သူတို့ထဲကတချို့ကို ဘာသာရေးခေါင်းဆောင်တွေက နားယောင်အောင်လုပ်ထားကြမှန်း သူသိတယ်။ အဲဒီနောက်တော့ သတေဖန်သေသွားရှာတယ်။

တစ်ယောက်ယောက်က မင်းတို့ကိုမကောင်းလုပ်တဲ့အခါ မင်းတို့လက်တုံ့ပြန်သလား။ ဒါမှမဟုတ် ဘုရားသခင် သူတို့ကိုဒဏ်ပေးဖို့ဆုတောင်းသလား။ သတေဖန်နဲ့ယေရှု အဲဒီလိုမလုပ်ခဲ့ဘူး။ သူတို့အပေါ် ရက်စက်တဲ့လူတွေကိုတောင် သူတို့ကြင်နာတယ်။ သူတို့ရဲ့ပုံသက်သေကို တို့တစ်တွေလိုက်ကြစို့လား။