အပိုင်း ၃
ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်စာအုပ်
“သမ္မာကျမ်းစာဟာ လူ့ယဉ်ကျေးမှုနဲ့ ဘဝအတွေ့အကြုံ အားလုံးကို စုစည်းရေးသားထားတဲ့ ပြိုင်စံရှားစာအုပ် ဖြစ်တယ်” လို့ တရုတ်နိုင်ငံ၊ ကွမ်ဂျိုပြည်နယ် ကျုံရှမ်းတက္ကသိုလ်ထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြထားတယ်။ ၁၈ ရာစုက ထင်ပေါ်ကျော်ကြားတဲ့ အတွေးအခေါ်ပညာရှင် အီမာနျူအယ်ကန့်က “လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်အဖြစ် သမ္မာကျမ်းစာ ရှိနေခြင်းက လူသားထုအတွက် အကြီးမားဆုံး အကျိုးကျေးဇူး ဖြစ်တယ်။ သမ္မာကျမ်းစာကို တန်ဖိုးယုတ်လျော့သွားစေတဲ့ ကြိုးပမ်းမှုအားလုံးဟာ . . . လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်တယ်” လို့ ပြောခဲ့တယ်။ အမေရိကားနား စွယ်စုံကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “ကျမ်းစာဟာ ဂျူးများနဲ့ ခရစ်ယာန်များကိုသာ သြဇာလွှမ်းမိုးတာ မဟုတ်ဘူး။ . . . ယခုအချိန်မှာ ကျမ်းစာကို လူ့ကျင့်ဝတ်နဲ့ ဘာသာရေးရတနာသိုက်အဖြစ် ယူဆလာကြတယ်။ ယဉ်ကျေးတဲ့ကမ္ဘာတစ်ခုကို ပိုမျှော်လင့်လာကြတာနဲ့အမျှ ကျမ်းစာပါ မကုန်မခန်းနိုင်တဲ့ သွန်သင်ချက်တွေကလည်း ပိုအဖိုးထိုက်တန်လာတယ်။”
၂ သင်ဟာ ဘယ်ဘာသာဝင်ပဲ ဖြစ်ပါစေ ဒီလိုစာအုပ်အကြောင်း သိချင်စိတ် မဖြစ်မိဘူးလား။ ၂၀ ရာစု အကုန်ပိုင်းမှာ သမ္မာကျမ်းစာကို တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဘာသာစကားပေါင်း ၂,၂၀၀ ကျော်နဲ့ ပြန်ဆိုခဲ့ပြီးပြီ။ လူအများစုဟာ ဖတ်ရှုနားလည်နိုင်တဲ့ ဘာသာစကားနဲ့ ကျမ်းစာတစ်အုပ် ပိုင်ဆိုင်နိုင်ကြပြီ။ ခဲစာလုံးအရှင် ပုံနှိပ်စက်တွေ တီထွင်ပြီးချိန်ကစပြီး ကမ္ဘာတစ်ဝန်းမှာ ခန့်မှန်းခြေ စောင်ရေ သန်းလေးထောင်ခန့် ပုံနှိပ်ခဲ့ပြီ။
၃ အခု သင့်မှာ ကျမ်းစာ ရှိမယ်ဆိုရင် မာတိကာကို ဖွင့်ကြည့်ပါ။ ကမ္ဘာဦးကျမ်းနဲ့ စပြီး ဗျာဒိတ်ကျမ်းနဲ့ ဆုံးထားတာကို သတိပြုမိပါလိမ့်မယ်။ ကျမ်းစာမှာပါတဲ့ ကျမ်းစောင် ၆၆ စောင်ကို လူ ၄၀ လောက်က ရေးသားခဲ့ကြတယ်။ ပထမအပိုင်း ၃၉ စောင်ကို ဓမ္မဟောင်းကျမ်းလို့ ခေါ်ပြီး ဟီဘရူးလို ရေးသားခဲ့လို့ ဟီဘရူးကျမ်းစောင်များလို့လည်း ခေါ်ကြတယ်။ ဒုတိယပိုင်း ၂၇ စောင်ကို ဓမ္မသစ်ကျမ်းလို့ ခေါ်ပြီး ဂရိဘာသာစကားနဲ့ ရေးသားခဲ့လို့ ခရစ်ယာန်ဂရိကျမ်းစောင်များလို့လည်း ခေါ်ကြတယ်။ တစ်ကျမ်း
လုံး ရေးသားပြီးစီးဖို့ ဘီစီ ၁၅၁၃ ကနေ အေဒီ ၉၈ အထိ အနှစ် ၁,၆၀၀ ကျော် ကြာတယ်။ ကျမ်းရေးသူတွေ တိုင်ပင်ညှိနှိုင်းရေးခဲ့ကြတာ မဟုတ်ဘူး။ ကျမ်းစောင်တချို့ကို မိုင်ထောင်ချီဝေးတဲ့ နေရာတွေမှာ တစ်ချိန်တည်း ရေးခဲ့ကြတယ်။ ဒါတောင် သမ္မာကျမ်းစာရဲ့ အဓိကအကြောင်းအရာဟာ တစ်ခုတည်းဖြစ်ပြီး တစ်ကျမ်းလုံး အတွင်းသဘောချင်း ဆန့်ကျင်မှု မရှိ၊ ညီညွတ်တယ်။ ‘နှစ်ပေါင်း ၁,၆၀၀ ကျော်အတွင်း အသက်ရှင်ခဲ့သူ ၄၀ ကျော်က အတွင်းသဘောချင်းညီညွတ်တဲ့ ဒီကျမ်းစာအုပ်ကို ဘယ်လို ရေးသားနိုင်ခဲ့ကြသလဲ’ လို့ စဉ်းစားမိမယ်။၄ သမ္မာကျမ်းစာကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၉၀၀ ကျော်က ရေးသားပြီးစီးခဲ့ပေမဲ့ ပါဝင်တဲ့အကြောင်းအရာတွေက အခုခေတ် အမျိုးသား/သမီးတွေကို ဆွဲဆောင်နိုင်တယ်။ ဥပမာ၊ ယောဘ ၂၆:၇ ကို ဖွင့်ကြည့်ပါ။ ဒါကို ဘီစီ ၁၅ ရာစုက ရေးသားခဲ့ကြောင်း သတိပြုပါ။ “ဘုရားက မြောက်ဘက်မိုးကောင်းကင်ကို လဟာပြင်ဘက် ပြန့်ကားစေတယ်။ ကမ္ဘာမြေကို ဘာနဲ့မှ မချိတ်ဆွဲဘဲ ဆိုင်းထားတယ်” လို့ ဆိုထားတယ်။ ဟေရှာယ ၄၀:၂၂၊ ၂၃ ကိုလည်း ဖွင့်ကြည့်ပါ။ ဒါကို ဘီစီ ရှစ်ရာစုမှာ ရေးသားခဲ့ကြောင်း သတိပြုပါ။ “ကမ္ဘာလုံးရဲ့အထက်မှာ စံမြန်းတဲ့အရှင်တစ်ပါး ရှိတယ်။ ကမ္ဘာမြေပေါ် နေထိုင်သူတွေဟာ ဘုရားရဲ့အမြင်မှာ နှံကောင်တွေလိုပဲ။ ဘုရားက မိုးကောင်းကင်ကို ပိတ်ကျဲတစ်စလို ဖြန့်ထားတယ်” လို့ ဆိုထားတယ်။ ဒီကျမ်းနှစ်ချက်ကို ဖတ်ရတဲ့အခါ စိတ်ထဲ ဘာပေါ်လာသလဲ။ အာကာသထဲက ကမ္ဘာလုံးတစ်ခုကို မြင်ယောင်မိမယ်။ ယနေ့ အာကာသယာဉ်ကနေ ပေးပို့တဲ့ဓာတ်ပုံတွေမှာ အဲဒီလိုပုံကို မြင်ဖူးပါလိမ့်မယ်။ ‘ရှေးခေတ်က လူတွေအနေနဲ့ ဒီလောက်တိကျမှန်ကန်တဲ့ သိပ္ပံအချက်အလက်တွေကို ဘယ်လို သိခဲ့ကြသလဲ’ လို့ တွေးမိပါလိမ့်မယ်။
၅ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ နောက်မေးခွန်းတစ်ခုကို သုံးသပ်ကြည့်ကြစို့။ ကျမ်းစာဟာ သမိုင်းအရကော တိကျမှန်ကန်ပါသလား။ သမ္မာကျမ်းစာဟာ သမိုင်းအထောက်အထား မရှိတဲ့ ဒဏ္ဍာရီတွေပါပဲလို့ တချို့ ယူဆကြတယ်။ ဥပမာ၊ အစ္စရေးဘုရင် ဒါဝိဒ်ကို သုံးသပ်ကြည့်ပါ။ မကြာသေးခင်အထိ ဘုရင်ဒါဝိဒ် အမှန်တကယ် အသက်ရှင်ခဲ့ကြောင်း သမ္မာကျမ်းစာ အထောက်အထားတစ်ခုတည်းပဲ ရှိခဲ့တယ်။ သမိုင်းပညာရှင်အများစုက ဒါဝိဒ် အမှန်တကယ် တည်ရှိခဲ့တယ်လို့ လက်ခံကြပေမဲ့ ဝေဖန်ရေးသမားတချို့ကတော့ ဂျူးတွေရဲ့ ဒဏ္ဍာရီ သူရဲကောင်းတစ်ဦးပါလို့ ဆိုကြတယ်။ အထောက်အထားတွေက ဘာဖော်ပြသလဲ။
၆ ရှေးအစ္စရေးမြို့ဟောင်း ဒန်မြို့ အပျက်အယွင်းတွေကြားမှာ “ဒါဝိဒ်အမျိုး” အကြောင်း ဖော်ပြထားတဲ့ ကျောက်စာကို ၁၉၉၃ ခုနှစ်မှာ တွေ့ရှိခဲ့တယ်။ အဲဒီကျောက်စာဟာ ဘီစီကိုးရာစုက ဖြစ်တယ်။ အစ္စရေးလူမျိုးရဲ့ ရန်သူတွေ စိုက်ထူခဲ့တဲ့ အောင်ပွဲအထိမ်းအမှတ် ကျောက်တိုင် အပိုင်းအစတစ်ခု ဖြစ်တယ်။ ဒါဝိဒ်နဲ့ပတ်သက်တဲ့ ပြင်ပအထောက်အထားတစ်ခု ဖြစ်တယ်။ ထူးခြားပါသလား။ အဲဒီတွေ့ရှိချက်နဲ့ပတ်သက်ပြီး တဲလ်အဗစ် တက္ကသိုလ်က အစ္စရေး ဖင်ကလ်စတင် ဒီလိုပြောတယ်– “ဒါဝိဒ်နဲ့ပတ်သက်တဲ့ကျောက်စာ ရှာဖွေတွေ့ရှိမှုကြောင့် ကျမ်းစာဟာ ယုံတမ်းစကားမျှသာ ဖြစ်တယ်ဆိုတဲ့ အယူအဆ ရုတ်ခြည်း ပျက်စီးသွားတယ်။” ပါလက်စတိုင်းမှာ နှစ်များစွာ တူးဖော်ရှာဖွေခဲ့တဲ့ ရှေးဟောင်း သုတေသနပညာရှင် ပါမောက္ခ ဝီလျံ အောလ်ဘရိုက် ဒီလိုပြောတယ်– “အသေးစိတ်အချက်အလက်များစွာဟာ တိကျမှန်ကန်ကြောင်း၊ ကျမ်းစာ သမိုင်းအထောက်အထား ခိုင်လုံကြောင်း ဆက်တိုက် ရှာဖွေတွေ့ရှိထားရာတွေက ပိုလက်ခံလာစေတယ်။” ‘လင်္ကာတွေ၊ ဒဏ္ဍာရီတွေနဲ့ မတူဘဲ ဒီရှေးစာအုပ်ဟာ သမိုင်းအရ ဘာကြောင့် ဒီလောက် တိကျမှန်ကန်ရသလဲ’ လို့ မေးစရာ ပေါ်လာပြန်တယ်။ ဒါပေမဲ့ ဒီထက်မက ရှိပါသေးတယ်။
၇ သမ္မာကျမ်းစာဟာ ပရောဖက်ပြုချက်ဆိုင်ရာ စာအုပ် ဖြစ်တယ်။ (၂ ပေတရု ၁:၂၀၊ ၂၁) “ပရောဖက်ပြုချက်” လို့ ဆိုလိုက်တာနဲ့ အမည်ခံ ပရောဖက်တွေရဲ့ မဖြစ်မြောက်တဲ့ စကားတွေလို့ ထင်မိနိုင်တယ်။ ဒါပေမဲ့ ကြိုတင်ကောက်ချက်ချမယ့်အစား ဒံယေလ အခန်းကြီး ၈ ကို ဖွင့်ပါ။ အဲဒီမှာ ဦးချိုနှစ်ချောင်းရှိတဲ့ သိုးထီးတစ်ကောင်နဲ့ “သိသာထင်ရှားတဲ့ ချိုတစ်ချောင်း” ရှိတဲ့ အမွေးထူတဲ့ ဆိတ်ထီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို စိတ်အာရုံမှာ ဒံယေလ မြင်ခဲ့တယ်။ ဆိတ်ထီး အနိုင်ရသွားပေမဲ့ ဦးချိုကြီး ကျိုးပဲ့သွားတယ်။ အဲဒီနေရာမှာ နောက်ထပ် ဦးချိုလေးချောင်း ပေါက်လာတယ်။ ဒီစိတ်အာရုံက ဘာအဓိပ္ပာယ် ရှိသလဲ။ “ချိုနှစ်ချောင်းနဲ့ သိုးထီးက မီးဒီးယားနဲ့ ပါးရှားဘုရင်တွေကို ဆိုလိုတယ်။ အမွေးထူတဲ့ ဆိတ်ထီးဟာ ဂရိဘုရင်ကို ဆိုလိုတယ်။ သူ့မျက်စိနှစ်လုံးကြားက ချိုကြီးဟာ ပထမဘုရင်ကို ဆိုလိုတယ်။ အဲဒီချို ကျိုးသွားပြီး အဲဒီနေရာမှာ ချို ၄ ချောင်း ပေါက်လာတယ်ဆိုတော့ သူ့လူမျိုးထဲကနေ နိုင်ငံ ၄ ခု ပေါ်လာမယ်။ ဒါပေမဲ့ သူ့လောက် တန်ခိုးကြီးမှာ မဟုတ်ဘူး” လို့ ဒံယေလကျမ်းက ဆက်ဆိုတယ်။—ဒံယေလ ၈:၃-၂၂။
“အသေးစိတ်အချက်အလက် များစွာဟာ တိကျမှန်ကန်ကြောင်း၊ ကျမ်းစာ သမိုင်းအထောက်အထား ခိုင်လုံကြောင်း ဆက်တိုက် ရှာဖွေတွေ့ရှိထားရာတွေက ပိုလက်ခံလာစေတယ်” —ပါမောက္ခ ဝီလျံ အောလ်ဘရိုက်
၈ ဒီပရောဖက်ပြုချက် ပြည့်စုံခဲ့သလား။ ဒံယေလကျမ်းကို ဘီစီ ၅၃၆ မှာ ရေးသားပြီးစီးခဲ့တယ်။ နှစ်ပေါင်း ၁၈၀ ကြာပြီးနောက် ဘီစီ ၃၅၆ မှာ
မွေးဖွားတဲ့ မက်ဆီဒိုးနီးယားဘုရင် မဟာအလက်ဇန္ဒားက ပါးရှားအင်ပါယာကို အနိုင်ရခဲ့တယ်။ သူဟာ “အမွေးထူတဲ့ဆိတ်” မျက်စိနှစ်လုံးကြားက “ချိုကြီး” ဖြစ်တယ်။ ပါးရှားအင်ပါယာကို အလက်ဇန္ဒား အနိုင်မရမီ ဂျေရုဆလင်ကို ရောက်လာချိန်မှာ သူ့ကို ဒံယေလကျမ်း ပြခဲ့တယ်လို့ ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်က ဆိုတယ်။ မိမိနဲ့ပတ်သက်တဲ့ ဒံယေလ ပရောဖက်ပြုချက်က ပါးရှားနဲ့ဆင်နွှဲတဲ့ စစ်ဆင်ရေးကို ရည်ညွှန်းကြောင်း အလက်ဇန္ဒား သဘောတူခဲ့တယ်။ ဘီစီ ၃၂၃ မှာ အလက်ဇန္ဒား သေဆုံးပြီးနောက် သူ့အင်ပါယာသမိုင်းကြောင်းကို ကမ္ဘာ့သမိုင်းစာအုပ်တွေမှာ ဖတ်ရှုနိုင်တယ်။ နောက်ဆုံး ဘီစီ ၃၀၁ မှာ ဦးချိုကြီးနေရာမှာ ပေါက်တဲ့ “ချိုလေးချောင်း၊” ဗိုလ်ချုပ်လေးဦးဟာ သူ့အင်ပါယာကို နယ်မြေလေးခုအဖြစ် ခွဲဝေအုပ်ချုပ်ခဲ့ကြတယ်။ ‘နောင်အနှစ် ၂၀၀ ကျော်မှဖြစ်မယ့် ဒီအကြောင်းကို ကျမ်းစာမှာ ဒီလောက်အသေးစိတ် တိကျမှန်ကန်စွာ ဘယ်လို ကြိုတင်ရေးသားနိုင်ခဲ့သလဲ’ လို့ မေးစရာ ထပ်ပေါ်လာတယ်။၉ အဲဒီမေးခွန်းတွေကို ကျမ်းစာကပဲ ဒီလိုအဖြေပေးတယ်– “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” တယ်။ (၂ တိမောသေ ၃:၁၆) သမ္မာကျမ်းစာပါ အကြောင်းအရာတွေကို ကျမ်းရေးသူ ၄၀ ကျော်က “စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေး” ခဲ့တယ်။ ဆွေးနွေးခဲ့တဲ့ သိပ္ပံ၊ သမိုင်း၊ ပရောဖက်ပြုချက်ဆိုင်ရာ ပုံနမူနာတချို့က အချက်တစ်ချက်ကိုသာ ညွှန်ပြတယ်။ ပြိုင်စံရှား သမ္မာကျမ်းစာဟာ လူ့ဉာဏ်ပညာနဲ့ ရေးသားထားခြင်း မဟုတ်ဘဲ ဘုရားသခင်ဆီက ဖြစ်တယ်။ ဒါပေမဲ့ လူများစွာက ကျမ်းစာအာဘော်ရှင် ဘုရားသခင် တည်ရှိမှုကို သံသယ ဝင်ကြတယ်။ သင်ကော။