မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၉

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာကို ယခုနဲ့ နောင်ထာဝစဉ် ပျော်မွေ့ပါ

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာကို ယခုနဲ့ နောင်ထာဝစဉ် ပျော်မွေ့ပါ

ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရင် ကျေနပ်​ပျော်ရွှင်​ဖွယ် အသက်တာ ပိုင်ဆိုင်​နိုင်

ကျမ်းစာ​သမိုင်း​မှာ ယုံကြည်ခြင်း ကြီးမား​ထင်ရှားသူ အာဗြဟံ​ဟာ ချမ်းသာ​ကြွယ်ဝတဲ့​ဥရ​မြို့ရှိ သက်သောင့်သက်သာ​ဘဝကို စွန့်လွှတ်​ခဲ့​တ​ယ်။ ခါရန်​မြို့မှာ အတန်ကြာ နေထိုင်ပြီး​နောက် ကျန်တဲ့​ဘဝတစ်လျှောက်လုံး အိုးအိမ် အတည်တကျ မရှိဘဲ ခြေသလုံး​အိမ်တိုင်​ဘဝနဲ့ တဲ​တွေ​မှာ နေထိုင်ခဲ့ရတယ်။ (ကမ္ဘာဦး ၁၂:၁-၃။ တမန်တော် ၇:၂-၇။ ဟီဘရူး ၁၁:၈-၁၀) ဒါပေမဲ့ “အာဗြဟံ​က ကျေနပ်စရာ​ကောင်းတဲ့​ဘဝနဲ့ အသက်ရှည်ရှည် နေ​ပြီးနောက် နောက်ဆုံး​ထွက်သက်​ကို ရှူထုတ်​ပြီး သေဆုံးသွားတယ်” လို့ မှတ်တမ်း​တင်ထားတယ်။ (ကမ္ဘာဦး ၂၅:၇၊ ၈) သူ့​အသက်တာကို ဘယ်​အရာက အလွန်​ကျေနပ်​ပျော်ရွှင်​စေခဲ့သလဲ။ သူ့​အသက်​တာ​အတွင်း ပြီးမြောက်မှု​တွေ​ကြောင့်​ပဲ သေဆုံး​ခါနီး​မှာ ကျေနပ်မှု ခံစားခဲ့​ရတာ မဟုတ်ဘူး။ ဘုရားသခင်​အပေါ် ထူးခြားတဲ့​ယုံကြည်ခြင်း​ကြောင့် နောက်ပိုင်းမှာ “ယေဟော​ဝါရဲ့ မိတ်ဆွေ” လို့​အခေါ်​ခံရတယ်။(ယာကုပ် ၂:၂၃။ ဟေရှာယ ၄၁:၈) ဖန်ဆင်းရှင်​နဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိလို့ အာဗြဟံရဲ့ အသက်တာ ကျေနပ်​ပျော်ရွှင်ခဲ့​ရတယ်။

သင့်​အသက်တာ​ဟာ အာဗြဟံရဲ့ အသက်တာ​ထက် ပို​ကျေနပ်​ပျော်ရွှင်​နိုင်မလား

လွန်ခဲ့တဲ့ အနှစ် ၄,၀၀၀ ကျော်​က အာဗြဟံ​လို​ပဲ သင်လည်း ဘုရားသခင်နဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိရင် အဓိပ္ပာယ်​ရှိတဲ့၊ ကျေနပ်​ပျော်ရွှင်​ဖွယ် အသက်တာ ပိုင်ဆိုင်​နိုင်ပါတယ်။ စကြဝဠာ​ဖန်ဆင်းရှင်​နဲ့ မိတ်ဆွေ မဖြစ်နိုင်ဘူးလို့ ခံစား​မိ​နိုင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ပါတယ်။ ဘယ်လို​နည်းနဲ့လဲ။ ဘုရားကို သိကျွမ်း​လာပြီး ချစ်မြတ်နိုးခြင်း​အားဖြင့်​ပါပဲ။ (၁ ကောရိန္သု ၈:၃။ ဂလာတိ ၄:၉) ဖန်ဆင်းရှင်​နဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိ​ခြင်းက သင့်​အသက်တာကို အဓိပ္ပာယ်​ရှိစေ​နိုင်တယ်၊ ကျေနပ်​ပျော်ရွှင်​စေနိုင်တယ်။

ယေရှုခရစ်ရဲ့ ရွေးဖိုး​ပူဇော်​သ​ကာ​ကို လိုလိုလားလား လက်ခံ​သူတွေ​အတွက် ပျော်ရွှင်​ဖွယ်​အသက်တာ ပိုင်ဆိုင်​နိုင်မယ့် လမ်းညွှန်ချက်တွေကို ယေဟောဝါ ပြင်ဆင်​ပေးထားတယ်။ (ဟေရှာယ ၄၈:၁၇) အာဒံ​က အကောင်း​အဆိုးကို မိမိ​ဘာသာ ဆုံးဖြတ်လို့ ဘုရားသခင်ကို ဆန့်ကျင်​ပုန်ကန်​ခဲ့​ကြောင်း သတိရပါ။ ယေဟောဝါ​က သားတော်ရဲ့ ရွေးဖိုး​ပူဇော်​သကာ​နဲ့ လူ့​မိသားစုကို ဝယ်ယူ​ပြီး အပြစ်နဲ့ သေခြင်း​ကျွန်ဘဝက​နေ လွတ်မြောက်​ရာ​လမ်း ဖွင့်​ပေးခဲ့တယ်။ ဒါပေမဲ့ ရွေးဖိုး​ကို ကျွန်တော်တို့​တစ်ယောက်စီ လက်ခံ​ရမယ်။ အကောင်းအဆိုး​နဲ့​ပတ်သက်ပြီး ကိုယ်ပိုင်​စံနှုန်း မချ​မှတ်​ရ​ဘူး။ ယေရှုရဲ့ ရွေးဖိုး​ပူဇော်​သကာ​ကို လက်ခံ​သူတွေ​အတွက် ဘုရားသခင် ပြင်ဆင်​ပေးထားတဲ့ ပညတ်​နဲ့ အခြေခံ​မူတွေကို နာခံ​လိုက်လျှောက်​ကြရမယ်။

“ကိုယ်တော့်​လမ်းစဉ်​တွေ​ အကြောင်း သင်ပေးပါ”

သမ္မာကျမ်းစာ ဆ​က်​လေ့လာပြီး ကျမ်းစာ​အခြေခံ​မူတွေကို ကျင့်သုံး​လာတာ​နဲ့​အမျှ အကောင်းအဆိုး​နဲ့​ပတ်သက်တဲ့ ဘုရားသခင့်​စံနှုန်း​တွေရဲ့ တန်ဖိုး​ကို ပို​လေးမြတ်​လာ​မှာ သေချာတယ်။ (ဆာလံ ၁၉:၇-၉) ယေဟောဝါရဲ့ ပရောဖက်​မောရှေ​လို​ပဲ ဒီလို​ပြောဆို​ချင်​မ​ယ်– “ကျွန်တော်ဟာ စိတ်တော်​နဲ့ တွေ့​တဲ့​သူ​ဆိုရင် ကိုယ်တော့်​ကို သိ​ပြီး မျက်နှာသာ ဆ​က်​ရနိုင်ဖို့ ကိုယ်တော့်​လမ်းစဉ်​တွေ​အကြောင်း သင်ပေးပါ။” (ထွက်မြောက်ရာ ၃၃:၁၃။ ဆာလံ ၂၅:၄) “ခက်ခဲ​ကျပ်တည်း” တဲ့​ကာလမှာ ပြဿနာတွေကို ဖြေရှင်း​နိုင်ဖို့ ကျမ်းစာမှာ အခြေခံ​မူတွေ ချမှတ်​ပေးထားတယ်။ (၂ တိမောသေ ၃:၁) ကျေးဇူးတင်​လေးမြတ်မှု တိုးများလာ​လေ ယေဟောဝါကို ပို​သိကျွမ်း​လာပြီး ဆက်ဆံရေး ပို​ခိုင်မြဲ​လာ​လေ​ဖြစ်မယ်။

အာဗြဟံ​ဟာ “ကျေနပ်စရာ​ကောင်းတဲ့​ဘဝနဲ့ အသက်ရှည်ရှည်​နေ” ပြီး သေဆုံး​ခဲ့​ပေမဲ့ လူ့​သက်တမ်း​က တိုတောင်း​လှပါတယ်။ ကျွန်တော်တို့​အားလုံး ဘယ်လောက်​ပဲ အသက်​ကြီးရင့်​ပါစေ ဆ​က်​အသက်ရှင်​ချင်တဲ့ မွေးရာပါ​ဆန္ဒ ရှိကြတယ်။ အကြောင်းကတော့ ဘုရားသခင်က “လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရ​ကာလ​ကို ထည့်ပေး​ထားတယ်။ ဒါပေမဲ့ လူသားတွေ​က စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေ​အကြောင်း အစ​ကနေ​အဆုံးအထိ ဘယ်တော့မှ အပြည့်အဝ နားလည်​နိုင်မှာ မဟုတ်ဘူး။” (ဒေသနာ ၃:၁၁) ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်​ရင်တောင် ယေဟောဝါရဲ့ ဖန်ဆင်းရာ​အားလုံးကို နားလည်​နိုင်မှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ အံ့ဖွယ်​ဖန်ဆင်းခြင်း​လက်ရာတွေကို ကြည့်ရှုလေ့​လာလို့ ဆုံး​မှာ မဟုတ်ဘူး။—ဆာလံ ၁၉:၁-၄။ ၁၀၄:၂၄။ ၁၃၉:၁၄

ယနေ့​လို ပြဿနာ​တွေ ပြည့်နှက်​နေတဲ့ ကမ္ဘာပေါ်မှာ ထာဝစဉ် အသက်ရှင်​ချင်​မှာ မဟုတ်ဘူး။ ဒါပေမဲ့ မစိုးရိမ်​ပါပဲ။ သမ္မာကျမ်းစာက “ဖြောင့်မတ်ခြင်း တည်တံ့မယ့် ကောင်းကင်သစ်​နဲ့ မြေကြီး​သစ်​ကို ကျွန်တော်တို့ စောင့်မျှော်နေ​ကြတယ်” လို့ ကတိပြု​ထားတယ်။ (၂ ပေတရု ၃:၁၃) “ကောင်းကင်သစ်” ဆိုတဲ့ ဝေါဟာရ​က ကောင်းကင်​အစိုးရသစ်​ကို ရည်ညွှန်းတယ်။ ကမ္ဘာမြေ​တစ်ခွင်​ကို အုပ်ချုပ်မယ့် ဘုရား​နိုင်ငံတော် ဖြစ်တယ်။ “မြေကြီး​သစ်” ဆိုတာ နိုင်ငံတော်​အုပ်ချုပ်မှုကို နာခံသူ​တွေ​နဲ့ ဖွဲ့စည်းထားတဲ့ လူ့​ဘောင်​သစ် ဖြစ်တယ်။ အဲဒီ​ကတိတော် အမှန်တကယ် ပြည့်စုံ​လာဖို့ ယေဟောဝါ​က “ကမ္ဘာမြေကို ဖျက်ဆီး​တဲ့​သူတွေကို” မကြာမီ အရေး​ယူတော့မယ်။—ဗျာ. ၁၁:၁၈။ ၂ ပေတရု ၃:၁၀

ဘယ်လောက် နီးနေပြီ​လဲ။ “လောက​စနစ်​နိဂုံးပိုင်း​ကို ရောက်နေပြီ​ဆိုတဲ့ နိမိတ်” မှာ စစ်ပွဲတွေ၊ ‘အစာ​ခေါင်းပါး​မှု​တွေ၊ ငလျင်တွေ၊’ ‘ကပ်ရောဂါဘေး​တွေ၊’ ‘မတရားမှုတွေ’ ပါဝင်​ကြောင်း ယေရှု ဖော်ပြခဲ့တယ်။ (မဿဲ ၂၄:၃-၁၃။ လုကာ ၂၁:၁၀၊ ၁၁။ ၂ တိမောသေ ၃:၁-၅) ပြီးတော့ “ဒါတွေ​ဖြစ်နေတာကို မြင်ရ​ရင် ဘုရားသခင့်​နိုင်ငံတော် နီးနေ​ပြီ​ဆိုတာ သိ​ကြပါ” ဆိုပြီး ဆ​က်​ပရောဖက်​ပြုခဲ့တယ်။ (လုကာ ၂၁:၃၁) မှန်ပါတယ်၊ ဆိုးသွမ်းမှု​ကို ယေဟောဝါ ဖျက်ဆီးမယ့်​အချိန် အလွန်​နီးကပ်​လာ​နေပြီ။ *

ယေဟောဝါ​က “အနန္တ​တန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီး” မှာ ဆိုးသွမ်းမှု​တွေကို ကမ္ဘာပေါ်​ကနေ သန့်စင်​ပေးတော့မယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်​ဟာ ပရဒိသု ဖြစ်လာမယ်။ (ဗျာ. ၁၆:၁၄၊ ၁၅။ ဟေရှာ​ယ ၅၁:၃) အဲဒီ​အချိန်ကျရင် “ဖြောင့်မတ်​သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရလိမ့်မယ်။” (ဆာလံ ၃၇:၂၉) ဒါပေမဲ့ သေလွန်​သွား​သူတွေ​ကော ဘယ်လို​လဲ။ “ဒါကို မ​အံ့ဩ​ကြပါ​နဲ့။ သင်္ချိုင်းဂူ​တွေ​မှာ ရှိနေ​သူ​အားလုံး သားတော်ရဲ့​အသံကို ကြား​ပြီး ထွက်​လာမယ့်​အချိန် ရောက်လာတော့မယ်။ ကောင်းတဲ့​အကျင့်ကို ကျင့်​သူတွေ အသက်ရှင်ဖို့ ထမြောက်လာ​လိမ့်မယ်။ ဆိုးညစ်​တဲ့​အကျင့်ကို ကျင့်​သူတွေကတော့ တရား​စီရင်ခံ​ရဖို့ ထမြောက်လာ​လိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၅:၂၈၊ ၂၉) လူတစ်ဦးစီကို စိတ်ဝင်စားတဲ့ ယေဟောဝါ​က သေခြင်း​မှာ အိပ်ပျော်နေသူ​တွေကို အသက်ပြန်ရှင်​စေချင်တယ်။ သိပ္ပံ​ပညာရှင်တွေက မျိုးရိုး​ဗီဇ​ပြုပြင်​ဖန်တီးမှု​အင်ဂျင်နီယာ​ပညာနဲ့ လူ့​ကိုယ်ပွား​တွေ ပြုလုပ်ဖို့ ကြိုးစား​ကြ​မှာ​ဖြစ်ပေမဲ့ ဖန်ဆင်းရှင်​ကတော့ အဲဒီလို​ပြုလုပ်ဖို့ မလိုဘူး။ ထမြောက်​ပေး​ထိုက်​သူ​တစ်ဦးစီရဲ့ အသေးစိတ်​အချက်အလက်​အားလုံးကို သိ​ပြီး အသက်ပြန်ရှင်​စေနိုင်တယ်။ မှန်ပါတယ်၊ ကမ္ဘာ့​ပရဒိသုမှာ ကိုယ်​ချစ်ရ​သူတွေနဲ့ ပြန်လည်​ဆုံစည်း​မယ့်​ အလားအလာ ရှိပါတယ်။

ပရဒိသု​အသက်တာ​ဟာ ဘယ်လို​ဖြစ်မလဲ။ ကမ္ဘာမြေမှာ ဖန်ဆင်းရှင်ကို စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ချီးမွမ်း​တဲ့ အမျိုးသား/သမီးတွေ ပြည့်​နေမယ်။ ပြည်သူပြည်သား​တွေ​က “နေမကောင်း​ဘူး” လို့ မ​ညည်း​ရတော့ဘူး။ (ဟေရှာယ ၃၃:၂၄။ ၅၄:၁၃) ဘယ်သူမှ စိတ်ဖိစီးမှု၊ စိတ်ဝေဒနာ​တွေ ခံစားရ​တော့​မှာ မဟုတ်ဘူး။ လူအားလုံး​မှာ စားစရာ​အလျှံပယ် ရှိမယ်။ ဘုရား​ရည်ရွယ်ချက်​နဲ့​အညီ ကောင်းမွန်​တဲ့​အလုပ်တွေ​မှာ ပျော်မွေ့ကြမယ်။ (ဆာလံ ၇၂:၁၆။ ဟေရှာယ ၆၅:၂၃) လူ​လူ​ချင်း​သာမက တိရစ္ဆာန်တွေနဲ့ သင့်မြတ်​လာမယ်။ အရေးကြီးဆုံး​ကတော့ ‘ဘုရားသခင်နဲ့ ခင်မင်​ရင်းနှီး​နေကြ’ မယ်။—ရောမ ၅:၁။ ဆာလံ ၃၇:၁၁။ ၇၂:၇။ ဟေရှာယ ၁၁:၆-၉

၁၀ ပရဒိသုမှာ ရှိနေပြီး ကျေနပ်​ပျော်ရွှင်တဲ့ အသက်တာကို အပြည့်အဝ ခံစား​ရဖို့ ဘာလုပ်ရမလဲ။ ယေရှု​ခရစ်​က “ထာဝရ​အသက် ရနိုင်ဖို့​ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့​ဘုရားသခင် အဖ​ကို​ရော အဖ စေလွှတ်​လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်း​ကြရမယ်” လို့​ဆိုထားတယ်။ (ယောဟန် ၁၇:၃) ဒါကြောင့် ယေဟောဝါနဲ့ ယေရှု​ခရစ်ကို သိကျွမ်း​နေပြီး ဘုရားသခင် တောင်းဆိုရာ​တွေကို သင်ယူပါ။ ဒီလိုနဲ့ ယေဟောဝါ​ဘုရားရဲ့ စိတ်တော်ကို ရွှင်လန်း​စေ​နိုင်မယ်။ အဲဒါက သင့်​အသက်တာကို အလွန် ကျေနပ်​ပျော်ရွှင်​စေပါလိမ့်မယ်။

^ အပိုဒ်၊ 7 ယေဟောဝါ​သက်သေ​များ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ သွန်သင်ရာ​များ စာအုပ်၊ အခန်း ၉ မှာ အဲဒီ​ပရောဖက်ပြုချက်​အကြောင်း ထပ်​လေ့လာ​နိုင်ပါတယ်။