မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၂

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာအတွက် လမ်းညွှန်ချက်များ

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာအတွက် လမ်းညွှန်ချက်များ

ပြဿနာတွေနဲ့ ရင်ဆိုင်​ရတဲ့အခါ ဘယ်​နေရာ​ကနေ အကြံဉာဏ် ယူမလဲ။ ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေ၊ အကြံပေး​ပုဂ္ဂိုလ်​ဆီ သွားနိုင်တယ်။ စာကြည့်တိုက်​လို​မျိုး နေရာတွေမှာ ရှာဖွေခြင်း​က​လ​ည်း အကျိုးပြု​တယ်။ “လူကြီး​သူ​မ စကား” လို့ အရှေ့တိုင်း​သား​အချို့ ခေါ်ဝေါ်​တဲ့ အတွေ့အကြုံ​ရှိ အဘိုးအဘွား​တွေ​ဆီက​လ​ည်း သင်ယူနိုင်တယ်။ ဘယ်နည်း​ကိုပဲ ရွေးချယ်ပါ​စေ ပြဿနာ ဖြေရှင်းဖို့ အကြံဉာဏ်​ကောင်း​တွေ​ပါတဲ့ ပညာရှိ​စကားတွေကို သုံးသပ်​သင့်တယ်။ အကျိုးပြု​နိုင်တဲ့ အကြံဉာဏ်​ကောင်းတွေကို အောက်မှာ နမူနာ ဖော်ပြ​ထားတယ်။

“ကလေးကို သူ​သွား​သင့်တဲ့​လမ်းအတိုင်း လေ့ကျင့်​ပေးပါ”

မိသားစု​ဘဝ။ မကောင်းတဲ့​သြဇာ လွှမ်းမိုး​နေတဲ့ လောကမှာ သားသမီး ပျိုးထောင်​ဖို့ မိဘတွေ စိုးရိမ်​နေ​ကြတယ်။ ဒီ​အကြံပြုချက်ကို သုံးသပ်ခြင်းက အထောက်အကူ ပြု​နိုင်တယ်– “ကလေးကို သူ​သွား​သင့်တဲ့​လမ်းအတိုင်း လေ့ကျင့်​ပေးပါ။ အသက်ကြီး​လာ​ရင်တောင် အဲဒီ​လမ်း​ကို သူ​စွန့်ခွာမှာ မဟုတ်ဘူး။”  သားသမီးတွေ ကြီးပြင်းလာတာ​နဲ့​အမျှ လိုက်လျှောက်​ဖို့ သတ်မှတ်​ထားတဲ့ စံနှုန်းတွေ ဖြစ်တဲ့ “လမ်း” လိုအပ်တယ်။ သားသမီးတွေ​အတွက် အကျိုးပြုတဲ့ စည်းကမ်းတွေ သတ်မှတ်​ဖို့ အရေးကြီးကြောင်း ပညာရှင်​တွေ နားလည်​လာကြတယ်။ မိဘတွေ ချမှတ်​တဲ့ ပညာရှိ​စံနှုန်းတွေ​က သားသမီးတွေကို လုံခြုံမှု ခံစား​စေတယ်။ ဒါ့အပြင် “ပဲ့ပြင်မှု​နဲ့ ကြိမ်လုံး​က ဉာဏ်ပညာ ရစေတယ်။ မဆုံးမ​ဘဲ လွှတ်ထား​တဲ့ ကလေး​ကတော့ မိခင်​ကို အရှက်ခွဲ​လိမ့်မယ်။”  “ကြိမ်လုံး” ဆိုတာ သားသမီးတွေ လမ်းမ​လွဲ​ဖို့ မေတ္တာနဲ့ ကာကွယ်​ပေးတဲ့ မိဘ​အခွင့်အာဏာကို ရည်ညွှန်းတယ်။ အဲဒီ​အခွင့်အာဏာကို အသုံးပြုခြင်း​မှာ သားသမီး​ကို ရက်စက်​ကြမ်းတမ်း​စွာ ဆက်ဆံခြင်း မပါဝင်​ပါ။ “ဖခင်​တို့၊ သားသမီးတွေကို စိတ်ဆိုး​အောင် မ​လုပ်ကြ​နဲ့။ အဲဒီလိုလုပ်ရင် သူတို့ စိတ်ပျက်​သွား​လိမ့်မယ်”  ဆိုပြီး မိဘတွေကို အကြံ​ပေးထားတယ်။

“ခင်ဗျားတို့လည်း ကိုယ့်ကိုယ်ကိုယ် ချစ်​သလို ဇနီးကို ချစ်​ရမယ်”

ခင်ပွန်း​နဲ့ ဇနီး ဆက်ဆံရေး​ကောင်းမွန်​ခြင်းက အိမ်ထောင်​ကို သာယာ​ပျော်ရွှင်​စေတယ်။ ဆက်ဆံရေး ကောင်းမွန်​ဖို့ ဘာလိုအပ်​သလဲ။ “ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်​သလို ဇနီးကို ချစ်​ရမယ်။ ဇနီးကလည်း ခင်ပွန်းကို အလွန်​ရိုသေ​ရမယ်။”  မေတ္တာနဲ့ လေးစားမှု​ဟာ မိသားစု ယန္တရား​မှာ ချောဆီနဲ့ တူတယ်။ အဲဒီ​အကြံဉာဏ်​အတိုင်း နေထိုင်ဖို့ ဆက်သွယ်ရေး မရှိမဖြစ် လိုတယ်။ အကြောင်းကတော့ “တိုင်ပင်​ဆွေးနွေး​တာ မရှိရင် အစီအစဉ်တွေ ပျက်​တတ်တယ်။ အကြံ​ပေးသူ များ​ရင်​တော့ အောင်မြင်​တတ်”  လို့​ပါပဲ။ ရင်းနှီး​ပွင့်လင်း​စွာ ဆက်သွယ်​ပြောဆို​မ​ယ်​ဆိုရင် အိမ်ထောင်ဖက်​က မိမိ​ခံစားချက်ကို ထုတ်ဖော်​ပြောဆို​လာမယ်။ “စိတ်ထဲ​က အတွေး​တွေဟာ နက်ရှိုင်း​တဲ့​ရေ​နဲ့ တူတယ်။ ပိုင်းခြား​သိမြင်နိုင်စွမ်း​ရှိသူက​တော့ ခပ်ယူ​တတ်တယ်” ​ ဆိုတဲ့ စကားကို မှတ်ထား​ခြင်းက ပညာ​ရှိရာ​ရောက်တယ်။

အပြုသဘော​ရှိပြီး နွေးထွေး​တဲ့ ဆက်ဆံရေး​ရှိဖို့ အစပြု လုပ်ဆောင်ပါ

မိဘကို ရိုသေ​လေးစား​တတ်တဲ့ နိုင်ငံတွေ​မှာ​တောင် သက်ကြီးရွယ်အို​များစွာဟာ သားသမီးတွေရဲ့ ပစ်ပယ်​မှု​ကြောင့် အလွန် အထီးကျန်​နေကြ​ရတယ်။ ဒါကြောင့် သားသမီးတွေ​အနေနဲ့ ဒီ​ပညာရှိ​စကားတွေကို သုံးသပ်​သင့်တယ်– “မိဘကို ရိုသေပါ။”  “မိခင်​ကို အသက်ကြီး​သွား​လို့​ဆိုပြီး မထီလေးစား မလုပ်နဲ့။”  “ဖခင်​ကို နှိပ်စက်​ပြီး မိခင်​ကို မောင်းထုတ်​တဲ့​သားဟာ အရှက်ခွဲ​တဲ့​သား၊ ရှုတ်ချ​ခံရ​အောင်​လုပ်တဲ့ သား​ပဲ။”  သက်ကြီးရွယ်အို မိဘတွေက​လ​ည်း အပြုသဘော​ရှိဖို့ လို​ပြီး နွေးထွေး​တဲ့​ဆက်ဆံရေး ရှိဖို့ အစပြု ကြိုးပမ်း​သင့်တယ်။ “တစ်​သီး​ပု​ဂ္ဂ​လ​နေတဲ့​သူဟာ အတ္တ​ဆန္ဒ​နောက်ကို​ပဲ လိုက်​တတ်တယ်။ လက်တွေ့ကျ ဉာဏ်ပညာ​မှန်သမျှကို ငြင်းပယ်​တတ်တယ်။” ၁၀

အရက်ယမကာ သုံးစွဲခြင်း။ “စပျစ်ဝိုင်​ဟာ ဘဝကို ပျော်ရွှင်​စေ” ၁၁ တာ၊ အရက်ယမကာ သောက်သုံးခြင်း​က လူတစ်ဦးရဲ့ “ဒုက္ခတွေကို မေ့ပျောက်​သွား” ၁၂​ စေနိုင်​တာ မှန်ပါတယ်။ ဒါပေမဲ့ “စပျစ်​ဝိုင်​ဟာ လှောင်ပြောင်​စရာ​ ဖြစ်စေတယ်။ အရက်​က​လ​ည်း ထိန်း​မ​နိုင်​သိမ်း​မရ ဖြစ်စေတယ်။ အဲဒါတွေကြောင့် လမ်းလွဲ​သွား​သူဟာ ဉာဏ်​ပညာမဲ့” ၁၃ ကြောင်း သတိရပါ။ အလွန်အကျွံ သောက်သုံးခြင်း​ရဲ့ ဆိုးကျိုး​တွေ​ကိုလည်း သုံးသပ်​ကြည့်ပါ– “နောက်ပိုင်းမှာ စပျစ်ဝိုင်​ဟာ မြွေ​လို ပေါက်​တတ်တယ်။ မြွေ​ပွေး​လို အဆိပ်​တွေ ထုတ်​တတ်တယ်။ မင်း​က ထူး​ထူးဆန်း​ဆန်း​တွေ မြင်​လိမ့်မယ်။ မတော်လျော်တဲ့ အတွေး​တွေကို ထုတ်ပြော​လိမ့်မယ်။ . . . ‘နောက်​တစ်ခွက် သောက်​ရဖို့ ဘယ်တော့​များ​မှ ငါ​နိုးလာ​မှာ​လဲ’ လို့ မင်း​ပြော​လိမ့်မယ်။” ၁၄ အရက်ယမကာ​ကို တော်​သင့်​စွာ သောက်သုံးခြင်း​က အကျိုးပြု​နိုင်ပေမဲ့ တလွဲသုံး​ခြင်း​ကို ရှောင်ကြဉ်​ရမယ်။

ငွေကြေး စီမံခန့်ခွဲ​ခြင်း။ အခြေအနေ​တချို့မှာ ငွေကြေးကို ကောင်းမွန်​စွာ စီမံခန့်ခွဲ​ရင် ငွေရေးကြေးရေး ပြဿနာ​တွေ ရှောင်ရှား​နိုင်တယ်။ ဒီ​အကြံပြုချက်ကို ဂရုပြု​ကြည့်ပါ– “စပျစ်ဝိုင် သောက်ကြူး​သူတွေ၊ အသားကို ငမ်းငမ်းတက်​စား​သူတွေထဲမှာ မင်း မပါ​စေ​နဲ့။ အရက်သမား​တွေ၊ စားကြူး​သူတွေဟာ ဆင်းရဲ​သွား​လိမ့်မယ်။ ငိုက်မျဉ်း​နေ​သူတွေဟာ အဝတ်စုတ်​ပဲ ဝတ်​ရလိမ့်မယ်။” ၁၅အရက်​နဲ့ မူးယစ်​ဆေး တလွဲသုံး​ခြင်း၊ လောင်းကစားခြင်း​စတဲ့ အကျင့်တွေကို ရှောင်​ရင် ငွေကို မိသားစု​အတွက် အကျိုးရှိရှိ အသုံးပြု​နိုင်မယ်။ ဒါပေမဲ့ လူများစွာဟာ တတ်နိုင်​တာ​ထက် ပို​သုံးစွဲ​ပြီး အကြွေး​ဆပ်ဖို့ မ​နား​မနေ အလုပ်လုပ်​ရတော့တယ်။ တချို့က အတိုး ဆပ်ဖို့ အကြွေး​ထပ်​ယူရ​တဲ့ အခြေအနေ ရောက်​သွားကြတယ်။ “တန်ဖိုး​မရှိတာ​တွေကို လိုက်စားသူ​ကတော့ ဆင်းရဲမွဲတေ​သွား​လိမ့်မယ်” ၁၆ ဆိုတဲ့ ပညာရှိ​စကားကို မှတ်ထား​ရင် အထောက်အကူ​ပြု​တ​ယ်။ ဒါကြောင့် ‘ငါ​ဝယ်​ချင်​နေတဲ့ ဒီ​ပစ္စည်း​ဟာ တကယ်​လိုအပ်လို့​လား။ ခဏ​ပဲ သုံးပြီး ထည့်​သိမ်းထား​လိုက်တာ ဘယ်​နှစ်ခု​ရှိပြီ​လဲ’ ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ “တကယ်​လို​တာ​က နည်းနည်း၊ လိုချင်တာ များများ” ဆိုပြီး ဆောင်းပါး​ရှင်​တစ်ဦး ရေးခဲ့တယ်။ ဒီ​ပညာရှိ​စကားတွေကို သတိပြု​ကြည့်ပါ– “ငါ​တို့ ဒီလောက​ကို ရောက်လာ​တုန်း​က ဘာမှ ပါ​မလာ​ဘူး။ ထွက်သွား​ရင်​လ​ည်း ဘာမှ ယူသွား​နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် စားစရာ၊ ဝတ်စရာ ရှိနေတယ်​ဆိုရင် ရှိတာ​လေး​နဲ့ ရောင့်ရဲ​နေရမယ်။ . . . ငွေကို တပ်မက်​တဲ့​စိတ်ဟာ အကျိုး​ပျက်​စေတဲ့​အရာ အမျိုးမျိုးရဲ့ ဇာစ်​မြစ်​ဖြစ်လို့ပဲ။ လူ​တချို့က ငွေကို တပ်မက်​လာတဲ့​အတွက် ယုံကြည်ခြင်း​ကနေ လမ်းလွဲ​သွားပြီး ဝေဒနာ​များစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်​ကြတယ်။” ၁၇

လုံ့လ​ဝီရိယ​ရှိ​ခြင်းက​လ​ည်း ငွေရေးကြေးရေး ပြဿနာတွေကို ဖြေရှင်း​ပေး​နိုင်တယ်။ “အို လူ​ပျင်း၊ ပုရွက်ဆိတ်​ဆီ သွားပါ။ သူ့ရဲ့ လုပ်ပုံကိုင်ပုံ​တွေကို လေ့လာ​ကြည့်ပြီး ပညာ​ယူပါ။ . . . တစ်​ရေး အိပ်​နေတုန်း၊ ခဏလေး ငိုက်​နေတုန်း၊ လက်ပိုက်​ပြီး ခဏတစ်ဖြုတ် နား​နေတုန်း၊ ဆင်းရဲခြင်း​ဟာ . . . ရောက်လာ​လိမ့်မယ်။” ၁၈ အသေအချာ စီစဉ်ခြင်း​နဲ့ လက်တွေ့ကျတဲ့ ရ​သုံး​ငွေစာရင်း​ထားခြင်းက​လ​ည်း အထောက်အကူ ပြု​နိုင်တယ်။ “ခင်ဗျားတို့​ထဲ​က တစ်ယောက်ဟာ မျှော်စင်​ဆောက်မယ်​ဆိုရင် ပြီး​အောင်​ဆောက်​ဖို့ ငွေလောက်၊ မလောက် အရင်ဆုံး ထိုင်ပြီး ကုန်ကျ​စရိတ်ကို တွက်ချက်မယ် မဟုတ်လား။” ၁၉

“အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်​တဲ့​သူကို တွေ့ဖူး​သလား”

ကိုယ့်​ကြောင့် မဟုတ်ဘဲ ဆင်းရဲ​နေရင်​ကော။ ဥပမာ၊ စီးပွားရေး မတည်ငြိမ်မှု​ကြောင့် အလုပ်​ကြိုးစား​ချင်​ပေမဲ့ အလုပ်​လက်မဲ့ ဖြစ်သွား​နိုင်တယ်။ ဒါမှမဟုတ် ဆင်းရဲတဲ့​နိုင်ငံမှာ နေထိုင်​ရတာ ဖြစ်နိုင်တယ်။ ဒါဆိုရင် ဘာလုပ်မလဲ။ “ငွေ​က ကာကွယ်ပေး​သလို ဉာဏ်ပညာကလည်း ကာကွယ်​ပေးတယ်။ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့​သူကို အသက်ဆက်ရှင်​စေတယ်။” ၂၀ ဒီ​အကြံပြုချက်​ကိုလည်း သုံးသပ်​ကြည့်ပါ– “အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်​တဲ့​သူကို တွေ့ဖူး​သလား။ အဲဒီလိုလူ​ဟာ သာမန်​လူတွေ​ရှေ့မှာ မဟုတ်ဘဲ ဘုရင့်​ရှေ့တော်မှာ ခစား​ရလိမ့်မယ်။” ၂၁ ဒါကြောင့် အလုပ်​ရဖို့ အထောက်အကူ​ပြုမယ့် ကျွမ်းကျင်မှု​တွေ သင်ယူနိုင်တယ်။

“ပေးကမ်း​တတ်တဲ့​အကျင့် လုပ်ပါ။ ခင်ဗျားတို့ကို ပြန်ပေး​ကမ်း​ကြ​လိမ့်မယ်”

အောက်ပါ​အကြံပြုချက်​က ဆန့်ကျင်ဘက် ဖြစ်ပုံရ​ပေမဲ့ အမှန်တကယ် ထိရောက်​တယ်– “ပေးကမ်း​တတ်တဲ့​အကျင့် လုပ်ပါ။ ခင်ဗျားတို့ကို ပြန်ပေး​ကမ်း​ကြ​လိမ့်မယ်။ . . . ကိုယ်ချိန်​ပေးလိုက်တဲ့ ပမာဏ​အတိုင်း ပြန်​ရမှာဖြစ်​လို့​ပဲ။” ၂၂​ မျက်နှာသာ​ရဖို့ မျှော်လင့်ချက်​နဲ့ ပေးကမ်းခြင်းကို မဆိုလို​ဘူး။ ရက်ရော​တဲ့​စိတ်ဓာတ်​ကို မွေးမြူဖို့ ဆိုလိုခြင်း ဖြစ်တယ်။ “ရက်ရောတဲ့​သူဟာ ကြီးပွား​လိမ့်မယ်။ သူတစ်ပါး​ကို လန်းဆန်း​စေတဲ့​သူဟာ ကိုယ်တိုင် လန်းဆန်း​ရလိမ့်မယ်။” ၂၃ ဒါကြောင့် တခြား​သူတွေ လိုအပ်​ချိန်မှာ ဝေမျှခြင်းက ကိုယ့်ကို ပြန်​အကျိုး​ပြုမယ့် ပေးကမ်း​တတ်တဲ့ စိတ်ဓာတ်​ကို ပျိုးထောင်​ရာ​ရောက်တယ်။

၁၀ လူမှု​ဆက်ဆံရေး။ ပညာရှိ​ဘုရင်​တစ်ပါး ဒီလို​ဆိုတယ်– “လူတွေရဲ့ ပြိုင်ဆိုင်​ချင်စိတ်​ကြောင့် အားထုတ်မှု​တွေ၊ ပြောင်မြောက်​တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာတယ်​ဆိုတာ ငါ​မြင်တယ်။ ဒါ​လ​ည်း အချည်းနှီး​ပါပဲ။ လေကို​ဖမ်းဆုပ်​ဖို့ အားထုတ်​နေတာ​ပဲ။” ၂၄ ပြိုင်ဆိုင်မှု​က လူများစွာကို ပညာမဲ့စွာ ပြုမူ​စေတယ်။ လူတစ်ယောက်ရဲ့ ၂၇ လက်မ တီဗွီ​ဟာ ကောင်း​နေ​သေးတယ်။ ဒါပေမဲ့ အိမ်နီးချင်း​က ၃၂ လက်မ တီဗွီ ဝယ်​တာ​ကို တွေ့ရော ၃၆ လက်မ တီဗွီ သွား​ဝယ်​လိုက်တယ်။ အဲဒီလို​ပြိုင်ဆိုင်မှု​ဟာ အချည်းနှီး​အမှု​ပါပဲ။ အမှန်တကယ် လေကို ဖမ်းဆုပ်​ဖို့ အားထုတ်​နေတာပါ​ပဲ။ အချည်းနှီး​သော​အရာ​နောက် ပြေး​လိုက်ခြင်း ဖြစ်ကြောင်း သဘောတူတယ် မဟုတ်လား။

အကြီးအကျယ် အမျက်ထွက်ခြင်း​ကို ဘယ်လို ဖြေရှင်း​နိုင်မလဲ

၁၁ တခြား​သူတွေရဲ့ စကား​ကြောင့် စိတ်ဆိုး​တတ်ကြတယ်။ ဒါပေမဲ့ ဒီ​အကြံပြုချက်ကို သုံးသပ်​ကြည့်ပါ– “ထစ်ခနဲဆို မကျေမချမ်း မဖြစ်​နဲ့။ မကျေမချမ်း ဖြစ်တာဟာ ဉာဏ်​တိမ်​သူတွေရဲ့ ရင်ထဲမှာ ကိန်းအောင်း​နေ​တတ်တယ်။” ၂၅ စိတ်ဆိုး​သင့်တဲ့​အချိန် ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ရှေးခေတ် ကျမ်းရေးသူ​တစ်ဦး​က “ဒေါသ​ထွက်​ရင်တောင် အပြစ်​မ​လုပ်မိ​စေ​နဲ့။ စိတ်ဆိုး​မပြေ​ဘဲ နေ​မဝင်​စေ​နဲ့” ၂၆ လို့ ဆိုတယ်။ ဒါပေမဲ့ အကြီးအကျယ် အမျက်ထွက်ခြင်း​ကို ဘယ်လို ဖြေရှင်း​နိုင်မလဲ။ “ထိုးထွင်း​ဉာဏ်​ရှိသူဟာ ဒေါသ​ချုပ်​တည်းတယ်။ အမှား​ကို ဗွေမယူ​တာ​ဟာ သူ့ရဲ့​အလှ​ပဲ။” ၂၇ ဒါကြောင့် ထိုးထွင်း​သိမြင်မှု လိုတယ်။ ‘သူ ဘာကြောင့် အဲဒီလို လုပ်​ရတာလဲ။ ခွင့်လွှတ်​ပေးနိုင်တဲ့ အခြေအနေ​တွေ ရှိသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ အမျက်​ဒေါသ​ကို ကိုင်တွယ်​ဖြေရှင်းဖို့ ထိုးထွင်း​သိမြင်မှု​အပြင် တခြား​အရည်အသွေးတွေ​ကိုလည်း မွေးမြူ​ရမယ်။ “ချစ်ခင်​စာနာ​ခြင်း၊ ကြင်နာခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်​ကြပါ။ အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီး သည်းခံ​ကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြပါ။ . . . မေတ္တာ​ကိုလည်း ဝတ်ဆင်​ကြပါ။ ဘာလို့လဲ​ဆိုတော့ မေတ္တာဟာ စည်းလုံးခြင်း​အတွက် ခိုင်မြဲ​တဲ့ နှောင်ကြိုး​ပဲ။” ၂၈ မှန်ပါတယ်၊ မေတ္တာဟာ လူမှု​ဆက်ဆံရေး​မှာ ပြဿနာ​များစွာကို ဖြေရှင်း​ပေးတယ်။

၁၂ “သေးငယ်တဲ့​အင်္ဂါ” လျှာ​ဟာ လူမှု​ဆက်ဆံရေးကို အတားအဆီး ဖြစ်စေတယ်။ “လျှာ​ဟာ ထိန်း​လို့​မရတဲ့​အရာ၊ ထိခိုက်​နစ်နာ​စေတဲ့ အရာ​ပဲ။ သေစေ​နိုင်တဲ့​အဆိပ်​နဲ့ ပြည့်​နေတယ်” ၂၉ ဆိုတဲ့ စကားတွေ မှန်ကန်​လှပါတယ်။ ဒီ​အကြံပြုချက်​ကိုလည်း မှတ်​သားပါ– “လူတိုင်းဟာ နားထောင်ဖို့ အမြဲ​အသင့်​ဖြစ်နေ​ရမယ်။ စကား​ပြောတဲ့အခါမှာ မစဉ်းစား​မဆင်ခြင်ဘဲ မပြော​ရ​ဘူး။ လွယ်လွယ်နဲ့ ဒေါသ​မ​ထွက်​ရ​ဘူး။” ၃၀ ဒါပေမဲ့ လျှာ​ကို အသုံးပြုတဲ့​အခါ သင့်မြတ်​ဟန်ဆောင်​ချင်​လို့ မှန်​တစ်ဝက် မမှန်​တစ်ဝက်​စကားတွေ ပြောဆိုခြင်း​ကို ရှောင်ရမယ်။ “ဟုတ်​ရင် ‘ဟုတ်တယ်၊’ မဟုတ်​ရင် ‘မဟုတ်ဘူး’ ဒါ​ပဲ ပြောပါ။ ဒီထက်​ပို​တဲ့ စကားဟာ ဆိုးညစ်သူ​ဆီက လာတာ​ပဲ။” ၃၁

၁၃ တခြား​သူတွေနဲ့ ဆက်ဆံရေး​ကောင်း​ဖို့ ဘယ်လို လုပ်ဆောင်​နိုင်မလဲ။ “ကိုယ့်​အကျိုးကို​ပဲ အာရုံ​မစိုက်ပါနဲ့၊ သူတစ်ပါး​အကျိုး​ကိုလည်း ထည့်​စဉ်းစား​ပေးကြပါ” ၃၂ ဆိုတဲ့​အခြေခံ​မူကို သတိပြုပါ။ ဒါဆိုရင် “ကိုယ့်ကို ပြုမူ​ဆက်ဆံ​စေချင်တဲ့​အတိုင်း သူတစ်ပါး​ကို ပြုမူ​ဆက်ဆံပါ” ၃၃ ဆိုတဲ့ ရွှေ​ပညတ်​နဲ့​အညီ နေထိုင်​နိုင်​ပါလိမ့်မယ်။

၁၄ စိတ်ဖိစီးမှု။ ဖိစီးမှု​ပြည့်နှက်​နေတဲ့ ဒီ​လောကမှာ စိတ်တည်ငြိမ်မှု ဘယ်လို ရရှိ​နိုင်သလဲ။ “ရင်ထဲမှာ ပျော်​နေရင် မျက်နှာဟာ ပြုံးရွှင်​နေတယ်။ ရင်ထဲမှာ နာကျင်​နေရင်​တော့ စိတ်ထောင်းကိုယ်ကြေ ဖြစ်​ရတယ်။” ၃၄ ကိုယ်​မှန်တယ် ထင်တဲ့​အရာကို တခြား​သူတွေ လျစ်လျူရှုတဲ့​အခါ ပျော်ရွှင်မှု ပျောက်ဆုံး​သွားနိုင်တယ်။ “တရားလွန် မဖြောင့်မတ်​ပါ​နဲ့။ အလွန်အကျွံ ဉာဏ်ပညာ မ​ရှိပါ​နဲ့။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခ​ပေးချင်​ရတာလဲ” ၃၅ ဆိုတဲ့​စကားကို အမှတ်​ရသင့်တယ်။ ဒါပေမဲ့ ဘဝ​စိုးရိမ်​ပူပန်မှု​တွေ​က မပြတ် ထိုးနှက်​နေ​နိုင်တယ်။ ဒါဆိုရင် ဘာ​လုပ်နိုင်သလဲ။ “စိုးရိမ်​ပူပန်မှုဟာ စိတ်ဓာတ်ကျ​စေတယ်။ ကောင်းတဲ့​စကားကတော့ စိတ်အားတက်​စေတယ်” ၃၆ ဆိုတဲ့ စကားကို အမှတ်ရပါ။ အားပေးမှု ဖြစ်စေတဲ့ “ကောင်းတဲ့​စကား၊” ကြင်နာတဲ့​စကားကို တွေးတော​နိုင်တယ်။ “ရွှင်လန်း​တဲ့​စိတ်ဟာ ဆေး​စွမ်း​ကောင်း​တစ်လက်” ၃၇ ဖြစ်လို့ စိတ်ဓာတ်ကျ​စ​ရာ အခြေအနေတွေမှာ အပြုသဘော​ရှိ​ခြင်းက ကျန်းမာရေး​ကိုတောင် ကောင်း​စေတယ်။ တခြား​သူတွေ ဂရုမစိုက်​လို့ စိတ်ဓာတ်ကျ​တဲ့အခါ “ရယူခြင်း​ထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်​စေတယ်” ၃၈ ဆိုတဲ့​အခြေခံ​မူကို ကျင့်သုံး​နိုင်တယ်။ အပြုသဘော​ရှိရင် နေ့စဉ် ကြုံနေ​ရတဲ့ စိတ်​ဖိစီးမှုကို ရင်ဆိုင်​ဖြေရှင်း​နိုင်ပါတယ်။

၁၅ ၂၁ ရာစု​မှာ အသက်ရှင်နေ​ရသူ​အတွက် အထက်ပါ​စကားတွေက လက်တွေ့​ကျတယ် မဟုတ်လား။ အဲဒီ​စကားတွေကို ရှေးအကျဆုံး​စာအုပ် သမ္မာကျမ်းစာမှာ တွေ့ရတယ်။ ဒါပေမဲ့ တခြား​ပညာပေး​စာအုပ်တွေ​အစား ကျမ်းစာကို ဘာကြောင့် ဖတ်ရှု​သင့်သလဲ။ အကြောင်းရင်း​တစ်ခုက သမ္မာကျမ်း​စာပါ အခြေခံ​မူတွေ​ဟာ ရေရှည်​တန်ဖိုးရှိ​လို့​ပဲ။ ဥပမာ၊ အမျိုးသမီး​လွတ်မြောက်ရေး လှုပ်ရှားမှု​မှာ ပါဝင်​ခဲ့​ကြ​တဲ့ ယာ​ဆူ​ဟီ​ရို​နဲ့ ခါယိုကို​တို့​အဖြစ်ကို သုံးသပ်​ကြည့်ပါ။ ခါယိုကို​ဟာ ယာ​ဆူ​ဟီ​ရိုရဲ့ ရင်သွေး​ကို လွယ်​ထား​ရ​ကြောင်း သိလိုက်ရ​မှ လက်ထပ်​ကြတယ်။ ဒါပေမဲ့ ငွေကြေး မပြေလည်​တဲ့​အပြင် အသွင်​မတူ​လို့ မကြာမီ ကွာရှင်း​လိုက်ကြတယ်။ နောက်ပိုင်း သူတို့ ယေဟောဝါသက်သေတွေ​နဲ့ ကျမ်းစာ လေ့လာ​ခဲ့​ကြတယ်။ ဘဝမှာ ထူးထူးခြားခြား ပြောင်းလဲ​လာ​ကြောင်း အပြန်အလှန် သတိပြုမိ​ကြတယ်။ ဒါနဲ့ ပြန်​လက်ထပ်​ဖို့ ဆုံးဖြတ်​လိုက်ကြတယ်။ သူတို့​မှာ ပြဿနာ​တွေ ရှိနေသေးပေမဲ့ ကျမ်းစာ​အခြေခံ​မူတွေ​နဲ့​အညီ နေထိုင်ပြီး ပြဿနာတွေကို အတူတကွ ဖြေရှင်း​ကြတယ်။ ယေဟောဝါသက်သေတွေ​မှာ ကျမ်းစာ​အခြေခံ​မူတွေကို ကျင့်သုံးတဲ့​အခါ ရလဒ်ကောင်းတွေ ရရှိ​ကြောင်း တွေ့နိုင်တယ်။ ကျမ်းစာ​အ​ခြေ​ခံ​မူတွေ​နဲ့​အညီ ကြိုးစား​နေထိုင်သူတွေ​နဲ့ သိကျွမ်းဖို့ သူတို့​ အစည်းအဝေးတွေကို တက်ရောက်​ပါ။

၁၆ အထက်ပါ​အကြံပြုချက်တွေက အသိပညာ​ရွှေ​တွင်း သမ္မာကျမ်း​စာပါ လက်တွေ့ကျ ဉာဏ်ပညာ​တွေ​ထဲ​က နမူနာ​ပဲ ဖြစ်တယ်။ ကျမ်းစာ​အခြေခံ​မူတွေကို ယေဟောဝါသက်သေတွေ လိုလိုလားလား လိုက်နာ​ရတဲ့​အကြောင်းရင်း ရှိတယ်။ အဲဒါတွေကို ရှာဖွေ​ပြီး သမ္မာကျမ်းစာ အခြေခံ​အမှန်တရား​အချို့​ကို သင်ယူပါ။