မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၁

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ—စိတ်ကူးအိပ်မက်ပဲလား

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ—စိတ်ကူးအိပ်မက်ပဲလား

တိုးတက်​တဲ့​နိုင်ငံက အိမ်တစ်လုံး​မှာ ဇိမ်ခံပစ္စည်း အပြည့်အစုံ ရှိတယ်။ ချမ်းချမ်းသာသာ​နဲ့ ဇိမ်​ရှိ​ရှိနေ​နိုင်ကြ​ပုံပဲ။ ဒါပေမဲ့ အိမ်ထဲ ဝင်​သွားတဲ့အခါ ဘာ​တွေ့ရမယ် ထင်သလဲ။ စိတ်မချမ်းမြေ့​ဖွယ် အခြေအနေ​တွေ​ပါပဲ။ ဆယ်ကျော်သက် သားသမီးတွေ​က မိဘကို “အင်း၊” “ဟ​င့်​အင်း” လောက်​ပဲ ပြန်ဖြေ​ကြတယ်။ အိမ်ရှင်မ​က​လ​ည်း ခင်ပွန်းရဲ့ ဂရုစိုက်မှုကို လိုချင်​နေတယ်။ ဖခင်​က​လ​ည်း ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေ​ချင်တယ်။ တခြား​မှာ​နေတဲ့ သက်ကြီးရွယ်အို မိဘတွေက​လ​ည်း မိသားစုနဲ့ မ​တွေ့ရတာ လနဲ့​ချီ​ကြာနေ​လို့ သားမြေး​တွေကို တွေ့ချင်​နေ​ကြတယ်။ အလားတူ​ဖိစီးမှုတွေ ကြုံနေ​ရတဲ့ မိသားစု​တချို့ကတော့ ပြဿနာတွေကို ဖြေရှင်း​နိုင်ပြီး ကျေနပ်​ပျော်ရွှင်​နေ​ကြတယ်။ ဘာကြောင့်လဲ။

ဖွံ့ဖြိုး​ဆဲ​နိုင်ငံက မိသားစု​တစ်စု​အကြောင်း သုံးသပ်​ကြည့်ပါ။ မိသားစုဝင် ခုနစ်ဦး​ဟာ ယို​င်​တိုင်တိုင်​တဲကုပ်​လေးမှာ နေထိုင်​ကြတယ်။ ထမင်း​နပ်​မှန်​အောင် မစားရဘူး။ ဒါက ကမ္ဘာ့​ဆင်းရဲ မွဲတေမှု​နဲ့ ဆာလောင်မှု​ပြဿနာကို လူသားတွေ မဖြေရှင်း​ပေးနိုင်ကြောင်း သက်သေထူ​တ​ယ်။ ဒါပေမဲ့ ဆင်းရဲမွဲတေ​နေ​ပေမဲ့ ပျော်ရွှင်​နေတဲ့​မိသားစု​တွေ အများကြီး ရှိတယ်။ ဘာကြောင့်လဲ။

ချမ်းသာ​ကြွယ်ဝတဲ့ နိုင်ငံတွေ​မှာ​တောင် ငွေကြေး​ပြဿနာ​တွေ ဖြစ်ပေါ်​နိုင်တယ်။ ဂျပန်​နိုင်ငံက မိသားစု​တစ်စု​ဟာ အိမ်​ဈေး “ထိုး​တက်” နေတဲ့​အချိန်မှာ ဈေး​မတန်တဆ​နဲ့ အိမ်တစ်လုံး ဝယ်​လိုက်ကြတယ်။ လစာ​တိုး​မ​ယ်​လို့ မျှော်လင့်​ပြီး အကြွေး​နဲ့ ဝယ်​ခဲ့​ကြတယ်။ အိမ်​ဈေး “ထိုး​ကျ” သွားတော့ အကြွေး​မဆပ်နိုင်​တော့​လို့ အိမ်ကို ရတဲ့​ဈေး​နဲ့ မတန်တဆ လျှော့​ရော​င်း​လိုက်ရတယ်။ အဲဒီ​အိမ်မှာ မနေ​တော့​ပေမဲ့ အကြွေး ဆပ်နေ​ရ​တုန်း​ပဲ။ ဒီ့ပြင် အကြွေး​ဝယ်​ကတ်​ကို မဆင်မခြင် သုံး​ထားလို့ အကြွေး​မနည်း​ဆပ်နေ​ရတယ်။ ဖခင်​ဖြစ်သူ​က မြင်း​ပွဲ လောင်း​တဲ့​အတွက် မိသားစု​ခမျာ အကြွေး​လည်ပင်း နစ်​လာတယ်။ တခြား​မိသားစု​တွေ​ကတော့ ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်ကြ​လို့ ပျော်ရွှင်​နေ​ကြတယ်။ ဘယ်လို ပြုပြင်​ပြောင်းလဲခဲ့ကြ​သလဲ​ဆိုတာ သိချင်​ပါသလား။

ဘယ်​နေရာမှာပဲ နေထိုင်​ပါစေ လူမှု​ဆက်ဆံရေး​ကြောင့် စိတ်ဖိစီးမှု မပြတ်​ကြုံရ​ကာ ကျေနပ်​ပျော်ရွှင်မှု နည်းလာ​နိုင်တယ်။ အလုပ်မှာ ကိုယ့်အကြောင်း အတင်း​ပြော​နိုင်တယ်။ ကိုယ့်​အောင်မြင်မှုတွေကို တခြား​သူတွေ မနာလို​ဖြစ်ပြီး မဟုတ်မမှန် ဝေဖန်​ပြောဆို​လာနိုင်တယ်။ နေ့စဉ် ထိတွေ့ဆက်ဆံ​နေရ​သူ​တစ်​ဦးရဲ့ အ​ပြု​အမူ​ကြောင့် စိတ်​အနှောင့်အယှက် ဖြစ်နေ​နိုင်တယ်။ ကျောင်းမှာ ကိုယ့်​ကလေး အနိုင်ကျင့်​ခံ​နေရ​နိုင်တယ်၊ နှောင့်ယှက်​ခံ​နေရ​နိုင်တယ်၊ လျစ်လျူရှု​ခံ​နေရ​နိုင်တယ်။ သင်ဟာ ကြင်ဖော်မဲ့​မိဘ​တစ်ဦး​ဆိုရင် တခြား​သူတွေနဲ့ ပေါင်းသင်း​ဆက်ဆံ​ဖို့ အခက်တွေ့​နိုင်တယ်။ ဒီ​ပြဿနာ​တွေ​က ယနေ့ လူ​များစွာရဲ့​ဘဝကို သောက​ဝန်ပိ​စေတယ်။

စိတ်ဖိစီးမှု ဆိုးကျိုး​တွေဟာ နှစ်​များ​တစ်လျှောက် မြုံနေ​ပြီးမှ ထ​ပေါက်ကွဲ​တတ်တယ်။ ဒါကြောင့် စိတ်​ဖိစီးမှုကို အသံတိတ် လူသတ်သမား​လို့ ခေါ်​ကြတယ်။ ကြာရှည်​စိတ်​ဖိစီးမှုကို တဖြည်းဖြည်း သေစေတဲ့​အဆိပ်​လို့ ခေါ်​ကြတယ်။ “စိတ်ဖိစီးမှု​နဲ့ ဖိစီးမှု​ကြောင့်​ဖြစ်တဲ့ ဖျားနာမှု​က ကမ္ဘာ​တစ်ဝန်း​ရှိ အလုပ်သမားတွေကို ထိခိုက်​နေတယ်” ဆိုပြီး မင်​နီ​ဆိုတာ တက္ကသိုလ်က ပါမောက္ခ ရောဘတ် ဗ​ယ်​နင်​ဂါ ပြောတယ်။ ဖိစီးမှု​နဲ့​ဆက်နွှယ်​နေတဲ့ ရောဂါတွေ​ကြောင့် နှစ်စဉ် အမေရိကန်​ဒေါ်လာ ဘီလီယံ ၂၀၀ ခန့် ကုန်ကျ​နေတယ်။ စိတ်​ဖိစီးမှုကို အမေရိကန်​ရဲ့ နောက်ဆုံး​ပေါ် ထုတ်ကုန်​လို့​တောင် ခေါ်​ကြတယ်။ ကမ္ဘာ့​အဓိက ဘာသာစကား​များစွာမှာ “ဖိစီးမှု” ဆိုတဲ့ အသုံးအနှုန်း​ကို ကြား​လာ​ရတယ်။ စိတ်ဖိစီးမှု​ကြောင့် စီစဉ်​ထားတဲ့​အတိုင်း မလုပ်ဆောင်​နိုင်​ရင် အပြစ်​ရှိတယ်လို့ ခံစား​ရနိုင်တယ်။ မကြာသေးမီ လေ့လာမှု​တစ်ခု​အရ လူတစ်ဦး​ဟာ အပြစ်​ရှိတယ်​ဆိုပြီး တစ်နေ့​ကို နှစ်နာရီ​လောက် ခံစား​နေ​ရတယ်။ တချို့ကတော့ ဖိစီးမှုတွေ​ကို ရင်ဆိုင်​ကျော်လွှား​ပြီး ဘဝ​အောင်မြင်မှု ရ​ရှိနေကြတယ်။

နေ့စဉ် ပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်း​နိုင်ပြီး ကျေနပ်​ပျော်ရွှင်တဲ့ အသက်တာ ရရှိနိုင်​မလဲ။ ပညာရှင်​တွေ ထုတ်ဝေ​ထားတဲ့ လမ်းညွှန်​စာအုပ်တွေ၊ လက်စွဲ​စာအုပ်တွေ​ကို တချို့ အားထား​ကြတယ်။ အဲဒါတွေကို အားထား​နိုင်​ပါသလား။ ဒေါက်တာ ဘင်ဂျမင် စ​ပေါ့​က သားသမီး ပျိုးထောင်​နည်း စာအုပ်ကို ၄၂ ဘာသာ​နဲ့ ပြန်ဆို​ပြီး စောင်ရေ သန်း ၅၀ နီးပါး ဖြန့်ချိ​ခဲ့​တ​ယ်။ အဲဒီ​စာအုပ်မှာ “ခိုင်မာ​ပြတ်သားမှု မရှိခြင်း​ဟာ . . . ယနေ့ အမေရိက​မှာ မိဘ​တိုင်း ကြုံနေ​ရတဲ့ ပြဿနာ ဖြစ်တယ်” လို့ ဆိုထားတယ်။ မိမိ​အပါအဝင် ပညာရှင်​တွေကို အဓိက အပြစ်တင်​ရမယ်လို့လည်း ပြောတယ်။ “အားလုံး သိ​ပြီးသား​ဆိုတဲ့ သဘောထား​က မိဘတွေကို ဘယ်လောက် ထိခိုက်​စေ​မှန်း အချိန်နှောင်း​တဲ့​အထိ မသိကြဘူး” လို့ ဝန်ခံတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးသင့်တယ်– ‘ဒီနေ့​ရော အနာဂတ်​မှာပါ ကျေနပ်​ပျော်ရွှင်​ဖွယ်​ဘဝ ရရှိဖို့ ဘယ်သူ့​အကြံဉာဏ်​ကို စိတ်ချလက်ချ လိုက်နာ​နိုင်မလဲ။’