မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၈

ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ ပြန်လည်ပိုင်ဆိုင်ခြင်း

ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ ပြန်လည်ပိုင်ဆိုင်ခြင်း

ဘုရားသခင်ရဲ့ အုပ်ချုပ်မှုကို ပုန်ကန်တဲ့ အကျိုးဆက်​အနေနဲ့ လူသားတွေရဲ့ အသက်တာ​ဟာ အချည်းနှီး​ဘဝ ရောက်​ခဲ့​ရတယ်။ ဒါပေမဲ့ ဘုရားက လူသားတွေကို မျှော်လင့်ချက်​မဲ့ မဖြစ်စေ​ဘူး။ “ဘာကြောင့်လဲ​ဆိုတော့ ဖန်ဆင်းရာတွေ အချည်းနှီး​အဖြစ်ကို ရောက်​ခဲ့​ရလို့ပဲ။ ဆန္ဒ​အလျောက် ရောက်​ခဲ့​ရတာ​တော့ မဟုတ်ဘူး။ အချည်းနှီး​အဖြစ်ကို ရောက်​သွား​အောင် ခွင့်ပြု​လိုက်တဲ့ အရှင်ရဲ့ အလိုတော်​ကြောင့်​သာ ဖြစ်​ရတာပါ။ ဒါပေမဲ့ အဲဒီ​အရှင်​ပေးထားတဲ့ မျှော်လင့်ချက်​ကတော့ ဖန်ဆင်းရာတွေဟာ ဖောက်ပြန်​ပျက်စီးခြင်းရဲ့ ကျွန်ဘဝက​နေ လွတ်မြောက်​ပြီး ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေ​နဲ့​ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစား​ရမယ်ဆိုတဲ့ အချက်​ပဲ။” (ရောမ ၈:၂၀၊ ၂၁) မှန်ပါတယ်၊ ပထမ​လူသား​မောင်နှံရဲ့ သားမြေး​တွေကို မျှော်လင့်ချက် ပေးထားတယ်။ အမွေခံ​ရတဲ့ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်​စေမယ့် သေချာ​တဲ့ မျှော်လင့်ချက် ဖြစ်တယ်။ သူတို့ဟာ ယေဟောဝါ​ဘုရားနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ပြန်​ရနိုင်တယ်။ ဘယ်လို​နည်းနဲ့လဲ။

ဘုရားသခင်က လူသားတွေကို အပြစ်နဲ့ သေခြင်း​ကျွန်ဘဝက​နေ လွတ်မြောက်​ဖို့ မျှော်လင့်ချက် ပေးခဲ့

အာဒံနဲ့ ဧဝ အပြစ်ပြု​လိုက်တဲ့အခါ သားစဉ်မြေးဆက်​တွေ ကမ္ဘာပေါ် ကျေနပ်​ပျော်ရွှင်​ဖွယ် အသက်တာနဲ့ ထာဝစဉ် မွေ့လျော်​နိုင်တဲ့ အလားအလာကို ဖျက်ဆီး​ပစ်​ခဲ့​ကြတယ်။ အမှားအမှန်​ကို မိမိတို့​ဘာသာ ဆုံးဖြတ်ခွင့် ရဖို့ နောင်​လာ​နောက်​သားတွေကို အပြစ်နဲ့ သေခြင်း​ကျွန်​အဖြစ် ရောင်းစား​လိုက်ကြတယ်။ ဒါနဲ့ သားစဉ်မြေးဆက်​တွေဟာ ရက်စက်တဲ့​ဘုရင်တွေ အုပ်စိုးတဲ့​ကျွန်း​ကို အ​ပို့​ခံရတဲ့​ကျွန်တွေ​လို ဖြစ်သွားကြတယ်။ မှန်ပါတယ်၊ အပြစ်နဲ့ သေခြင်းက လူသားတွေကို မင်းမူ​အုပ်စိုး​နေတယ်။ (ရောမ ၅:၁၄၊ ၂၁) ဘယ်သူမှ ကယ်တင်​နိုင်မယ့်​ပုံ မရှိဘူး။ သူတို့ရဲ့​ဘိုးဘေး​က ကျွန်ဘဝ​ရောက်အောင် ရောင်းစား​လိုက်လို့​ပါပဲ။ ဒါပေမဲ့ သဘောကောင်း​သူ​တစ်ဦး​က ကျွန်ဘဝ​ရောက်နေ​သူ​အားလုံးကို ရွေး​ဖို့ ရွေးဖိုး​အလုံအလောက်​နဲ့ မိမိ​သားကို စေလွှတ်​လိုက်တယ်။—ဆာလံ ၅၁:၅။ ၁၄၆:၄။ ရောမ ၈:၂

ပုံဥပမာ​ထဲ​က ကျွန်တွေ​ကို ကယ်တင်​သူက ယေဟောဝါ​ဘုရားကို ပုံဆောင်​တ​ယ်။ ရွေးဖိုး ယူလာ​သူကတော့ ယေရှု​ခရစ် ဖြစ်တယ်။ ယေရှုဟာ လူသား​ဘဝ မတိုင်မီ​က ဘုရားသခင်ရဲ့ တစ်ပါးတည်းသော သားတော်​အဖြစ် ကောင်းကင်မှာ ရှိခဲ့တယ်။ (ယောဟန် ၃:၁၆) ယေဟောဝါ ပထမဆုံး ဖန်ဆင်းရာ ဖြစ်ပြီး စကြဝဠာ​ရှိ တခြား ဖန်ဆင်းရာ​အားလုံးကို ယေရှု​က​တစ်ဆင့် ဖန်ဆင်းခဲ့တယ်။ (ကောလောသဲ ၁:၁၅၊ ၁၆) ယေဟောဝါ​က နာမ်ဝိညာဉ်​သားတော်ရဲ့ အသက်ကို အပျိုစင်​တစ်​ဦးရဲ့ သား​အိမ်​အတွင်း အံ့ဖွယ်​နည်းနဲ့ ပြောင်းရွှေ့​ပေးခြင်း​အားဖြင့် စုံလင်တဲ့​လူသား​တစ်ဦး မွေးဖွား​လာ​စေတယ်။ ဒါက ဘုရားသခင့် တရား​မျှတမှု​အတွက် လိုအပ်တဲ့​တန်ဖိုး ဖြစ်တယ်။—လုကာ ၁:၂၆-၃၁၊ ၃၄၊ ၃၅

ယေရှု အသက် ၃၀ အရွယ်မှာ ဂျော်ဒန်​မြစ်​မှာ နှစ်ခြင်းခံခဲ့တယ်။ နှစ်ခြင်းခံ​နေတုန်း ဘုရားသခင့် သန့်ရှင်းသော​စွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရတယ်။ ဒါနဲ့ ‘ဘိသိက်ပေး​ခံရသူ’ အဓိပ္ပာယ်​ရှိတဲ့ ခရစ်တော် ဖြစ်လာတယ်။ (လုကာ ၃:၂၁၊ ၂၂) ယေရှုဟာ မြေကြီး​ပေါ်မှာ သုံးနှစ်ခွဲ အမှုဆောင်တယ်။ အဲဒီ​နှစ်တွေမှာ နောက်လိုက်​တွေကို “ဘုရားသခင့်​နိုင်ငံတော်” အကြောင်း သင်ပေးခဲ့တယ်။ ကောင်းကင်​အစိုးရ​ဖြစ်တဲ့ နိုင်ငံတော်​အုပ်ချုပ်မှု​အောက်မှာ လူသားတွေ ယေဟောဝါ​ဘုရားနဲ့ ပြန်လည်​သင့်မြတ်​လာ​ကြမယ်။ (လုကာ ၄:၄၃။ မဿဲ ၄:၁၇) လူတွေ ပျော်ရွှင်တဲ့​အသက်တာ ပိုင်ဆိုင်နိုင်တဲ့​နည်းလမ်း​ကို ယေရှု သိထားတယ်။ ဒါကြောင့် နောက်လိုက်​တွေကို ပျော်ရွှင်မှုနဲ့​ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ပေးခဲ့တယ်။ မဿဲ​အခန်းကြီး ၅ ကနေ ၇ ကို ဖွင့်ပြီး တောင်ပေါ်​ဒေသနာ​ပါ သွန်သင်ချက်​တချို့ကို ဖတ်ကြည့်ပါ။

သင့်ကို ကျွန်ဘဝက​နေ လွတ်မြောက်​စေ​သူကို အလွန်​ကျေးဇူးတင်​မ​ယ် မဟုတ်လား

ယေရှုဟာ အာဒံနဲ့ မတူဘဲ အရာရာမှာ ဘုရားသခင်ကို နာခံခဲ့တယ်။ “ခရစ်တော်ဟာ အပြစ်​မကျူးလွန်​ခဲ့​ဘူး။” (၁ ပေတရု ၂:၂၂။ ဟီဘရူး ၇:၂၆) မြေကြီး​ပေါ်မှာ ထာဝစဉ် အသက်ရှင်ခွင့် ရှိပေမဲ့ အာဒံ​ဆုံးရှုံး​ခဲ့​ရာ​ကို ဘုရားသခင်​ဆီ ပြန်ပေး​ဆပ်ဖို့ “အသက်စွန့်” ခဲ့​တ​ယ်။ သစ်တိုင်​ပေါ်မှာ စုံလင်တဲ့ လူ့​အသက်ကို ပေးဆပ်​ခဲ့​တ​ယ်။ (ယောဟန် ၁၀:၁၇။ ၁၉:၁၇၊ ၁၈၊ ၂၈-၃၀။ ရောမ ၅:၁၉၊ ၂၁။ ဖိလိပ္ပိ ၂:၈) လူသားတွေကို အပြစ်နဲ့ သေခြင်း​ရဲ့ ကျွန်ဘဝက​နေ ပြန်​ဝယ်ယူ​ဖို့ လိုအပ်တဲ့ ရွေးဖိုး​ကို ယေရှု ပေးခဲ့တယ်။ (မဿဲ ၂၀:၂၈) သင်ဟာ ကျွန်​တစ်ဦး​အဖြစ် ပင်ပင်ပန်းပန်း လုပ်ကိုင်​နေ​ရတယ် ဆိုပါစို့။ ကျွန်ဘဝက​နေ လွတ်မြောက်​ဖို့ စီစဉ်​ပေးသူ​နဲ့ သင့်အတွက် အသက်​ပေးဆပ်​သူကို အလွန်​ကျေးဇူးတင်​မ​ယ် မဟုတ်လား။ ရွေးဖိုး​အစီအစဉ်​အားဖြင့် ဘုရားသခင့် စကြဝဠာ မိသားစုဝင်​ဖြစ်ခွင့် ပြန်​ရရှိ​နိုင်ပြီး အပြစ်နဲ့ သေခြင်း ကျွန်ဘဝက​နေ လွတ်မြောက်​ကာ ကျေနပ်​ပျော်ရွှင်​ဖွယ်​အသက်တာ ပိုင်ဆိုင်​နိုင်ပါတယ်။—၂ ကောရိန္သု ၅:၁၄၊ ၁၅

ယေဟောဝါရဲ့ မဟာ​ကရုဏာကို သိရှိခြင်း၊ လေးမြတ်ခြင်းက အသက်တာမှာ ကျမ်းစာ ပညာရှိ​စကားတွေကို လိုက်လျှောက်​ဖို့ အလွန် ခိုင်လုံတဲ့​အကြောင်းရင်း ဖြစ်တယ်။ ဥပမာ၊ ပြစ်မှား​သူကို ခွင့်လွှတ်ပါ​ဆိုတဲ့ အခက်ခဲဆုံး အခြေခံ​မူ​တစ်ခုကို သုံးသပ်​ကြည့်ပါ။ သင်ခန်းစာ ၂ မှာ သုံးသပ်ခဲ့တဲ့ ကောလောသဲ အခန်းကြီး ၃၊ အခန်းငယ် ၁၂ ကနေ ၁၄ ပါစကား​တွေကို မှတ်မိ​ပါသလား။ အဲဒီ​အခန်းငယ်​တွေ​မှာ တခြား​သူတွေကို အပြစ်​တင်စရာ​အကြောင်း ရှိရင်တောင် ခွင့်လွှတ်ဖို့ အားပေး​ထားတယ်။ “ယေဟောဝါ​က ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်​ကြပါ” လို့ ဆို​ထားတဲ့​အတွက်​ကြောင့် ဖြစ်တယ်။ လူသားတွေ​အတွက် ယေဟောဝါနဲ့ ယေရှု​ခရစ် ပြုလုပ်ပေး​ခဲ့​ရာ​ကို အလွန်​လေးမြတ်​ရင် တခြား​သူတွေ ဘယ်လိုပဲ​ပြစ်မှား​ပါစေ၊ အထူးသဖြင့် နောင်တ​ရပြီး တောင်းပန်​ရင် ခွင့်လွှတ်​ပေးဖို့ လှုံ့ဆော်​ပေးပါလိမ့်မယ်။