မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၇

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ ပိုင်ဆိုင်ဖို့ ဘာကြောင့် ဒီလောက် ခက်ခဲရသလဲ

ကျေနပ်ပျော်ရွှင်ဖွယ် အသက်တာ ပိုင်ဆိုင်ဖို့ ဘာကြောင့် ဒီလောက် ခက်ခဲရသလဲ

လူများစွာဟာ ဘဝမှာ စစ်မှန်တဲ့​ရည်ရွယ်ချက် မရှိပေမဲ့ ဘာကြောင့် ကြိုးစား​ရုန်းကန်​နေကြ​ရသလဲ။ “ဘဝဟာ တို​တောင်းတယ်။ ဒုက္ခတွေ ပြည့်နှက်​နေတယ်။ လူဟာ ပန်း​လို​ပွင့်​ပြီး ညှိုးနွမ်း​သွားတယ်။ အရိပ်​လို ကွယ်ပျောက်​သွားတယ်။” (ယောဘ ၁၄:၁၊ ၂) ပရဒိသုမှာ ပထမ​လူသား​မောင်နှံ နေထိုင်ခဲ့ချိန်​က လူတွေရဲ့ တောက်ပတဲ့ အနာဂတ်ကို ပျက်စီး​စေတဲ့​အရာ ဖြစ်ပျက်ခဲ့တယ်။

လူ့​မိသားစု အမှန်တကယ် ပျော်ရွှင်​နိုင်ဖို့ ဘုရားသခင်နဲ့ ကောင်းတဲ့ ဆက်ဆံရေး ရှိရမယ်။ အတင်းအကျပ် မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ဖြစ်ရမယ်။ (တရားဟောရာ ၃၀:၁၅-၂၀။ ယောရှု ၂၄:၁၅) စိတ်ရင်း မေတ္တာနဲ့ နာခံ​ဝတ်ပြုမှု​ကို ယေဟောဝါ လိုလားတယ်။ (တရားဟောရာ ၆:၅) ဒါကြောင့် ဧဒင်​ဥယျာဉ်မှာ ယေဟောဝါ​က တားမြစ်ချက်​တစ်​ရပ် ထုတ်ပြန်ခဲ့​တ​ယ်။ ပထမ​လူသား​မောင်နှံ​အနေနဲ့ ဘုရားသခင်ကို တကယ်​သစ္စာ​စောင့်သိကြောင်း သက်သေထူ​ခွင့် ရှိတယ်။ “ဥယျာဉ်​ထဲမှာရှိတဲ့ အပင်​အားလုံးရဲ့​အသီးကို မင်း စိတ်ကြိုက်​စား​ခွင့် ရှိတယ်။ ဒါပေမဲ့ အကောင်းအဆိုး သိကျွမ်းရာ​အပင်ရဲ့ အသီးကို​တော့ မစား​နဲ့။ စားတဲ့​နေ့မှာ မင်း သေ​ကို သေ​ရမယ်” လို့ အာဒံ​ကို ဘုရားသခင် မိန့်မှာတယ်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ဒါဟာ စမ်းသပ်မှု ရိုးရိုးလေး​ပါပဲ။ ဥယျာဉ်​ရှိ အပင်​အားလုံး​ထဲ​က အပင်​တစ်ပင်ရဲ့ အသီးကို​သာ မစား​ဖို့ အာဒံ​ကို ယေဟောဝါ တားမြစ်​ခဲ့​တာ​ပါ။ အဲဒီ​အပင်​က ဉာဏ်ပညာ​အရှိဆုံး ဖန်ဆင်းရှင်ရဲ့ အကောင်းအဆိုး ဆုံးဖြတ်​ပိုင်ခွင့်​ကို တင်​စားတယ်။ “တွဲဖက်​ညီ​သူ” အဖြစ် ဘုရားသခင် ပေးခဲ့တဲ့ ဇနီးကို အဲဒီ​အမိန့်​အကြောင်း အာဒံ ပြန်​ပြော​ပြခဲ့တယ်။ (ကမ္ဘာဦး ၂:၁၈) ဘုရားသခင်ရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံ​ပြီး အလိုတော်ကို ကျေးဇူးတင်​လေးမြတ်​စွာ ထောက်ခံ​ခြင်းအားဖြင့် ဖန်ဆင်းရှင်၊ အသက်ပေး​ရှင်​ကို ချစ်မြတ်နိုး​ကြောင်း ဖော်ပြခွင့်​ရလို့ ကျေနပ်​ပျော်ရွှင်ခဲ့​ကြတယ်။

တစ်နေ့၊ မြွေ​တစ်ကောင်က ဧဝကို “ဥယျာဉ်​ထဲမှာရှိတဲ့ အပင်​အားလုံးရဲ့​အသီးကို မစား​နဲ့​လို့ ဘုရားသခင် တကယ်ပဲ ပြော​သလား” ဆိုပြီး မေးတယ်။ “ဥယျာဉ်​ထဲ​က” အကောင်းအဆိုး သိကျွမ်းရာ​အပင်ရဲ့ အသီးကို​သာ မစား​ဖို့ တားမြစ်ထား​ပြီး စား​ရင် “သေ​ရမယ်” လို့ ဧဝ ပြန်​ဖြေတယ်။—ကမ္ဘာဦး ၃:၁-၃

မြွေ​က ဘယ်သူ​လဲ။ ဗျာဒိတ်​ကျမ်းမှာ “ရှေး​မြွေ​ဟောင်း” ကို “လူ​နေထိုင်​ရာ မြေတစ်ပြင်လုံး​ကို လှည့်စားသူ၊ မာရ်နတ် စာတန်” လို့ ဖော်ပြ​ထားတယ်။ (ဗျာဒိတ် ၁၂:၉) စာတန်​မာရ်နတ်ကို ဘုရားသခင် ဖန်ဆင်းခဲ့​သလား။ မဖန်ဆင်း​ခဲ့​ဘူး။ ယေဟောဝါ လုပ်ဆောင်​သ​မျှ ပြီးပြည့်စုံ​တ​ယ်၊ ကောင်းမွန်​တ​ယ်။ (တရားဟောရာ ၃၂:၄) အဲဒီ​နာမ်ဝိညာဉ်​သတ္တဝါ​က “အသရေ​ဖျက်​သူ” လို့ အဓိပ္ပာယ်​ရှိတဲ့ မာရ်နတ်​နဲ့ “ခုခံ​သူ” လို့ အဓိပ္ပာယ်​ရှိတဲ့ စာတန်​အဖြစ် ကိုယ့်ကိုယ်ကိုယ် ဖြစ်​စေခဲ့တယ်။ သူက ဘုရားသခင်ရဲ့ နေရာကို ရယူ​ချင်တဲ့ “ကိုယ့်​အလို​ဆန္ဒရဲ့ ဆွဲငင်​ဖြားယောင်းမှုကို ခံ” ပြီး ဖန်ဆင်းရှင်ကို စတင် ဆန့်ကျင်​ပုန်ကန်​ခဲ့​တ​ယ်။—ယာကုပ် ၁:၁၄

စာတန်​မာရ်နတ်​က ဧဝကို “မင်းတို့ လုံးဝ သေ​မှာ မဟုတ်ဘူး။ တကယ်တော့ အဲဒီ​အသီးကို စားတဲ့​နေ့မှာပဲ မျက်စိ ပွင့်​လာမယ်၊ အကောင်း​အဆိုးကို သိလာပြီး ဘုရား​လို ဖြစ်လာမယ်​ဆိုတာ ဘုရားသခင် သိတယ်” လို့ ပြောတယ်။ (ကမ္ဘာဦး ၃:၄၊ ၅) အကောင်းအဆိုး သိကျွမ်းရာ​အပင်ရဲ့ အသီးကို စားချင်စိတ် ဖြစ်ပေါ်လာ​အောင် စာတန် ဆွဲဆောင်ခဲ့တယ်။ ‘ဘုရားသခင်က ကောင်းတဲ့အရာ​တစ်ခုခုကို မပေး​ချင်​လို့ ထိမ်ချန်​ထားတာ။ အသီးကို စား​ကြည့်လိုက်၊ မင်းတို့လည်း ဘုရား​လို ဖြစ်လာမယ်၊ အကောင်း​အဆိုးကို ကိုယ်တိုင် ဆုံးဖြတ်​တတ်လာမယ်’ လို့ စာတန် ပြောနေခြင်း ဖြစ်တယ်။ ဘုရားသခင်ကို လူတွေ ဝတ်​မပြု​အောင် အလားတူ​နည်းလမ်း​ကို ယနေ့ စာတန် အသုံးပြု​နေတယ်။ ‘ကိုယ်​ကြိုက်​သလို​သာ လုပ်၊ အသက်ပေး​ရှင်​အတွက် ပေးသင့်ပေးထိုက်​တာ​ကို ဘေးချိတ်​ထား​လိုက်’ လို့ ပြော​နေတယ်။—ဗျာဒိတ် ၄:၁၁

အပင်ရဲ့​အသီး​က မစား​ရ​မနေနိုင်​လောက်​အောင် စား​ချင်​စ​ဖွယ် ဖြစ်လာတယ်။ ဒါနဲ့ ဧဝ​က အသီးကို ယူ​စား​ပြီး အာဒံ​ကိုလည်း ကျွေး​လိုက်တယ်။ အကျိုးဆက်ကို သိ​သိ​ကြီး​နဲ့ အာဒံ​က ဇနီးရဲ့​စကားကို နားထောင်ပြီး အသီးကို စား​လိုက်တယ်။ ရလဒ်​က ဘာလဲ။ မိန်းမကို ယေဟောဝါ ဒီလို​စီရင်တယ်– “မင်းဟာ ကိုယ်ဝန်ဆောင်​ချိန်မှာ ဒုက္ခ​အများကြီး ကြုံ​ရမယ်။ ဝေဒနာ ခံစား​ပြီး သားဖွား​ရမယ်။ ကိုယ့်​ယောက်ျားကို တမ်းတမ်းစွဲ ဖြစ်နေ​လိမ့်မယ်။ သူက မင်းကို ဩဇာ​လွှမ်းမိုး​လိမ့်မယ်။” ယောက်ျား​ကိုလည်း “မြေကြီးဟာ ကျိန်စာသင့်​ပြီ။ မြေ​ထွက်​သီးနှံ စား​ရဖို့ တစ်သက်လုံး မင်း ပင်ပင်ပန်းပန်း လုပ်ကိုင်​ရလိမ့်မယ်။ မြေပေါ်မှာ ဆူးပင်တွေ၊ ချုံပင်​တွေ ပေါက်​လာမယ်။ မြေပေါ်မှာ​ပေါက်​တဲ့ အပင်​တွေကို မင်း စား​ရမယ်။ မြေကြီး​က​ဖြစ်လာတဲ့​မင်းဟာ မြေကြီးကို ပြန်သွား​ချိန်​အထိ ချွေး​ထွက်​အောင် ပင်ပင်ပန်းပန်း​လုပ်​မှ အစာစား​ရမယ်။ မင်းဟာ မြေမှုန့်​ဖြစ်တဲ့အတွက် မြေမှုန့်​ကိုပဲ ပြန်ရမယ်” လို့ မိန့်ဆိုတယ်။ အခု အာဒံနဲ့ ဧဝတို့ ကျေနပ်​ပျော်ရွှင်မှု​ကို မိမိတို့​ဘာသာ ရှာ​ရတော့မယ်။ ဘုရားသခင့် ရည်ရွယ်ချက်​နဲ့​အညီ မဟုတ်ဘဲ ကျေနပ်​ပျော်ရွှင်​ဖွယ်​အသက်တာ ပိုင်ဆိုင်​ဖို့ လူ့​ကြိုးပမ်းမှု အောင်မြင်​မလား။ ပရဒိသု​ဥယျာဉ်​ကို ကြည့်ရှု​စောင့်ရှောက်​ပြီး ကမ္ဘာ​အနှံ့ တိုးချဲ့​သွားရမယ့် ပျော်ရွှင်​ဖွယ်​အလုပ်​အစား အသက်ဆက်​ရေး​အတွက် ပင်ပင်ပန်းပန်း ရုန်းကန်​နေရလို့ ဖန်ဆင်းရှင်ကို ဂုဏ်တင်ဖို့ ဘာ​မျှ​မလုပ်ဆောင်​နိုင်​တော့​ဘူး။—ကမ္ဘာဦး ၃:၆-၁၉

အကောင်းအဆိုး သိကျွမ်းရာ​အပင်ရဲ့ အသီးကို စားတဲ့​နေ့မှာ ပထမ​လူသား​မောင်နှံဟာ ဘုရားသခင့်​အမြင်မှာ သေဆုံး​သွားပြီး သူတို့ရဲ့​ခန္ဓာ​ကိုယ်လည်း တဖြည်းဖြည်း အိုမင်း​ရင့်ရော်​လာတယ်။ သူတို့ သေဆုံး​သွားတဲ့အခါ ဘာ​ဖြစ်သွား​သလဲ။ လူသေတွေရဲ့ အခြေအနေကို ကျမ်းစာက ဒီလို​ရှင်းပြတယ်– “အသက်ရှင်နေ​သူက သေ​ရမှာ​ကို သိတယ်။ သေလွန်​သူကတော့ ဘာမှ မသိ​ဘူး။ ဘာ​အကျိုး​မှ​လ​ည်း မရတော့ဘူး။ သူတို့နဲ့​ပတ်သက်တဲ့ အမှတ်ရ​စ​ရာ​အားလုံးကို လူတွေ မေ့သွား​ကြတယ်။” (ဒေသနာ ၉:၅။ ဆာလံ ၁၄၆:၄) သေ​ပြီးနောက် အသက်ဆက်ရှင်​နေတဲ့ “ဝိညာဉ်” ဆိုတာ မရှိဘူး။ အပြစ်ရဲ့​အ​ခ​က သေခြင်း ဖြစ်ပြီး မီးငရဲ​မှာ ထာဝစဉ် ညှဉ်းဆဲ​ခံရ​ခြင်း မဟုတ်ပါ။ ဒီ့ပြင် သေ​ပြီးနောက် ကောင်းကင်မှာ ထာဝရ စံစား​ရမယ်​ဆိုတာလည်း မဟုတ်ဘူး။ *

ပိမ့်ချိုင့်​နေတဲ့ ဒယ်အိုး​တစ်လုံး​နဲ့ မုန့်​ဖုတ်​ရင် အ​ချိုင့်​ပါတဲ့​မုန့်​တွေ​ပဲ ရရှိမယ်။ အဲဒီလိုပဲ မစုံလင်တဲ့ လူယောက်ျား​မိန်းမ​ကနေ မစုံလင်သူတွေ​ပဲ မွေးဖွား​လာမယ်။ အဲဒါကို သမ္မာကျမ်းစာက ဒီလို​ရှင်းပြတယ်– “အပြစ်ဟာ လူတစ်ယောက်​ကြောင့် လူ့​လောက​ထဲ ရောက်လာတယ်။ အပြစ်​ကြောင့် သေခြင်းလည်း ပေါ်ပေါက်​လာတယ်။ ဒါကြောင့် လူ​အားလုံးဟာ အပြစ်​ရှိသူတွေ ဖြစ်သွားတဲ့​အတွက် သေဆုံး​ကြရတယ်။” (ရောမ ၅:၁၂) ဒါကြောင့် ကျွန်တော်တို့ဟာ အပြစ်​ပါ​လျက် မွေးဖွား​လာပြီး အချည်းနှီး​အဖြစ်ကို ရောက်​ကြရတယ်။ အာဒံ့​သားစဉ်မြေးဆက်​တွေရဲ့ အသက်တာ​ဟာ စိတ်ရောကိုယ်ပါ ပင်ပန်း​ဆင်းရဲ​ရတယ်။ ဒါပေမဲ့ လွတ်မြောက်​ရာ​လမ်း ရှိပါသလား။

^ အပိုဒ်၊ 7 လူသေတွေရဲ့ အခြေအနေနဲ့​ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အသေးစိတ် အချက်အလက်​တွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာ​ကျမ်းစာ သွန်သင်ရာ​များ စာအုပ်၊ အခန်း ၆ မှာ တွေ့​နိုင်တယ်။