မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၅

ဘုရားသခင်ကို သိကျွမ်းခြင်း

ဘုရားသခင်ကို သိကျွမ်းခြင်း

ကြံဉာဏ် လိုချင်တဲ့​အခါ ယုံကြည်​အားကိုးထိုက်​သူ​ဆီ သွားမယ် မဟုတ်လား။ ယုံကြည်ထိုက်​တဲ့​သူ​ဆီက အကြံဉာဏ် ရတဲ့အခါ ချက်ချင်း အကျိုး​ရ​ရ၊ မရ​ရ လိုက်နာ​ချင်ကြတယ်။ ကျမ်းစာပါ လက်တွေ့ကျ​အကြံဉာဏ်​ကနေ အမှန်တကယ် အကျိုး​ရ​ချင်​ရင် ကျမ်းစာ​အာဘော်ရှင်​ကို သိကျွမ်း​ရမယ်။ “မိတ်ဆွေ” တွေ​တောင် ဖြစ်လာနိုင်တယ်။—ဟေရှာယ ၄၁:၈

ဟေရှာယကျမ်း​မှာ ဟီဘရူး​လို ဖော်ပြ​ထားတဲ့ ဘုရားသခင့် နာမတော်

တစ်စုံ​တစ်ဦး​နဲ့ မိတ်ဖွဲ့​ချင်​ရင် သူ့​နာမည်ကို သိချင်​မ​ယ်။ ဘုရားသခင်မှာ​ကော နာမည် ရှိပါသလား။ “ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့​နာမည်​ပဲ။ ငါ့ရဲ့​ဘုန်းအသရေ​ကို ဘယ်သူ့ကိုမှ မပေးဘူး။ ငါ​ရထိုက်တဲ့ ချီးမွမ်းခြင်း​ကိုလည်း ရုပ်တုတွေကို မပေးဘူး” လို့ မိန့်ဆိုတယ်။ (ဟေရှာယ ၄၂:၈) ဟီဘရူး ဗျည်း​လုံး​လေး יהוה ဖော်ပြတဲ့ “ယေဟောဝါ” ဆိုတာ ဘုရားရဲ့ နာမတော် ဖြစ်တယ်။ မူရင်း ဟီဘရူးကျမ်း​စာမှာ နာမတော် အကြိမ်ပေါင်း ၇,၀​၀​၀ နီးပါး ပါရှိတယ်။ နာမတော်​ဟာ “ကိုယ်တော် ဖြစ်လာ​စေတယ်” လို့ အဓိပ္ပာယ် ရတယ်။ ရည်ရွယ်တော်မူချက်​တွေ ပြည့်စုံ​စေဖို့ ကိုယ်တိုင်ရော၊ ဖန်ဆင်းရာတွေကိုပါ ဘာ​မဆို ဖြစ်စေ​နိုင်စွမ်း ရှိတယ်လို့ ဆိုလိုတယ်။ ဒီ့ပြင် ဟီဘရူး​စကားလုံးက အဆင့်ဆင့် ဆောင်ရွက်မှု​ကို ဖော်ပြတဲ့ သဒ္ဒါ​ပုံစံ ဖြစ်တယ်။ ဘာကို ဆိုလိုသလဲ။ ယေဟောဝါဟာ ရည်ရွယ်ချက်​တွေ ပြည့်စုံ​အောင် လုပ်ဆောင်ခဲ့ကြောင်း၊ လုပ်ဆောင်နေ​ဆဲ​ဖြစ်ကြောင်း ဖော်ပြတယ်။ ယေဟောဝါဟာ စွမ်းအား​တစ်ခု မဟုတ်ဘဲ အသက်ရှင်​တဲ့​ဘုရား ဖြစ်တယ်။

ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တယ်။ (ကမ္ဘာဦး ၁:၁) “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ​နဲ့ အဲဒီမှာ​ရှိသမျှကို ဖန်ဆင်းတဲ့အရှင်၊ အသက်ရှင်​နေတဲ့ ဘုရားသခင်” ဖြစ်တယ်။ (တမန်တော် ၁၄:၁၅) ယေဟောဝါ​က ပထမ​လူသား​မောင်နှံ အာဒံနဲ့ ဧဝ အပါအဝင် အရာခပ်သိမ်း​ကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် “အသက်ရဲ့ ပင်ရင်း” ဖြစ်တယ်။ (ဆာလံ ၃၆:၉) အသက်ကို ထောက်ပံ့ပေးရှင်​လ​ည်း ဖြစ်တယ်။ “ဘုရားသခင်က ခင်ဗျားတို့ကို အစားအစာ အလျှံပယ်​ပေးဖို့၊ ရွှင်လန်း​ဝမ်းမြောက်​စေဖို့ မိုးကောင်းကင်​ကနေ မိုးရွာ​စေတယ်၊ အသီးအနှံ​တွေ ဖြစ်ထွန်း​စေတဲ့ ရာသီဥတု​ကို ပေးတယ်။ ဒီ​နည်းနဲ့ ခင်ဗျားတို့​အတွက် ကောင်းမှုပြု​ပြီး မိမိ​တည်ရှိကြောင်း မပျက်​မ​ကွက် သက်သေခံ​နေတယ်။” (တမန်တော် ၁၄:၁၇) အာဖရိက​နဲ့ အာရှ​မှာ ဘိုးဘေးတွေကို ကိုးကွယ်​ကြတယ်။ ဘိုးဘေး​တွေ​ဆီက အသက် ရရှိ​ကြလို့ပဲ။ ဖန်ဆင်းရှင်၊ အသက်ကို ထောက်ပံ့ပေးရှင်၊ ပထမ​လူသား​မောင်နှံကို ဖန်ဆင်းပြီး မျိုးပွား​နိုင်စွမ်း ပေးသနားတဲ့​အရှင်ကို ပို​ကျေးဇူးတင် ဝတ်ပြု​သင့်တယ် မဟုတ်လား။ ဒီ​အချက်ကို စဉ်းစား​ဆင်ခြင်ခြင်း​က ဒီလို ပြောဆိုဖို့ လှုံ့ဆော်ခံရ​နိုင်တယ်– “ယေဟောဝါ​ဘုရား၊ ကိုယ်တော်​က အရာခပ်သိမ်း​ကို ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းဟာ အလိုတော်​ကြောင့် ဖန်ဆင်း​ခံရပြီး တည်ရှိ​နေတယ်။ ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်း​ခွန်အားတွေကို ကိုယ်တော် ရထိုက်​ပါတယ်။”—ဗျာဒိတ် ၄:၁၁

သမ္မာကျမ်းစာ​အားဖြင့် ဖန်ဆင်းရှင်​ယေဟောဝါကို သိကျွမ်း​လာနိုင်တယ်။ ဘယ်လို ဘုရား​မျိုး ဖြစ်ကြောင်း သင်ယူနိုင်တယ်။ “ဘုရားသခင်ဟာ ချစ်ခြင်း​မေတ္တာ ဖြစ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (၁ ယောဟန် ၄:၁၆။ ထွက်မြောက်ရာ ၃၄:၆၊ ၇) ကမ္ဘာဦးကျမ်း​ကနေ ဗျာဒိတ်ကျမ်း​အထိ ဖတ်​ကြည့်မယ်​ဆိုရင် ဘုရားဟာ တကယ့်​မေတ္တာရှင် ဖြစ်ကြောင်း ဖော်ပြတဲ့ မှတ်တမ်းများ​စွာ​ကို တွေ့ရမယ်။ ဖန်ဆင်းရှင်ကို သိကျွမ်း​လာဖို့ သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ပါ။ သမ္မာကျမ်းစာကို အကျွမ်းတဝင်​ရှိသူတွေရဲ့ အကူအညီ​နဲ့ ဂရုတစိုက် လေ့လာပါ။ (တမန်တော် ၈:၂၆-၃၅) ဘုရားဟာ တရား​မျှတ​ပြီး ဆိုးသွမ်းမှု​ကို ထာဝစဉ် ခွင့်ပြု​မှာ မဟုတ်​ကြောင်း သိလာမယ်။ (တရားဟောရာ ၃၂:၄) လူသားတွေ​အနေနဲ့ မေတ္တာနဲ့ တရား​မျှတမှု တင်ပြရာမှာ ဟန်ချက်ညီ​ဖို့ မလွယ်​ဘူး။ ဒါပေမဲ့ ယေဟောဝါဟာ ဉာဏ်ပညာ​ကြောင့် ဟန်ချက်ညီ​နိုင်တယ်။ (ရောမ ၁၁:၃၃။ ၁၆:၂၇) ဘုရားက အနန္တ​တန်ခိုးရှင် ဖြစ်လို့ ရည်ရွယ်ချက်​တွေ ပြည့်စုံ​အောင် တန်ခိုးကို လိုအပ်​သလို အသုံးပြုနိုင်တယ်။ (ကမ္ဘာဦး ၁၇:၁) ကျမ်းစာပါ ပညာရှိ​အကြံဉာဏ်​တွေကို ကျင့်သုံး​ရင် ဖန်ဆင်းရှင်ကို ပို​လေးမြတ်​လာမယ်။ ဘုရားရဲ့ အကြံဉာဏ်​တွေဟာ ကျွန်တော်တို့ အကျိုးအတွက်​သာ ဖြစ်ကြောင်း နားလည်​လာမယ်။

ဆုတောင်းခြင်း​ဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ

ဘုရားသခင်နဲ့ ရင်း​နှီး​နိုင်တဲ့ နောက်​နည်းလမ်း​တစ်ခုက ဆုတောင်းခြင်း ဖြစ်တယ်။ ယေဟောဝါဟာ “ဆုတောင်းသံ​ကို နားထောင်တဲ့​အရှင်” ဖြစ်တယ်။ (ဆာလံ ၆၅:၂) “ကျွန်တော်တို့ တောင်းလျှောက်​သ​မျှ၊ ကြံစည်သမျှ​ထက် အတိုင်း​ထက်​အလွန် လုပ်ဆောင်​နိုင်တဲ့ ဘုရားသခင်” ဖြစ်တယ်။ (ဧဖက် ၃:၂၀) ဒါပေမဲ့ အကူအညီ​လို​မှ​ပဲ ရောက်လာ​တတ်တဲ့ ‘မိတ်ဆွေ’ ကို ဘယ်လို သဘောထား​မလဲ။ သိပ်​အထင်ကြီး​လေးစား​မှာ မဟုတ်ဘူး။ အလားတူပါပဲ၊ လိုအပ်ရာတွေကို တောင်းဆိုဖို့ ဆုတောင်းတာ မဟုတ်ဘဲ ဘုရားသခင်ကို ကျေးဇူးတင်​ချီးမွမ်းဖို့​လ​ည်း ဆုတောင်း​ချင်​ကြ​မှာ သေချာတယ်။—ဖိလိပ္ပိ ၄:၆၊ ၇။ ၁ သက်သာလောနိတ် ၅:၁၇၊ ၁၈