မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၆

လူတွေကို ယေဟောဝါ ဘာကြောင့် ဖန်ဆင်းခဲ့သလဲ

လူတွေကို ယေဟောဝါ ဘာကြောင့် ဖန်ဆင်းခဲ့သလဲ

ဘုရင်​ရှောလမုန်က ဘဝ​အဓိပ္ပာယ်​နဲ့​ပတ်သက်တဲ့ မေးခွန်း​ကို ဆန်းစစ်​ခဲ့

ယေဟောဝါကို သိကျွမ်း​ရင် ဘာ​အကျိုး​ရှိသလဲ။ အကျိုး​တစ်ခုကတော့ လူ​သန်းပေါင်း​များစွာကို စိတ်ရှုပ်​စေတဲ့ ‘ဘာကြောင့် အသက်ရှင်နေ​ရသလဲ’ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိရှိ​ရမယ်။ သင်လည်း တစ်ချိန်ချိန်မှာ မေးခဲ့​ဖူး​ပါလိမ့်မယ်။ “စည်းစိမ်​ချမ်းသာ​နဲ့ ဉာဏ်ပညာ​အရာမှာ ကမ္ဘာပေါ်​က ဘုရင်​ရှိသမျှ​ထက် သာလွန်” တဲ့ ဘုရင်​တစ်ပါး​က ဘဝ​အဓိပ္ပာယ်​နဲ့​ပတ်သက်ပြီး အဲဒီ​ မေးခွန်း​ကို ဆန်းစစ်​ခဲ့​တ​ယ်။ (၂ ရာဇဝင်ချုပ် ၉:၂၂။ ဒေသနာ ၂:၁-၁၃) ပညာရှိ​ဘုရင် ရှောလမုန်ဟာ တန်ခိုး​အာဏာ​ကြီးမား​တ​ယ်၊ စည်းစိမ်​ကြွယ်ဝတယ်၊ ဉာဏ်ကြီးရှင်​လ​ည်း ဖြစ်တယ်။ သူ့ရဲ့​ဆန်းစစ်​လေ့လာမှုက​နေ ဘာသိ​ရှိခဲ့သလဲ။ “အနှစ်ချုပ်​ပြော​ရ​ရင်​တော့ စစ်မှန်တဲ့​ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေပြီး ပညတ်ချက်တွေကို လိုက်နာပါ။ ဒါဟာ လူတွေ မပျက်​မ​ကွက် လိုက်နာ​ရမယ့်​တာဝန်ပဲ။” (ဒေသနာ ၁၂:၁၃) ရှောလမုန်ဟာ လူအများစု​ထက် အတွေ့အကြုံ​သာလွန်​တဲ့​အတွက် သူ့​စကားတွေကို သုံးသပ်​ထိုက်တယ်။—ဒေသနာ ၂:၁၂

ရှောလမုန်ရဲ့ စကား​ပါ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်း​ဆိုတာ မသိ​မမြင်နိုင်တဲ့ ဝိညာဉ်​စွမ်းအား​တစ်ခုကို အလွန်အမင်း ကြောက်ရွံ့ခြင်း​မျိုး မဟုတ်ဘူး။ ချစ်ရသူ​တစ်ဦး မနှစ်သက်မှာကို စိုးရိမ်​တဲ့ ကြောက်ရွံ့ခြင်း​မျိုး ဖြစ်တယ်။ တစ်ယောက်ယောက်ကို တကယ်​ချစ်​ရင် သူ​နှစ်သက်ရာကို​ပဲ လုပ်ဆောင်မယ်၊ သူ မနှစ်သက်​ရာ​မှန်သမျှကို ရှောင်ကြဉ်မယ်။ ယေဟောဝါကို ချစ်မြတ်နိုး​လာတာ​နဲ့​အမျှ အလားတူ ခံစား​လာနိုင်တယ်။

သမ္မာကျမ်းစာ ဖတ်ရှုခြင်း​အားဖြင့် ဖန်ဆင်းရှင် နှစ်သက်ရာ၊ မနှစ်သက်​ရာတွေ၊ ကမ္ဘာမြေကို ဖန်ဆင်း​ရတဲ့ ဘုရား​ရည်ရွယ်ချက်​တို့ကို သိရှိ​လာနိုင်တယ်။ သမ္မာကျမ်းစာက ဘုရားသခင်ကို “ကမ္ဘာမြေကို ပုံသွင်း​တဲ့​အရှင်၊ ကမ္ဘာမြေကို အခိုင်အမာ တည်​တဲ့​အရှင်” အဖြစ် ဖော်ပြပြီး “အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါ​တွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့​အရှင်” လို့ ဆိုထားတယ်။ (ဟေရှာယ ၄၅:၁၈) ကမ္ဘာမြေကို လူတွေ နေထိုင်ဖို့ ယေဟောဝါ ပြင်ဆင်​ထားတာ​ဖြစ်လို့ ကမ္ဘာမြေ​နဲ့ သက်ရှိ​သတ္တဝါ​တွေကို လူတွေ ကြည့်ရှု​စောင့်ရှောက်​ရမယ်။ (ကမ္ဘာဦး ၁:၂၈) ဒါပေမဲ့ လူသားတွေကို ဖန်ဆင်း​ရခြင်း​က ကမ္ဘာမြေကို ပြုစု​စောင့်ရှောက်​ဖို့​ပဲ​လား။

အာဒံနဲ့ ဧဝဟာ ဘုရားသခင်နဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိခဲ့

မဟုတ်ပါဘူး။ သာလွန်​မြင့်မြတ်တဲ့ ရည်ရွယ်ချက်​တစ်ခု ရှိသေးတယ်။ ပထမ​လူသား အာဒံဟာ ယေဟောဝါနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိခဲ့တယ်။ ဖန်ဆင်းရှင်​နဲ့ တိုက်ရိုက် ပြောဆို​ဆက်သွယ်​နိုင်တယ်။ ဘုရားသခင် ပြောတာကို ကြားနာ​နိုင်သလို ကိုယ့်​သဘောထား​ကိုလည်း ဖော်ပြ​နိုင်တယ်။ (ကမ္ဘာဦး ၁:၂၈-၃၀။ ၃:၈-၁၃၊ ၁၆-၁၉။ တမန်တော် ၁၇:၂၆-၂၈) ဒါကြောင့် အာဒံနဲ့ ဧဝတို့​မှာ ယေဟောဝါကို ပို​သိကျွမ်း​နိုင်တဲ့ အခွင့်ထူး ရှိခဲ့​ပြီး ဘုရားနဲ့ ပို​ရင်းနှီး​နိုင်တဲ့ ဆက်ဆံရေး ရှိကြတယ်။ ယေဟောဝါဟာ “ပျော်ရွှင်တဲ့​ဘုရားသခင်” ဖြစ်လို့ ဘုရားကို သိကျွမ်း​ပြီး တုပမယ်​ဆိုရင် ကျေနပ်​ပျော်ရွှင်​ဖွယ် အသက်တာကို ပိုင်ဆိုင်​နိုင်​ကြမယ်။ (၁ တိမောသေ ၁:၁၁) ယေဟောဝါဟာ ကျွန်တော်တို့ “ခံစား​နိုင်အောင် အရာခပ်သိမ်း​ကို အလျှံပယ်​ပေးသနားတဲ့ ဘုရားသခင်” ဖြစ်တဲ့အတွက် ပထမ​လူသားကို ဧဒင်ဥယျာဉ်​လို့​ခေါ်တဲ့ ပရဒိသုမှာ ထာဝရ​အသက် မျှော်လင့်ချက်​နဲ့ နေရာချ​ထားခဲ့တယ်။—၁ တိမောသေ ၆:၁၇။ ကမ္ဘာဦး ၂:၈၊ ၉၊ ၁၆၊ ၁၇

လူ့​ဆဲလ်​နဲ့​ပတ်သက်ပြီး မကြာသေးမီ​က တွေ့ရှိချက်​များ​အရ ဘာသိ​ရှိ​ရသလဲ

ထာဝရ​အသက်​ဆိုတာ ဟုတ်​ပါ့မလား။ ထာဝရ​အသက် အယူအဆကို အဓိပ္ပာယ် မရှိဘူး​ဆိုပြီး စိတ်ထဲ​ကနေ ထုတ်ပစ်​လိုက်​နိုင်တယ်။ ဒါပေမဲ့ အဓိပ္ပာယ် မရှိတဲ့​အရာ​လား။ ဆဲလ် အိုမင်း​ရတဲ့ အကြောင်းရင်းကို သိရှိ​လာပြီ​လို့ သိပ္ပံ​ပညာရှင်​တွေ ယူဆကြတယ်။ ခရိုမိုဆုမ်း အဆုံးပိုင်း​ကို ဖုံး​ထားတဲ့ မျိုးရိုး​ဗီဇ​ပစ္စည်း တ​ယ်​လို​မ​ယ်​ရီ​ဟာ ဆဲလ်​ထပ်​ပွား​တိုင်း တို​သွားလေ့​ရှိတယ်။ အကြိမ် ၅၀ မှ ၁၀၀ အထိ ဆဲလ်​ပွား​ပြီးတဲ့အခါ တ​ယ်​လို​မ​ယ်​ရီ ပျက်ပြုန်း​လာပြီး ဆဲလ်​အများစု ဆ​က်​မ​ပွား​တော့​ဘူး။ ဒါပေမဲ့ မကြာသေးမီ​က သိပ္ပံ​ဆိုင်ရာ တွေ့ရှိချက်​များ​အရ တ​ယ်​လို​မီ​ရေ​စ်​လို့​ခေါ်တဲ့ အင်ဇိုင်း​တစ်မျိုး​ရဲ့ အကူအညီ​နဲ့ လူ့​ဆဲလ်​တွေကို ထာဝစဉ် ပွား​စေနိုင်​ကြောင်း သိရှိ​ရတယ်။ အဲဒီ​တွေ့ရှိချက်​အရ အင်ဇိုင်း​အစိတ်အပိုင်း​လေး​နဲ့ ထာဝရ အသက်ရှင်ဖို့ ယေဟောဝါ ဖန်တီး​ထားတယ်လို့ မဆိုလို​ဘူး။ ထာဝရ​အသက် အယူအဆ​ဟာ အဓိပ္ပာယ် မရှိတဲ့​အရာ မဟုတ်​ကြောင်း ဆိုလိုတယ်။

မှန်ပါတယ်။ ပထမ​လူသား​မောင်နှံကို ထာဝစဉ် အသက်ရှင်ဖို့ ဖန်ဆင်း​ထားတယ်လို့ ယုံကြည်​နိုင်ကြောင်း သမ္မာကျမ်းစာ​မှတ်တမ်းက ဖော်ပြတယ်။ လူတွေဟာ ယေဟောဝါနဲ့ ထာဝစဉ် ပို​ရင်းနှီး​လာနိုင်တယ်။ လူသားတွေ​အတွက် ဘုရား​ရည်ရွယ်ချက်​အကြောင်း၊ ရည်ရွယ်ချက်ကို ပြည့်စုံ​စေ​ကြောင်း အပြည့်အဝ နားလည်ခြင်း​အားဖြင့် ကောင်းကင်ဘုံစံ​ဖခင်​နဲ့ ရင်း​နှီး​လာနိုင်တယ်။ ဘဝမှာ ပင်ပန်း​စွာ လုပ်ကိုင်​နေဖို့ မလိုဘူး။ အာဒံနဲ့ ဧဝတို့​မှာ ကမ္ဘာပေါ်မှာ ပျော်ရွှင်​စုံလင်တဲ့ သားသမီးတွေ​နဲ့ ပြည့်စေ​နိုင်တဲ့ အလားအလာ​ကောင်း ရှိ​ထား​ကြတယ်။ ကျေနပ်​မှု​ပေးတဲ့၊ အဓိပ္ပာယ်​ရှိတဲ့ အလုပ်တွေကို ထာဝစဉ် လုပ်​ရကြမယ်။ ဒါက တကယ်​ကျေနပ်​ပျော်ရွှင်​ဖွယ် အသက်တာ​ပါပဲ။—ကမ္ဘာဦး ၁:၂၈