မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပိုင်း ၄

ပြိုင်စံရှားစာအုပ် အာဘော်ရှင်

ပြိုင်စံရှားစာအုပ် အာဘော်ရှင်

ဘုရားသခင်ကို ယုံကြည်တယ်​လို့​ဆိုတဲ့ အမေရိကန်​နိုင်ငံသား ၉၆​ ရာခိုင်နှုန်း​ခန့် ရှိပေမဲ့ ဥရောပ​နဲ့ အာရှတိုက်​မှာ အဲဒီထက် အဆ​မတန် နည်း​တ​ယ်။ ဘုရားသခင်ကို မယုံကြည်သူ​အများစု နေထိုင်တဲ့ နိုင်ငံတွေ​မှာ​တောင် စကြဝဠာကြီး​ဟာ တစ်စုံတစ်ရာ​သော စွမ်းအား​ကြောင့် ဖြစ်ပေါ်လာတယ်​လို့ တချို့ ယူဆကြတယ်။ ဂျပန်​ငွေ ၁၀,၀​၀​၀ တန်​ပေါ်မှာ တွေ့ရတဲ့ ဂျပန်​ပညာရှင် ယူ​ကီ​ချီ ဖူ​ကူ​ဇာ​ဝါ​က “လူတွေကို ဘဝ အနိမ့်အမြင့် ခွဲခြား​ပြီး ကောင်းကင်ဘုံ​က မဖန်ဆင်း​ထားဘူး​ဆိုတဲ့ အဆို​ရှိတယ်” လို့ ပြော​ဖူး​တယ်။​ “ကောင်းကင်ဘုံ” ဆိုတာ လူသားတွေကို ဖြစ်ပေါ်​စေတယ်လို့ ဖူ​ကူ​ဇာ​ဝါ​ ယူဆတဲ့ သဘာဝတရား​ကို ရည်ညွှန်းတယ်။ နို​ဘဲ​လ်​ဆု​ရှင် ကင်​နီ​ချီ ဖူ​ကူ​အီ​လို​ပဲ လူ​များစွာလည်း အကောင်အထည်​မဲ့ “ကောင်းကင်ဘုံ” အယူအဆကို လက်ခံကြတယ်။ ဖူ​ကူ​အီ​က စကြဝဠာမှာ မဟာ​အရင်း​မူလ ရှိကြောင်း၊ ဘာသာရေး​အခေါ်​အရ “ဘုရားသခင်” ရှိကြောင်း ထုတ်ဖော်​ပြောဆို​ခဲ့​ပေမဲ့ “သဘာဝတရား​ရဲ့ တစ်မူထူး​တဲ့ လက္ခဏာ” လို့​ခေါ်ဆိုတယ်။

ဝဲ။ ယူ​ကီ​ချီ ဖူ​ကူ​ဇာ​ဝါ၊ ယာ။ ကင်​နီ​ချီ ဖူ​ကူ​အီ

ထာဝရ​တည်ရှိတဲ့ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံ​တစ်ဦး​က စကြဝဠာ​ရှိ အရာခပ်သိမ်း​ကို လည်ပတ်​လှုပ်ရှား​စေတယ်လို့ အဲဒီ​ပညာရှင်​တွေ ယုံကြည်​ကြတယ်။ ဘာကြောင့်လဲ။ ဒီ​အချက်ကို သုံးသပ်​ကြည့်ပါ– နေဟာ အလွန်​ကြီးမားတဲ့ ကြယ်​တစ်လုံး ဖြစ်ပြီး ကမ္ဘာ​အလုံးပေါင်း တစ်သန်း ဝင်​ဆံ့​နိုင်ပေမဲ့ နဂါးငွေ့တန်း​ဂလက်ဆီ​မှာ အ​စက်​ကလေး​တစ်​စက်​မျှ​သာ ဖြစ်တယ်။ နဂါးငွေ့တန်း​က​လ​ည်း စကြဝဠာမှာ ဘီလီယံ​ထောင်ချီ​ရှိတဲ့ ဂလက်ဆီ​တွေ​ထဲ​က တစ်ခု​သာ ဖြစ်တယ်။ အဲဒီ​ဂလက်ဆီ​တွေဟာ တစ်ခုနဲ့ တစ်ခု ဝေးရာ​ကို အလွန်​မြန်ဆန်​တဲ့​နှုန်း​နဲ့ ရွေ့လျား​နေ​ပုံ​ရတယ်လို့ သိပ္ပံ​ဆိုင်ရာ တွေ့ရှိချက်တွေက ဖော်ပြတယ်။ စကြဝဠာကြီး လည်ပတ်​လှုပ်ရှား​ဖို့ အလွန်​ကြီးမားတဲ့ စွမ်းအင် ရှိရမယ်။ အဲဒီ​စွမ်းအင်​ရင်းမြစ်​က ဘယ်သူ​လဲ။ ဘယ်​အရာ​လဲ။ “ကောင်းကင်ကို မော့ကြည့်​လိုက်ပါ​ဦး။ အဲဒါတွေကို ဘယ်သူ ဖန်ဆင်း​သလဲ။ အဲဒီ​အလုံးအရင်း​ကို ရေတွက်​ပြီး ခေါ်ထုတ်​တဲ့ အရှင်​ပဲ။ အဲဒီ​အရှင်​က အဲဒါတွေ​အားလုံးကို နာမည်​တပ်​ပြီး ခေါ်တယ်။ ကြီးမား​လှတဲ့ စွမ်းအင်​နဲ့ အံ့မခန်းဖွယ် တန်ခိုး​ကြောင့် တစ်လုံး​တ​လေ လျော့​သွားတယ်​ဆိုတာ မရှိဘူး” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဟေရှာယ ၄၀:၂၅၊ ၂၆) ဒီ​ကျမ်းချက်​က စကြဝဠာ​ကို လည်ပတ်​လှုပ်ရှား​စေတဲ့ “ကြီးမား​လှတဲ့ စွမ်းအင်” ပိုင်ရှင်​ရှိကြောင်း ဖော်ပြတယ်။

ဆွမ်​ဘရီ​ရို ဂလက်ဆီ

ကမ္ဘာ့​သက်ရှိ​အကြောင်းကိုလည်း သုံးသပ်​ကြည့်ပါ။ ဆင့်ကဲဝါဒီ​တွေ ပြော​သလို အသက် အလိုအလျောက် ဖြစ်လာ​နိုင်​ပါသလား။ ဇီဝ​ဓာတု​ဗေဒ​ပညာရှင် မိုက်​ကယ် ဘီ​ဟီ ဒီလို​ပြောတယ်– “သိပ္ပံ​ပညာ​ကြောင့် သက်ရှိ​ရဲ့ ဓာတု​လုပ်ဆောင်ပုံ​အကြောင်း ပို​သိ​နားလည်​လာတယ်။ ဒါပေမဲ့ မော်လီကျူး​အဆင့်​မှာ ဇီဝဗေဒ​စနစ် ဒီဇိုင်း​ဆန်းပြား​မှု၊ ရှုပ်ထွေးမှု​တွေ​ကြောင့် အဲဒါ​တွေရဲ့ မူလအစ​ကို သိပ္ပံ​ပညာက မရှင်းပြ​နိုင်ဘူး။ . . . သိပ္ပံ​ပညာရှင်​အများစုက ရှင်းပြချက်​တွေ ရှိတယ် ဒါမှမဟုတ် အနှေး​နဲ့ အမြန် ရှင်းပြ​နိုင်မယ်လို့ အခိုင်အမာ ဆို​ကြပေမဲ့ သူတို့​အဆိုကို ထောက်ခံ​တဲ့ အချက်တွေကို ဘယ်​သိပ္ပံ​စာပေ​မှာ​မှ မ​တွေ့​နိုင်ဘူး။ သက်ရှိ​လုပ်ဆောင်ပုံ​နဲ့​ပတ်သက်ပြီး ဒါ​ဝင်​ရဲ့ ရှင်းပြချက်​တွေဟာ အမြဲ​နားလည်​ရ​ခက်​နေမယ်လို့ ယူဆ​ဖို့ အကြောင်းရင်း​များစွာ ရှိတယ်။ အဲဒီ​အကြောင်းရင်း​တွေ​က [ဇီဝ​မော်လီကျူး] စနစ် တည်ဆောက်ပုံ​ပေါ် အခြေခံ​လို့​ပါပဲ။”

ခွေလိပ်​နေတဲ့ သာမန်​ပရိုတင်း တစ်ခု​တောင် အလွန့်အလွန် ရှုပ်ထွေး​တ​ယ်၊ လူ့​ခန္ဓာကိုယ်​မှာ အဲဒီလို​ပရိုတင်း ထောင်သောင်း​ချီ ရှိတယ်။ ပရိုတင်း ခွေလိပ်​ပုံကို နားလည်ဖို့ သိပ္ပံ​ပညာရှင်​တွေ ကြိုးစား​နေ​ကြတယ်။ ဒါပေမဲ့ အဲဒါတွေကို ဘယ်သူ ပုံစံပြုထား​သလဲ

လူ့​အသက်ဟာ ဉာဏ်ကြီးရှင်​တစ်ပါး​ရဲ့ လုပ်ဆောင်မှု မပါဘဲ အလိုအလျောက် ဖြစ်တည်​နေတယ်​ဆိုတဲ့ သီအိုရီ​ကို သဘောတူ​ပါသလား။ “စကြဝဠာမှာ အ​ရှုပ်ထွေး​ဆုံး​အရာ” လို့ တချို့ သတ်မှတ်​တဲ့ လူ့​ဦးနှောက်ကို သုံးသပ်​ပြီးနောက် ဘာ​ကောက်ချက် ချနိုင်​မလဲ၊ ကြည့်ရအောင်။ ဒေါက်တာ ရ​စ်​ချ​တ် ရက်စ်တက်​က “အလွန်​အဆင့်မြင့်​တဲ့ ကွန်ပျူတာ​ကွန်ရက်​တွေရဲ့ လုပ်ဆောင်မှု​ဟာ . . . ယင်ကောင် အသိဉာဏ်​ရဲ့ တစ်​သောင်း​ပုံ​တစ်​ပုံ​ခန့်​သာ ရှိတယ်” လို့​ ဆိုတယ်။ လူ့​ဦးနှောက်​ဟာ ယင်ကောင်​ဦးနှောက်​ထက် အဆပေါင်း​များစွာ သာလွန်တယ်။ ဘာသာ​စကားတွေ သင်ယူနိုင်စွမ်း ရှိတယ်။ မိမိ​ဘာသာ ပြုပြင်​နိုင်​တယ်။​ အစီအစဉ်တွေ ပြန်လည်​ရေးဆွဲ​နိုင်တယ်။ စွမ်းရည် မြှင့်တင်​ပေး​နိုင်တယ်။ “ယင်ကောင်​တစ်ကောင် အသိဉာဏ်​ရဲ့ . . . တစ်​သောင်း​ပုံ​တစ်​ပုံ​ခန့်​သာ ရှိ” တဲ့ အဆင့်မြင့် စူပါ​ကွန်ပျူတာ​တစ်လုံး​ကို တီထွင်သူ ဉာဏ်ကြီးရှင်​တစ်ဦး ရှိကြောင်း သင် သဘော​တူပါလိမ့်မယ်။ လူ့​ဦးနှောက်​နဲ့​ပတ်သက်ပြီး​တော့​ကော။ *

လူသားတွေရဲ့ ခန္ဓာ​တည်ဆောက်ပုံ​ကို ကောင်းစွာ နားမလည်​သေး​တဲ့ လွန်ခဲ့တဲ့ အနှစ် ၃,၀​၀​၀ ခန့်​က ကျမ်းရေးသူ​တစ်ဦး လူ့​ခန္ဓာကိုယ် တည်ဆောက်ပုံ​အကြောင်း ဒီလို​ပြောခဲ့တယ်– “ကျွန်တော့်ကို အံ့မခန်းဖွယ် ဖန်ဆင်း​ထားတဲ့​အတွက် ကိုယ်တော့်​ကို ချီးမွမ်း​ပါတယ်။ ကိုယ်တော့် လုပ်ဆောင်မှုတွေ​ဟာ အံ့ဩစရာ​ပဲ​ဆိုတာ ကျွန်တော် ကောင်းကောင်း​သိတယ်။” ဒီ​အ​င်​အေ မော်လီကျူး​တွေ​အကြောင်း လုံးဝ မသိပေမဲ့ “ကျွန်တော် သန္ဓေသားလောင်း​အရွယ်မှာ​တောင် ကိုယ်တော် မြင်တယ်။ အင်္ဂါ​အစိတ်အပိုင်း​လေး​တွေ တစ်ခု​မှ မရှိ​ခင်​ကတည်းက ဘယ်​အပိုင်း​လေး​က ဘယ်​နေ့မှာ ပုံ​ပေါ်​လာမယ်​ဆိုတာကို ကိုယ်တော့်​စာစောင်​ထဲမှာ တစ်ခု​မကျန် ရေးမှတ်​ထားတယ်” လို့ ရေးသားခဲ့တယ်။ (ဆာလံ ၁၃၉:၁၄၊ ၁၆) ဘယ်သူ့ကို ရည်ညွှန်း​နေတာလဲ။ ဘယ်သူက စကြဝဠာ​ရှိ အရာခပ်သိမ်း​ကို “ကြီးမား​လှတဲ့​စွမ်းအင်” သုံးပြီး ဖြစ်ပေါ်​စေခဲ့သလဲ။

ဘယ်​အရာက ပို​လုပ်ဆောင်​နိုင်စွမ်း ရှိသလဲ။ အလွန်​အဆင့်မြင့်​တဲ့ ကွန်ပျူတာ​ကွန်ရက်​များ​လား ဒါမှမဟုတ် ယင်ကောင်​ တစ်ကောင်​လား

“အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်” လို့ သမ္မာကျမ်းစာ ပထမဆုံး​အခန်းငယ်မှာ ဆိုထားတယ်။ (ကမ္ဘာဦး ၁:၁) ဘုရားက သမ္မာကျမ်းစာ အာဘော်ရှင်၊ ကျမ်းစာပါ​အကြောင်းအရာကို လမ်းညွှန်​တဲ့​အရှင် ဖြစ်တယ်။ ဘုရားသခင်က မိမိ​ကိုယ်​မိမိ လူတွေနဲ့ ရင်းနှီး​ကျွမ်းဝင်​နိုင်တဲ့ ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် ဖော်ပြ​ထားတယ်။

^ အပိုဒ်၊ 4 ယေဟောဝါ​သက်သေ​များ ထုတ်ဝေတဲ့ သင့်​အား ဂရုစိုက် စောင့်ရှောက်​သ​ည့် ဖန်ဆင်းရှင်​တစ်ပါး ရှိ၏​လော စာအုပ်၊ အခန်း ၂ ကနေ ၄ မှာပါတဲ့ အသေးစိတ် အချက်အလက်​တွေကို ဖတ်ရှု​နိုင်ပါတယ်။