မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇

ခံနိုင်ရည် ရှိသူ ယေရှုအကြောင်း “အသေအချာ စဉ်းစားကြည့်ပါ”

ခံနိုင်ရည် ရှိသူ ယေရှုအကြောင်း “အသေအချာ စဉ်းစားကြည့်ပါ”

၁-၃။ (က) ဂေသရှေမန်ဥယျာဉ်မှာ ယေရှု ဘယ်လောက် စိတ်သောကရောက်နေသလဲ။ ဘာကြောင့်လဲ။ (ခ) ယေရှုရဲ့ ခံနိုင်ရည်ဟာ ဘာကြောင့် ပြောစမှတ်ပြုရသလဲ။ ဘာမေးခွန်းတွေ ပေါ်လာသလဲ။

 ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးအချိန်နာရီ ရောက်လာပြီ။ တစ်ခါမှ ဒီလောက် စိတ်မဖိစီး၊ စိတ်မပင်ပန်းဖူးဘူး။ သွားနေကျ၊ ဆုံနေကျ ဂေသရှေမန်ဥယျာဉ်ကို တမန်တော်တွေနဲ့အတူ ရောက်လာတယ်။ ဒီညတော့ တစ်ယောက်တည်း နေချင်တာနဲ့ တမန်တော်တွေကို ထားခဲ့ပြီး ဥယျာဉ်အတွင်းပိုင်း ခပ်လှမ်းလှမ်းကို ဝင်သွားတယ်။ အဲဒီကို ရောက်တော့ ဒူးထောက်ဆုတောင်းတယ်။ မချိတင်ကဲ ခံစားရလွန်းလို့ အသည်းအသန် ဆုတောင်းတော့ “ချွေးတွေဟာ သွေးလို မြေပေါ် တစက်စက် ကျလာတယ်။”—လုကာ ၂၂:၃၉-၄၄

ယေရှု ဘာကြောင့် ဒီလောက် စိတ်သောကရောက်နေသလဲ။ မကြာခင် ဝေဒနာ မချိမဆံ့ ခံရတော့မယ်ဆိုတာ သိပေမဲ့ အဲဒီအတွက် စိတ်သောကရောက်နေတာ မဟုတ်ဘူး။ အဲဒီထက် အရေးကြီးတဲ့ ကိစ္စတွေကြောင့် စိတ်လေးနေတာ။ ဖခင်ရဲ့ နာမည် ဘုန်းထင်ရှားစေချင်တယ်။ ဒါ့အပြင် လူ့မိသားစုရဲ့ အနာဂတ်ဟာ မိမိသစ္စာရှိခြင်းအပေါ် မူတည်တယ်။ ဒါကြောင့် ခံနိုင်ရည် ရှိမှ ရမယ်ဆိုတာ သိနေတယ်။ တကယ်လို့ လက်လျှော့အရှုံးပေးမိသွားရင် ယေဟောဝါနာမည် ရှုတ်ချစရာ ဖြစ်သွားမှာ။ ယေရှု အရှုံးမပေးခဲ့ပါဘူး။ “အဖ ခိုင်းသမျှ ကျွန်တော် လုပ်ပြီးပါပြီ” လို့ အသက်မထွက်ခင်လေးမှာ ကြွေးကြော်သွားတယ်။ ကမ္ဘာပေါ် အသက်ရှင်ခဲ့သမျှမှာ ခံနိုင်ရည် အရှိဆုံး စံနမူနာရှင်ပါပဲ။—ယောဟန် ၁၉:၃၀

ခံနိုင်ရည် ရှိသူ ယေရှုအကြောင်း “အသေအချာ စဉ်းစားကြည့်ပါ” လို့ ကျမ်းစာမှာ အားပေးတယ်။ (ဟီဘရူး ၁၂:၁-၃) ‘ယေရှု ဘာတွေ ခံရပ်ခဲ့ရသလဲ။ ဘာကြောင့် ခံရပ်နိုင်သလဲ။ ကျွန်တော်တို့ ဘယ်လို အတုယူနိုင်မလဲ’ စတဲ့ အရေးကြီး မေးခွန်းတချို့ ပေါ်လာတယ်။ ဒီမေးခွန်းတွေ မဖြေခင် ခံနိုင်ရည်ဆိုတာ ဘာကို ဆိုလိုကြောင်း သုံးသပ်ကြရအောင်။

ခံနိုင်ရည်ဆိုတာ ဘာလဲ

၄၊ ၅။ (က) “ခံနိုင်ရည်” ဆိုတာ ဘာလဲ။ (ခ) ခံနိုင်ရည် ရှိတယ်ဆိုတာ မလွှဲသာ မရှောင်သာမို့လို့ အခက်အခဲတွေ ခါးစည်းခံနေတာ မဟုတ်ကြောင်း ဥပမာ ပေးပါ။

ကျွန်တော်တို့အားလုံး တစ်ချိန်မဟုတ် တစ်ချိန် “စမ်းသပ်မှု အမျိုးမျိုး ကြုံရလို့ . . . ဝမ်းနည်း” ကြတယ်။ (၁ ပေတရု ၁:၆) ဒါပေမဲ့ အခက်အခဲ၊ စမ်းသပ်မှု ခံနေရတာနဲ့ပဲ ခံနိုင်ရည် ရှိတယ်လို့ ပြောနိုင်မလား။ မပြောနိုင်ဘူး။ “ခံနိုင်ရည်” ဆိုတဲ့ ဂရိ စကားလုံးဟာ “အခက်အခဲ ကြုံချိန်မှာ ကြံ့ကြံ့ခံ တောင့်ခံထားနိုင်စွမ်း” လို့ အဓိပ္ပာယ် ရတယ်။ ကျမ်းရေးသူတွေ ရည်ညွှန်းတဲ့ ခံနိုင်ရည်နဲ့ပတ်သက်ပြီး ပညာရှင်တစ်ယောက် ဒီလိုပြောတယ်– “အောင့်အည်းပြီး ခံနေရုံ မဟုတ်ဘဲ တောက်ပတဲ့ မျှော်လင့်ချက်နဲ့ ရင်ဆိုင်ဖို့ ခံနိုင်ရည်က ကူညီပေးတယ်။ . . . လေကို ဆန်ပြီး မားမားမတ်မတ် ရပ်တည်စေတယ်။ အခက်အခဲတွေကို ဂုဏ်ယူစရာအဖြစ် ပြောင်းလဲပေးနိုင်တယ်။ အခက်အခဲတွေရဲ့ နောက်ကွယ်မှာ ရလဒ်ကောင်းတွေ လိုက်လာတယ်ဆိုတာ သိနေလို့ပဲ။”

ဒါကြောင့် မလွှဲသာမရှောင်သာမို့လို့ အခက်အခဲတွေ ခါးစည်းခံနေတာဟာ ခံနိုင်ရည် ရှိတာ မဟုတ်ဘူး။ ကျမ်းစာမှာ ပါတဲ့ ခံနိုင်ရည်ဆိုတာ အခက်အခဲ ကြုံရချိန်မှာ ကြံ့ကြံ့ခံမယ်လို့ စိတ်ပိုင်းဖြတ်ထားတာ၊ အကောင်းမြင်စိတ် ရှိတာ၊ မျှော်လင့်ချက် ထားတာကို ဆိုလိုတယ်။ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ လူနှစ်ယောက် ထောင်ကျနေတယ်။ ထောင်ကျတဲ့ အကြောင်းရင်း မတူဘူး။ တစ်ယောက်က ရာဇဝတ်သား။ ပြစ်ဒဏ်ကို မခံချိမခံသာ ကြိတ်မှိတ်ခံနေတယ်။ နောက်တစ်ယောက်က ယုံကြည်ချက်ကြောင့် ထောင်ချခံရတဲ့ ခရစ်ယာန်စစ်။ ထောင်ကျပေမဲ့ ယုံကြည်ချက် ခိုင်မာတုန်းပဲ။ အကောင်းမြင်စိတ် ရှိတုန်းပဲ။ ဒီလို ထောင်ကျတာဟာ ယေဟောဝါကို ယုံကြည်ကြောင်း ပြဖို့ အခွင့်အရေး ဖြစ်မှန်း သဘောပေါက်လို့ပါ။ ရာဇဝတ်သားကို ခံနိုင်ရည် ရှိသူလို့ ပြောလို့ မရဘူး။ သစ္စာရှိ ခရစ်ယာန်ကတော့ ခံနိုင်ရည်ဆိုတာ ဘာလဲ ကောင်းကောင်း ပြလိုက်တာပဲ။—ယာကုပ် ၁:၂-၄

၆။ ခံနိုင်ရည် ရှိလာအောင် ဘယ်လို လုပ်ရမလဲ။

ကယ်တင်ခြင်း ရဖို့ ခံနိုင်ရည် မရှိမဖြစ် လိုတယ်။ (မဿဲ ၂၄:၁၃) ဒါပေမဲ့ ခံနိုင်ရည်ဆိုတာ မွေးရာပါ အရည်အသွေး မဟုတ်ဘူး။ လေ့ကျင့်ယူရမယ်။ ဘယ်လိုနည်းနဲ့လဲ။ “ဆင်းရဲဒုက္ခဟာ ခံနိုင်ရည်ကို ဖြစ်ပေါ်စေတယ်” လို့ ရောမ ၅:၃ မှာ ဖော်ပြတယ်။ ဒါကြောင့် ခံနိုင်ရည် တကယ် ရှိချင်ရင် ယုံကြည်ခြင်း စမ်းသပ်မှု အမျိုးမျိုး ကြုံရတဲ့အခါ ကြောက်အားလန့်အား ရှောင်ပြေးလို့ မရဘူး။ ရင်ဆိုင်ရမယ်။ စမ်းသပ်မှု ကြီးကြီးငယ်ငယ် ရင်ဆိုင်ကျော်လွှားတဲ့အခါ ခံနိုင်ရည် ရှိလာတယ်။ စမ်းသပ်မှုတစ်ခု ကျော်လွှားလိုက်နိုင်တိုင်း နောက်တစ်ခု ရင်ဆိုင်ကျော်လွှားဖို့ ခွန်အား ရှိလာတယ်။ တစ်ယောက်တည်းအားနဲ့တော့ ခံနိုင်ရည် မရှိနိုင်ဘူး။ “ဘုရား ပေးတဲ့ ခွန်အား” လိုတယ်။ (၁ ပေတရု ၄:၁၁) ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ အကောင်းဆုံး အကူအညီ ယေဟောဝါ ပေးထားတယ်။ သားတော်ရဲ့ စံနမူနာပါ။ ယေရှုရဲ့ အပြစ်ထောက်စရာ မရှိတဲ့ ခံနိုင်ရည် မှတ်တမ်းကို အသေအချာ စဉ်းစားကြည့်ကြရအောင်။

ယေရှု ခံရပ်ခဲ့ရတာတွေ

၇၊ ၈။ ယေရှု အသတ်မခံရခင် ဘာတွေ ခံရပ်ခဲ့ရသလဲ။

ယေရှု အသတ်မခံရခင် ရက်ရက်စက်စက် နှိပ်စက်ခံရတယ်။ နောက်ဆုံးညမှာ မချိတင်ကဲ စိတ်ဖိစီးနေရတဲ့အထဲ စိတ်ပျက်စရာတွေ ကြုံရတယ်။ စော်ကားမော်ကား ဆက်ဆံခံရတယ်။ လူရင်းတစ်ယောက် သစ္စာဖောက်သွားတယ်။ မိတ်ဆွေရင်းတွေ စွန့်ပစ်သွားကြတယ်။ ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေ တရားမဝင် အမှုစစ်ကြတယ်။ သရော်ကြတယ်။ တံတွေးနဲ့ ထွေးကြတယ်။ လက်သီးနဲ့ ထိုးကြတယ်။ ဒါပေမဲ့ ယေရှု သိက္ခာရှိရှိ၊ သတ္တိရှိရှိ၊ တည်တည်ငြိမ်ငြိမ် ခံရပ်တယ်။—မဿဲ ၂၆:၄၆-၄၉၊ ၅၆၊ ၅၉-၆၈

နောက်ဆုံးအချိန်နာရီမှာ ယေရှု ဝေဒနာ မချိမဆံ့ ခံရတယ်။ ကျာပွတ်နဲ့ ရိုက်ခံရတယ်။ ဘယ်လောက် ပြင်းသလဲဆိုရင် “အသားစတွေ စုတ်ပြတ်သွားပြီး အမြှောင်းလိုက် ထွက်လာတဲ့အထိ၊ သွေးအများကြီး ထွက်တဲ့အထိပဲ။” သစ်တိုင်ပေါ်မှာ “မချိမဆံ့ ဝေဒနာကို တရိရိ ခံစားရင်း သေစေမယ့်” နည်းနဲ့ အသတ်ခံရတာ။ လက်တွေ၊ ခြေတွေကို သံချောင်းကြီးတွေနဲ့ သစ်တိုင်မှာ ကပ်ရိုက်တုန်းက ဘယ်လောက်တောင် နာလိုက်မလဲ။ (ယောဟန် ၁၉:၁၊ ၁၆-၁၈) သစ်တိုင် ထူလိုက်တော့ ကိုယ်အလေးချိန်ကြောင့် သံရိုက်ရာကနေ စုတ်လာမှာ၊ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ နောက်ကျောနဲ့ သစ်တိုင် ပွတ်မိသွားတိုင်း အသည်းခိုက်အောင် နာမှာ။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း စိတ်ဖိစီးမှုဒဏ် ခံနေရတဲ့အပြင် ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာဒဏ် ခံနေရတာ။

၉။ “ဒုက္ခသစ်တိုင်” ထမ်းပြီး ယေရှုနောက် လိုက်တယ်ဆိုတာ ဘာလဲ။

ခရစ်တော်နောက်လိုက် ကျွန်တော်တို့ကော ဘာတွေ ခံရပ်ရနိုင်သလဲ။ “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း . . . ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲ လိုက်ရမယ်” လို့ ယေရှု ပြောတယ်။ (မဿဲ ၁၆:၂၄) “ဒုက္ခသစ်တိုင်” ဆိုတာ ဝေဒနာ ခံစားရတာ၊ အရှက်ခွဲခံရတာ၊ အသတ်ခံရတာကို ဖော်ပြဖို့ ပုံဆောင်သဘောနဲ့ သုံးထားတာ။ ခရစ်တော်နောက် လိုက်တာ မလွယ်ဘူး။ ကျမ်းစာစံနှုန်းတွေ လိုက်လို့ တခြားသူတွေနဲ့ ကွဲထွက်နေတယ်။ လောကနဲ့မပတ်သက်လို့ လောက,က လူတွေ မုန်းကြတယ်။ (ယောဟန် ၁၅:၁၈-၂၀။ ၁ ပေတရု ၄:၄) ဒါပေမဲ့ ဒုက္ခသစ်တိုင်ကို ကျွန်တော်တို့ လိုလိုလားလား ထမ်းကြတယ်။ ဒုက္ခပဲ ကြုံရကြုံရ၊ သေပဲ သေရသေရ စံနမူနာရှင်နောက် ဆက်လိုက်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်လို့ပဲ။—၂ တိမောသေ ၃:၁၂

၁၀-၁၂။ (က) ပတ်ဝန်းကျင်က လူတွေ မစုံလင်တာလည်း ယေရှုအတွက် ဘာကြောင့် ခက်သလဲ။ (ခ) ယေရှု ခံရပ်ရတဲ့ အခက်အခဲတချို့က ဘာလဲ။

၁၀ ယေရှု ခံရပ်ရတဲ့ အခက်အခဲမှာ ပတ်ဝန်းကျင်က လူတွေ မစုံလင်တာလည်း ပါတယ်။ ယေရှုဟာ ကမ္ဘာမြေနဲ့ သက်ရှိအားလုံးကို ဖန်ဆင်းဖို့ ယေဟောဝါ သုံးခဲ့တဲ့ “ကျွမ်းကျင်လုပ်သား” ဖြစ်တယ်။ (ပညာအလိမ္မာ ၈:၂၂-၃၁) ဒါကြောင့် ဘုရားအရည်အသွေးတွေကို အတုယူဖို့၊ ကျန်းကျန်းမာမာ အသက်ရှင်ဖို့ ရည်ရွယ်ချက်နဲ့ လူတွေကို ဘုရား ဖန်ဆင်းထားမှန်း သိတယ်။ (ကမ္ဘာဦး ၁:၂၆-၂၈) ဒါပေမဲ့ လူသားအဖြစ် မြေကြီးကို ရောက်လာတော့ အပြစ်တရားက လူတွေကို ဘယ်လောက်တောင် ဂယက်ရိုက်နေသလဲ ရှုထောင့်အသစ်ကနေ တွေ့လိုက်ရတယ်။ လူတွေနေရာကနေ ဝင်ခံစားပေးလို့ ရခဲ့တယ်။ အာဒံ၊ ဧဝတို့ စုံလင်သလောက် လက်ရှိ လူတွေ စုံလင်မှုနဲ့ တော်တော် အလှမ်းဝေးသွားတာ တွေ့ရလို့ စိတ်ထိခိုက်မှာပဲ။ ယေရှုရဲ့ ခံနိုင်ရည် စမ်းသပ်ခံရတာပဲ။ အပြစ်သားတွေကို အဖတ်ဆယ်လို့ မရတော့ဘူးဆိုပြီး လက်မြှောက်အရှုံးပေးလိုက်မလား။

၁၁ သတင်းတရားကို ဂျူးတွေ လက်မခံလို့ ယေရှု လူရှေ့သူရှေ့ ငိုတဲ့အထိ စိတ်ထိခိုက်တယ်။ ဒါနဲ့ပဲ ဇွဲလျော့ပြီး မဟောတော့ဘဲ နေသလား။ မနေဘူး။ “ဗိမာန်တော်မှာ နေ့တိုင်း သွန်သင်ပေးတယ်။” (လုကာ ၁၉:၄၁-၄၄၊ ၄၇) ဥပုသ်နေ့မှာ လူတစ်ယောက်ကို ကုပေးမပေး အကြင်နာတရား မရှိတဲ့ ဖာရိရှဲတွေ မျက်စိဒေါက်ထောက် လိုက်ကြည့်နေလို့ ယေရှု “စိတ်ထိခိုက်သွားတယ်။” ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ သတ်မှတ်ထားတဲ့ အဲဒီဆန့်ကျင်သူတွေကို ယေရှု ကြောက်သွားသလား။ မကြောက်ဘူး။ မှန်တာကို သတ္တိရှိရှိ လုပ်တယ်။ တရားဇရပ် အလယ်တည့်တည့် လူအများရှေ့မှာတင် ကုပေးလိုက်တယ်။—မာကု ၃:၁-၅

၁၂ ယေရှု ခံရပ်ရတဲ့ နောက်အခက်အခဲကတော့ တပည့်ရင်းတွေရဲ့ အားနည်းချက်ပါပဲ။ အခန်း ၃ မှာ သိခဲ့တဲ့အတိုင်း သူတို့မှာ ထင်ပေါ်ချင်စိတ် ရှိတယ်။ (မဿဲ ၂၀:၂၀-၂၄။ လုကာ ၉:၄၆) နှိမ့်ချရမယ်လို့ ယေရှု တစ်ကြိမ်မက ဆုံးမတယ်။ (မဿဲ ၁၈:၁-၆။ ၂၀:၂၅-၂၈) ဒါပေမဲ့ ဆုံးမတဲ့အတိုင်း ချက်ချင်း လိုက်မလုပ်ကြဘူး။ သူတို့နဲ့ ယေရှု အတူ ရှိတဲ့ နောက်ဆုံးညမှာတောင် ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး “အကြီးအကျယ် အငြင်းပွားကြတယ်။” (လုကာ ၂၂:၂၄) ပြင်လို့ မရတော့ဘူးဆိုပြီး သူတို့ကို ယေရှု လက်မြှောက်လိုက်သလား။ လက်မမြှောက်ဘူး။ ဆက်စိတ်ရှည်တယ်။ အကောင်းမြင်စိတ်၊ မျှော်လင့်ချက် ထားတယ်။ ကောင်းကွက်ကို ကြည့်တယ်။ ယေဟောဝါကို သူတို့ ချစ်မှန်း၊ အလိုတော် တကယ် ဆောင်ချင်မှန်း သိတယ်။—လုကာ ၂၂:၂၅-၂၇

ဆန့်ကျင်ခံရတဲ့အခါ ဇွဲလျော့သွားမလား။ ထက်ထက်သန်သန် ဆက်ဟောမလား

၁၃။ ယေရှု ခံရပ်ခဲ့ရတဲ့ ဘယ်အခက်အခဲတွေ ကျွန်တော်တို့ ခံရပ်ရနိုင်သလဲ။

၁၃ ယေရှု ခံရပ်ခဲ့ရတဲ့ အခက်အခဲတွေ ကျွန်တော်တို့လည်း ခံရပ်ရနိုင်တယ်။ ဥပမာ၊ သတင်းတရား နားမထောင်သူတွေ၊ ဆန့်ကျင်သူတွေနဲ့ ကြုံရနိုင်တယ်။ ကျွန်တော်တို့ ဇွဲလျော့သွားမလား။ ထက်ထက်သန်သန် ဆက်ဟောမလား။ (တိတု ၂:၁၄) ညီအစ်ကို/မတွေရဲ့ မစုံလင်မှုကလည်း စမ်းသပ်မှု ဖြစ်နိုင်တယ်။ မဆင်မခြင် ပြောလိုက်လုပ်လိုက်လို့ စိတ်ထိခိုက်ရနိုင်တယ်။ (ပညာအလိမ္မာ ၁၂:၁၈) ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးဆိုပြီး အမှားကိုပဲ အာရုံစိုက်နေမလား။ သည်းခံပြီး ကောင်းကွက်ကို အာရုံစိုက်မလား။—ကောလောသဲ ၃:၁၃

ယေရှု ဘာကြောင့် ခံရပ်နိုင်သလဲ

၁၄။ ဘယ်အကြောင်းရင်း နှစ်ခုကြောင့် ယေရှု ခံရပ်နိုင်သလဲ။

၁၄ သိက္ခာချခံရပေမဲ့၊ စိတ်ပျက်စရာတွေ ကြုံရပေမဲ့၊ ဝေဒနာ ခံစားရပေမဲ့ ယေရှု ဘာကြောင့် ခံနိုင်ရည်၊ သမာဓိ ရှိသလဲ။ အကြောင်းရင်း နှစ်ခု ရှိတယ်။ ပထမ၊ ‘ခံနိုင်ရည် ပေးသနားတဲ့ ဘုရားသခင်’ ကို အားကိုးတကြီး ဆုတောင်းတယ်။ (ရောမ ၁၅:၅) ဒုတိယ၊ အနာဂတ်ကို ကြည့်တယ်။ ခံနိုင်ရည် ရှိရင် ရမယ့် အကျိုးကျေးဇူးတွေကို အာရုံစိုက်တယ်။ တစ်ခုစီ သုံးသပ်ကြည့်ရအောင်။

၁၅၊ ၁၆။ (က) ခံနိုင်ရည် ရှိဖို့ ယေရှု ကိုယ့်ကိုယ်ကိုယ် အားမကိုးကြောင်း ဘာက ပြသလဲ။ (ခ) ဖခင်နဲ့ပတ်သက်ပြီး ယေရှု ဘာယုံသလဲ။ ဘာကြောင့်လဲ။

၁၅ ယေရှုဟာ ဘုရားသား၊ စုံလင်သူ ဖြစ်ပေမဲ့ ခံနိုင်ရည် ရှိဖို့ ကိုယ့်ကိုယ်ကိုယ် အားမကိုးဘူး။ ကောင်းကင်ဘုံစံ အဖဘုရားဆီ အားကိုးတကြီး ဆုတောင်းတယ်။ “ခရစ်တော်က . . . မိမိကို သေခြင်းကနေ ကယ်တင်ပေးနိုင်တဲ့အရှင်ဆီ အော်ဟစ်ငိုကြွေးပြီး တိုးလျှိုးအသနားခံခဲ့တယ်။ မျက်ရည်ကျပြီး အသနားခံ ဆုတောင်းခဲ့တယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီဘရူး ၅:၇) “တိုးလျှိုးအသနားခံ” ဆိုတာ အထူးတလည် လှိုက်လှိုက်လှဲလှဲ၊ ထက်ထက်သန်သန် အကူအညီ တောင်းတာကို ဆိုလိုတယ်။ မူရင်းစကားမှာ အများကိန်း သုံးထားလို့ တစ်ကြိမ်ထက်မက တိုးလျှိုးအသနားခံ ဆုတောင်းခဲ့တာ ထင်ရှားတယ်။ ဂေသရှေမန်ဥယျာဉ်မှာတုန်းကဆိုရင် ထက်ထက်သန်သန် ထပ်တလဲလဲကို တောင်းတာ။—မဿဲ ၂၆:၃၆-၄၄

၁၆ ဖခင်ဟာ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဖြစ်မှန်း ယေရှု သိလို့ မိမိ တိုးလျှိုးအသနားခံတာကို နားထောင်ဖြေကြားပေးမယ်ဆိုတာ အပြည့်အဝ ယုံတယ်။ (ဆာလံ ၆၅:၂) သစ္စာရှိ ဝတ်ပြုသူတွေ ဆုတောင်းတဲ့အခါ ဖခင် ဘယ်လို ဖြေတယ်ဆိုတာ ကောင်းကင်မှာတုန်းက တွေ့တယ်။ ဥပမာ၊ ပရောဖက် ဒံယေလ စိတ်နှစ်ပြီး ဆုတောင်းတာကို ဖြေပေးဖို့ ဆုတောင်းလို့ မပြီးခင်မှာပဲ ကောင်းကင်တမန်တစ်ပါး ယေဟောဝါ လွှတ်လိုက်တယ်။ (ဒံယေလ ၉:၂၀၊ ၂၁) ဒီတော့ တစ်ပါးတည်းသောသားတော် “အော်ဟစ်ငိုကြွေးပြီး တိုးလျှိုးအသနားခံ” ဆုတောင်းတာကို မဖြေဘဲ နေပါ့မလား။ ယေဟောဝါ ဖြေတယ်။ သစ္စာရှိရှိ ခံရပ်နိုင်ဖို့ ကောင်းကင်တမန် လွှတ်ပြီး အားပေးခိုင်းတယ်။—လုကာ ၂၂:၄၃

၁၇။ ခံနိုင်ရည် ရှိဖို့ ဘုရားကို ဘာကြောင့် အားကိုးရမလဲ။ ဘယ်လို အားကိုးရမလဲ။

၁၇ ကျွန်တော်တို့လည်း ခံနိုင်ရည် ရှိဖို့ “အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်” ကို အားကိုးရမယ်။ (ဖိလိပ္ပိ ၄:၁၃) စုံလင်တဲ့ ဘုရားသားတောင် အကူအညီ ရဖို့ ဘုရားဆီ တိုးလျှိုးအသနားခံဖို့ လိုတယ်လို့ ခံစားရရင် ကျွန်တော်တို့ ပိုလို့တောင် ခံစားရသင့်တယ်။ ယေဟောဝါဆီ ယေရှုနည်းတူ ထပ်တလဲလဲ အသနားခံဖို့ လိုနိုင်တယ်။ (မဿဲ ၇:၇) ကောင်းကင်တမန် ရောက်လာဖို့ ကျွန်တော်တို့ မမျှော်လင့်ကြပါဘူး။ ဒါပေမဲ့ သစ္စာရှိ ခရစ်ယာန်တွေ “နေ့ရောညပါ တိုးလျှိုးအသနားခံ” တဲ့အခါ၊ “အမြဲ ဆုတောင်း” တဲ့အခါ မေတ္တာရှင် ဘုရား ဖြေပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ (၁ တိမောသေ ၅:၅) ဖျားနာတာ၊ ချစ်ရသူ သေဆုံးတာ၊ ဆန့်ကျင်သူတွေ နှိပ်စက်တာစတဲ့ ဘာအခက်အခဲပဲ ကြုံရပါစေ ခံနိုင်ရည် ရှိဖို့ လိုအပ်တဲ့ ဉာဏ်ပညာ၊ ရဲစွမ်းသတ္တိ၊ ခွန်အား တောင်းရင် ယေဟောဝါ ပေးမယ်။—၂ ကောရိန္သု ၄:၇-၁၁။ ယာကုပ် ၁:၅

ခံနိုင်ရည် ရှိဖို့ ထက်ထက်သန်သန် တောင်းရင် ယေဟောဝါ ဖြေပေးမယ်

၁၈။ ယေရှုကို ဘာက ခံနိုင်ရည် ရှိစေသေးသလဲ။

၁၈ ယေရှုကို ခံနိုင်ရည် ရှိစေတဲ့ ဒုတိယ အချက်က အခက်အခဲတွေ အဆုံးတိုင်တဲ့အခါ ရမယ့် အကျိုးကျေးဇူးတွေကို အာရုံစိုက်ခြင်းပါ။ ယေရှုဟာ “ရှေ့မှာ ရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့် . . . ဒုက္ခသစ်တိုင်ပေါ်မှာ အသေခံခဲ့တယ်” လို့ ကျမ်းစာ ဆိုတယ်။ (ဟီဘရူး ၁၂:၂) ခံနိုင်ရည် ရှိဖို့ မျှော်လင့်ချက်နဲ့ ဝမ်းမြောက်ခြင်း လိုမှန်း ယေရှုရဲ့ စံနမူနာကနေ သိရတယ်။ မျှော်လင့်ချက်က ဝမ်းမြောက်စေတယ်။ ဝမ်းမြောက်ခြင်းက ခံနိုင်ရည် ရှိစေတယ်။ (ရောမ ၁၅:၁၃။ ကောလောသဲ ၁:၁၁) မိမိ ခံနိုင်ရည် ရှိရင် ကောင်းကျိုး အများကြီး ရှိမယ်ဆိုတာ ယေရှု သိတယ်။ ဖခင်ရဲ့ နာမည် အဖျက်ခံရတာ လွတ်သွားမယ်။ လူ့မိသားစုကို အပြစ်နဲ့ သေခြင်းကနေ ယေဟောဝါ ပြန်ရွေးနိုင်မယ်။ ဒါ့အပြင် နာခံမှု ရှိသူတွေ ကောင်းချီးများစွာ ထပ်ရစေဖို့ ဘုရင်အဖြစ် အုပ်ချုပ်ရမယ့်၊ ပုရောဟိတ်မင်းအဖြစ် အမှုဆောင်ရမယ့် မျှော်လင့်ချက်လည်း ယေရှုမှာ ရှိတယ်။ (မဿဲ ၂၀:၂၈။ ဟီဘရူး ၇:၂၃-၂၆) အဲဒီကောင်းချီးတွေ၊ မျှော်လင့်ချက်တွေကို အာရုံစိုက်လိုက်တဲ့အခါ အတိုင်းမသိ ဝမ်းမြောက်တယ်။ အဲဒီဝမ်းမြောက်မှုက ခံနိုင်ရည် ရှိစေတယ်။

၁၉။ ယုံကြည်ခြင်း စမ်းသပ်ခံရတဲ့အခါ မျှော်လင့်ချက်၊ ဝမ်းမြောက်မှု၊ ခံနိုင်ရည်က ဘယ်လို ကူညီပေးနိုင်သလဲ။

၁၉ ခံနိုင်ရည် ရှိဖို့ ကျွန်တော်တို့လည်း ယေရှုလိုပဲ မျှော်လင့်ချက်နဲ့ ဝမ်းမြောက်ခြင်း လိုတယ်။ “မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ။ ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည်ရှိပါ” လို့ တမန်တော် ပေါလု ပြောတယ်။ (ရောမ ၁၂:၁၂) လောလောဆယ် သင် အကြီးအကျယ် ယုံကြည်ခြင်း စမ်းသပ်ခံနေရသလား။ ခံနိုင်ရည် ရှိရင် ရလာမယ့် အကျိုးကျေးဇူးတွေကို စဉ်းစားလိုက်ပါ။ ခံနိုင်ရည် ရှိရင် ယေဟောဝါနာမည် ချီးမွမ်းစရာ ဖြစ်မှာ။ ဘုရားနိုင်ငံတော်မှာ အသက်ရှင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကို အမြဲ အာရုံစိုက်ပါ။ ကမ္ဘာသစ် ပရဒိသုမှာ ရောက်နေတယ်၊ ကောင်းချီးတွေ ခံစားနေရတယ်လို့ မြင်ယောင်ကြည့်ပါ။ ယေဟောဝါရဲ့ နာမည် အဖျက်ခံရတာ လွတ်သွားမယ်၊ ကမ္ဘာမြေပေါ်ကနေ မတရားမှု၊ ဖျားနာမှု၊ သေခြင်း ပပျောက်သွားမယ်စတဲ့ အံ့ဖွယ်ကတိတွေ ပြည့်စုံလာမယ့်အချိန်ကို မျှော်လင့်နေပါ။ ဒါဆိုရင် ဝမ်းမြောက်လာမယ်။ အဲဒီဝမ်းမြောက်မှုက ဘာအခက်အခဲပဲ ကြုံကြုံ ခံရပ်နိုင်ဖို့ ကူညီပေးမယ်။ ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်ရလို့ ဝမ်းမြောက်ရမှာနဲ့ ယှဉ်ရင် ဒီစနစ်မှာ ခံစားရတဲ့ ဘယ်အခက်အခဲမဆို “ခဏတာ” ဖြစ်ပြီး “ပေါ့ပါး” ပါတယ်။—၂ ကောရိန္သု ၄:၁၇

‘ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ပါ’

၂၀၊ ၂၁။ ကျွန်တော်တို့ဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ။ ဘာဆုံးဖြတ်ထားသင့်သလဲ။

၂၀ မိမိနောက် လိုက်တာ မလွယ်ဘူး၊ ခံနိုင်ရည် လိုမယ်ဆိုတာ ယေရှု သိတယ်။ (ယောဟန် ၁၅:၂၀) မိမိစံနမူနာကို ကြည့်ပြီး တခြားသူတွေ အားရှိမယ်ဆိုတာ သိလို့ ရှေ့ဆောင်လမ်းပြခဲ့တယ်။ (ယောဟန် ၁၆:၃၃) ခံနိုင်ရည်နဲ့ပတ်သက်ပြီး ယေရှု အကောင်းဆုံး စံနမူနာ ပြပေမဲ့ ကျွန်တော်တို့ မစုံလင်ကြဘူး။ ဒါဆိုရင် ကျွန်တော်တို့ဆီကနေ ယေဟောဝါ ဘာမျှော်လင့်သလဲ။ “ခရစ်တော်ကိုယ်တိုင် ခင်ဗျားတို့အတွက် ဆင်းရဲဒုက္ခ ခံပြီး သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်” လို့ ပေတရု ပြောတယ်။ (၁ ပေတရု ၂:၂၁) အခက်အခဲတွေကို ယေရှု ရင်ဆိုင်ပုံဟာ ကျွန်တော်တို့ အတုယူရမယ့် “စံနမူနာ” ပဲ။ a အခက်အခဲ ကြုံရချိန်မှာ ယေရှု ပြောခဲ့လုပ်ခဲ့တာတွေကို “ခြေရာ” နဲ့ ခိုင်းနှိုင်းနိုင်တယ်။ ယေရှုခြေရာ ကျွန်တော်တို့ တစ်ထပ်တည်း မနင်းနိုင်ဘူး။ နောက်ကနေတော့ “ထက်ကြပ်မကွာ” လိုက်နိုင်တယ်။

၂၁ ယေရှုရဲ့ စံနမူနာကို အတတ်နိုင်ဆုံး လိုက်လျှောက်ဖို့ ဆုံးဖြတ်ထားကြရအောင်။ ယေရှုခြေရာ ထက်ကြပ်မကွာ လိုက်လေ ဒီလောကစနစ်အဆုံး ဒါမှမဟုတ် ကိုယ့်အသက်တာအဆုံးအထိ ခံနိုင်ရည် ရှိဖို့ ပိုလွယ်လေပဲဆိုတာ သတိရကြရအောင်။ လောကစနစ် အရင်ဆုံး အဆုံးတိုင်မလား၊ ကိုယ်ပဲ အရင်ဆုံး သေဆုံးမလား မသိပေမဲ့ ခံနိုင်ရည် ရှိရင် ယေဟောဝါ ဆုချမယ်ဆိုတာတော့ သေချာပေါက် သိထားကြတယ်။—မဿဲ ၂၄:၁၃

a “စံနမူနာ” လို့ ပြန်ဆိုတဲ့ ဂရိစကားလုံးဟာ “အောက်မှာ ကူးရေးတယ်” လို့ အဓိပ္ပာယ်ရတယ်။ ခရစ်ယာန် ဂရိကျမ်းစာစောင် ရေးသူတွေထဲမှာ တမန်တော် ပေတရု တစ်ယောက်တည်း ဒီစကားလုံး သုံးထားတယ်။ “ကလေး အတတ်နိုင်ဆုံး လိုက်တုပြီး ရေးဖို့ စာအုပ်မှာ ဆရာ/မ ရေးပေးတဲ့ နမူနာ” ကို ဆိုလိုတယ်။