မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃

“ကျွန်တော်ဟာ . . . စိတ်နှိမ့်ချတယ်”

“ကျွန်တော်ဟာ . . . စိတ်နှိမ့်ချတယ်”

“မင်းရဲ့ဘုရင်က မင်းဆီ လာနေတယ်”

၁-၃။ ဂျေရုဆလင်မြို့ထဲ ဘယ်လို ပုံစံနဲ့ ယေရှု ဝင်လာသလဲ။ တချို့ ဘာကြောင့် အံ့ဩသွားကြသလဲ။

 ဂျေရုဆလင်မြို့မှာ လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြတယ်။ ကြီးမြတ်သူတစ်ယောက် လာနေတယ်တဲ့။ ဒီလူဟာ ဘုရင် ဒါဝိဒ်ရဲ့ အမွေခံ၊ အစ္စရေးလူမျိုးရဲ့ ဘုရင် အစစ်အမှန်ဆိုပြီး တချို့ ပြောနေကြလို့ မြို့ပြင် လမ်းတစ်လျှောက် လူတွေ စုနေကြတယ်။ ကြိုဆိုဖို့ စိုင်းပြင်းနေကြတယ်။ စွန်ပလွံခက်တွေ ယူလာပြီး ဝှေ့ယမ်း ကြိုဆိုကြတယ်။ တချို့ကျတော့ ရိုသေသမှု ပြတဲ့အနေနဲ့ ကိုယ့်အဝတ်တွေ၊ သစ်ခက်သစ်လက်တွေကို လမ်းပေါ် ခင်းထားကြတယ်။ (မဿဲ ၂၁:၇၊ ၈။ ယောဟန် ၁၂:၁၂၊ ၁၃) ဘယ်လို ပုံစံနဲ့ မြို့ထဲ ဝင်လာမလဲဆိုပြီး စိတ်ဝင်စားနေကြတယ်။

ခမ်းခမ်းနားနား ဝင်လာမယ်လို့ တချို့ ထင်ကြတယ်။ အရင်ကလည်း အရေးပါအရာရောက်သူတွေ ဒီလိုတခမ်းတနား ဝင်လာကြတာကိုး။ ဥပမာ၊ ဒါဝိဒ်ရဲ့ သားတော် အဗရှလုံဟာ ကိုယ့်ကိုယ်ကိုယ် ဘုရင်အဖြစ် ကြေညာပြီးနောက် မြင်းရထား ရှေ့မှာ ရှေ့တော်ပြေး အယောက် ၅၀ ကို ပြေးခိုင်းတယ်။ (၂ ရှမွေလ ၁၅:၁၊ ၁၀) ရောမဧကရာဇ် ဂျူးလီယက်ဆီဇာ ရောမမြို့ထဲ ဝင်လာတုန်းကဆိုရင် ဒီထက်တောင် ခမ်းနားတယ်။ အောင်ပွဲခံပြီး အပြန်မှာ စစ်ရေးပြပွဲကြီးကို ဦးဆောင်ရင်း၊ မီးခွက်တွေ တင်ထားတဲ့ ဆင်အစီး ၄၀ ခြံရံရင်း ဝင်လာတယ်။ အခု၊ ဂျေရုဆလင်မြို့သားတွေ စောင့်နေတဲ့သူကျတော့ အဲဒီလူတွေထက် သာတယ်။ အသက်ရှင်သမျှမှာ အကြီးမြတ်ဆုံး လူသား မေရှိယ။ ဒါကို လူအုပ် သိချင်မှ သိမယ်။ ဒီမင်းလောင်း မြို့ထဲ ဝင်လာတဲ့အခါ တချို့ အံ့ဩသွားကြတယ်။

ဝန်တင်တိရစ္ဆာန် ဖြစ်တဲ့ မြည်းလေး စီးပြီး ယေရှု မြို့ထဲ ဝင်လာတယ်။ a မြင်းရထား၊ ရှေ့တော်ပြေး၊ ဆင်၊ မြင်း ဘာမှ မပါဘူး။ ကိန်းကြီးခန်းကြီးနိုင်တဲ့ အဝတ်အစား ဝတ်မထားသလို မြည်းကိုလည်း ဘာအဆောင်အယောင်မှ ဆင်မထားဘူး။ မြည်းကုန်းနှီးကလည်း အကောင်းစား ဖြစ်ဖို့ မပြောနဲ့ မိတ်ဆွေရင်းတွေ ခင်းထားပေးတဲ့ အဝတ်လေးပဲ။ ယေရှုလောက် အရေးမပါသူတွေ ခမ်းခမ်းနားနား ဝင်လာကြပေမဲ့ ယေရှု ဘာကြောင့် ဒီလို နိမ့်ကျတဲ့ ပုံစံနဲ့ ဝင်လာသလဲ။

၄။ ဂျေရုဆလင်မြို့ထဲ မေရှိယဘုရင် ဝင်လာပုံနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လို ကြိုဟောထားသလဲ။

“အကြီးအကျယ် ဝမ်းမြောက်ပါ။ ဂျေရုဆလင်သမီးပျို၊ အောင်သံလွှင့်ပါ။ မင်းရဲ့ဘုရင်က မင်းဆီ လာနေတယ်။ သူဟာ ဖြောင့်မတ်တယ်။ ကယ်တင်ခြင်းကို ယူဆောင်လာတယ်။ စိတ်နှိမ့်ချတယ်။ . . . မြည်းကလေးကို စီးပြီး လာနေတယ်” ဆိုတဲ့ ပရောဖက်ပြုချက်ကို ယေရှု ပြည့်စုံစေတာ။ (ဇာခရိ ၉:၉) ဂျေရုဆလင်မြို့ကို ဘုရား ဘိသိက်ပေးသူ မေရှိယ ရောက်လာမယ်၊ မိမိဟာ ဘုရား ဘိသိက်ပေးထားတဲ့ ဘုရင် ဖြစ်ကြောင်း ပြမယ်ဆိုတာကို ဒီပရောဖက်ပြုချက်က ဖော်ပြနေတယ်။ မြည်းကလေး စီးပြီး ယေရှု မြို့ထဲ ဝင်လာပုံဟာ အရေးကြီးဆုံး အရည်အသွေး ဖြစ်တဲ့ နှိမ့်ချမှု ရှိကြောင်း ပေါ်လွင်တယ်။

၅။ ယေရှုရဲ့ နှိမ့်ချမှုက ဘာကြောင့် စိတ်ထိမိစေသလဲ။ ယေရှုလို နှိမ့်ချဖို့ ဘာကြောင့် အရေးကြီးသလဲ။

ယေရှုရဲ့ အရည်အသွေးကောင်းတွေထဲမှာ နှိမ့်ချမှု ပါတယ်။ ရှေ့အခန်းမှာ သိခဲ့ကြတဲ့အတိုင်း ယေရှုဟာ ‘လမ်းခရီး၊ အမှန်တရား၊ အသက် ဖြစ်တယ်။’ (ယောဟန် ၁၄:၆) အသက်ရှင်သမျှ လူတွေထဲမှာ အရေးပါဆုံး ဖြစ်တယ်။ ဒါတောင် မောက်မာတဲ့၊ မာနကြီးတဲ့၊ ကိုယ်သာ ပဓာနဆိုတဲ့ စိတ်ဓာတ်မျိုး တစိုးတစိမှ မရှိဘူး။ စိတ်ထိမိစရာပဲ မဟုတ်လား။ ကျွန်တော်တို့ကျတော့ မစုံလင်လို့ မာနကြီးလာနိုင်တယ်။ ယေရှု နောက်လိုက် ဖြစ်ချင်ရင် မာနကို တွန်းလှန်ရမယ်။ (ယာကုပ် ၄:၆) မောက်မာတာကို ယေဟောဝါ မုန်းတယ်။ ဒါကြောင့် ယေရှုလိုပဲ နှိမ့်ချမှု ရှိဖို့ အရေးကြီးတယ်။

အမြဲ နှိမ့်ချတဲ့ ယေရှု

၆။ နှိမ့်ချမှုဆိုတာ ဘာလဲ။ မေရှိယ နှိမ့်ချမှု ရှိမယ်ဆိုတာ ယေဟောဝါ ဘယ်လို သိသလဲ။

နှိမ့်ချသူဟာ မာနမကြီးဘူး။ မမောက်မာဘူး။ တခြားသူတွေထက် သာတယ်လို့ မတွေးဘူး။ စိတ်ရင်းခံနဲ့ နှိမ့်ချလို့ အပြောအဆို၊ အပြုအမူ၊ တခြားသူတွေနဲ့ ဆက်ဆံပုံမှာ ပေါ်တယ်။ မေရှိယ နှိမ့်ချမှု ရှိမယ်ဆိုတာ ယေဟောဝါ ဘယ်လို သိသလဲ။ မိမိရဲ့ နှိမ့်ချမှု ပုံသက်သေကို သားတော် အပြည့်အဝ အတုယူတယ်ဆိုတာ သိတယ်။ (ယောဟန် ၁၀:၁၅) သားတော် နှိမ့်ချမှု ရှိတာကိုလည်း မြင်တယ်။ ယေရှု ဘယ်လို နှိမ့်ချသလဲ။

၇-၉။ (က) စာတန်နဲ့ ငြင်းခုံချိန်မှာ နှိမ့်ချမှု ရှိကြောင်း မိက္ခေလ ဘယ်လို ပြသလဲ။ (ခ) မိက္ခေလရဲ့ နှိမ့်ချမှုကို ဘယ်လို တုပနိုင်သလဲ။

“ကောင်းကင်တမန်မင်း မိက္ခေလကတော့ မောရှေရဲ့ အလောင်းနဲ့ပတ်သက်ပြီး မာရ်နတ်နဲ့ ငြင်းခုံတဲ့အခါ ရင့်သီးတဲ့စကားနဲ့ မစီရင်ဝံ့ဘဲ ‘မင်းကို ယေဟောဝါဘုရား ဆုံးမပါစေ’ လို့ပဲ ပြောခဲ့တယ်” ဆိုပြီး ယုဒကျမ်းမှာ ဖော်ပြတယ်။ (ယုဒ ၉) မြေကြီးပေါ် မလာခင်ကော ကောင်းကင် တက်ပြီးနောက်မှာပါ ယေရှုရဲ့ နာမည်ဟာ မိက္ခေလ ဖြစ်တယ်။ ကောင်းကင်တမန် အားလုံးရဲ့ ခေါင်းဆောင်မို့ အဲဒီလို ခေါ်တာ။ b (၁ သက်သာလောနိတ် ၄:၁၆) ဒီလောက်အခွင့်အာဏာ ရှိတာတောင် စာတန်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဘယ်လို ဖြေရှင်းသလဲ။

မောရှေရဲ့ အလောင်းကို စာတန် ဘာကြောင့် တောင်းသလဲဆိုတာ ယုဒကျမ်းမှာ ဖော်ပြမထားဘူး။ ဒါပေမဲ့ မကောင်းတဲ့အကြံ ရှိတာတော့ သေချာတယ်။ မောရှေရဲ့ အလောင်းကို ခုတုံးလုပ်ပြီး အယူမှား ဝတ်ပြုရေးကို အားပေးအားမြှောက် လုပ်ချင်လို့ ဖြစ်နိုင်တယ်။ အလောင်းကို စာတန် ယူဖို့ မိက္ခေလ ခွင့်မပြုဘူး။ တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းတယ်။ အပြစ်ပေးခံထိုက်တာတောင် စာတန်ကို အပြစ်တင်တာ၊ အပြစ်ပေးတာမျိုး မလုပ်ဘူး။ စာတန်နဲ့ ငြင်းခုံချိန်မှာ “တရားစီရင်ပိုင်ခွင့်” မရသေးလို့ ယေဟောဝါပဲ တရားစီရင်ပိုင်ခွင့် ရှိတယ်လို့ သဘောထားတယ်။ (ယောဟန် ၅:၂၂) ကောင်းကင်တမန်မင်းအနေနဲ့ မိက္ခေလမှာ အခွင့်အာဏာ အတော်အတန် ရှိတယ်။ ဒါပေမဲ့ ရောင့်မတက်ဘူး။ နှိမ့်ချတယ်။ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ကို စောင့်တယ်။ ကိုယ့်မှာ အကန့်အသတ် ရှိတယ်ဆိုတာ ကျိုးနွံမှု ရှိရှိ လက်ခံတယ်။

ဒီအကြောင်း ရေးဖို့ ယုဒကို စွမ်းအားတော် လမ်းညွှန်တာ အကြောင်း ရှိတယ်။ ယုဒခေတ်က ခရစ်ယာန်တချို့ နှိမ့်ချမှု မရှိကြဘူး။ မောက်မာကြတယ်။ “အကြောင်းစုံကို တကယ် နားမလည်ဘဲ ရင့်ရင့်သီးသီး ပြောဆိုကြတယ်။” (ယုဒ ၁၀) ကျွန်တော်တို့ မစုံလင်ကြလို့ မာန်တက်ဖို့ လွယ်တယ်။ အကြီးအကဲအဖွဲ့ ဆုံးဖြတ်ချက်လိုမျိုး အသင်းတော် ကိစ္စတွေကို နားမလည်တဲ့အခါ ဘယ်လို တုံ့ပြန်ကြသလဲ။ အကြီးအကဲတွေ ဘာကြောင့် ဒီလို ဆုံးဖြတ်ရသလဲဆိုတဲ့ အကြောင်းရင်း အားလုံးကို ကျွန်တော်တို့ မသိဘူး။ ဒါကြောင့် ဆုံးဖြတ်ချက်ကို အတွန့်တက်မယ် ဒါမှမဟုတ် ဆုံးဖြတ်ချက် မှားနေတယ်ဆိုပြီး လိုက်ပြောမယ်ဆိုရင် နှိမ့်ချမှု မရှိတာပဲ။ မိက္ခေလ ယေရှုကို တုပပါ။ တရားစီရင်ပိုင်ခွင့် ကျွန်တော်တို့ကို ယေဟောဝါ ပေးမထားလို့ မစီရင်ပါနဲ့။

၁၀၊ ၁၁။ (က) မြေကြီးပေါ် လာဖို့ တာဝန်ကို ယေရှု လိုလိုလားလား လက်ခံတာက နှိမ့်ချမှု ရှိကြောင်း ဘယ်လို ပြသလဲ။ (ခ) ယေရှုရဲ့ နှိမ့်ချမှုကို ဘယ်လို တုပနိုင်သလဲ။

၁၀ မြေကြီးပေါ် လာဖို့ တာဝန်ကို လိုလိုလားလား လက်ခံခြင်းအားဖြင့်လည်း နှိမ့်ချမှု ရှိကြောင်း ယေရှု ပြတယ်။ ယေရှု ဘာတွေ ထားခဲ့ရမလဲ။ ယေရှုဟာ ကောင်းကင်တမန်မင်း ဖြစ်တယ်။ ဘုရားရဲ့ ပြောရေးဆိုခွင့် ရှိသူ “နှုတ်ကပတ်တော်” လည်း ဖြစ်တယ်။ (ယောဟန် ၁:၁-၃) ယေဟောဝါရဲ့ “သန့်ရှင်းပြီး ဂုဏ်ကျက်သရေရှိတဲ့ မြင့်မြတ်တဲ့စံအိမ်” မှာ နေတယ်။ (ဟေရှာယ ၆၃:၁၅) ဒါပေမဲ့ ‘အရာရာကို စွန့်လွှတ်၊ ကျွန်အဖြစ်ကို ခံယူပြီး လူသားတစ်ဦး ဖြစ်လာခဲ့တယ်။’ (ဖိလိပ္ပိ ၂:၇) မြေကြီးပေါ် လာတော့ ဘာတွေ ကြုံရသလဲ။ ကိုယ့်အသက်ကို ဂျူးအပျိုစင်တစ်ယောက်ရဲ့ သားအိမ်ထဲ အပြောင်းခံရတယ်။ သန္ဓေသားအဖြစ် ကိုးလ နေခဲ့ရတယ်။ မွေးလာတဲ့ မိသားစုကလည်း ဆင်းရဲတဲ့ လက်သမား မိသားစု။ မွေးကင်းစအရွယ်ကနေ လမ်းလျှောက်တတ်ခါစအရွယ်၊ ကလေးအရွယ်၊ ဆယ်ကျော်သက်အရွယ်အဖြစ် တဖြည်းဖြည်း ကြီးလာတယ်။ စုံလင်သူ ဖြစ်ပေမဲ့ လူငယ်ဘဝတစ်လျှောက်လုံး မစုံလင်သူ မိဘတွေကို နာခံတယ်။ (လုကာ ၂:၄၀၊ ၅၁၊ ၅၂) ဘယ်လောက် နှိမ့်ချလိုက်သလဲ။

၁၁ နိမ့်ကျပုံရတဲ့ တာဝန်တွေကို လိုလိုလားလား လက်ခံခြင်းအားဖြင့် ယေရှုရဲ့ နှိမ့်ချမှုကို ကျွန်တော်တို့ တုပနိုင်တယ်။ ဥပမာ၊ လူတွေ အလေးမထား၊ လှောင်ပြောင်၊ အတိုက်အခံ လုပ်ကြတဲ့အခါ နိုင်ငံတော် သတင်းစကား ဟောရတာ အောက်ကျနောက်ကျနိုင်ပုံ ပေါက်နေနိုင်တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ဒါပေမဲ့ ဆက်ဟောမယ်ဆိုရင် အသက်ပေါင်းများစွာ ကယ်နိုင်မယ်။ ယေရှု ခြေရာအတိုင်းသာ ဆက်လိုက်နေရင် နှိမ့်ချတတ်လာမယ်။

မြေကြီးပေါ် ရှိစဉ် ယေရှု နှိမ့်ချ

၁၂-၁၄။ (က) ချီးကျူးခံရတဲ့အခါ နှိမ့်ချမှု ရှိကြောင်း ယေရှု ဘယ်လို ပြသလဲ။ (ခ) လူတွေနဲ့ ဆက်ဆံတဲ့အခါ နှိမ့်ချမှု ရှိကြောင်း ယေရှု ဘယ်လို ပြသလဲ။ (ဂ) ယေရှုရဲ့ နှိမ့်ချမှုဟာ အပေါ်ယံ မဟုတ်ကြောင်း ဘယ်လို သိနိုင်သလဲ။

၁၂ မြေကြီးအမှုဆောင်ချိန် တစ်လျှောက်လုံး ယေရှု နှိမ့်ချမှု ပြတယ်။ ယေရှုရဲ့ ပညာရှိစကားတွေ၊ အံ့ဖွယ်အမှု လုပ်နိုင်စွမ်း၊ အရည်အသွေးကောင်းတွေကြောင့် လူတွေ ခဏခဏ ချီးကျူးကြတယ်။ ဘယ်လောက်ပဲ ချီးကျူးခံရပါစေ ယေရှု မြောက်မသွားဘူး။ ယေဟောဝါကိုပဲ အမြဲ ဂုဏ်တင်တယ်။—မာကု ၁၀:၁၇၊ ၁၈။ ယောဟန် ၇:၁၅၊ ၁၆

၁၃ လူတွေနဲ့ ဆက်ဆံတဲ့အခါ ယေရှု နှိမ့်ချမှု ပြတယ်။ တခြားသူတွေကို စေခိုင်းဖို့ မြေကြီးပေါ် လာတာ မဟုတ်ဘဲ အစေခံဖို့ လာတာလို့ ရှင်းရှင်းလင်းလင်း ပြောတယ်။ (မဿဲ ၂၀:၂၈) လူတွေကို ကြင်ကြင်နာနာ ဆက်ဆံတယ်။ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ တပည့်တွေ စိတ်ပျက်စေတဲ့အခါမှာတောင် ကြမ်းကြမ်းတမ်းတမ်း အပြစ်မတင်ဘူး။ စိတ်ရှည်ရှည်ထားပြီး ဆက်သွန်သင်ပေးတယ်။ (မဿဲ ၂၆:၃၉-၄၁) အေးအေးဆေးဆေး နားမယ်လုပ်ခါမှ လူအုပ် လိုက်လာတဲ့အခါကော။ နှင်မလွှတ်ဘူး။ ပင်ပန်းနေပေမဲ့ “အများကြီး” သွန်သင်ပေးတယ်။ (မာကု ၆:၃၀-၃၄) သမီးဖြစ်သူကို ကုပေးဖို့ အစ္စရေးလူမျိုး မဟုတ်တဲ့ အမျိုးသမီးတစ်ယောက် တောင်းဆိုတဲ့အခါ ကုမပေးဘူးလို့ အစပိုင်းမှာ ယေရှု ပြောတယ်။ ဒါပေမဲ့ ဒေါသတကြီး ငြင်းမလွှတ်ဘူး။ အခန်း ၁၄ မှာ တွေ့ရမှာ ဖြစ်တဲ့အတိုင်း အမျိုးသမီးရဲ့ ထူးခြားတဲ့ ယုံကြည်ခြင်းကြောင့် နားထောင်ပေးတယ်။ နောက်ဆုံး၊ တောင်းဆိုတဲ့အတိုင်း လုပ်ပေးတယ်။—မဿဲ ၁၅:၂၂-၂၈

၁၄ မိမိဟာ “နူးညံ့သိမ်မွေ့ပြီး စိတ်နှိမ့်ချတယ်” လို့ ယေရှု ပြောတယ်။ ယေရှုရဲ့ ဘဝကဏ္ဍအားလုံးကို ကြည့်ရင် အပြောနဲ့ အလုပ် ညီတာ တွေ့နိုင်တယ်။ (မဿဲ ၁၁:၂၉) ယေရှု အပေါ်ယံ နှိမ့်ချတာ မဟုတ်ဘူး။ စိတ်ရင်းခံနဲ့ နှိမ့်ချတာ။ ဒါကြောင့်လည်း နောက်လိုက်တွေ နှိမ့်ချမှု ရှိဖို့ အဓိကထား သင်ပေးခဲ့တယ်။

နှိမ့်ချတတ်ဖို့ နောက်လိုက်တွေကို သင်ပေး

၁၅၊ ၁၆။ လောကအုပ်စိုးရှင်တွေမှာ ဘယ်လို သဘောထား ရှိသလဲ။ ယေရှုနောက်လိုက်တွေမှာ ရှိသင့်တဲ့ သဘောထားနဲ့ ဘယ်လို ကွာသလဲ။

၁၅ နှိမ့်ချမှု ရှိဖို့ ယေရှုရဲ့ တပည့်တွေ အချိန်တော်တော်ယူခဲ့ရတယ်။ ယေရှု အကြိမ်ကြိမ် သင်ပေးတယ်။ တစ်ခါက နိုင်ငံတော်မှာ ရာထူးကြီးကြီး ရဖို့ မိခင်ကတစ်ဆင့် ယေရှုဆီ ယာကုပ်နဲ့ ယောဟန် တောင်းဆိုကြတယ်။ “ကျွန်တော့်ရဲ့ ဘယ်ညာနှစ်ဖက်မှာ ဘယ်သူတွေ ထိုင်ရမယ်ဆိုတာကို ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အဖဘုရားပဲ ဆုံးဖြတ်လိမ့်မယ်” ဆိုပြီး ကျိုးနွံမှု ရှိရှိ ယေရှု ပြန်ဖြေတယ်။ ဒီအကြောင်း ကျန်တဲ့ တမန်တော်ဆယ်ယောက် ကြားတော့ ယာကုပ်နဲ့ ယောဟန်ကို “စိတ်ဆိုး” ကြတယ်။ (မဿဲ ၂၀:၂၀-၂၄) ဒီပြဿနာကို ယေရှု ဘယ်လို ဖြေရှင်းသလဲ။

၁၆ “လောကအုပ်စိုးရှင်တွေဟာ နိုင်ထက်စီးနင်း လုပ်တတ်မှန်း၊ ခေါင်းဆောင်တွေလည်း အာဏာပြတတ်မှန်း ခင်ဗျားတို့ အသိပဲ။ ခင်ဗျားတို့ကတော့ အဲဒီလို မဖြစ်ရဘူး။ ကြီးမြတ်ချင်သူတိုင်း အစေခံ ဖြစ်ရမယ်။ ပထမနေရာ ရချင်သူတိုင်း ကျွန် ဖြစ်ရမယ်” ဆိုပြီး ကြင်ကြင်နာနာ တည့်မတ်ပေးတယ်။ (မဿဲ ၂၀:၂၅-၂၇) “လောကအုပ်စိုးရှင်တွေ” ဟာ မာနကြီးတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ အာဏာမက်တယ်ဆိုတာ တပည့်တွေ သိကြတယ်။ ဒီအာဏာရူးတွေနဲ့ မတူဖို့ တပည့်တွေကို ယေရှု ပြောနေတာ။ နှိမ့်ချမှု ရှိရမယ်။ ဒါကို တပည့်တွေ သဘောပေါက်ကြရဲ့လား။

၁၇-၁၉။ (က) နှိမ့်ချမှုအကြောင်း ယေရှု မသေခင်ညမှာ ဘယ်လို သင်ပေးသလဲ။ (ခ) နှိမ့်ချမှုနဲ့ပတ်သက်ပြီး လူသားတစ်ယောက်အနေနဲ့ ယေရှု သင်ပေးခဲ့တဲ့ သင်ခန်းစာတွေထဲမှာ ဘယ်တစ်ခုက အထိရောက်ဆုံးလဲ။

၁၇ တပည့်တွေအတွက် မလွယ်ဘူး။ ဒီအကြောင်း ယေရှု သင်ပေးတာ ပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ဘူး။ အစောပိုင်းတုန်းက ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး တပည့်တွေ အငြင်းပွားကြသေးတယ်။ ဒါကြောင့် ကလေးငယ်တစ်ယောက်ကို အလယ်မှာ ရပ်ခိုင်းပြီး ဒီကလေးငယ်လို ဖြစ်ဖို့ သင်ပေးတယ်။ လူကြီးတွေလို မာနကြီးတဲ့၊ သူ့ထက်ငါ သာချင်တဲ့ သဘောထားမျိုး ကလေးတွေမှာ မရှိလို့ပဲ။ (မဿဲ ၁၈:၁-၄) ဒါတောင် ယေရှု မသေခင် ညမှာ တပည့်တွေ ငြင်းခုံကြတယ်။ ဒါကြောင့် သူတို့ ဘယ်တော့မှ မမေ့မယ့် သင်ခန်းစာတစ်ခု သင်ပေးလိုက်တယ်။ အဲဒီခေတ်တုန်းက ဧည့်သည်တွေကို ကျွန်တွေ လုပ်ပေးရတဲ့ အနိမ့်ကျဆုံး အလုပ်ကို လုပ်ပြတယ်။ ပဝါကို ခါးမှာ စည်းပြီး တမန်တော်တစ်ယောက်စီရဲ့ ခြေကို ဆေးပေးတယ်။ မိမိကို သစ္စာဖောက်မယ့် ယုဒရဲ့ ခြေကိုတောင် ဆေးပေးတယ်။—ယောဟန် ၁၃:၁-၁၁

၁၈ ယေရှု ဘာကြောင့် ခြေထောက်ဆေးပေးတာလဲ။ “ဒါဟာ ခင်ဗျားတို့အတွက် ကျွန်တော်ပြတဲ့ စံနမူနာပဲ” လို့ ပြောတယ်။ (ယောဟန် ၁၃:၁၅) နှိမ့်ချမှု ရှိရမယ်ဆိုတာ တပည့်တွေ သဘောပေါက်သွားကြပြီလား။ သဘောမပေါက်ကြသေးဘူး။ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အဲဒီညမှာတင် ထပ်ငြင်းကြလို့ပဲ။ (လုကာ ၂၂:၂၄-၂၇) ဒါတောင် ယေရှု စိတ်ရှည်တယ်။ နှိမ့်ချမှု ရှိရှိ သင်ပေးတယ်။ “ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ဒုက္ခသစ်တိုင်ပေါ် အသေခံတဲ့အထိ နာခံ” ခြင်းအားဖြင့် ဒီအရေးကြီး သင်ခန်းစာကို သင်ပေးတယ်။ (ဖိလိပ္ပိ ၂:၈) ဘုရားကို ဘယ်တုန်းကမှ မစော်ကားပေမဲ့ ရာဇဝတ်သားလို အရှက်တကွဲ အသေခံခဲ့တယ်။ အကြွင်းမဲ့ နှိမ့်ချကြောင်း သက်သေပြလိုက်တာပဲ။ ဖန်ဆင်းရာအားလုံးမှာ ယေရှု တစ်ယောက်ပဲ အဲဒီလို နှိမ့်ချမှု ပြနိုင်ခဲ့တာ။

၁၉ ဒီသင်ခန်းစာဟာ တပည့်တွေကို လူသားတစ်ယောက်အနေနဲ့ ယေရှု သင်ပေးခဲ့တဲ့ နောက်ဆုံး သင်ခန်းစာပဲ။ တပည့်တွေ စိတ်အထိမိဆုံး သင်ခန်းစာလည်း ဖြစ်တယ်။ ဘယ်တော့မှ မမေ့ကြတော့ဘူး။ အဲဒီနောက် ဆယ်စုနှစ်ချီ ကြာတဲ့အထိ တပည့်တွေ နှိမ့်ချမှု ရှိရှိ အမှုဆောင်ကြတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ကျွန်တော်တို့ကော။

ယေရှုကို သင် အတုယူမလား

၂၀။ နှိမ့်ချမှု ရှိမရှိ ဘယ်လို သိနိုင်မလဲ။

၂၀ “ခရစ်တော်ယေရှုမှာ ရှိတဲ့ အဲဒီစိတ်သဘောထားကို ခင်ဗျားတို့လည်း မွေးမြူကြပါ” လို့ ပေါလု ပြောတယ်။ (ဖိလိပ္ပိ ၂:၅) ကျွန်တော်တို့ ယေရှုလို “စိတ်နှိမ့်ချ” ရမယ်။ တကယ် နှိမ့်ချရဲ့လားဆိုတာ ဘယ်လို သိနိုင်မလဲ။ “ငြင်းခုံရန်တွေ့ချင်တဲ့စိတ်၊ အတ္တစိတ်နဲ့ ဘာမှ မလုပ်ကြပါနဲ့။ စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက် သာတယ်လို့ သဘောထားပါ” လို့ ပေါလု သတိပေးတယ်။ (ဖိလိပ္ပိ ၂:၃) တခြားသူတွေကို ဘယ်လို မြင်သလဲဆိုတာ ဆန်းစစ်ပါ။ ကျွန်တော်တို့ထက် ပိုသာတယ်၊ ပိုအရေးကြီးတယ်လို့ မြင်ရမယ်။ ဒီသတိပေးချက်အတိုင်း သင် လုပ်မလား။

၂၁၊ ၂၂။ (က) ခရစ်ယာန်ကြီးကြပ်မှူးတွေ ဘာကြောင့် နှိမ့်ချရမလဲ။ (ခ) စိတ်နှိမ့်ချမှုကို ဝတ်ထားကြောင်း ဘယ်လို ပြနိုင်သလဲ။

၂၁ ယေရှု သေတာ နှစ်တော်တော် ကြာသွားတာတောင် နှိမ့်ချမှု သင်ခန်းစာ တမန်တော် ပေတရု မှတ်မိနေတုန်းပဲ။ အသင်းတော်တာဝန်တွေကို နှိမ့်ချမှု ရှိရှိ လုပ်ဖို့၊ ဘုရားသခင့် သိုးတော်စုကို ပိုင်စိုးပိုင်နင်း မလုပ်ဖို့ ခရစ်ယာန်ကြီးကြပ်မှူးတွေကို ပေတရု သင်ပေးတယ်။ (၁ ပေတရု ၅:၂၊ ၃) အသင်းတော်မှာ တာဝန်တွေ ရလာတဲ့အခါ မာန်မတက်သင့်ဘူး။ ပိုပြီးတော့တောင် နှိမ့်ချသင့်တယ်။ (လုကာ ၁၂:၄၈) ကြီးကြပ်မှူးတွေသာမက ခရစ်ယာန်ယောက်တိုင်း နှိမ့်ချမှု ရှိဖို့ အရေးကြီးတယ်။

၂၂ တားနေတဲ့ကြားက ယေရှု မိမိခြေထောက် ဆေးပေးခဲ့တာကို ပေတရု ဘယ်တော့မှ မမေ့ဘူး။ (ယောဟန် ၁၃:၆-၁၀) ဒါကြောင့် “ခင်ဗျားတို့အားလုံး အချင်းချင်း ဆက်ဆံတဲ့အခါ စိတ်နှိမ့်ချပါ” လို့ ခရစ်ယာန်အားလုံးဆီ ပေတရု ရေးခဲ့တယ်။ (၁ ပေတရု ၅:၅) မူရင်းကျမ်းမှာ “စိတ်နှိမ့်ချမှုကို ဝတ်ဆင်ပါ” လို့ ရေးထားတယ်။ နိမ့်ကျတဲ့ အလုပ်လုပ်ဖို့ အစေခံတစ်ယောက် ခါးစည်းတာကို ရည်ညွှန်းတယ်။ ဒီအသုံးအနှုန်းက ယေရှု ဒူးထောက်ပြီး တပည့်တွေကို ခြေမဆေးပေးခင် ပဝါကို ခါးမှာ စည်းနေတာ မြင်ယောင်မိစေတယ်။ ယေရှုလိုပဲ ကျွန်တော်တို့လည်း နှိမ့်ချမှုသာ ရှိမယ်ဆိုရင် ဘာတာဝန်ပဲရရ အောက်ကျတယ်လို့ ယူဆမှာ မဟုတ်ဘူး။ ကိုယ် ဘာဝတ်ထားသလဲဆိုတာ တခြားသူတွေ မြင်နိုင်သလို နှိမ့်ချမှုလည်း တခြားသူတွေ ရှေ့မှာ မြင်သာသင့်တယ်။

၂၃၊ ၂၄။ (က) ဘာကြောင့် မောက်မာတဲ့ သဘောထား နည်းနည်းတောင် မရှိသင့်သလဲ။ (ခ) နှိမ့်ချမှုနဲ့ပတ်သက်ပြီး ဘယ်လို မြင်တာ မှားကြောင်း နောက်အခန်းမှာ ဆွေးနွေးကြမလဲ။

၂၃ မောက်မာတာဟာ အဆိပ်နဲ့ တူတယ်။ ကိုယ့်အတွက်ကော တခြားသူတွေအတွက်ပါ အန္တရာယ် ရှိတယ်။ မောက်မာသူဟာ ကိုယ်စွမ်းကိုယ်စ ဘယ်လောက် ရှိရှိ ဘုရားအတွက် အသုံးမဝင်သူပဲ။ နှိမ့်ချသူကတော့ ကိုယ်စွမ်းကိုယ်စ မရှိရင်တောင် ဘုရားအတွက် အသုံးဝင်သူ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ယေရှုလို နှိမ့်ချနိုင်ဖို့ နေ့တိုင်း ကြိုးစားရမယ်။ ဒါဆိုရင် ယေဟောဝါ ဆုချမယ်။ “ဘုရားသခင်က အချိန်တန်ရင် ချီးမြှောက်မှာဖြစ်လို့ တန်ခိုးကြီးတဲ့ လက်ရုံးတော်အောက်မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကြပါ” လို့ ပေတရု ပြောတယ်။ (၁ ပေတရု ၅:၆) ယေရှု အကြွင်းမဲ့ နှိမ့်ချလို့ ယေဟောဝါ ချီးမြှောက်တယ်။ သင်လည်း နှိမ့်ချမယ်ဆိုရင် ယေဟောဝါ ဆုချပါလိမ့်မယ်။

၂၄ နှိမ့်ချသူကို လူပျော့လူညံ့လို့ တချို့ မြင်ကြတယ်။ ဒီလိုမြင်တာ မှားတယ်။ အနှိမ့်ချဆုံး လူသား ယေရှုဟာ သတ္တိအရှိဆုံး ဖြစ်လို့ပါပဲ။ ဒီအကြောင်း နောက်အခန်းမှာ ဆွေးနွေးကြမယ်။

a ဒီဖြစ်ရပ်နှင့်ပတ်သက်ပြီး မြည်းဆိုတာ “နိမ့်ကျတဲ့ သတ္တဝါ” ဖြစ်တယ်လို့ စာအုပ်တစ်အုပ်က ဆိုတယ်။ ဒီတိရစ္ဆာန်တွေဟာ “နှေးကွေးပြီး ပေကတ်ကတ်နိုင်တယ်။ ဆင်းရဲသားတွေ သုံးတဲ့ တိရစ္ဆာန် ဖြစ်ပြီး ရုပ်လည်း ဆိုးတယ်” လို့ ဆိုတယ်။

b မိက္ခေလဟာ ယေရှု ဖြစ်တယ်ဆိုတဲ့ ထပ်ဆင့် အထောက်အထားကို jw.org မှာ တင်ထားတဲ့ “ကျမ်းစာ မေးခွန်းများရဲ့ အဖြေ” အပိုင်းအောက်က “ကောင်းကင်တမန်မင်း မိက္ခေလက ဘယ်သူလဲ” ဆောင်းပါးမှာ ကြည့်ပါ။