မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

‘ဉာဏ်ပညာနဲ့ဆိုင်တဲ့ ဘဏ္ဍာရှိသမျှ’

‘ဉာဏ်ပညာနဲ့ဆိုင်တဲ့ ဘဏ္ဍာရှိသမျှ’

၁-၃။ အေဒီ ၃၁၊ နွေဦးတစ်ရက်မှာ ယေရှု သွန်သင်ပေးနေတဲ့ မြင်ကွင်း ပြောပြပါ။ လူအုပ် ဘာကြောင့် အံ့သြသွားသလဲ။

 အေဒီ ၃၁၊ နွေဦးတစ်ရက်၊ ဂါလိလဲအိုင် အနောက်မြောက်ဘက် ကမ်းခြေက လူစည်ကားတဲ့ ကပေရနောင်မြို့နားမှာ ယေရှုခရစ် ရောက်နေတယ်။ မြို့နားက တောင်ပေါ်ကို တစ်ယောက်တည်း သွားပြီး တစ်ညလုံး ဆုတောင်းခဲ့တယ်။ မိုးလင်းတော့ တပည့်တွေကို ခေါ်၊ ၁၂ ယောက် ရွေးပြီး တမန်တော်လို့ နာမည်ပေးလိုက်တယ်။ အဲဒီအချိန်မှာ လူအုပ်ကြီး ရောက်လာပြီး တောင်ပေါ် မြေပြန့်တစ်နေရာမှာ စုနေကြတယ်။ တချို့က တော်တော် ဝေးဝေးကနေ လာကြတာ။ ယေရှု သွန်သင်ပေးတာ နားထောင်ချင်လို့၊ ရောဂါကုပေးတာ ခံချင်လို့ပဲ။ လူအုပ်ဆန္ဒ ယေရှု ဖြည့်ဆည်းပေးတယ်။—လုကာ ၆:၁၂-၁၉

လူအုပ်ဆီ သွားပြီး ဖျားနာသူအားလုံးကို ယေရှု ကုပေးတယ်။ ရောဂါဝေဒနာ ခံစားနေရသူအားလုံးကို ကုပေးပြီးတော့မှ ထိုင်ပြီး သွန်သင်တယ်။ a နွေဦးလေ တဖြူးဖြူး တိုက်နေတဲ့ အဲဒီနေ့မှာ ယေရှု သွန်သင်ပုံကြောင့် လူအုပ် အံ့သြသွားတယ်။ ယေရှု သင်ပေးသလို သင်ပေးတာ တစ်ခါမှ မခံရဖူးလို့ပဲ။ လူအထင်ကြီးအောင်ဆိုပြီး နှုတ်တိုက်ထုံးတမ်းစဉ်လာတွေ၊ နာမည်ကြီး ဂျူးရဗ္ဗိအဆိုတွေ ယေရှု မကိုးကားဘူး။ ဟီဘရူး ကျမ်းစာစောင်တွေကိုပဲ ထပ်ခါထပ်ခါ ကိုးကားတယ်။ နားလည်လွယ်ဖို့ ရိုးရိုးရှင်းရှင်း သွန်သင်တယ်။ သွန်သင်လို့လည်း ပြီးကော လူအုပ် ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ အသက်ရှင်ခဲ့သမျှမှာ ပညာအရှိဆုံး ပုဂ္ဂိုလ် သွန်သင်ပေးတာ နားထောင်လိုက်ရတာကိုး။—မဿဲ ၇:၂၈၊ ၂၉

“လူအုပ်က ယေရှုရဲ့ သွန်သင်ပုံကို အံ့ဩကြတယ်”

အဲဒီတရားတော် အပါအဝင် ယေရှု ပြောခဲ့လုပ်ခဲ့တာတွေ ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ‘ဉာဏ်ပညာဘဏ္ဍာ ရှိသမျှ’ ယေရှုမှာ ရှိလို့ ယေရှုအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားသမျှ လေ့လာသင့်တယ်။ (ကောလောသဲ ၂:၃) ဉာဏ်ပညာဆိုတာ အသိပညာနဲ့ သိနားလည်မှုကို လက်တွေ့အသုံးချနိုင်စွမ်း ဖြစ်တယ်။ အဲဒီလိုဉာဏ်ပညာ ယေရှု ဘယ်က ရသလဲ။ ဉာဏ်ပညာ ရှိကြောင်း ဘယ်လို ပြသလဲ။ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

“ဒီလိုဉာဏ်ပညာမျိုး . . . သူ ဘယ်က ရတာလဲ”

၄။ နာဇရက်မြို့သားတွေ ဘာမေးကြသလဲ။ ဘာကြောင့်လဲ။

နယ်လှည့် ဟောပြောရင်း ဇာတိမြို့ နာဇရက် ဝင်ပြီး တရားဇရပ်မှာ ယေရှု စသွန်သင်တယ်။ “ဒီလိုဉာဏ်ပညာမျိုး . . . သူ ဘယ်က ရတာလဲ” လို့ ပရိသတ်တွေ အံ့သြတကြီး မေးကြတယ်။ ယေရှုရဲ့ မိဘ၊ မောင်နှမ ဘယ်သူဘယ်ဝါမှန်း၊ မြို့မျက်နှာဖုံး မိသားစု မဟုတ်မှန်း သိကြတယ်။ (မဿဲ ၁၃:၅၄-၅၆။ မာကု ၆:၁-၃) အဟောအပြောကောင်းတဲ့ ဒီလက်သမားဟာ ဘယ်နာမည်ကြီး ဘာသာရေးကျောင်းမှ မတက်ခဲ့မှန်းလည်း သိကြတယ်။ (ယောဟန် ၇:၁၅) ဒါကြောင့် အဲဒီလို မေးကြတာ။

၅။ ဉာဏ်ပညာ ဘယ်က ရတယ်လို့ ယေရှု ပြောသလဲ။

ယေရှု ဉာဏ်ပညာ ရှိတာဟာ စုံလင်သူ ဖြစ်တာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဉာဏ်ပညာ ပိုကြီးမားသူဆီက သင်ယူရရှိထားတာ ဖြစ်ကြောင်း နောက်ပိုင်း၊ ဗိမာန်တော်မှာ သွန်သင်ပေးချိန် ဒီလိုပြောတယ်– “ကျွန်တော် သင်ပေးနေတာတွေဟာ ကျွန်တော့်ရဲ့ တရား မဟုတ်ဘူး။ ကျွန်တော့်ကို စေလွှတ်လိုက်တဲ့ အရှင်ရဲ့ တရားတွေပဲ။” (ယောဟန် ၇:၁၆) စေလွှတ်လိုက်တဲ့ အဖဘုရားဆီကနေ ယေရှု ဉာဏ်ပညာ ရတာ။ (ယောဟန် ၁၂:၄၉) ဘယ်လို ရသလဲ။

၆၊ ၇။ ဘယ်နည်းတွေနဲ့ ဖခင်ဆီက ဉာဏ်ပညာ ယေရှု ရသလဲ။

စွမ်းအားတော် ညွှန်ကြားတဲ့အတိုင်း ယေရှု တွေးတောခံစားတယ်။ မေရှိယနဲ့ပတ်သက်ပြီး “ယေဟောဝါရဲ့ စွမ်းအားတော်က သူ့အပေါ်မှာ တည်နေမယ်။ ဒါကြောင့် သူဟာ ဉာဏ်ပညာနဲ့ ပြည့်စုံပြီး သိနားလည်နိုင်စွမ်း ကြွယ်ဝမယ်။ အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့သူ၊ အစွမ်းခွန်အား ကြီးတဲ့သူ၊ အသိပညာ ကြွယ်တဲ့သူ၊ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့သူ ဖြစ်လိမ့်မယ်” လို့ ဟေရှာယ ကြိုဟောထားတယ်။ (ဟေရှာယ ၁၁:၂) စွမ်းအားတော် တည်နေလို့၊ စွမ်းအားတော် လမ်းညွှန်တဲ့အတိုင်း ယေရှု တွေးခေါ်ဆုံးဖြတ်လို့ ပြောသမျှ လုပ်သမျှမှာ ယေဟောဝါရဲ့ ပြည့်ဝစုံလင်တဲ့ ဉာဏ်ပညာ ပေါ်လွင်တာ။

အဖဘုရားဆီက ဉာဏ်ပညာကို ယေရှု နောက်တစ်နည်းနဲ့လည်း ရတယ်။ အခန်း ၂ မှာ သိခဲ့တဲ့အတိုင်း မြေကြီးပေါ် မလာခင် ကောင်းကင်မှာ ဖခင်နဲ့အတူ နှစ်ပေါင်းများစွာ နေခဲ့လို့ ဖခင်ရဲ့ တွေးခေါ်ခံစားပုံကို ဘယ်လောက်တောင် သိနေလိုက်မလဲ။ သက်ရှိသက်မဲ့ အရာအားလုံးကို ဖခင် ဖန်ဆင်းတုန်းက “ကျွမ်းကျင်လုပ်သား” အဖြစ် ဝိုင်းကူခဲ့လို့ ဘယ်လောက်တောင် ပညာရသွားလိုက်မလဲ။ ဒါကြောင့် မြေကြီးပေါ် မလာခင် ယေရှုကို ကျမ်းစာမှာ ဉာဏ်ပညာနဲ့ တင်စားထားတာ။ (ပညာအလိမ္မာ ၈:၂၂-၃၁။ ကောလောသဲ ၁:၁၅၊ ၁၆) ကောင်းကင်မှာ ဖခင်ဆီက ရခဲ့တဲ့ ဉာဏ်ပညာကို မြေကြီးအမှုဆောင်ချိန်အတွင်း ယေရှု အသုံးချတယ်။ b (ယောဟန် ၈:၂၆၊ ၂၈၊ ၃၈) ဒါကြောင့်လည်း ပြောသမျှ လုပ်သမျှမှာ အသိပညာ၊ သိနားလည်နိုင်စွမ်း တွေ့ရတာ။

၈။ ယေရှုနောက်လိုက်တွေ ဉာဏ်ပညာ ဘယ်လို ရနိုင်သလဲ။

ယေရှုနောက်လိုက် ကျွန်တော်တို့လည်း ဉာဏ်ပညာရင်းမြစ် ယေဟောဝါကို အားကိုးရမယ်။ (ပညာအလိမ္မာ ၂:၆) ကျွန်တော်တို့ကို အံ့ဖွယ်နည်းနဲ့ ဉာဏ်ပညာ မပေးဘူး။ ဒါပေမဲ့ ဘဝအခက်အခဲတွေ အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့ ဉာဏ်ပညာ တောင်းတဲ့အခါ ပေးမယ်။ (ယာကုပ် ၁:၅) “ရတနာသိုက်” လိုက်ရှာသလို ဉာဏ်ပညာကို မပြတ် ရှာရမှာ ဖြစ်လို့ ကြိုးစားအားထုတ်မှု လိုတယ်။ (ပညာအလိမ္မာ ၂:၁-၆) ဘုရားဉာဏ်ပညာ ပေါ်လွင်နေတဲ့ ကျမ်းစာကို ထဲထဲဝင်ဝင် ဆက်လေ့လာရမယ်။ သိလာတဲ့အတိုင်း လက်တွေ့ကျင့်ရမယ်။ ဉာဏ်ပညာ ရနိုင်တဲ့ အကောင်းဆုံး တစ်နည်းကတော့ ယေရှုရဲ့ စံနမူနာကို တွေးတောဆင်ခြင်တာပဲ။ ဉာဏ်ပညာ ရှိကြောင်း ယေရှု ဘယ်အခြေအနေတွေမှာ ပြသလဲ။ ဘယ်လို အတုယူနိုင်သလဲ။

ဉာဏ်ပညာ စကားတွေ

ကျမ်းစာမှာ ဘုရားဉာဏ်ပညာ ပေါ်လွင်

၉။ ယေရှုရဲ့ သွန်သင်ချက်တွေ ဘာကြောင့် ပညာရှိသလဲ။

ယေရှု ဟောတာ နားထောင်ဖို့ လူအများကြီး စုဝေးလာတတ်ကြတယ်။ (မာကု ၆:၃၁-၃၄။ လုကာ ၅:၁-၃) အံ့သြစရာတော့ မဟုတ်ဘူး။ ယေရှု သွန်သင်သမျှ ဉာဏ်ပညာ စကားတွေချည်း ဖြစ်လို့ပဲ။ ကျမ်းစာ ကျွမ်းတယ်၊ လူတွေရဲ့ အတွင်းစိတ်အထိ သိမြင်နိုင်တယ်ဆိုတာ သွန်သင်ပုံမှာ ပေါ်တယ်။ ဒေသမရွေး၊ ခေတ်ကာလမရွေး အသုံးဝင်တယ်။ “အကောင်းဆုံး အတိုင်ပင်ခံ” ယေရှုရဲ့ ဉာဏ်ပညာ စကားတချို့ သုံးသပ်ကြရအောင်။—ဟေရှာယ ၉:၆

၁၀။ ဘယ်အရည်အသွေးကောင်းတွေ ရှိအောင် လုပ်ဖို့ ယေရှု တိုက်တွန်းသလဲ။ ဘာကြောင့်လဲ။

၁၀ တောင်ပေါ်တရားတော်မှာ ဇာတ်ကြောင်း ပြောတာ၊ တခြားသူတွေ ကြားဖြတ် မေးတာပြောတာ မပါဘဲ ယေရှုရဲ့ သွန်သင်ချက်တွေချည်း စုထားတယ်။ ဘယ်လို ပြောဆိုပြုမူသင့်သလဲဆိုတာ ယေရှု အကြံပေးရုံ မပေးဘူး။ အပြောအဆို၊ အပြုအမူတွေဟာ အတွေး၊ ခံစားချက်ကနေ ဖြစ်လာမှန်း ယေရှု သိတယ်။ ဒါကြောင့် နူးညံ့သိမ်မွေ့ခြင်း၊ ဖြောင့်မှန်တာ လုပ်ချင်စိတ် ပြင်းပြခြင်း၊ သနားကြင်နာခြင်း၊ ငြိမ်သက်စေခြင်း၊ ချစ်ခြင်းစတဲ့ အရည်အသွေးကောင်းတွေ ရှိအောင် လုပ်ဖို့ တိုက်တွန်းတယ်။ (မဿဲ ၅:၅-၉၊ ၄၃-၄၈) ဒီအရည်အသွေးကောင်းတွေ ရှိရင် ယေဟောဝါ နှစ်သက်တဲ့ နည်းအတိုင်း ပြောတတ်လုပ်တတ်လာမယ်။ တခြားသူတွေနဲ့ ဆက်ဆံရေး ကောင်းလာမယ်။—မဿဲ ၅:၁၆

၁၁။ မကောင်းတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ယေရှု ဘယ်လို ဆုံးမသလဲ။

၁၁ မကောင်းတဲ့ လုပ်ရပ်တွေ မလုပ်ဖို့ ယေရှု သတိပေးရုံ မပေးဘူး။ မကောင်းတဲ့ လုပ်ရပ် လုပ်မိစေနိုင်တဲ့ ဆန္ဒ၊ သဘောထားတွေကို သတိထားဖို့ ပြောတယ်။ ဥပမာ၊ တခြားသူတွေကို ထိခိုက်အောင် မလုပ်နဲ့လို့ပဲ မပြောဘူး။ အမျက်မပြေနိုင် ဖြစ်မနေဖို့ သတိပေးတယ်။ (မဿဲ ၅:၂၁၊ ၂၂။ ၁ ယောဟန် ၃:၁၅) အိမ်ထောင်ရေး မဖောက်ပြန်နဲ့လို့ပဲ မပြောဘူး။ ရာဂစိတ် ပေါ်မလာစေဖို့ သတိပေးတယ်။ ရာဂစိတ် ပေါ်လာစေမယ့်အရာတွေ မကြည့်ဖို့ ဆုံးမတယ်။ (မဿဲ ၅:၂၇-၃၀) လုပ်ရပ်ကိုသာမက ဘာကြောင့် လုပ်မိတယ်ဆိုတဲ့ အကြောင်းရင်းကိုပါ ဆန်းစစ်တတ်ဖို့ သင်ပေးတယ်။ အပြစ်လုပ်မိစေမယ့် သဘောထား၊ အလိုဆန္ဒကို ထောက်ပြတယ်။—ဆာလံ ၇:၁၄

၁၂။ ယေရှုရဲ့ ဆုံးမစကားတွေကို ကျွန်တော်တို့ ဘယ်လို သဘောထားကြသလဲ။ ဘာကြောင့်လဲ။

၁၂ ယေရှုစကားတွေ တကယ် ဉာဏ်ပညာ ရှိတာပဲ။ ဒါကြောင့် “လူအုပ်က ယေရှုရဲ့ သွန်သင်ပုံကို အံ့ဩ” တာ။ (မဿဲ ၇:၂၈) ဒီဉာဏ်ပညာ စကားတွေကို ဘဝလမ်းညွှန်အဖြစ် ကျွန်တော်တို့ သဘောထားကြတယ်။ သနားကြင်နာခြင်း၊ ငြိမ်သက်စေခြင်း၊ ချစ်ခြင်းစတဲ့ အရည်အသွေးကောင်းတွေဟာ ဘုရား နှစ်သက်တဲ့ အကျင့်တွေ ကျင့်စေနိုင်မှန်း သိလို့ ရှိအောင် ကြိုးစားကြတယ်။ နာကြည်းမုန်းတီးခြင်း၊ မသင့်တော်တဲ့ အလိုဆန္ဒစတဲ့ ဆိုးညစ်တဲ့ သဘောထားတွေဟာ အပြစ်ရှိတဲ့ အကျင့်တွေ ကျင့်စေနိုင်မှန်း သိလို့ စိတ်ထဲကနေ အမြစ်ပါမကျန် နုတ်ပစ်ဖို့ ကြိုးစားကြတယ်။—ယာကုပ် ၁:၁၄၊ ၁၅

ဉာဏ်ပညာ လုပ်ရပ်တွေ

၁၃၊ ၁၄။ ဘယ်လို ဘဝမျိုးနဲ့ နေမလဲ ဆုံးဖြတ်ရာမှာ ဉာဏ်ပညာ ရှိကြောင်း ယေရှု ဘယ်လို ပြသလဲ။

၁၃ ဉာဏ်ပညာ ရှိကြောင်း အပြောနဲ့ကော လုပ်ရပ်နဲ့ပါ ယေရှု ပြတယ်။ ဆုံးဖြတ်ချက် ချပုံ၊ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံ၊ တခြားသူတွေနဲ့ ဆက်ဆံပုံ အပါအဝင် ယေရှုရဲ့ အသက်တာ တစ်ခုလုံးဟာ စစ်မှန်တဲ့ ဉာဏ်ပညာ ဘာလဲဆိုတာ ဖော်ပြနေတယ်။ “လက်တွေ့ကျ ဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း” ရှိကြောင်း ယေရှု ဘယ်လို ပြသလဲ လေ့လာကြရအောင်။—ပညာအလိမ္မာ ၃:၂၁

၁၄ ဉာဏ်ပညာ ရှိသူဟာ ဆုံးဖြတ်ချက်ကောင်းတွေ ချတယ်။ ဘယ်လို ဘဝမျိုးနဲ့ နေမလဲ ဆုံးဖြတ်ရာမှာ ဉာဏ်ပညာ ရှိကြောင်း ယေရှု ပြတယ်။ တကယ်ဆိုရင် ဘယ်လို ဘဝမျိုးနဲ့ နေလို့ ရသလဲ။ အိမ်ကောင်းကောင်း ဆောက်ပြီး နေလို့ ရတယ်။ ဝင်ငွေဖြောင့်တဲ့ လုပ်ငန်း ထူထောင်လို့ ရတယ်။ နိုင်ငံရေးသမား လုပ်လို့ ရတယ်။ ဒါပေမဲ့ ဒါတွေအတွက် ဘဝကို ပုံအောတာ ‘အချည်းနှီးပဲ။ လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ’ ဆိုတာ ယေရှု သိတယ်။ (ဒေသနာ ၄:၄။ ၅:၁၀) မိုက်မဲရာ၊ ဉာဏ်ပညာ မရှိရာကျတယ်ဆိုတာ သိတယ်။ ဒါကြောင့် ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းတယ်။ ငွေရှာဖို့၊ ပစ္စည်းဥစ္စာ စုဆောင်းဖို့ အဓိကမထားဘူး။ (မဿဲ ၈:၂၀) တခြားသူတွေကို သွန်သင်ပေးတဲ့အတိုင်း ဘုရားအမှုဆောင်ခြင်းကိုပဲ အာရုံစိုက်တယ်။ (မဿဲ ၆:၂၂) ရုပ်ပစ္စည်းထက် ပိုအရေးကြီးတဲ့၊ ပိုအကျိုးရတဲ့ နိုင်ငံတော်လုပ်ငန်းကို ဦးစားထားခြင်းအားဖြင့် အချိန်၊ ခွန်အားကို ပညာရှိရှိ သုံးတယ်။ (မဿဲ ၆:၁၉-၂၁) အတုယူထိုက်တဲ့ စံနမူနာကောင်းပါပဲ။

၁၅။ ဘုရားနိုင်ငံတော်ကို ဦးစားထားကြောင်း ယေရှုနောက်လိုက်တွေ ဘယ်လို ပြကြသလဲ။ ဒါ ဘာကြောင့် ပညာရှိလမ်းစဉ် ဖြစ်သလဲ။

၁၅ ဘဝမှာ နိုင်ငံတော်လုပ်ငန်းကို ဦးစားထားတာ ဉာဏ်ပညာ ရှိရာရောက်မှန်း ဒီနေ့ခေတ် ယေရှုနောက်လိုက်တွေ သိကြတယ်။ ဒါကြောင့် မလိုအပ်ဘဲ အကြွေးတင်မခံကြဘူး။ အချိန်ကုန်၊ လူပင်ပန်းတာတွေ မလိုက်စားကြဘူး။ (၁ တိမောသေ ၆:၉၊ ၁၀) အမှုဆောင်လုပ်ငန်းမှာ အချိန် ပိုပေးနိုင်ဖို့၊ ရှေ့ဆောင်လုပ်နိုင်ဖို့ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းကြတယ်။ ဘုရားနိုင်ငံတော် ဦးစားထားတာ အပျော်ရွှင်ဆုံး၊ ကျေနပ်စရာ အကောင်းဆုံး အသက်တာ ရစေလို့ ဒီထက် ပညာရှိတဲ့ လမ်းစဉ် မရှိတော့ဘူး။—မဿဲ ၆:၃၃

၁၆၊ ၁၇။ (က) ကျိုးနွံမှု ရှိကြောင်း ယေရှု ဘယ်လို ပြသလဲ။ (ခ) ကျိုးနွံမှု ရှိကြောင်း ကျွန်တော်တို့ ဘယ်လို ပြနိုင်သလဲ။

၁၆ ဉာဏ်ပညာ ရှိသူဟာ ကျိုးနွံတယ်၊ ကိုယ့်အကန့်အသတ်ကို အသိအမှတ်ပြုတယ်လို့ ကျမ်းစာမှာ ဆိုတယ်။ (ပညာအလိမ္မာ ၁၁:၂) ယေရှုဟာ ကျိုးနွံမှု ရှိတယ်။ ကိုယ်မလုပ်နိုင်တာတချို့ ရှိတယ်ဆိုတာ လက်ခံတယ်။ သတင်းစကား နားထောင်သူတိုင်းကို နောက်လိုက် ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်မှန်း သိတယ်။ (မဿဲ ၁၀:၃၂-၃၉) လူတိုင်းစေ့ကို သတင်းကောင်း ဟောဖို့ မဖြစ်နိုင်မှန်းလည်း သိတယ်။ ဒါကြောင့် နောက်လိုက်တွေကို တပည့်ဖြစ်စေခြင်းတာဝန် ပေးတယ်။ (မဿဲ ၂၈:၁၈-၂၀) မိမိထက် နောက်လိုက်တွေ ဟောနိုင်မယ့် ဒေသ၊ လူ၊ အချိန် ပိုများမယ်၊ မိမိ လုပ်နိုင်တာထက် “ကြီးမားတာတွေ” လုပ်မယ်ဆိုတာ ကျိုးနွံမှုရှိရှိ လက်ခံတယ်။ (ယောဟန် ၁၄:၁၂) ဒါ့အပြင် တခြားသူတွေရဲ့ အကူအညီ လိုမှန်း ယေရှု အသိအမှတ်ပြုတယ်။ တောမှာ ကောင်းကင်တမန်တွေ ရောက်လာပြီး အလုပ်အကျွေး ပြုတဲ့အခါ၊ ဂေသရှေမန်ဥယျာဉ်မှာ ကောင်းကင်တမန်တစ်ပါး လာအားပေးတဲ့အခါ အကူအညီ လက်ခံတယ်။ ဘုရားသားတော် ဖြစ်ပေမဲ့ အကူအညီ အလိုအပ်ဆုံး အချိန်မှာ အော်ဟစ်ငိုကြွေးပြီး တိုးလျှိုးအသနားခံတယ်။—မဿဲ ၄:၁၁။ လုကာ ၂၂:၄၃။ ဟီဘရူး ၅:၇

၁၇ ကျွန်တော်တို့လည်း ကျိုးနွံမှု ရှိရမယ်။ ကိုယ်မလုပ်နိုင်တာတွေ ရှိတယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ စိတ်ရောကိုယ်ပါ အားသွန်ခွန်စိုက် ပါဝင်ချင်ကြတာ မှန်ပါတယ်။ (လုကာ ၁၃:၂၄။ ကောလောသဲ ၃:၂၃) ဒါပေမဲ့ ကျွန်တော်တို့ကို တခြားသူတွေနဲ့ ယေဟောဝါ မယှဉ်ဘူးဆိုတာ သတိရပါ။ ကိုယ့်ကိုယ်ကိုယ်လည်း တခြားသူတွေနဲ့ မယှဉ်ပါနဲ့။ (ဂလာတိ ၆:၄) ကိုယ့်အခြေအနေ၊ ကိုယ့်အစွမ်းအစနဲ့ လက်လှမ်းမီတဲ့ ပန်းတိုင်တွေ ချခြင်းအားဖြင့် လက်တွေ့ကျ ဉာဏ်ပညာ ရှိကြောင်း ပြပါ။ အကြီးအကဲတွေ၊ အသင်းတော်မှာ တာဝန်ရှိသူတွေလည်း ကိုယ့်မှာ ကန့်သတ်ချက်တွေ ရှိတယ်၊ တခြားသူတွေဆီက အကူအညီ၊ အားပေးမှု လိုတယ်ဆိုတာ အသိအမှတ်ပြုခြင်းအားဖြင့် ဉာဏ်ပညာ ရှိကြောင်း ပြကြတယ်။ ညီအစ်ကို/မ တစ်ယောက်ယောက်ကို ‘တကယ် အားပေးထောက်မသူ’ အဖြစ် ယေဟောဝါ သုံးနိုင်တယ်ဆိုတာ သိလို့ အကူအညီကို ကျိုးနွံမှုရှိရှိ လက်ခံကြတယ်။—ကောလောသဲ ၄:၁၁

၁၈၊ ၁၉။ (က) တပည့်တွေနဲ့ ဆက်ဆံတဲ့အခါ အကျိုးသင့်အကြောင်းသင့် ရှိကြောင်း၊ အကောင်းမြင်စိတ် ရှိကြောင်း ယေရှု ဘယ်လို ပြသလဲ။ (ခ) ကျွန်တော်တို့လည်း အချင်းချင်း ဆက်ဆံတဲ့အခါ ဘာကြောင့်၊ ဘယ်လိုနည်းနဲ့ အကျိုးသင့်အကြောင်းသင့် ရှိရမလဲ။ အကောင်းမြင်စိတ် ရှိရမလဲ။

၁၈ “အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့သူဟာ . . . အကျိုးသင့်အကြောင်းသင့် ရှိတယ်” လို့ ယာကုပ် ၃:၁၇ မှာ ဆိုတယ်။ တပည့်တွေနဲ့ ဆက်ဆံရာမှာ ယေရှု အကျိုးသင့်အကြောင်းသင့် ရှိတယ်။ အကောင်းမြင်စိတ် ရှိတယ်။ တပည့်တွေရဲ့ အားနည်းချက်တွေ ကောင်းကောင်း သိပေမဲ့ ကောင်းကွက်တွေကို ရှာတယ်။ (ယောဟန် ၁:၄၇) အဖမ်းခံရမယ့်ညမှာ တပည့်တွေ စွန့်သွားမယ်ဆိုတာ သိပေမဲ့ ဆက်သစ္စာရှိမယ်ဆိုတာ ယုံတယ်။ (မဿဲ ၂၆:၃၁-၃၅။ လုကာ ၂၂:၂၈-၃၀) မိမိကို မသိပါဘူးလို့ ပေတရု သုံးကြိမ် ငြင်းတယ်။ ဒါတောင် ပေတရုအတွက် တိုးလျှိုးအသနားခံပေးတယ်။ ဆက်သစ္စာရှိမယ်ဆိုတာ ယုံကြောင်း ပြတယ်။ (လုကာ ၂၂:၃၁-၃၄) မြေကြီးအသက်တာ နောက်ဆုံးညမှာ ဖခင်ဆီ ဆုတောင်းတဲ့အခါ တပည့်တွေရဲ့ အမှား ထည့်မပြောဘူး။ “အဖရဲ့ တရားစကားကို သူတို့ လိုက်နာပါတယ်” ဆိုပြီး ကောင်းကွက်ပဲ ပြောတယ်။ (ယောဟန် ၁၇:၆) တပည့်တွေ မစုံလင်ပေမဲ့ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းတာဝန် ပေးတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ငါတို့ကို ယေရှု ယုံပါလား၊ စိတ်ချပါလားဆိုတဲ့ အသိကြောင့် အားရှိသွားကြမှာပဲ။

၁၉ နောက်လိုက်တွေအနေနဲ့ ယေရှုရဲ့ စံနမူနာကို အတုယူသင့်တယ်။ မစုံလင်တဲ့ တပည့်တွေကို စုံလင်တဲ့ ဘုရားသားတော် စိတ်ရှည်တယ်ဆိုရင် မစုံလင်တဲ့ အပြစ်သား အချင်းချင်း ပိုလို့တောင် စိတ်ရှည်သင့်တယ် မဟုတ်လား။ (ဖိလိပ္ပိ ၄:၅) ညီအစ်ကို/မတွေရဲ့ အားနည်းချက်တွေကို မဟုတ်ဘဲ ကောင်းကွက်တွေကို အာရုံစိုက်ပါ။ သူတို့ကို ယေဟောဝါ ဆွဲဆောင်ထားတယ်ဆိုတာ သတိရပါ။ (ယောဟန် ၆:၄၄) ယေဟောဝါ ဆွဲဆောင်တယ်ဆိုမှတော့ ကောင်းတာ တစ်ခုခု တွေ့ထားလို့ ဖြစ်ရမယ်။ အဲဒီကောင်းကွက်ကို မြင်အောင် ကြည့်ပါ။ အကောင်းမြင်စိတ် ရှိမယ်ဆိုရင် “အမှားကို ဗွေမယူ” ရုံလောက်ပဲ မဟုတ်ဘူး။ ကောင်းကွက် ရှာပြီး ချီးမွမ်းပေးမှာ ဖြစ်တယ်။ (ပညာအလိမ္မာ ၁၉:၁၁) ညီအစ်ကို/မတွေကို ယုံကြည်စိတ်ချကြောင်း ပြတာဟာ ယေဟောဝါအတွက် အကောင်းဆုံး အမှုဆောင်နိုင်အောင်၊ အမှုဆောင်ခြင်းကနေ ရွှင်လန်းမှု ခံစားရအောင် ကူညီပေးနေတာပါပဲ။—၁ သက်သာလောနိတ် ၅:၁၁

၂၀။ ခရစ်ဝင်ကျမ်းတွေမှာ မှတ်တမ်းတင်ထားတဲ့ အဖိုးတန် ဉာဏ်ပညာစကားတွေကို ဘယ်လို သဘောထားသင့်သလဲ။ ဘာကြောင့်လဲ။

၂၀ ယေရှုဘဝနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း မှတ်တမ်းတင်ထားတဲ့ ခရစ်ဝင်ကျမ်းတွေဟာ တကယ့် ဉာဏ်ပညာ ရတနာသိုက်ပါပဲ။ ဒါကို ဘယ်လို သဘောထားသင့်သလဲ။ မိမိရဲ့ ဉာဏ်ပညာ စကားတွေကို ကြားရုံသာ မဟုတ်ဘဲ လိုက်နာဖို့ တောင်ပေါ်တရားတော် အဆုံးပိုင်းမှာ ယေရှု တိုက်တွန်းတယ်။ (မဿဲ ၇:၂၄-၂၇) ဒါကြောင့် ယေရှုရဲ့ ဉာဏ်ပညာ စကားတွေ၊ လုပ်ရပ်တွေနဲ့အညီ တွေးခေါ်ခံစားပြုမူရမယ်။ ဒါဆိုရင် အခုအချိန်မှာ အကောင်းဆုံး အသက်တာ ရမယ်။ ထာဝရ အသက်လမ်းပေါ်မှာ ဆက်ရှိနေမယ်။ (မဿဲ ၇:၁၃၊ ၁၄) ဒီထက် ပိုပညာရှိတဲ့ ဘဝလမ်းစဉ် မရှိတော့ဘူး။

a အဲဒီနေ့ ယေရှု သင်ပေးတဲ့ တရားတော်ကို မဿဲ ၅:၃–၇:၂၇ မှာ မှတ်တမ်းတင်ထားပြီး တောင်ပေါ်တရားတော်လို့ လူသိများတယ်။ ကျမ်းပိုဒ် ၁၀၇ ပိုဒ် ပါတယ်။ ဖတ်ရင် မိနစ် ၂၀ လောက်ပဲ ကြာနိုင်တယ်။

b ယေရှု နှစ်ခြင်းခံချိန် “ကောင်းကင် ပွင့်” သွားတုန်းက လူသားဘဝ မတိုင်ခင်က အသက်တာအကြောင်း ပြန်သတိရသွားပုံပဲ။—မဿဲ ၃:၁၃-၁၇