မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၆

“နာခံတတ်ဖို့ သင်ယူခဲ့တယ်”

“နာခံတတ်ဖို့ သင်ယူခဲ့တယ်”

၁၊ ၂။ သားဖြစ်သူ စကားနားထောင်တာ မြင်တဲ့အခါ ဖခင် ဘာကြောင့် သဘောကျသလဲ။ ကျွန်တော်တို့ ဘုရားစကား နားထောင်တဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရမယ်လို့ ထင်သလဲ။

 သားလေး ခြံထဲမှာ သူငယ်ချင်းတွေနဲ့ ဆော့နေတာကို ပြတင်းပေါက်ကနေ ဖခင် ကြည့်နေတယ်။ အဲဒီအချိန်မှာပဲ ဘောလုံး ခြံပြင် ရောက်သွားတယ်။ ဘောလုံးကို သားဖြစ်သူ လိုက်ကြည့်နေရှာတယ်။ လမ်းပေါ် ထွက်ပြီး ဘောလုံး ကောက်ဖို့ သူငယ်ချင်းတစ်ယောက် ပြောတော့ ခေါင်းလေး ခါပြီး “ငါ လမ်းပေါ် ထွက်လို့ မရဘူး” လို့ ပြန်ပြောတယ်။ ဖခင် သဘောကျပြီး ပြုံးလိုက်တယ်။

ဖခင် ဘာသဘောကျသွားတာလဲ။ တစ်ယောက်တည်း လမ်းပေါ် မထွက်ဖို့ သားလေးကို မှာထားတာ။ ဖခင် ကြည့်နေမှန်း မသိပေမဲ့ စကားနားထောင်တဲ့ ကလေးမို့ ဘေးကင်းမယ်ဆိုတာ စိတ်ချသွားလို့ပဲ။ အဲဒီလိုပဲ ဘုရားအပေါ် ကျွန်တော်တို့ ဆက်သစ္စာရှိနေဖို့၊ ကတိပေးထားတဲ့ အနာဂတ် ပိုင်ဆိုင်ဖို့ဆိုရင် ဘုရားကို ယုံကြည်ကိုးစားတတ်အောင်၊ ဘုရားစကား နားထောင်တတ်အောင် သင်ယူဖို့ လိုတယ်။ ဒါကို ယေဟောဝါ သိတယ်။ (ပညာအလိမ္မာ ၃:၅၊ ၆) ဒါကြောင့်လည်း အကောင်းတကာ့ အကောင်းဆုံး ဆရာကို ကျွန်တော်တို့ဆီ လွှတ်လိုက်တာ။

၃၊ ၄။ ဘယ်လိုနည်းနဲ့ ယေရှု “နာခံတတ်ဖို့ သင်ယူခဲ့” ရသလဲ။ ဘယ်လိုနည်းနဲ့ “အရည်အချင်း လုံးဝ ပြည့်မီသွား” သလဲ။ ဥပမာ ပေးပါ။

“ဘုရားသခင်ရဲ့ သား ဖြစ်ပေမဲ့ ဆင်းရဲဒုက္ခ ခံခြင်းအားဖြင့် နာခံတတ်ဖို့ သင်ယူခဲ့တယ်။ သူ အရည်အချင်း လုံးဝ ပြည့်မီသွားတဲ့နောက် နာခံသူအားလုံးဟာ သူ့အားဖြင့် ထာဝရ ကယ်တင်ခြင်း ရဖို့ လမ်းပွင့်သွားတယ်” လို့ ကျမ်းစာမှာ ယေရှုအကြောင်း ဖော်ပြတယ်။ (ဟီဘရူး ၅:၈၊ ၉) ယေရှု ကောင်းကင်မှာ နှစ်ပေါင်းများစွာ နေခဲ့တယ်။ စာတန်နဲ့ တခြားကောင်းကင်တမန်တွေ ဘုရားကို ပုန်ကန်သွားတာ ယေရှု တွေ့တယ်။ ဒါပေမဲ့ သူတို့နောက် ပါမသွားဘူး။ “ငါ ကလန်ကဆန် မလုပ်ဘူး” ဆိုတဲ့ ကြိုဟောချက် ယေရှုဆီမှာ ပြည့်စုံလာတယ်။ (ဟေရှာယ ၅၀:၅) ဒါဆိုရင် ဘုရားစကား အမြဲ နားထောင်ပေမဲ့ ဘယ်လိုလုပ်ပြီး “နာခံတတ်ဖို့ သင်ယူခဲ့” ရသလဲ။ စုံလင်ပြီး အရည်အချင်း ပြည့်မီပြီးသား ဖြစ်ပေမဲ့ ဘယ်လိုလုပ်ပြီး “အရည်အချင်း လုံးဝ ပြည့်မီသွား” သလဲ။

ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ စစ်သားတစ်ယောက်မှာ သံဓားတစ်လက် ရှိတယ်။ လက်ရာမြောက်တဲ့ ဓားကောင်း ဖြစ်ပေမဲ့ တိုက်ပွဲမှာ တစ်ခါမှ ထုတ်မသုံးဖူးသေးဘူး။ ဒါနဲ့ ပိုမာကျောခိုင်ခံ့တဲ့ သံမဏိဓားနဲ့ လဲလိုက်တယ်။ လဲလိုက်တဲ့ ဓားသစ်က တိုက်ပွဲတွေမှာ သုံးဖူးပြီးသား။ လဲလိုက်တာ ပညာရှိရာကျတယ် မဟုတ်လား။ အဲဒီလိုပဲ မြေကြီးပေါ် မလာခင် ဖခင်ကို ယေရှု အကြွင်းမဲ့ နာခံတယ်။ မြေကြီးပေါ် လာပြီးနောက်မှာတော့ ယေရှုရဲ့ နာခံမှုဟာ တအား ထူးခြားသွားပြီ။ ကောင်းကင်မှာဆိုရင် လုံးဝ ကြုံရမှာ မဟုတ်တဲ့ ဆင်းရဲဒုက္ခတွေ မြေကြီးပေါ်မှာ ကြုံရတာတောင် နာခံမှု ရှိလို့ပဲ။ အဆင့်ဆင့် စမ်းသပ်စစ်ဆေးပြီးလို့ မာကျောခိုင်ခံ့လာတဲ့ ဓားလို ဖြစ်သွားပြီ။

၅။ ယေဟောဝါကို ယေရှု နာခံဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဒီအခန်းမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

မြေကြီးပေါ် ယေရှု ရောက်လာပြီး ထမ်းဆောင်ရမယ့် တာဝန် ပြီးမြောက်ဖို့ဆိုရင် နာခံမှု မရှိမဖြစ် လိုတယ်။ ပထမလူ အာဒံ မလုပ်ခဲ့တာကို လုပ်ဖို့ “နောက်ဆုံး အာဒံ” ဖြစ်တဲ့ ယေရှု မြေကြီးပေါ် ရောက်လာတာ။ အဲဒါကတော့ စမ်းသပ်ခံရချိန်မှာ ယေဟောဝါဘုရားကို နာခံတာပဲ။ (၁ ကောရိန္သု ၁၅:၄၅) ယေရှု ဝတ်ကျေတမ်းကျေ မနာခံဘူး။ စိတ်နှလုံး အကြွင်းမဲ့ ပျော်ပျော်ကြီး နာခံတယ်။ ဖခင်အလို ဆောင်တာ စားစရာထက်တောင် အရေးကြီးသေးတယ်။ (ယောဟန် ၄:၃၄) ယေရှုလို နာခံမှု ရှိဖို့ ကျွန်တော်တို့ကို ဘာက ကူညီပေးမလဲ။ ယေဟောဝါကို ယေရှု ဘာကြောင့် နာခံသလဲ အရင်ဆုံး သုံးသပ်ကြည့်ရအောင်။ ယေရှုလို သဘောထား ရှိရင် သွေးဆောင်မှုတွေ တွန်းလှန်နိုင်မယ်။ ဘုရားအလို ဆောင်နိုင်မယ်။ နာခံမှု ရှိရင် ရမယ့် ဆုကျေးဇူးတချို့ကိုလည်း သုံးသပ်သွားကြမယ်။

ယေဟောဝါကို ယေရှု ဘာကြောင့် နာခံသလဲ

၆၊ ၇။ ယေဟောဝါကို ယေရှု ဘာကြောင့် နာခံသလဲ။

မာနကြီးသူဟာ ဘယ်သူ့စကားမှ နားမထောင်ဘူး။ နှိမ့်ချသူကတော့ ယေဟောဝါစကား လိုလိုလားလား နားထောင်တယ်။ (ထွက်မြောက်ရာ ၅:၁၊ ၂။ ၁ ပေတရု ၅:၅၊ ၆) အခန်း ၃ မှာ သိရတဲ့အတိုင်း ခရစ်တော်ဟာ နှိမ့်ချတယ်။ ဒါကြောင့်လည်း ယေဟောဝါကို နာခံတာ။ ဒါ့အပြင် ယေရှုမှာ ချစ်မြတ်နိုးတာ၊ မုန်းတာ ရှိတယ်။ အဲဒါတွေကလည်း နာခံမှု ရှိဖို့ ကူညီပေးတယ်။

ကောင်းကင်ဘုံစံအဖ ယေဟောဝါကို ယေရှု ချစ်တယ်။ ယေဟောဝါအပေါ် ထားတဲ့ ယေရှုရဲ့ ချစ်ခြင်းမေတ္တာအကြောင်း အခန်း ၁၃ မှာ အသေးစိတ် ဆွေးနွေးကြမယ်။ ယေဟောဝါကို ချစ်ကြောက်ရိုသေလွန်းတော့ စိတ်ငြိုငြင်အောင် လုပ်မိမှာ တအား စိုးရိမ်တယ်။ အဲဒီလောက် ကြောက်ရွံ့ရိုသေလို့လည်း ယေရှု ဆုတောင်းတာကို ဘုရား နားထောင်တာ။ (ဟီဘရူး ၅:၇) အခု မေရှိယ ဘုရင်အဖြစ် အုပ်ချုပ်နေတယ်။ ယေရှုရဲ့ အုပ်ချုပ်မှုကို ထူးခြားစေတဲ့အထဲမှာ ယေဟောဝါကို ကြောက်ရွံ့ရိုသေတာ ပါတယ်။—ဟေရှာယ ၁၁:၃

မကောင်းမှုကို မုန်းကြောင်း သင့်အပန်းဖြေမှု ရွေးချယ်ပုံမှာ ပေါ်သလား

၈၊ ၉။ ကြိုဟောထားသလိုပဲ ဖြောင့်မတ်မှု၊ ဆိုးသွမ်းမှုနဲ့ပတ်သက်ပြီး ယေရှု ဘယ်လို ခံစားရသလဲ။ အဲဒီလို ခံစားရကြောင်း ဘယ်လို ပြသလဲ။

ယေဟောဝါကို ချစ်ရင် ယေဟောဝါ မုန်းတာတွေ မုန်းရမယ်။ ဥပမာ၊ “မင်းကြီးက ဖြောင့်မတ်မှုကို ချစ်မြတ်နိုးတယ်။ ဆိုးသွမ်းမှုကို မုန်းတယ်။ ဒါကြောင့် ဘုရားသခင်က မင်းကြီးကို အပေါင်းအဖော်တွေထက် ပိုချီးမြှောက်ပြီး အားရရွှင်လန်းခြင်းဆီနဲ့ ဘိသိက်ပေးတယ်” ဆိုပြီး မေရှိယ ဘုရင်အကြောင်း ကြိုဟောထားတာ သတိပြုပါ။ (ဆာလံ ၄၅:၇) ယေရှုရဲ့ “အပေါင်းအဖော်” ဆိုတာ ဘုရင် ဒါဝိဒ်ရဲ့ မျိုးဆက်ထဲက ဘုရင်တွေ ဖြစ်တယ်။ ယေရှု ဘိသိက်ပေးခံရချိန်မှာ တခြားဘုရင်တွေထက် အားရရွှင်လန်းခဲ့တယ်။ ဘာကြောင့်လဲ။ ယေရှု ရတဲ့ ဆုကျေးဇူးဟာ ပိုသာလို့၊ ယေရှုရဲ့ အုပ်ချုပ်မှုဟာ လူတွေကို ပိုအကျိုးပြုမှာမို့လို့ပဲ။ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးပြီး ဆိုးသွမ်းမှုကို မုန်းတဲ့အတွက် ကိစ္စရပ်တိုင်းမှာ ဘုရားကို နာခံတယ်။ ဒါကြောင့် ဆုချခံရတာ။

ဖြောင့်မတ်မှုကို ချစ်မြတ်နိုးတယ်၊ ဆိုးသွမ်းမှုကို မုန်းတယ်ဆိုတာ ယေရှု ဘယ်လို ပြသလဲ။ ဥပမာ၊ မိမိ ညွှန်ကြားတဲ့အတိုင်း နောက်လိုက်တွေ သွားဟောလို့ ရလဒ်ကောင်းတွေ ရလာတော့ ဘယ်လို တုံ့ပြန်သလဲ။ ဝမ်းသာအားရတယ်။ (လုကာ ၁၀:၁၊ ၁၇၊ ၂၁) ဂျေရုဆလင်မြို့သားတွေကို မေတ္တာထားပြီး ကူညီဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ ယေဟောဝါစကား နားမထောင်ဘဲ ခေါင်းမာနေကြတော့ ဘယ်လို တုံ့ပြန်သလဲ။ ငိုတယ်။ (လုကာ ၁၉:၄၁၊ ၄၂) လူတွေ ကောင်းတာ၊ မှန်တာ လုပ်ရင် ယေရှု ဝမ်းသာတယ်။ ဆိုးရင် ဝမ်းနည်းတယ်။

၁၀။ အကောင်း၊ အဆိုးနဲ့ပတ်သက်ပြီး ဘယ်လို သဘောထား ရှိသင့်သလဲ။ ဘာက ကူညီပေးမလဲ။

၁၀ ယေရှုရဲ့ ခံစားချက်ကို အချိန်ယူတွေးတောတာက ယေဟောဝါကို ကျွန်တော်တို့ နာခံရတဲ့ အကြောင်းရင်းတွေ ပြန်ဆန်းစစ်ဖို့ ကူညီပေးတယ်။ မစုံလင်ပေမဲ့ ကောင်းတာကို ချစ်တတ်ဖို့၊ ဆိုးတာကို မုန်းတတ်ဖို့ သင်ယူရမယ်။ ယေဟောဝါနဲ့ သားတော်မှာ ရှိတဲ့ သဘောထားမျိုး ရှိလာအောင် ကူညီပေးပါလို့ ဆုတောင်းရမယ်။ (ဆာလံ ၅၁:၁၀) အဲဒီသဘောထား ပျောက်သွားစေမယ့်အရာတွေ ရှောင်ရမယ်။ ဖျော်ဖြေမှု၊ အပေါင်းအသင်း ဂရုတစိုက် ရွေးရမယ်။ (ပညာအလိမ္မာ ၁၃:၂၀။ ဖိလိပ္ပိ ၄:၈) ခရစ်တော်လို သဘောထားသာ ရှိရင် မတတ်သာလို့ နာခံတာ မဟုတ်ဘဲ ဖြောင့်မတ်မှုကို ချစ်မြတ်နိုးလို့ နာခံမှာ ဖြစ်တယ်။ မကောင်းတာ လုပ်တာ ပေါ်သွားမှာ စိုးလို့ မဟုတ်ဘဲ မုန်းလို့ ရှောင်မှာ ဖြစ်တယ်။

“ခရစ်တော်ဟာ အပြစ် မကျူးလွန်ခဲ့ဘူး”

၁၁၊ ၁၂။ (က) အမှုဆောင်လုပ်ငန်း အစပိုင်းမှာ ယေရှု ဘာကြုံရသလဲ။ (ခ) အရင်ဆုံး ယေရှုကို စာတန် ဘယ်လို သွေးဆောင်သလဲ။ စာတန် ဉာဏ်များတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၁ အပြစ်လုပ်တာကို ယေရှု မုန်းမမုန်း အမှုဆောင်ချိန် အစပိုင်းမှာ စမ်းသပ်ခံရတယ်။ နှစ်ခြင်းခံပြီးနောက် တောထဲ သွားပြီး ရက်ပေါင်း ၄၀ အစာရှောင်တယ်။ အဲဒီနောက် စာတန် ရောက်လာပြီး သွေးဆောင်တယ်။ စာတန် ဘယ်လောက် ဉာဏ်များသလဲ သတိပြုပါ။—မဿဲ ၄:၁-၁၁

၁၂ အရင်ဆုံး “မင်း ဘုရားသခင်ရဲ့ သား မှန်ရင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်စေလို့ အမိန့်ပေးလိုက်လေ” လို့ ပြောတယ်။ (မဿဲ ၄:၃) ယေရှု ရက်ရှည် အစာရှောင်ထားတဲ့အတွက် “ဆာလောင်နေတယ်” လို့ ကျမ်းစာ ဆိုတယ်။ (မဿဲ ၄:၂) ယေရှု ဆာလောင်တဲ့အချိန်၊ အားမရှိတဲ့အချိန် တမင် စောင့်ပြီး စာတန် လာသွေးဆောင်တာ။ ဒါ့အပြင် “မင်း ဘုရားသခင်ရဲ့ သား မှန်ရင်” ဆိုပြီး မခံချင်အောင် ပြောတာလည်း သတိပြုပါ။ ယေရှုဟာ “ဖန်ဆင်းရာအားလုံးမှာ သားဦး” ဖြစ်မှန်း စာတန် သိတာပဲ။ (ကောလောသဲ ၁:၁၅) ဘုရားစကား မနာခံဖို့ စာတန် အဲဒီလို လာဆွတာ ယေရှု မခံဘူး။ ကိုယ်ကျိုးအတွက် တန်ခိုးကို ဘုရား မသုံးစေချင်မှန်း သိတယ်။ ဒါကြောင့် ကျောက်ခဲကို မုန့်ဖြစ်အောင် မလုပ်ဘူး။ စားစရာ ရဖို့ကော လမ်းညွှန်မှု ရဖို့ပါ ယေဟောဝါကို နှိမ့်ချမှုရှိရှိ အားကိုးကြောင်း ပြတယ်။—မဿဲ ၄:၄

၁၃-၁၅။ (က) ယေရှုကို ဒုတိယအကြိမ်၊ တတိယအကြိမ် စာတန် ဘယ်လို သွေးဆောင်သလဲ။ ယေရှု ဘယ်လို တုံ့ပြန်သလဲ။ (ခ) ယေရှု သတိလက်လွတ် နေလို့ မရခဲ့ကြောင်း ဘယ်လို သိရသလဲ။

၁၃ ဒုတိယအကြိမ် သွေးဆောင်ဖို့ ယေရှုကို စာတန် ဗိမာန်တော်အမိုး ခေါ်သွားတယ်။ ‘ဒီကနေ ခုန်ချလိုက်။ ကောင်းကင်တမန်တွေ လာကယ်မှာပဲ။ နာမည်ကြီးတာပေါ့’ လို့ ကျမ်းစာကို မလိမ့်တပတ် သုံးပြီး သွေးဆောင်တယ်။ ဗိမာန်တော်မှာ ရှိသူတွေသာ မြင်ရင် ယေရှုဟာ ကတိထားရာ မေရှိယဆိုတာ ဘယ်သူမှ သံသယ ဝင်တော့မှာ မဟုတ်ဘူး။ မေရှိယမှန်း လက်ခံရင် ဒုက္ခပေးတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မေရှိယမှန်း လူတွေ ယုံသွားအောင် အံ့ဖွယ်အမှုတွေ ယေဟောဝါ လုပ်မပြစေချင်ဘူး၊ နှိမ့်ချမှုရှိရှိ အလိုတော် ဆောင်စေချင်တယ်ဆိုတာ ယေရှု သိတယ်။ (ဟေရှာယ ၄၂:၁၊ ၂) ဒါကြောင့် ယေဟောဝါအလိုနဲ့ ဆန့်ကျင်တာ မလုပ်ဘူး။ ထင်ပေါ်ကျော်ကြားမှုနဲ့ ယေရှုကို သွေးဆောင်လို့ မရဘူး။

၁၄ အာဏာနဲ့ကော သွေးဆောင်လို့ ရသလား။ တတိယအကြိမ် သွေးဆောင်ချိန်မှာ လောကတိုင်းနိုင်ငံတွေကို ပြပြီး ‘ငါ့ကို တစ်ကြိမ်ပဲ ရှိခိုးဦးချမယ်ဆိုရင် ဒါတွေအားလုံး ပေးမယ်’ လို့ စာတန် ပြောတယ်။ စာတန့်ကမ်းလှမ်းချက်ကြောင့် ယေရှု တွေဝေသွားသလား။ “စာတန်၊ ထွက်သွားစမ်း။ ‘ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော် တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်’ လို့ ကျမ်းစာမှာ ရေးထားတယ်” ဆိုပြီး ပြောလိုက်တယ်။ (မဿဲ ၄:၁၀) လောကစည်းစိမ်အာဏာနဲ့ ယေရှုကို သွေးဆောင်လို့ မရဘူး။ ဘုရားကို မနာခံအောင် လုပ်လို့ မရဘူး။

၁၅ စာတန် လက်လျှော့သလား။ “ထွက်သွားစမ်း” လို့ ယေရှု ပြောလို့ စာတန် ထွက်သွားတယ်။ ဒါပေမဲ့ “ထွက်သွားပြီး အခွင့်အခါကောင်းကို စောင့်နေတယ်” လို့ လုကာကျမ်းမှာ ဖော်ပြတယ်။ (လုကာ ၄:၁၃) ယေရှု မြေကြီးအသက်တာ ကုန်ဆုံးချိန်အထိကို စမ်းသပ်ဖို့၊ သွေးဆောင်ဖို့ အခွင့်အခါကောင်း စောင့်နေတာ။ ဒါကြောင့်လည်း ယေရှုဟာ “အဘက်ဘက်မှာ စမ်းသပ်ခံရတဲ့သူ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြတာ ဖြစ်တယ်။ (ဟီဘရူး ၄:၁၅) ယေရှု သတိလက်လွတ် နေလို့ မရခဲ့သလို ကျွန်တော်တို့လည်း နေလို့ မရဘူး။

၁၆။ ဒီနေ့ခေတ် ဘုရားကျေးကျွန်တွေကို စာတန် ဘယ်လို သွေးဆောင်သလဲ။ ဘယ်လို ငြင်းပယ်နိုင်သလဲ။

၁၆ ဒီနေ့ခေတ် ဘုရားကျေးကျွန်တွေကိုလည်း စာတန် သွေးဆောင်နေတယ်။ မစုံလင်သူတွေမို့ လွယ်လွယ်ကူကူပဲ စာတန့်သားကောင် ဖြစ်သွားတတ်ကြတယ်။ လူတွေမှာ ကိုယ်ကျိုးရှာချင်စိတ်၊ ဂုဏ်မက်မောစိတ်၊ အာဏာမက်မောစိတ် ရှိမှန်း စာတန် သိတယ်။ ဒါကြောင့်လည်း ငွေကြေးဥစ္စာနဲ့ သွေးဆောင်တာ။ တစ်ချက်ခုတ် သုံးချက် ပြတ်လို့ပဲ။ ဒါကြောင့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မပြတ် ဆန်းစစ်ရမယ်။ ၁ ယောဟန် ၂:၁၅-၁၇ ကို တွေးတောဆင်ခြင်ရမယ်။ သွေးသား အလိုဆန္ဒကြောင့်၊ စည်းစိမ်၊ ဂုဏ် မက်မောစိတ်ကြောင့် ကောင်းကင်ဘုံစံဖခင်ကို ချစ်တဲ့ မေတ္တာ လျော့နေပြီလား ဆန်းစစ်ရမယ်။ လောကရဲ့ မင်း စာတန်နဲ့အတူ ဒီလောက မကြာခင် ဖျက်ဆီးခံရတော့မယ်ဆိုတာ သတိရ,ရမယ်။ စာတန်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ သွေးဆောင်မှုတွေကို ငြင်းပယ်ကြရအောင်။ “အပြစ် မကျူးလွန်ခဲ့” တဲ့ သခင့်စံနမူနာကို အတုယူကြရအောင်။—၁ ပေတရု ၂:၂၂

‘စေလွှတ်တဲ့ အရှင် နှစ်သက်တာကိုပဲ အမြဲ လုပ်တယ်’

၁၇။ ဖခင်ကို နာခံရတာ ယေရှု ဘယ်လို သဘောထားသလဲ။ တချို့ ဘယ်လို ပြောကြမလဲ။

၁၇ ဘုရားစကား နားထောင်တယ်ဆိုတာ အပြစ်မလုပ်တာလောက်ပဲ မဟုတ်ဘူး။ ခရစ်တော်ဟာ ဖခင် မိန့်မှာသမျှ မြေဝယ်မကျ လိုက်နာတယ်။ ‘စေလွှတ်တဲ့ အရှင် နှစ်သက်တာကိုပဲ အမြဲ လုပ်’ တယ်လို့ ပြောတယ်။ (ယောဟန် ၈:၂၉) ဘုရားကို နာခံရတာ ယေရှု ပျော်တယ်။ “စုံလင်ပြည့်ဝတဲ့ ယေဟောဝါတစ်ပါးတည်းကိုပဲ ယေရှု နာခံရတာဆိုတော့ ဘယ်ခက်မလဲ။ ကျွန်တော်တို့ကတော့ မစုံလင်တဲ့ အာဏာရှိသူတွေကို နာခံရတာ” လို့ တချို့ ပြောကြမယ်။ တကယ်တော့ မစုံလင်တဲ့ အာဏာရှိသူတွေကိုလည်း ယေရှု နာခံခဲ့ရတယ်။

၁၈။ လူငယ်တွေအတွက် ယေရှု ဘယ်စံနမူနာ ပြသလဲ။

၁၈ မစုံလင်တဲ့ မိဘ ယောသပ်နဲ့ မာရိ လက်အောက်မှာ ယေရှု ကြီးလာရတာ။ မိဘ အားနည်းချက်တွေကို တခြားကလေးတွေထက် ပိုမြင်မှာပဲ။ ကလေးနေရာ ကလေး မနေဘဲ အိမ်ထောင်ထိန်းသိမ်းပုံနဲ့ပတ်သက်ပြီး မိဘကို ဆရာလုပ်သလား။ “မိဘစကားကို အမြဲ နာခံတယ်” ဆိုပြီး ၁၂ နှစ်အရွယ် ယေရှုအကြောင်း လုကာ ၂:၅၁ မှာ ဖော်ပြတယ်။ မိဘကို နာခံဖို့၊ ရိုသေဖို့ ကြိုးစားနေတဲ့ ခရစ်ယာန် လူငယ်တွေအတွက် စံနမူနာကောင်းပါပဲ။—ဧဖက် ၆:၁၊ ၂

၁၉၊ ၂၀။ (က) ဘယ်လို အခြေအနေမျိုးအောက်မှာ မစုံလင်သူတွေကို ယေရှု နာခံရသလဲ။ (ခ) ဦးဆောင်သူတွေကို ခရစ်ယာန်စစ်တွေ ဘာကြောင့် နာခံသင့်သလဲ။

၁၉ မစုံလင်သူတွေကို နာခံရာမှာ ဒီနေ့ခေတ် ခရစ်ယာန်စစ်တွေ မကြုံရတဲ့ အခက်အခဲ ယေရှု ကြုံရတယ်။ ယေရှု အသက်ရှင်ခဲ့တဲ့ ခေတ်ကာလအကြောင်း စဉ်းစားကြည့်ပါ။ ဂျူးဝတ်ပြုမှုပုံစံ၊ ဗိမာန်တော်၊ ပုရောဟိတ် အစီအစဉ် ရှိလာတာ ကြာပြီ။ ဒါပေမဲ့ ဒီဝတ်ပြုမှု အစီအစဉ်ကို ယေဟောဝါ ဖယ်ရှားပြီး ခရစ်ယာန် အသင်းတော် အစီအစဉ်နဲ့ အစားထိုးတော့မယ်။ (မဿဲ ၂၃:၃၃-၃၈) ဒီကြားထဲ ဘာသာရေး ခေါင်းဆောင်တွေက ဂရိအတွေးအခေါ်ပညာကနေ လာတဲ့ သွန်သင်ချက်အမှားတွေ သင်ပေးနေကြတယ်။ ဗိမာန်တော်မှာ လုပ်ချင်တိုင်း လုပ်နေကြလို့ “ဓားပြ ခိုအောင်းတဲ့နေရာ” ဖြစ်နေပြီလို့တောင် ယေရှု ပြောတယ်။ (မာကု ၁၁:၁၇) ဒါနဲ့ပဲ ဗိမာန်တော်၊ တရားဇရပ်ကို ယေရှု မသွားဘဲ နေသလား။ မနေဘူး။ အဲဒီအစီအစဉ်ကို ယေဟောဝါ သုံးနေတုန်းပဲ။ အပြောင်းအလဲ မလုပ်သေးတာမို့ ဗိမာန်တော်မှာ လုပ်တဲ့ ပွဲတော်တွေ သွားတယ်။ တရားဇရပ် သွားတယ်။—လုကာ ၄:၁၆။ ယောဟန် ၅:၁

၂၀ စင်ကြယ်တဲ့ ဝတ်ပြုရေး ကမောက်ကမ ဖြစ်နေတဲ့ အဲဒီလိုခေတ်မှာတောင် ယေရှု နာခံမှု ရှိရင် စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်ထွန်းကားနေပြီ ဖြစ်တဲ့ ဒီနေ့ခေတ်မှာ ခရစ်ယာန်စစ်တွေ နာခံမှု ပိုရှိသင့်တယ်။ ပြန်လည်စုစည်းထားတဲ့ လူမျိုးကို စာတန် ဖျက်ဆီးဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဘုရား ကတိပေးထားတယ်။ (ဟေရှာယ ၂:၁၊ ၂။ ၅၄:၁၇) မှန်ပါတယ်၊ ခရစ်ယာန် အသင်းတော်မှာ ရှိသူတွေ မစုံလင်ကြဘူး။ အပြစ်လုပ်မိကြတယ်။ ဒါပေမဲ့ တခြားသူတွေ အမှားလုပ်တာကို အကြောင်းပြပြီး ယေဟောဝါကို ကလန်ကဆန် မလုပ်သင့်ဘူး။ အစည်းအဝေး မတက်တာ၊ အကြီးအကဲတွေကို အပြစ်ရှာဝေဖန်တာမျိုး မလုပ်သင့်ဘူး။ အသင်းတော်မှာ ဦးဆောင်သူတွေကို အားတက်သရော ထောက်မပေးသင့်တယ်။ ဘုရားစကား နားထောင်ပြီး အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေ တက်သင့်တယ်။ အစည်းအဝေးမှာ သိလာတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေ လိုက်လျှောက်သင့်တယ်။—ဟီဘရူး ၁၀:၂၄၊ ၂၅။ ၁၃:၁၇

အစည်းအဝေးမှာ သိလာတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျွန်တော်တို့ လိုက်လျှောက်

၂၁။ ဘုရားကို မနာခံဖို့ ဖိအားပေးခံရတဲ့အခါ ယေရှု ဘယ်လို တုံ့ပြန်သလဲ။ ဘာသင်ယူနိုင်သလဲ။

၂၁ စိတ်ရင်း ကောင်းတဲ့ မိတ်ဆွေ ဖြစ်နေပါစေ ဘယ်သူ့ကြောင့်မှ ယေဟောဝါကို ယေရှု မနာခံဘဲ မနေဘူး။ ဥပမာ၊ ‘ဝေဒနာ ခံစားပြီး သေဖို့အထိ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါ’ လို့ တမန်တော် ပေတရု ဖျောင်းဖျတယ်။ စေတနာနဲ့ ပြောပေမဲ့ ဘုရားအလိုတော်နဲ့ ဆန့်ကျင်နေတဲ့အတွက် ယေရှု ပြတ်ပြတ်သားသား ငြင်းတယ်။ (မဿဲ ၁၆:၂၁-၂၃) ဒီနေ့လည်း ဘုရားရဲ့ ပညတ်တွေ၊ ကျမ်းစာ အခြေခံမူတွေ မလိုက်နာဖို့ ကျွန်တော်တို့ကို ဆွေမျိုးတွေ စေတနာနဲ့ နားချနိုင်တယ်။ ဒါပေမဲ့ ယေရှုရဲ့ ပထမရာစု နောက်လိုက်တွေလိုပဲ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်” ရမယ်။—တမန်တော် ၅:၂၉

ခရစ်တော်လို နာခံမှု ရှိရင် ရမယ့် ကောင်းချီးများ

၂၂။ ဘယ်မေးခွန်းကို ယေရှု အဖြေ ပေးသလဲ။ ဘယ်လိုနည်းနဲ့လဲ။

၂၂ ယေရှု သေဆုံးတဲ့နေ့မှာ နာခံမှု အဆုံးစွန်အထိ စမ်းသပ်ခံရတယ်။ အပြည့်ဝဆုံး အတိုင်းအတာနဲ့ “နာခံတတ်ဖို့ သင်ယူခဲ့တယ်။” မိမိဆန္ဒအတိုင်း မဟုတ်ဘဲ ဖခင်ဆန္ဒအတိုင်း လုပ်ခဲ့တယ်။ (လုကာ ၂၂:၄၂) တစ်သက်လုံး ဘုရားအပေါ် သမာဓိ စောင့်သိသူ၊ နာခံသူပါပဲ။ (၁ တိမောသေ ၃:၁၆) လွန်ခဲ့တဲ့ နှစ်ထောင်ချီက မေးခွန်းတစ်ခုကို အဖြေပေးလိုက်နိုင်တယ်။ စုံလင်သူတစ်ယောက် စမ်းသပ်ခံရတဲ့အခါ ယေဟောဝါကို နာခံနိုင်သလားဆိုတာပါ။ အာဒံ မနာခံဘူး။ ဧဝ မနာခံဘူး။ ဒါပေမဲ့ ယေရှု မြေကြီးပေါ် ရောက်လာခြင်း၊ အသက်ရှင်ခြင်း၊ အသေခံခြင်းအားဖြင့် စာတန် မှားကြောင်း သက်သေ ပြလိုက်တယ်။ ယေဟောဝါ ဖန်ဆင်းထားသမျှမှာ အရေးပါဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ ယေရှု အကောင်းဆုံး အဖြေပေးလိုက်တာပဲ။ အကြီးအကျယ် ဝေဒနာ ခံစားပြီး အသေခံတဲ့အထိ ဘုရားကို နာခံသွားတာ။

၂၃-၂၅။ (က) နာခံမှုနဲ့ သမာဓိ စောင့်သိတာ ဘယ်လို ဆက်စပ်နေသလဲ။ ဥပမာ ပေးပါ။ (ခ) နောက်အခန်းမှာ ဘာအကြောင်း လေ့လာကြမလဲ။

၂၃ နာခံမှု ရှိတာဟာ ဘုရားကို ချစ်ကြောင်း၊ တစ်သက်လုံး သစ္စာရှိချင်ကြောင်း ပြရာရောက်တယ်။ နာခံခြင်းအားဖြင့် ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ကြောင်း ယေရှု ပြတယ်။ လူအားလုံး အကျိုးရတယ်။ (ရောမ ၅:၁၉) ယေရှုကို ယေဟောဝါ ကြွယ်ဝစွာ ဆုချတယ်။ သခင် ခရစ်တော်ကို နာခံရင် ကျွန်တော်တို့ကိုလည်း ယေဟောဝါ ဆုချမယ်။ “ထာဝရ ကယ်တင်ခြင်း” ပေးမယ်။—ဟီဘရူး ၅:၉

၂၄ ယေဟောဝါကို သမာဓိ စောင့်သိသူတွေ ရတဲ့ နောက်ထပ် အကျိုး ရှိသေးတယ်။ “သမာဓိရှိရှိ လျှောက်လှမ်းသူက ဘေးကင်းလုံခြုံစွာ သွားလာရလိမ့်မယ်” လို့ ပညာအလိမ္မာ ၁၀:၉ မှာ ဆိုတယ်။ သမာဓိ စောင့်သိတာဟာ တိုက်အိမ်ဆိုရင် နာခံမှု လုပ်ရပ်တစ်ခုစီဟာ အုတ်တစ်ချပ်နဲ့ တူတယ်။ အုတ်တစ်ချပ်ချင်းဆိုရင် ဘာမှ အရာမရောက်ဘူး ထင်ရပေမဲ့ အုတ်တွေ စီလိုက်တဲ့အခါ အဖိုးတန် အိမ်တစ်လုံး ရလာတယ်။ ဒါကြောင့် အုတ်ချပ်တိုင်း အရေးပါတယ်။ ဒီလိုပဲ တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ်ပြီး တစ်နှစ် ယေဟောဝါကို နာခံတာတွေ စုလိုက်ရင် သိပ်အဖိုးတန်တဲ့ သမာဓိ တိုက်အိမ်ကြီး ဆောက်နိုင်မယ်။

၂၅ နှစ်တွေတစ်လျှောက် ယေဟောဝါကို နာခံသူမှာ နောက်ထပ် အရည်အသွေး ရှိသေးတယ်။ ခံနိုင်ရည်ပါ။ ယေရှုရဲ့ ခံနိုင်ရည် စံနမူနာအကြောင်း နောက်အခန်းမှာ လေ့လာကြမယ်။