မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄

“ယုဒအနွယ်ဝင် ခြင်္သေ့”

“ယုဒအနွယ်ဝင် ခြင်္သေ့”

“ကျွန်တော်ဟာ ယေရှုပဲ”

၁-၃။ ယေရှု ဘာကြုံရသလဲ။ ဘယ်လို တုံ့ပြန်သလဲ။

 လူတစ်စု ယေရှုကို ဖမ်းဖို့ လိုက်ရှာနေကြတယ်။ တုတ်တွေ၊ ဓားတွေ ကိုင်ထားပြီး စစ်သည်တွေလည်း ပါတယ်။ သူတို့အားလုံး တစ်ကျိတ်တည်းတစ်ဉာဏ်တည်းပဲ။ ဂျေရုဆလင်မြို့တွင်း လမ်းတွေကနေ မှောင်ရိပ်ခိုပြီး ကိဒြုန်ချိုင့်ဝှမ်းကို ဖြတ်၊ သံလွင်တောင်ပေါ် တက်လာကြတယ်။ လပြည့်ည ဖြစ်ပေမဲ့ မီးတုတ်တွေ၊ မီးအိမ်တွေ ယူလာကြတယ်။ လရောင်ကို တိမ်ဖုံးနေလို့ ယူလာတာလား။ ဒါမှမဟုတ် သူတို့ ရှာနေတဲ့သူ မှောင်ရိပ်ခိုပြီး ပုန်းနေမယ် ထင်လို့လား။ ယေရှု ကြောက်ပြီး ပုန်းနေမယ် ထင်ရင်တော့ ယေရှုအကြောင်း ကောင်းကောင်း မသိလို့ပဲ။

လူအုပ် လာမယ်ဆိုတာ ယေရှု သိတယ်။ ဒါပေမဲ့ ထွက်မပြေးဘူး။ စောင့်နေတယ်။ ယေရှုရဲ့ မိတ်ဆွေရင်း ယုဒက လူအုပ်ကို ဦးဆောင်ခေါ်လာတာ။ ယေရှု ဘယ်သူလဲ အချက်ပြဖို့ ဟန်ဆောင်ပန်ဆောင် နှုတ်ဆက်ပြီး နမ်းတယ်။ တော်တော် မျက်နှာပြောင်တဲ့ သစ္စာဖောက်ပဲ။ ဒါတောင် လူအုပ်ရှေ့ ယေရှု ထွက်ပြီး “ဘယ်သူ့ကို ရှာနေတာလဲ” လို့ တည်တည်ငြိမ်ငြိမ် မေးလိုက်တယ်။ “နာဇရက်မြို့သား ယေရှုကို ရှာနေတာ” လို့ ပြန်ဖြေကြတယ်။

လက်နက်ကိုင် လူအုပ်ရှေ့ ရောက်ရင် ဘယ်သူမဆို ကြောက်မှာပဲ။ ယေရှုလည်း ကြောက်မှာပဲလို့ လူအုပ် ထင်ပုံရတယ်။ ဒါပေမဲ့ ယေရှု မကြောက်ဘူး။ ထွက်မပြေးဘူး။ လိမ်မပြောဘူး။ “ကျွန်တော်ဟာ ယေရှုပဲ” လို့ ဖြေတယ်။ တည်ငြိမ်ရဲရင့်လွန်းလို့ လူအုပ် တော်တော် အံ့ဩသွားတယ်။ နောက်ဆုတ်ပြီး လဲကျကုန်တယ်။—ယောဟန် ၁၈:၁-၆။ မဿဲ ၂၆:၄၅-၅၀။ မာကု ၁၄:၄၁-၄၆

၄-၆။ (က) ဘုရားရဲ့ သားကို ဘာနဲ့ နှိုင်းထားသလဲ။ ဘာကြောင့်လဲ။ (ခ) ဘယ်အခြေအနေ သုံးခုမှာ သတ္တိရှိကြောင်း ယေရှု ပြသလဲ။

သွေးကြွနေတဲ့ လူအုပ်ရှေ့ ရောက်နေတာတောင် ယေရှု ဘာကြောင့် တည်ငြိမ်သလဲ။ သတ္တိရှိလို့ပဲ။ သတ္တိဆိုတာ ခေါင်းဆောင်တစ်ယောက်မှာ အရှိသင့်ဆုံး၊ နောက်လိုက်တွေ လေးစားအားကျရဆုံး အရည်အသွေးပဲ။ သတ္တိရှိတဲ့နေရာမှာ ယေရှုကို ဘယ်သူမှ မမီဘူး။ ဒါ့အပြင် ယေရှု နှိမ့်ချတယ်၊ နူးညံ့တယ်ဆိုတာ ရှေ့အခန်းမှာ သိခဲ့ရတယ်။ ဒါကြောင့် “သိုးသငယ်” လို့ ကျမ်းစာမှာ ခေါ်တာ။ (ယောဟန် ၁:၂၉) သတ္တိရှိလို့ နောက်တစ်မျိုးလည်း ခေါ်တယ်။ “ယုဒအနွယ်ဝင် ခြင်္သေ့” တဲ့။—ဗျာဒိတ် ၅:၅

သတ္တိအကြောင်း ဖော်ပြဖို့ ခြင်္သေ့ကို သုံးလေ့ရှိတယ်။ ခြင်္သေ့ကြီးတစ်ကောင်ရှေ့ သင် ရပ်ဖူးသလား။ ရပ်ဖူးတယ်ဆိုရင် တိရစ္ဆာန်ရုံ လှောင်အိမ်ထဲက ခြင်္သေ့ရှေ့ ဖြစ်မှာပါ။ ဒါတောင် ကြောက်တော့ ကြောက်ဦးမှာပဲ။ အကောင် ကြီးကြီး၊ ခွန်အားအပြည့်နဲ့ ခြင်္သေ့ကို ကြည့်နေတုန်း ခြင်္သေ့လည်း ပြန်စိုက်ကြည့်နေတယ်။ ခြင်္သေ့ဆိုတာ ကြောက်လန့်ပြီး ထွက်ပြေးတတ်တဲ့ သတ္တဝါ မဟုတ်ဘူး။ ဒါကြောင့် “သားရဲတွေထဲမှာ ခွန်အားအကြီးဆုံး ဖြစ်ပြီး ဘယ်သူနဲ့ တွေ့တွေ့ နောက်မဆုတ်တတ်တဲ့ ခြင်္သေ့” လို့ ကျမ်းစာမှာ ဖော်ပြတာ။ (ပညာအလိမ္မာ ၃၀:၃၀) ယေရှုရဲ့ သတ္တိလည်း အဲဒီလိုပဲ။

သတ္တိရှိကြောင်း အခြေအနေ သုံးခုမှာ ယေရှု ပြတယ်။ အမှန်တရားကို ကာကွယ်ရာမှာ၊ တရားမျှတမှုဘက် ရပ်တည်ရာမှာ၊ ဆန့်ကျင်မှု ခံရပ်ရာမှာ ဖြစ်တယ်။ ကျွန်တော်တို့လည်း ပင်ကို သတ္တိရှိရှိ၊ မရှိရှိ ယေရှုကို အတုယူနိုင်တယ်။

အမှန်တရားကို သတ္တိရှိရှိ ကာကွယ်

၇-၉။ (က) ယေရှု ၁၂ နှစ်တုန်းက ဘာဖြစ်သလဲ။ အဲဒီအခြေအနေဟာ ဘာကြောင့် ကြောက်စရာကောင်းသလဲ။ (ခ) ဗိမာန်တော်မှာ ဆရာတွေနဲ့ ဆွေးနွေးတုန်းက သတ္တိရှိကြောင်း ယေရှု ဘယ်လို ပြသလဲ။

“မုသားရဲ့ အဖ” စာတန် အုပ်စိုးတဲ့ လောကမှာ အမှန်တရားကို ကာကွယ်ဖို့ သတ္တိရှိမှ ရမယ်။ (ယောဟန် ၈:၄၄။ ၁၄:၃၀) အရွယ်ရောက်မှ အမှန်တရားကို ယေရှု ကာကွယ်တာ မဟုတ်ဘူး။ အသက် ၁၂ နှစ်တုန်းက ဂျေရုဆလင်မြို့မှာ ပသခါပွဲ တက်ပြီးနောက် မိဘနဲ့ လူစုကွဲသွားတယ်။ သုံးရက်လုံးလုံး မာရိနဲ့ ယောသပ် အပူတပြင်း လိုက်ရှာကြတယ်။ နောက်ဆုံးတော့ ဗိမာန်တော်မှာ ရှာတွေ့သွားတယ်။ ယေရှု ဘာလုပ်နေသလဲ။ “ဗိမာန်တော်မှာ ဆရာတွေ အလယ်မှာ ထိုင်ပြီး သူတို့ ပြောတာကို နားထောင်လိုက်၊ မေးခွန်းမေးလိုက် လုပ်နေတယ်။” (လုကာ ၂:၄၁-၅၀) အခြေအနေကို မြင်ယောင်ကြည့်ပါ။

သမိုင်းပညာရှင်တွေ အဆိုအရ ပွဲတော် ပြီးသွားတဲ့အခါ ဗိမာန်တော်မှာ ထိပ်သီးဘာသာရေး ခေါင်းဆောင်တချို့ ဆက်နေပြီး ဆင်ဝင်ကျယ်ကြီးတစ်ခုအောက်မှာ သွန်သင်ပို့ချလေ့ရှိတယ်။ သူတို့ရှေ့မှာ လူတွေ ထိုင်ပြီး နားထောင်ကြ၊ မေးခွန်းတွေ မေးကြတယ်။ အဲဒီဘာသာရေး ခေါင်းဆောင်တွေဟာ ကျမ်းတတ်တွေ။ မောရှေပညတ်သာမက နှစ်တွေတစ်လျှောက် လူတွေ ထပ်ထည့်ထားတဲ့ ရှုပ်ထွေးတဲ့ ပညတ်၊ ထုံးတမ်းစဉ်လာ ကျွမ်းသူတွေ။ အဲဒီလိုလူတွေ အလယ်မှာ သင် ထိုင်နေရတယ်ဆိုရင် ဘယ်လို နေမလဲ။ ကြောက်နေမလား။ သင်သာ ၁၂ နှစ်အရွယ်လေးဆိုရင်ကော။ ဒီအရွယ်က ရှက်တတ်တဲ့ အရွယ်။ (ယေရမိ ၁:၆) လူငယ်တချို့ဆိုရင် ကျောင်းမှာ ဆရာ/မတွေ အာရုံမစိုက်မိအောင် နေကြတယ်။ အခိုင်းခံရမှာ၊ အတန်းရှေ့ ခေါ်ထုတ်ခံရမှာ၊ အရှက်ခွဲခံရမှာ၊ အလှောင်ခံရမှာ စိုးရိမ်ကြတယ်။

ယေရှုကတော့ ကျမ်းတတ်တွေ အလယ်မှာ ထိုင်ပြီး မကြောက်မရွံ့ စူးစမ်းမေးမြန်းနေတယ်။ မေးရုံ မေးတာ မဟုတ်ဘူး။ “သူ့စကားကို ကြားတဲ့သူအားလုံးက သူ အဖြေပေးပုံ၊ ဉာဏ်ထက်မြက်ပုံကို တအံ့တဩ ဖြစ်နေကြတယ်” လို့ မှတ်တမ်းက ဖော်ပြတယ်။ (လုကာ ၂:၄၇) ယေရှု ဘာအကြောင်းတွေ ပြောသလဲ ကျမ်းစာမှာ ဖော်ပြမထားဘူး။ ဂျူးဘာသာရေးလောကမှာ ခေတ်စားနေတဲ့ သွန်သင်ချက်အမှားတွေ မပြောမှာ၊ ကျမ်းစာအမှန်တရားကို ကာကွယ်မှာတော့ သေချာတယ်။ (၁ ပေတရု ၂:၂၂) ၁၂ နှစ်အရွယ်လေးနဲ့ ဒီလောက် ထိုးထွင်းဉာဏ်ရှိရှိ၊ သတ္တိရှိရှိ ပြောနေလို့ နားထောင်သူတွေ အံ့သြသွားကြတယ်။

ယုံကြည်ချက်အကြောင်း ခရစ်ယာန် လူငယ်တွေ သတ္တိရှိရှိ ပြောပြကြ

၁၀။ ယေရှုကို အတုယူပြီး သတ္တိရှိကြောင်း ခရစ်ယာန် လူငယ်တွေ ဘယ်လို ပြကြသလဲ။

၁၀ ဒီနေ့ခေတ် ခရစ်ယာန် လူငယ်လေးတွေ ယေရှုခြေရာ လိုက်နေကြတယ်။ လူငယ် ယေရှုလို စုံလင်သူ မဟုတ်ပေမဲ့ ငယ်ငယ်ကတည်းက အမှန်တရားကို ကာကွယ်ကြတယ်။ ကျောင်းမှာ၊ ရပ်ကွက်မှာ ဆုံရသူတွေကို ပါးပါးနပ်နပ် မေးခွန်းတွေ မေးကြတယ်။ နားထောင်ပေးကြတယ်။ အမှန်တရားအကြောင်း လေးလေးစားစား ပြောပြကြတယ်။ (၁ ပေတရု ၃:၁၅) ဒီလို လူငယ်လေးတွေကြောင့် ခရစ်တော်နောက်လိုက် ဖြစ်လာတဲ့ အတန်းဖော်၊ ဆရာ/မ၊ အိမ်နီးချင်းတွေ အများကြီးပဲ။ သတ္တိရှိတဲ့ လူငယ်တွေအတွက် ယေဟောဝါ သိပ်ဂုဏ်ယူမှာပဲ။ လူငယ်လေးတွေဟာ နှင်းစက်လို လန်းဆန်းစေပြီး များပြားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဆာလံ ၁၁၀:၃

၁၁၊ ၁၂။ ယေရှု အရွယ်ရောက်လာတော့ အမှန်တရားကို ဘယ်လို သတ္တိရှိရှိ ကာကွယ်သလဲ။

၁၁ အရွယ်ရောက်လာတော့လည်း အမှန်တရားကို ယေရှု သတ္တိရှိရှိ အကြိမ်ကြိမ် ကာကွယ်တယ်။ အမှုဆောင်လုပ်ငန်း အစမှာတင် အတိုက်အခံ ကြုံရတယ်။ ယေဟောဝါရဲ့ ရန်သူတွေထဲမှာမှ တန်ခိုး အကြီးဆုံး၊ အန္တရာယ် အရှိဆုံး ရန်သူနဲ့ ရင်ဆိုင်ရတယ်။ တန်ခိုးကြီး ကောင်းကင်တမန်မင်းအနေနဲ့ မဟုတ်ဘဲ လူသားတစ်ယောက်အနေနဲ့ ယေရှု ရင်ဆိုင်ရတာ။ လူ့အမြင်က ကြည့်ရင် ကြောက်စရာပဲ။ ဒါပေမဲ့ စာတန့်သွေးဆောင်မှုတွေကို ယေရှု တွန်းလှန်တယ်။ ကျမ်းစာကို စာတန် တလွဲ သုံးနေတာ ထောက်ပြတယ်။ “စာတန်၊ ထွက်သွားစမ်း” လို့ သတ္တိရှိရှိ အမိန့်ပေးပြီး စကားစ ဖြတ်လိုက်တယ်။—မဿဲ ၄:၂-၁၁

၁၂ အမှုဆောင်ချိန်တစ်လျှောက်မှာလည်း ဖခင်ရဲ့ တရားစကားကို လက်တစ်လုံးခြား လုပ်တာ၊ တလွဲ သုံးတာ မှန်သမျှကနေ ယေရှု သတ္တိရှိရှိ ကာကွယ်တယ်။ ဒီနေ့ခေတ်လိုပဲ အဲဒီခေတ်မှာ ဘာသာရေး အလိမ်အညာတွေ မှိုလို ပေါက်နေတယ်။ “အဆက်ဆက် ကျင့်သုံးလာတဲ့ ထုံးတမ်းစဉ်လာကို လိုက်ဖို့အတွက် ဘုရားသခင်ရဲ့ တရားစကားကို ခင်ဗျားတို့ ဘေးချိတ်လိုက်တယ်” ဆိုပြီး ဘာသာရေး ခေါင်းဆောင်တွေကို ယေရှု ပြောတယ်။ (မာကု ၇:၁၃) လူတွေ သိပ်ကြည်ညိုလေးစားတဲ့ ဘာသာရေး ခေါင်းဆောင်တွေကို မျက်ကန်းလမ်းပြ၊ သူတော်ကောင်း ယောင်ဆောင်သူတွေလို့ မကြောက်မရွံ့ ခေါ်တယ်။ a (မဿဲ ၂၃:၁၃၊ ၁၆) ယေရှုရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်သလဲ။

၁၃။ ယေရှုကို အတုယူတဲ့အခါ ဘယ်အချက်ကို သတိရ,ရမလဲ။ ဘာအခွင့်ထူး ရှိသလဲ။

၁၃ လူ့စိတ်ကို သိနိုင်စွမ်း၊ တရားစီရင်နိုင်စွမ်း ယေရှုမှာ ရှိပေမဲ့ ကျွန်တော်တို့မှာ မရှိဘူး။ ဒါပေမဲ့ ယေရှုရဲ့ သတ္တိကို အတုယူပြီး အမှန်တရားကို ကာကွယ်နိုင်တယ်။ ဥပမာ၊ ဘုရား၊ ဘုရားရည်ရွယ်ချက်၊ ကျမ်းစာနဲ့ပတ်သက်တဲ့ ဘာသာရေး အလိမ်အညာတွေ ကျွန်တော်တို့ သတ္တိရှိရှိ ဖော်ထုတ်ကြတယ်။ (မဿဲ ၅:၁၄။ ဗျာဒိတ် ၁၂:၉၊ ၁၀) စာတန့်အလိမ်အညာမှိုင်း မိပြီး အကြောက်တရားနဲ့ ထိန်းချုပ်ခံထားရတဲ့အဖြစ်၊ ဘုရားနဲ့ ဆက်ဆံရေး အဆိပ်သင့်နေတဲ့အဖြစ်ကနေ လူတွေကို လွတ်မြောက်စေကြတယ်။ စာတန့်လောကရဲ့ အမှောင်ကို ခွင်းပြီး အမှန်တရားအလင်း မြင်ဖို့ ကူညီပေးကြတယ်။ “အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်” ဆိုတဲ့ ယေရှုကတိ ပြည့်စုံနေတာ မြင်ခွင့်ရလို့ အခွင့်ထူးပါပဲ။—ယောဟန် ၈:၃၂

တရားမျှတမှုဘက် သတ္တိရှိရှိ ရပ်တည်

၁၄၊ ၁၅။ (က) “တရားမျှတခြင်းအကြောင်း” ယေရှု ကြားသိစေတဲ့ တစ်နည်းက ဘာလဲ။ (ခ) ရှမာရိအမျိုးသမီးနဲ့ စကားပြောတာကို ထောက်ရင် ယေရှုမှာ ဘယ်လို သဘောထား မရှိသလဲ။

၁၄ “တရားမျှတခြင်းအကြောင်း” မေရှိယ ကြားသိစေမယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (မဿဲ ၁၂:၁၈။ ဟေရှာယ ၄၂:၁) ကြိုဟောထားတဲ့အတိုင်း ယေရှု မြေကြီးပေါ် ရောက်လာတဲ့အခါ လူတွေကို အမြဲ မျှမျှတတ၊ မျက်နှာမလိုက်တမ်း ဆက်ဆံတယ်။ စိတ်စွန်းကွက်တဲ့ သဘောထား၊ လုပ်ရပ်တွေ ဂျူးအသိုင်းအဝိုင်းမှာ ပျံ့နေပေမဲ့ လိုက်မတုဘူး။ ယေရှု တကယ် သတ္တိရှိတယ်။

၁၅ ရှုခါရေတွင်းမှာ ရှမာရိအမျိုးသမီးနဲ့ ယေရှု စကားပြောနေလို့ တပည့်တွေ အံ့သြသွားကြတယ်။ ဘာကြောင့်လဲ။ အဲဒီခေတ်တုန်းက ရှမာရိတွေကို ဂျူးတွေ မုန်းတယ်။ ဟိုးနှစ်ပေါင်းများစွာကတည်းက အဲဒီလို မုန်းကြတာ။ (ဧဇရ ၄:၄) ဒါ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျတယ်လို့ ရဗ္ဗိတချို့ ယူဆကြတယ်။ အမျိုးသမီးတွေနဲ့ စကားမပြောသင့်ဘူးဆိုပြီး နောက်ပိုင်းမှာ စည်းမျဉ်းထုတ်ကြတယ်။ အမျိုးသမီးတွေကို ဘုရားပညတ် မသင်ပေးထိုက်ဘူးလို့တောင် ပြောကြတယ်။ အထူးသဖြင့် ရှမာရိအမျိုးသမီးတွေကို မသန့်ရှင်းသူတွေလို့ မြင်ကြတယ်။ အဲဒီလို စိတ်စွန်းကွက်တဲ့ သဘောထား ယေရှုမှာ မရှိဘူး။ အကျင့်ပျက် ဘဝပုံစံနဲ့ နေတဲ့ ရှမာရိအမျိုးသမီးကို ပေါ်ပေါ်ထင်ထင် သွန်သင်ပေးတယ်။ မိမိ မေရှိယ ဖြစ်ကြောင်း အသိပေးတယ်။—ယောဟန် ၄:၅-၂၇

၁၆။ စိတ်စွန်းကွက်မှုနဲ့ပတ်သက်လာရင် တခြားသူတွေနဲ့ မတူဖို့ ဘာကြောင့် သတ္တိ လိုသလဲ။

၁၆ စိတ်စွန်းကွက်သူတွေနဲ့ သင် ပေါင်းဖူးသလား။ လူမျိုး၊ နိုင်ငံ မတူသူတွေကို ဟာသ လုပ်တာ၊ လိင်ခြားသူတွေကို ချိုးချိုးဖဲ့ဖဲ့ ပြောတာ၊ စီးပွားရေး၊ လူမှုရေးနောက်ခံ မတူသူတွေကို အထင်သေးတာ ဖြစ်နိုင်တယ်။ အဲဒီလိုသဘောထားမျိုးကို ခရစ်တော်နောက်လိုက်တွေ လက်မခံကြဘူး။ စိတ်စွန်းကွက်မှုမှန်သမျှ စိတ်နှလုံးထဲကနေ ကြိုးစားတိုက်ထုတ်ကြတယ်။ (တမန်တော် ၁၀:၃၄) လူတိုင်းကို တရားမျှမျှတတ ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။

၁၇။ ဗိမာန်တော်မှာ ယေရှု ဘာလုပ်သလဲ။ ဘာကြောင့်လဲ။

၁၇ ဘုရားလူမျိုး ကိုယ်ကျင့်တရားပိုင်း သန့်ရှင်းဖို့၊ ဝတ်ပြုရေးပိုင်း စင်ကြယ်ဖို့လည်း ယေရှု သတ္တိရှိရှိ လုပ်တယ်။ အမှုဆောင်ချိန် အစပိုင်းမှာ ဂျေရုဆလင် ဗိမာန်တော်ကို သွားတယ်။ ကုန်သည်တွေ၊ ငွေလဲသူတွေ စီးပွားရေး လုပ်နေကြတာ မြင်လိုက်ရလို့ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ လောဘသမားတွေကို နှင်ထုတ်၊ သူတို့ပစ္စည်းတွေကို လွှင့်ပစ်လိုက်တယ်။ (ယောဟန် ၂:၁၃-၁၇) အမှုဆောင်ချိန် အဆုံးပိုင်းမှာလည်း အဲဒီအတိုင်း ထပ်လုပ်တယ်။ (မာကု ၁၁:၁၅-၁၈) ဒီလိုလုပ်လို့ ရန်သူတွေ များလာပေမဲ့ ဖြောင့်မှန်မှုအတွက် သတ္တိရှိရှိ ရပ်တည်တယ်။ ဘာကြောင့်လဲ။ ကလေးဘဝကတည်းက ဗိမာန်တော်ကို အဖရဲ့ အိမ်တော်လို့ ယေရှု ခေါ်တယ်။ တကယ်လည်း အဖအိမ်လို သဘောထားတယ်။ (လုကာ ၂:၄၉) စင်ကြယ်တဲ့ ဝတ်ပြုရေးကို ညစ်ညူးစေတဲ့ လုပ်ရပ်မှန်သမျှ မတရားတဲ့ လုပ်ရပ် ဖြစ်တယ်။ ယေရှု လုံးဝ သည်းမခံနိုင်ဘူး။ ဖြောင့်မှန်တာ လုပ်ဖို့ စိတ်ပြင်းပြလွန်းလို့ လုပ်စရာ ရှိတာ သတ္တိရှိရှိ လုပ်တယ်။

၁၈။ အသင်းတော် သန့်ရှင်းမှုနဲ့ပတ်သက်လာရင် သတ္တိ ဘယ်လို ပြနိုင်သလဲ။

၁၈ ဒီနေ့ခေတ် ခရစ်တော်နောက်လိုက်တွေလည်း ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်း သန့်ရှင်းနေဖို့ ကြိုးစားကြတယ်။ ညီအစ်ကို/မတစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်ထားမှန်း သိရင် မသိလိုက်မသိဘာသာ မနေဘူး။ အပြစ်လုပ်သူဆီ သတ္တိရှိရှိ သွားပြောတယ်။ (၁ ကောရိန္သု ၁:၁၁) အကြီးအကဲတွေကို အသိပေးခိုင်းတယ်။ အကြီးအကဲတွေ သိမှ အဲဒီညီအစ်ကို/မ ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ကူညီပေးနိုင်မယ်။ အသင်းတော် ဆက်သန့်ရှင်းနေအောင် ထားနိုင်မယ်။—ယာကုပ် ၅:၁၄၊ ၁၅

၁၉၊ ၂၀။ (က) ယေရှုခေတ်မှာ ဘယ်မတရားမှုတွေ ကြုံနေရသလဲ။ ယေရှုကို လူတွေ ဘာလုပ်စေချင်သလဲ။ (ခ) နိုင်ငံရေးနဲ့ အကြမ်းဖက်မှုတွေမှာ ခရစ်တော်နောက်လိုက်တွေ ဘာကြောင့် မပါကြသလဲ။ ဘာအကျိုး ရသလဲ။

၁၉ ကမ္ဘာပေါ်က မတရားမှုတိုင်းကိုတော့ ယေရှု လိုက်ဖြေရှင်းမပေးဘူး။ မတရားမှု ကြီးစိုးချိန် ယေရှု အသက်ရှင်ခဲ့တယ်။ မွေးရပ်မြေဟာ တိုင်းတစ်ပါးလက်အောက် ရောက်နေတယ်။ စစ်တပ်အင်အား သုံးပြီး ဂျူးတွေကို ရောမတွေ ဖိနှိပ်တယ်။ အခွန် မတန်တဆ ကောက်တယ်။ ဘာသာရေးမှာ ဝင်စွက်တယ်။ ဒါကြောင့်လည်း ယေရှုကို လူတွေ ဘုရင်မြှောက်ချင်ကြတာ။ (ယောဟန် ၆:၁၄၊ ၁၅) ဒီတစ်ကြိမ်လည်း ယေရှု သတ္တိရှိရပြန်တယ်။

၂၀ မိမိနိုင်ငံဟာ ဒီလောကနဲ့ မသက်ဆိုင်ကြောင်း ယေရှု ရှင်းပြတယ်။ နိုင်ငံရေး ပဋိပက္ခတွေမှာ မပါဖို့၊ သတင်းကောင်း ဟောပြောခြင်းကိုပဲ အာရုံစိုက်ဖို့ နောက်လိုက်တွေကို လေ့ကျင့်ပေးတယ်။ ကိုယ်တိုင် စံနမူနာ ပြတယ်။ (ယောဟန် ၁၇:၁၆။ ၁၈:၃၆) ယေရှုကို ဖမ်းဖို့ လူအုပ် ရောက်လာချိန်မှာ ဓားဆွဲထုတ်ပြီး လူတစ်ယောက်ကို ပေတရု စိတ်မြန်လက်မြန် ခုတ်လိုက်တယ်။ ခုတ်လည်း ခုတ်ချင်စရာပဲ။ အပြစ်မဲ့တဲ့ ဘုရားသားကိုမှ လာဖမ်းနေကြတာကိုး။ ကြားနေခြင်းနဲ့ပတ်သက်ပြီး အဲဒီညမှာ နောက်လိုက်တွေကို ယေရှု အရေးကြီး သင်ခန်းစာ သင်ပေးလိုက်တယ်။ “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။ ဓားကို ကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်” လို့ ပြောတယ်။ (မဿဲ ၂၆:၅၁-၅၄) ယေရှုလို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့ နောက်လိုက်တွေ သတ္တိ လိုတယ်။ ဒီနေ့ခေတ် နောက်လိုက်တွေဟာ နိုင်ငံရေးမှာ ကြားနေတဲ့အတွက် စစ်ပွဲ၊ လူမျိုးတုံး သတ်ဖြတ်မှု၊ အဓိကရုဏ်း၊ အကြမ်းဖက် လုပ်ရပ်တွေနဲ့ပတ်သက်လာရင် အပြစ်ထောက်စရာ မရှိဘူး။ သတ္တိရှိလို့ ရလာတဲ့ အကျိုးပါပဲ။

ဆန့်ကျင်မှုကို သတ္တိရှိရှိ ခံရပ်

၂၁၊ ၂၂။ (က) အခက်ခဲဆုံး စမ်းသပ်မှု မကြုံခင် ယေရှု ဘာအကူအညီ ရသလဲ။ (ခ) အဆုံးထိ သတ္တိရှိကြောင်း ယေရှု ဘယ်လို ပြသလဲ။

၂၁ မြေကြီးပေါ်မှာ ပြင်းထန်တဲ့ ဆန့်ကျင်မှု၊ စမ်းသပ်မှု ရင်ဆိုင်ရမယ်ဆိုတာ ယေရှု ကြိုသိထားတယ်။ (ဟေရှာယ ၅၀:၄-၇) တကယ်လည်း အသက်အန္တရာယ် ခဏခဏ ခြိမ်းခြောက်ခံရတယ်။ နောက်ဆုံးလည်း ဖြစ်၊ အဆိုးဆုံးလည်း ဖြစ်တဲ့ စမ်းသပ်မှုကို ဒီအခန်း အစပိုင်းမှာ ဖော်ပြထားတယ်။ ဒီလိုအန္တရာယ်တွေ ကြုံရချိန်မှာတောင် ယေရှု ဘယ်လိုလုပ်ပြီး သတ္တိရှိသလဲ။ လူအုပ် လာမဖမ်းခင် ယေရှု ဘာလုပ်နေသလဲ မှတ်မိသလား။ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းနေတယ်။ ယေဟောဝါ ဘာလုပ်ပေးသလဲ။ “နားထောင်” ပေးတယ်။ (ဟီဘရူး ၅:၇) ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး သတ္တိခဲ သားတော်ကို အားပေးတယ်။—လုကာ ၂၂:၄၂၊ ၄၃

၂၂ အားရှိသွားတာနဲ့ “ထကြ၊ သွားကြစို့” လို့ တမန်တော်တွေကို ယေရှု ပြောတယ်။ (မဿဲ ၂၆:၄၆) မိတ်ဆွေတွေ မထိခိုက်ဖို့ လူအုပ်ကို တောင်းဆိုရမယ်၊ မိတ်ဆွေတွေ ကိုယ့်ကို စွန့်ပြီး ထွက်ပြေးကြမယ်၊ အခက်ခဲဆုံး အခြေအနေကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မယ်ဆိုတာ သိသိကြီးနဲ့ “သွားကြစို့” လို့ ပြောခဲ့တာ။ ယေရှု ဘယ်လောက် သတ္တိရှိလိုက်သလဲ။ တရားမဝင်၊ မမျှမတ စစ်မေးတာ၊ ကဲ့ရဲ့လှောင်ပြောင်တာ၊ ရိုက်နှက်ညှဉ်းဆဲတာ ခံရတယ်။ နောက်ဆုံးမှာ ဝေဒနာ အပြင်းအထန် ခံစားပြီး သေသွားတယ်။ ယေရှု သတ္တိတစ်စက်မှ လျော့မသွားဘူး။

၂၃။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အခါ ယေရှု တုံ့ပြန်ပုံက ဘာကြောင့် မိုက်ရူးရဲဆန်တဲ့ လုပ်ရပ် မဟုတ်သလဲ။

၂၃ ယေရှု မိုက်ရူးရဲဆန်တာလား။ မဟုတ်ဘူး။ သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာ မတူဘူး။ ယေရှု မိုက်ရူးရဲမဆန်လို့လည်း နောက်လိုက်တွေ သတိကြီးဖို့၊ ပါးနပ်ဖို့၊ အန္တရာယ် ရှောင်ဖို့ သင်ပေးတာ။ (မဿဲ ၄:၁၂။ ၁၀:၁၆) ဒါပေမဲ့ ဘုရားအလိုတော်နဲ့ပတ်သက်လာရင်တော့ နောက်ဆုတ်လို့ မရမှန်း ယေရှု သိတယ်။ သမာဓိ စောင့်ထိန်းဖို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် နောက်မဆုတ်တမ်း စမ်းသပ်မှု ရင်ဆိုင်တာ။

ယေဟောဝါသက်သေတွေ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ ရဲစွမ်းသတ္တိ ပြကြ

၂၄။ ဘယ်အခက်အခဲကိုမဆို သတ္တိရှိရှိ ရင်ဆိုင်နိုင်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။

၂၄ နောက်လိုက်တွေလည်း သခင့်စံနမူနာအတိုင်း သတ္တိရှိရှိ လိုက်လျှောက်ကြတယ်။ ကဲ့ရဲ့လှောင်ပြောင်၊ နှိပ်စက်ညှဉ်းပန်း၊ ဖမ်းဆီး၊ ထောင်ချ၊ ရိုက်နှက်၊ အသတ်ခံရချိန်မှာတောင် ဆက်သစ္စာရှိကြတယ်။ မစုံလင်သူတွေ ဖြစ်လျက်နဲ့ ဘာကြောင့် သတ္တိရှိကြသလဲ။ ပင်ကို သတ္တိရှိလို့တော့ မဟုတ်ဘူး။ ယေဟောဝါဆီက ယေရှု ခွန်အား ရသလို ရထားကြလို့ပဲ။ (ဖိလိပ္ပိ ၄:၁၃) ဒါကြောင့် အနာဂတ်မှာ ဘာပဲ ကြုံရပါစေ လုံးဝ မကြောက်ပါနဲ့။ သမာဓိ စောင့်ထိန်းဖို့ ဆုံးဖြတ်ထားပါ။ ယေဟောဝါ ခွန်အားပေးလိမ့်မယ်။ “သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ” လို့ ပြောခဲ့တဲ့ ခေါင်းဆောင် ယေရှုရဲ့ စံနမူနာကနေ ခွန်အား ဆက်ယူနေပါ။—ယောဟန် ၁၆:၃၃

a ပရောဖက်တွေ၊ ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူလိုပဲ ရဗ္ဗိတွေရဲ့ သင်္ချိုင်းဂူကို အထွတ်အမြတ်ထားကြကြောင်း သမိုင်းပညာရှင်တွေ ဖော်ပြတယ်။