မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၈

“ကျွန်တော့်နောက် ဆက်ပြီး လိုက်ပါ”

“ကျွန်တော့်နောက် ဆက်ပြီး လိုက်ပါ”

၁-၃။ (က) တမန်တော်တွေကို ယေရှု ဘယ်လို နှုတ်ဆက်ခွဲခွာသလဲ။ ဘာကြောင့် ဝမ်းနည်းကြေကွဲဖို့ မလိုသလဲ။ (ခ) ကောင်းကင် တက်သွားပြီးနောက် ယေရှု လုပ်တာတွေကို ဘာကြောင့် သိဖို့ လိုသလဲ။

 အမျိုးသား ဆယ့်တစ်ယောက် တောင်ပေါ်မှာ ရပ်နေကြတယ်။ သိပ်ချစ်ခင်လေးစားရတဲ့ ယေရှုကို ဝိုင်းကြည့်နေကြတယ်။ ယေရှု လူ့အသွင် ဆောင်ထားပေမဲ့ သေရာကနေ ထမြောက်ပြီးလို့ တန်ခိုးအကြီးဆုံး ကောင်းကင်တမန် ပြန်ဖြစ်နေပြီ။ နောက်ဆုံးအကြိမ် တွေ့ဖို့ သူတို့ကို သံလွင်တောင်ပေါ် ယေရှု ခေါ်လိုက်တာ။

သံလွင်တောင်ဟာ ဂျေရုဆလင်မြို့နဲ့ နီးတယ်။ မြို့နဲ့ တောင်ကို ကေဒြုန်ချိုင့်ဝှမ်း ခြားထားတယ်။ တောင်ပေါ် ရောက်တော့ အမှတ်ရစရာ အများကြီး ယေရှု တွေးမိမှာပဲ။ ဥပမာ၊ တောင်စောင်းက ဗေသနိရွာမှာ လာဇရုကို ရှင်ပြန်ထမြောက်ပေးခဲ့တယ်။ လွန်ခဲ့တဲ့ အပတ်အနည်းငယ်ကပဲ ဒီတောင်ပေါ်က ဗက်ဖာဂေရွာကနေ ဂျေရုဆလင်မြို့ထဲ မြည်းလေး စီးပြီး ဝင်လာတုန်းက လူတွေ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။ ဂေသရှေမန်ဥယျာဉ်လည်း သံလွင်တောင်ပေါ်မှာ ရှိတာပဲ ဖြစ်မယ်။ အဖမ်းမခံရခင် စိတ်အဖိစီးဆုံး နောက်ဆုံး အချိန်နာရီတွေမှာ ဒီဥယျာဉ်ထဲ ယေရှု ရောက်နေခဲ့တယ်။ အခု ဒီတောင်ပေါ်မှာပဲ မိတ်ဆွေရင်းတွေ၊ နောက်လိုက်တွေကို ထားရစ်ခဲ့တော့မယ်။ နှုတ်ဆက်စကား ပြောပြီးနောက် ကောင်းကင် တက်သွားတယ်။ ချစ်ရတဲ့ သခင် ကောင်းကင် တက်သွားတာကို တမန်တော်တွေ နေရာကနေ တုတ်တုတ်မှ မလှုပ်ဘဲ ငေးကြည့်နေကြတယ်။ နောက်ဆုံး၊ တိမ်တွေ ကွယ်သွားလို့ မြင်ကွင်းကနေ ယေရှု ပျောက်သွားတယ်။—တမန်တော် ၁:၆-၁၂

ဝမ်းနည်းဝမ်းသာ ခံစားချက်တွေ ရောနေတဲ့ နှုတ်ဆက်ပွဲ၊ ဆက်ရန် မရှိတော့တဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ သင် ခံစားရသလား။ ဇာတ်လမ်း မပြီးသေးဘူးဆိုတာ တမန်တော်တွေကို ကောင်းကင်တမန်နှစ်ပါး လာအသိပေးတယ်။ (တမန်တော် ၁:၁၀၊ ၁၁) ယေရှု ကောင်းကင် တက်သွားတာ တမန်တော်တွေ ဝမ်းသာသင့်တဲ့ အကြောင်းရင်းတွေ ရှိတယ်။ ကောင်းကင် တက်သွားပြီးနောက် ယေရှု ဘာဆက်လုပ်တယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအကြောင်း သိဖို့ သိပ်အရေးကြီးတယ်။ ဘာကြောင့်လဲ။ “ကျွန်တော့်နောက် ဆက်ပြီး လိုက်ပါ” ဆိုတဲ့ မိန့်မှာချက်ကို လိုက်နာနိုင်ဖို့ပါ။ (ယောဟန် ၂၁:၁၉၊ ၂၂) စိတ်ကူးပေါက်မှ မဟုတ်ဘဲ နေ့တိုင်း ယေရှုနောက် လိုက်ကြရမှာ။ ဒါကြောင့် ကိုယ့်သခင် အခု ဘာလုပ်နေသလဲ၊ ကောင်းကင်မှာ ဘာတာဝန်တွေ ရထားသလဲ သိဖို့ လိုတယ်။

ကောင်းကင် တက်သွားပြီးနောက် ယေရှုအသက်တာ

၄။ အပြစ်ဖြေရာနေ့မှာ ပုရောဟိတ်မင်း ဘာလုပ်သလဲ။ ဒါက ယေရှု ကောင်းကင် ပြန်ရောက်တဲ့အခါ ဘာလုပ်မယ်ဆိုတာ ဖော်ပြသလဲ။

ယေရှု ကောင်းကင် ပြန်တက်သွားတော့ ဘာဖြစ်တယ်၊ ဖခင်နဲ့ ကောင်းကင်တမန်တွေ ဘယ်လို ဝမ်းသာအားရ ကြိုဆိုကြတယ်ဆိုတာ ကျမ်းစာမှာ မဖော်ပြဘူး။ ကောင်းကင် ပြန်ရောက်တဲ့အခါ ယေရှု ဘာလုပ်မယ်ဆိုတာကိုတော့ အရင်ကတည်းက ဖော်ပြထားတယ်။ ကျမ်းစာအရ ဂျူးတွေ နှစ် ၁၅၀၀ ကျော် ကျင်းပလာတဲ့ နှစ်စဉ်ပွဲ ရှိတယ်။ ဗိမာန်တော် အသန့်ရှင်းဆုံးအခန်းထဲ တစ်နှစ်မှာ တစ်ရက် ပုရောဟိတ်မင်း ဝင်ပြီး အပြစ်ဖြေရာနေ့အတွက် ပူဇော်သက္ကာသွေးကို ပဋိညာဉ်သေတ္တာရှေ့ ဖျန်းတယ်။ အဲဒီနေ့ ပုရောဟိတ်မင်း လုပ်တဲ့အရာတွေက မေရှိယ လုပ်မယ့်အရာတွေကို ပုံဆောင်တယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်က အပြစ်တွေအတွက် ခွင့်လွှတ်မှု ရဖို့ ဖြစ်တယ်။ ယေရှု ကောင်းကင် ပြန်ရောက်ချိန်မှာ အဲဒီရည်ရွယ်ချက်ကို တစ်ကြိမ်တည်းအပြီး ပြည့်စုံစေတယ်။ ကောင်းကင်မှာ ယေဟောဝါရှေ့ အခစား ဝင်တယ်။ ဒါ စကြဝဠာမှာ အသန့်ရှင်းဆုံး အရပ်ပဲ။ အဲဒီနောက် မိမိ စွန့်လွှတ်ခဲ့တဲ့ အသက်ကို ဆက်သလိုက်တယ်။ (ဟီဘရူး ၉:၁၁၊ ၁၂၊ ၂၄) ယေဟောဝါ လက်ခံသလား။

၅၊ ၆။ (က) ခရစ်တော်ရဲ့ ရွေးဖိုး ပူဇော်သက္ကာကို ယေဟောဝါ လက်ခံတယ်ဆိုတာ ဘယ်လို သိရသလဲ။ (ခ) ရွေးဖိုးကနေ ဘယ်သူတွေ အကျိုးရကြသလဲ။ ဘယ်လိုနည်းနဲ့လဲ။

ယေဟောဝါ လက်ခံတယ်။ ယေရှု ကောင်းကင် တက်သွားပြီးနောက် ရက်အနည်းငယ်အကြာမှာ ဖြစ်ပျက်ခဲ့ရာတွေကနေ သိရတာပါ။ ဂျေရုဆလင်မြို့က အိမ်တစ်အိမ်ရဲ့ အထက်ခန်းမှာ တပည့် ၁၂၀ လောက် စုဝေးနေကြတယ်။ လေပြင်းတိုက်သလို အသံတစ်သံ ရုတ်တရက် ပေါ်လာပြီး တစ်အိမ်လုံး ပျံ့သွားတယ်။ လျှာသဏ္ဌာန် မီးလျှံတွေ သူတို့ခေါင်းပေါ်မှာ ပေါ်လာတယ်။ သူတို့အားလုံး သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်ပြီး ဘာသာစကားမျိုးစုံနဲ့ ပြောဆိုကြတော့တယ်။ (တမန်တော် ၂:၁-၄) ဒါက ဘုရားသခင့် အစ္စရေးလူမျိုး၊ လူမျိုးသစ်ကို ယေဟောဝါ ရွေးချယ်လိုက်ကြောင်း အထောက်အထားပဲ။ သူတို့ဟာ မြေကြီးပေါ်မှာ ဘုရားအလို ဆောင်ဖို့ “ရွေးချယ်ခံရတဲ့ လူမျိုး၊ ပုရောဟိတ်အဖြစ် အမှုထမ်းမယ့် ဘုရင်တွေ” ဖြစ်လာကြတယ်။ (၁ ပေတရု ၂:၉) ခရစ်တော်ရဲ့ ရွေးဖိုး ပူဇော်သက္ကာကို ယေဟောဝါ နှစ်သက်လက်ခံတယ်ဆိုတာ ထင်ရှားတယ်။ ဒီလိုမျိုး သန့်ရှင်းသော စွမ်းအားတော် သွန်းလောင်းခံရတာဟာ ရွေးဖိုးကြောင့် ရတဲ့ ပထမဆုံး ကောင်းချီးပဲ။

အဲဒီအချိန်က စပြီး ခရစ်တော်ရဲ့ ရွေးဖိုးကနေ ကမ္ဘာတစ်ဝန်းက နောက်လိုက်တွေ အကျိုးရကြတယ်။ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ အုပ်စိုးမယ့် ဘိသိက်ခံ “သိုးစုငယ်” ဖြစ်ဖြစ်၊ ခရစ်တော် အုပ်ချုပ်မှုအောက် မြေကြီးပေါ် အသက်ရှင်မယ့် “တခြားသိုး” ဖြစ်ဖြစ် အကျိုးရကြတယ်။ (လုကာ ၁၂:၃၂။ ယောဟန် ၁၀:၁၆) ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာကြတယ်။ အပြစ် ခွင့်လွှတ်ခံရကြတယ်။ ရွေးဖိုးကို “ယုံကြည်သက်ဝင်” နေသရွေ့၊ နေ့တိုင်း ယေရှုနောက် လိုက်နေသရွေ့ သိစိတ် ကြည်လင်နေနိုင်တယ်။ တောက်ပတဲ့ အနာဂတ် ပိုင်ဆိုင်ရမယ်ဆိုတာ မျှော်လင့်နိုင်တယ်။—ယောဟန် ၃:၁၆

၇။ ကောင်းကင် ပြန်ရောက်တော့ ယေရှု ဘယ်အခွင့်အာဏာတွေ ရသလဲ။ ယေရှုကို ဘယ်လို ထောက်မနိုင်သလဲ။

ကောင်းကင် ပြန်ရောက်တော့ ယေရှု အခွင့်အာဏာ အများကြီး ရတယ်။ (မဿဲ ၂၈:၁၈) ခရစ်ယာန် အသင်းတော်ကို ဦးစီးဖို့ ခန့်အပ်ခံရတယ်။ တကယ့်ကို မေတ္တာရှိတဲ့၊ တရားမျှတတဲ့ ခေါင်းဆောင်ပါပဲ။ (ကောလောသဲ ၁:၁၃) နောက်လိုက်တွေကို ဂရုစိုက်ဖို့ ယုံကြည်စိတ်ချရတဲ့ အမျိုးသားတွေကို တာဝန်ပေးတယ်။ (ဧဖက် ၄:၈) ဥပမာ၊ ပေါလုကို “လူမျိုးခြားတွေနဲ့ ဆိုင်တဲ့ တမန်တော်” အဖြစ် ရွေးချယ်ပြီး ရပ်ဝေးဒေသက လူတွေဆီ သတင်းကောင်း သွားဟောဖို့ စေလွှတ်တယ်။ (ရောမ ၁၁:၁၃။ ၁ တိမောသေ ၂:၇) အေဒီ ၉၆ ဝန်းကျင်မှာ အာရှနယ်က အသင်းတော် ခုနစ်ခုကို ချီးမွမ်းစရာ ရှိတာ ချီးမွမ်းဖို့၊ ဆုံးမစရာ ရှိတာ ဆုံးမဖို့ တမန်တော် ယောဟန်ကို စာရေးခိုင်းတယ်။ (ဗျာဒိတ်ကျမ်း အခန်းကြီး ၂-၃) ခရစ်ယာန် အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် ယေရှုကို သင် အသိအမှတ်ပြုရဲ့လား။ (ဧဖက် ၅:၂၃) အသိအမှတ်ပြုတယ်ဆိုရင် အသင်းတော်မှာ ဦးဆောင်နေသူတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာခြင်းအားဖြင့် ယေရှုကို ထောက်မကြောင်း ပြပါ။

၈၊ ၉။ ၁၉၁၄ ခုနှစ်မှာ ဘယ်အခွင့်အာဏာ ယေရှု ရသလဲ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဘာသက်ရောက်မှု ရှိသင့်သလဲ။

၁၉၁၄ မှာ ယေရှု နောက်ထပ် အခွင့်အာဏာ ရတယ်။ ယေဟောဝါရဲ့ မေရှိယ နိုင်ငံတော် ဘုရင်အဖြစ် ခန့်အပ်ခံရတာ။ စအုပ်ချုပ်တာနဲ့ “ကောင်းကင်မှာ စစ်ဖြစ်တယ်။” စာတန်နဲ့ နတ်ဆိုးတွေ မြေကြီးပေါ် ပစ်ချခံကြရတယ်။ ဒီလိုနဲ့ မြေကြီးပေါ်မှာ ဒုက္ခကာလ စလာတယ်။ စစ်၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ ရောဂါ၊ ငလျင်၊ အစာခေါင်းပါးမှုတွေ တိုးလာတာက ကောင်းကင်မှာ ယေရှု အုပ်ချုပ်နေတယ်ဆိုတာ သတိရစေတယ်။ စာတန်ဟာ “ဒီလောကရဲ့ မင်း” ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ “သူ့အတွက် အချိန် နည်းနည်းပဲ ကျန်တော့” တယ်။ (ဗျာဒိတ် ၁၂:၇-၁၂။ ယောဟန် ၁၂:၃၁။ မဿဲ ၂၄:၃-၇။ လုကာ ၂၁:၁၁) ဒီအတောအတွင်း မိမိအုပ်ချုပ်မှုကို လက်ခံဖို့ ကမ္ဘာတစ်ဝန်းက လူတွေကို ယေရှု အခွင့်အရေး ပေးနေတယ်။

မေရှိယ ဘုရင်ကို ထောက်ခံဖို့ သိပ်အရေးကြီးတယ်။ နေ့တိုင်း ကျွန်တော်တို့ ချတဲ့ ဆုံးဖြတ်ချက်တွေဟာ ယိုယွင်းပျက်စီးနေတဲ့ လောကအကြိုက် မဟုတ်ဘဲ ယေရှုအကြိုက်နဲ့ ကိုက်နေရမယ်။ “ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင်” ယေရှုဟာ ဖြောင့်မှန်တာကို နှစ်သက်တယ်။ ဒါကြောင့် ကမ္ဘာပေါ် ကြည့်လိုက်တဲ့အခါ ဒေါသ ဖြစ်စရာတွေကော ပီတိ ဖြစ်စရာတွေပါ တွေ့တယ်။ (ဗျာဒိတ် ၁၉:၁၆) ဘာကြောင့်လဲ။

မေရှိယဘုရင်ရဲ့ ဒေါသနဲ့ ပီတိ

၁၀။ ယေရှု ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။ ဒါပေမဲ့ ဘာကြောင့် ဒေါသထွက်သလဲ။

၁၀ ယေရှုဟာ ဖခင်လိုပဲ ပျော်တတ်တယ်။ (၁ တိမောသေ ၁:၁၁) အပြစ်ရှာတတ်သူ၊ အလိုမကျတတ်သူ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်ပြီး တော်တော် ဒေါသထွက်မှာပဲ။ ခရစ်ယာန်ပါလို့ ပြောတဲ့ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်း အများကြီးကို ကြည့်ပြီး ဒေါသထွက်မှာ သေချာတယ်။ “‘သခင်၊ သခင်’ လို့ ကျွန်တော့်ကို ခေါ်တဲ့သူတိုင်း ကောင်းကင်နိုင်ငံကို ဝင်ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော့်အဖရဲ့ အလိုတော်ကို ဆောင်တဲ့သူပဲ ဝင်ရလိမ့်မယ်။ အဲဒီနေ့မှာ လူအများက ‘သခင်၊ သခင်၊ ကျွန်တော်တို့ သခင့်နာမည်ကို သုံးပြီး . . . အံ့ဖွယ်အမှုတွေ . . . လုပ်ပြခဲ့တယ် မဟုတ်လား’ ဆိုပြီး ပြောကြလိမ့်မယ်။ အဲဒီအခါ ကျွန်တော်က ‘တရားမဲ့သူတို့၊ မင်းတို့ကို ငါ လုံးဝ မသိဘူး။ ငါ့ရှေ့က ထွက်သွားကြ’ ဆိုပြီး သူတို့ကို ပြောမယ်” လို့ ယေရှု ပြောတယ်။—မဿဲ ၇:၂၁-၂၃

၁၁-၁၃။ မိမိနာမည် သုံးပြီး “အံ့ဖွယ်အမှု” လုပ်ပြသူတွေကို ယေရှု ဘာကြောင့် ခါးခါးသီးသီး ငြင်းသလဲ။ ဥပမာ ပေးပါ။

၁၁ ဒီနေ့ ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်ပါလို့ ပြောသူများစွာ ဒီစကားတွေ နားမလည်ကြဘူး။ တော်တော်များများက အလှူဒါနတွေ လုပ်တယ်။ ဆေးရုံတွေ၊ ကျောင်းတွေ ဆောက်တယ်။ လိုအပ်သူတွေကို နည်းအမျိုးမျိုးနဲ့ ကူညီတယ်။ ဒါပေမဲ့ မိမိနာမည် သုံးပြီး ဒီလို “အံ့ဖွယ်အမှု” လုပ်ပြသူတွေကို ယေရှု ဘာကြောင့် ဒီလောက် ခါးခါးသီးသီး ငြင်းသလဲ။ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။

၁၂ မိဘနှစ်ပါး ခရီးသွားစရာ ရှိတယ်။ သားသမီးတွေ ခေါ်သွားလို့ မရတာနဲ့ ကလေးထိန်း ငှားတယ်။ “ကလေးတွေကို စောင့်ရှောက်ထားပေးပါ။ အချိန်မှန်မှန် ကျွေးပေးပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ဘေးကင်းရေး ဂရုစိုက်ပေးပါ” လို့ မှာခဲ့တယ်။ ဒါပေမဲ့ ပြန်ရောက်လာတော့ သားသမီးတွေ ဗိုက်ဟောင်းလောင်း၊ ညစ်ညစ်ပတ်ပတ်၊ ချူချူချာချာ၊ ငိုငိုယိုယို ဖြစ်နေတာ တွေ့လိုက်ရလို့ လန့်သွားတယ်။ ဒီလောက် ငိုယိုနေတာတောင် ကလေးထိန်း ဂရုမစိုက်အားဘူး။ လှေကား ထောင်ပြီး ပြတင်းပေါက်မှန် သန့်ရှင်းရေး လုပ်နေတာ။ မိဘတွေ တအား ဒေါသထွက်သွားတယ်။ ဘာကြောင့် ဒီလို လုပ်ရသလဲဆိုပြီး ကလေးထိန်းကို မေးတယ်။ ကလေးထိန်းက “ကျွန်မ လုပ်ထားတာတွေ ကြည့်ဦးလေ။ ပြတင်းပေါက် သန့်ရှင်းရေး လုပ်ထားပေးတယ်။ အိမ်မှာ ပြင်စရာ ရှိတာတွေ ပြင်ထားပေးတယ်။ အားလုံး ရှင်တို့မိသားစုအတွက်ပဲ” လို့ ဖြေတယ်။ မိဘတွေ ကျေနပ်သွားမလား။ ဘယ်ကျေနပ်မလဲ။ အိမ်အလုပ် လုပ်ဖို့ ခေါ်ထားတာမှ မဟုတ်တာ။ ကလေး ထိန်းခိုင်းထားတာလေ။ ခိုင်းတာ မလုပ်လို့ တော်တော် ဒေါသထွက်ကြမှာ။

၁၃ အမည်ခံ ခရစ်ယာန် အဖွဲ့အစည်းတွေဟာ အဲဒီကလေးထိန်းနဲ့ တူတယ်။ လူတွေ ကျမ်းစာ အမှန်တရား သိလာအောင်၊ ယေဟောဝါကို နည်းမှန်လမ်းကျ ကိုးကွယ်နိုင်အောင် ကူညီပေးဖို့ ယေရှု မြေကြီးပေါ် ရှိတုန်းက မှာခဲ့တယ်။ (ယောဟန် ၂၁:၁၅-၁၇) မှာတဲ့အတိုင်း အမည်ခံ ခရစ်ယာန် အဖွဲ့အစည်းတွေ မလုပ်ကြဘူး။ လူတွေကို ကျမ်းစာ အမှန်တရား မသင်ပေးကြဘူး။ အလိမ်အညာတွေပဲ သင်ပေးပြီး ယောင်လည်လည် ဖြစ်အောင်၊ စိတ်ရှုပ်အောင် လုပ်ကြတယ်။ (ဟေရှာယ ၆၅:၁၃။ အာမုတ် ၈:၁၁) ဒါကြောင့် လူ့ဘောင်အဖွဲ့အစည်း တိုးတက်ကောင်းမွန်လာအောင် ဘာတွေပဲ လုပ်လုပ် ခိုင်းတာ မလုပ်လို့ကို ယေရှု ဒေါသထွက်တယ်။ တကယ်တော့ သူတို့ ကြိုးစားပြင်နေတဲ့ လောကစနစ်ဟာ ဖြိုချဖို့ လျာထားတဲ့ အိမ်နဲ့ တူတယ်။ စာတန့်လောကစနစ်ကို ဘုရား မကြာခင် ဖျက်ဆီးမယ့်အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ယောဟန် ၂:၁၅-၁၇

၁၄။ ဘယ်လုပ်ငန်းက ယေရှုကို ရွှင်လန်းစေသလဲ။ ဘာကြောင့်လဲ။

၁၄ ဒါပေမဲ့ ကောင်းကင် ပြန်မတက်ခင် နောက်လိုက်တွေကို ပေးခဲ့တဲ့ တပည့်ဖြစ်စေခြင်း တာဝန်ကို သန်းနဲ့ချီတဲ့ လူတွေ ထမ်းဆောင်နေတာ ကောင်းကင်ကနေ မြင်ရလို့ ယေရှု သိပ်ပျော်မှာပဲ။ (မဿဲ ၂၈:၁၉၊ ၂၀) မေရှိယ ဘုရင်ကို ရွှင်လန်းစေနိုင်တယ်ဆိုတဲ့ အသိကြောင့် ကျွန်တော်တို့ ဝမ်းသာကြတယ်။ “သစ္စာနဲ့ သတိပညာ ရှိတဲ့ ကျွန်” ကို တက်တက်ကြွကြွ ထောက်မကြတယ်။ (မဿဲ ၂၄:၄၅) ဒီဘိသိက်ခံ ညီအစ်ကို အုပ်စုလေးဟာ အမည်ခံ ခရစ်ယာန် ဓမ္မဆရာတွေနဲ့ မတူဘူး။ ဟောပြောပါ၊ သိုးတွေကို ကျွေးမွေးပါဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို နာခံကြတယ်။

၁၅၊ ၁၆။ (က) ဒီနေ့ လူတွေ မေတ္တာ ခေါင်းပါးတာ ကြည့်ပြီး ယေရှု ဘယ်လို ခံစားရသလဲ။ ကျွန်တော်တို့ ဘယ်လို သိရသလဲ။ (ခ) အမည်ခံ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေကို ယေရှု ဘာကြောင့် ဒေါသထွက်သလဲ။

၁၅ လူတွေ မေတ္တာ ခေါင်းပါးတာ ကြည့်ပြီး ယေရှု ဒေါသထွက်မှာ သေချာတယ်။ ဥပုသ်နေ့မှာ လူနာတွေကို ကုပေးလို့ဆိုပြီး ယေရှုကို ဖာရိရှဲတွေ အပြစ်တင်ကြတယ်။ မေတ္တာ ခေါင်းပါးလွန်းလို့၊ ကိုယ် ထုတ်ထားတဲ့ စည်းမျဉ်းတွေ လိုက်ဖို့ပဲ အာရုံစိုက်လွန်းလို့၊ မောရှေပညတ်ကို အဓိပ္ပာယ် ကောက်ချင်သလို ကောက်နေလို့ အဓိပ္ပာယ်အမှန် သဘောမပေါက်ကြဘူး။ ယေရှုကတော့ အံ့ဖွယ်အမှုတွေ လုပ်ပြီး လူတွေကို ကူညီပေးတယ်။ အံ့ဖွယ်အမှုတွေကြောင့် လူတွေ ပျော်သွားတာ၊ ဝေဒနာ ကင်းသွားတာ၊ ဘုရားကို ယုံကြည်လာတာ ဖာရိရှဲတွေ စိတ်ထဲ ဘယ်လိုမှ မနေဘူး။ “သူတို့မှာ အကြင်နာတရား မရှိတဲ့အတွက် ယေရှု စိတ်ထိခိုက်သွားတယ်။ ပတ်လည်မှာ ရှိတဲ့ လူတွေကို စိတ်ဆိုးဆိုးနဲ့ ကြည့်” တယ်။—မာကု ၃:၅

၁၆ ဒီနေ့အချိန်မှာ “စိတ်ထိခိုက်” စရာတွေ ယေရှု ပိုမြင်လာရတယ်။ အမည်ခံ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေဟာ ကျမ်းစာနဲ့ မညီတဲ့ ထုံးတမ်းစဉ်လာတွေ၊ သွန်သင်ချက်တွေကို မျက်စိမှိတ် ဖက်တွယ်ထားကြတယ်။ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြောသူတွေကို မုန်းကြတယ်။ ယေရှု ဟောတဲ့ သတင်းတရား ဟောနေကြတဲ့ ခရစ်ယာန်တွေကို ဆိုးဆိုးရွားရွား နှိပ်စက်ညှဉ်းပန်းဖို့ လူတွေကို သွေးထိုးလှုံ့ဆော်ကြတယ်။ (ယောဟန် ၁၆:၂။ ဗျာဒိတ် ၁၈:၄၊ ၂၄) စစ်ထဲ ဝင်ဖို့၊ လူသတ်ဖို့ အသင်းသားတွေကို အားပေးအားမြှောက်လုပ်ကြတယ်။ ဒါတွေကိုပဲ ယေရှုခရစ် သဘောကျသယောင် ထင်ယောင်ထင်မှား လုပ်ကြတယ်။

၁၇။ ယေရှုကို ဘယ်လိုနည်းနဲ့ နောက်လိုက်စစ်တွေ စိတ်ရွှင်လန်းစေကြသလဲ။

၁၇ ယေရှုရဲ့ နောက်လိုက်စစ်တွေကတော့ လူတွေကို မေတ္တာထားတယ်။ ဆန့်ကျင်ခံရပေမဲ့ ယေရှုလိုပဲ “လူအမျိုးမျိုး” ကို သတင်းကောင်း ဟောတယ်။ (၁ တိမောသေ ၂:၄) အချင်းချင်း နှစ်နှစ်ကာကာ ချစ်တယ်။ မေတ္တာဟာ သူတို့ရဲ့ အဓိက အမှတ်အသားပဲ။ (ယောဟန် ၁၃:၃၄၊ ၃၅) အချင်းချင်းကို မေတ္တာထား၊ လေးလေးစားစား၊ ကြင်ကြင်နာနာ ဆက်ဆံတာက ယေရှုနောက်လိုက်စစ် ဖြစ်မှန်း သက်သေပြနေတာပဲ။ သူတို့ကို ကြည့်ပြီး မေရှိယ ဘုရင် စိတ်ရွှင်လန်းမှာ သေချာတယ်။

၁၈။ ဘာက ယေရှုကို ဝမ်းနည်းစေသလဲ။ ယေရှုရဲ့ နှစ်သက်မှု ရဖို့ ဘာလုပ်နိုင်သလဲ။

၁၈ နောက်လိုက်တွေ ခံနိုင်ရည် မရှိတဲ့အခါ၊ ယေဟောဝါကို ချစ်တဲ့ မေတ္တာ အေးစက်သွားပြီး ဆက်ဝတ်မပြုတဲ့အခါ ယေရှု သိပ်ဝမ်းနည်းတယ်။ (ဗျာဒိတ် ၂:၄၊ ၅) အဆုံးထိ ခံနိုင်ရည် ရှိသူတွေကိုတော့ နှစ်သက်တယ်။ (မဿဲ ၂၄:၁၃) ဒါကြောင့် “ကျွန်တော့်နောက် ဆက်ပြီး လိုက်ပါ” ဆိုတဲ့ ခရစ်တော်အမိန့်ကို လိုက်နာဖို့ ဆုံးဖြတ်ထားကြရအောင်။ (ယောဟန် ၂၁:၁၉) အဆုံးထိ ခံနိုင်ရည် ရှိသူတွေကို မေရှိယ ဘုရင် ပေးမယ့် ကောင်းချီးတချို့ သုံးသပ်ကြည့်ပါ။

သစ္စာရှိ ကျွန်တွေကို ဘုရင် ပေးမယ့် ကောင်းချီးတွေ

၁၉၊ ၂၀။ (က) ယေရှုနောက် လိုက်ရင် လောလောဆယ် ဘာကောင်းချီးတွေ ခံစားရမလဲ။ (ခ) ဘယ်လိုနည်းနဲ့ ယေရှုကို “ထာဝရ ဖခင်” ဖြစ်စေနိုင်မလဲ။

၁၉ ခရစ်တော်ကို သခင်အဖြစ် လက်ခံတယ်၊ ညွှန်ကြားချက် လိုက်နာတယ်၊ စံနမူနာ အတုယူတယ်ဆိုရင် လောလောဆယ်မှာတောင် ကောင်းချီး အလျှံပယ် ခံစားရတယ်။ ကိုယ် တကယ် နှစ်သက်ပြီး အဓိပ္ပာယ်ရှိတဲ့ အလုပ် လုပ်ရတယ်။ ချစ်ခင်စည်းလုံးတဲ့ ညီအစ်ကို/မ မိသားစု ရတယ်။ ဘုရားနဲ့ ဆက်ဆံရေး ကောင်းတယ်။ စိတ်အေးချမ်းတယ်။ တကယ့်ကို ပျော်ရွှင်ကြည်နူးစရာ အသက်တာပါပဲ။ ဒီလိုအသက်တာမျိုး လောက,က လူတွေ လိုချင်ပေမဲ့ မရကြဘူး။ ကျွန်တော်တို့ ရမယ့် နောက်ထပ် ကောင်းချီးတွေ ရှိသေးတယ်။

၂၀ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေအတွက် “ထာဝရဖခင်” အဖြစ် ယေရှုကို ယေဟောဝါ ရွေးတယ်။ လူသားမျိုးနွယ်ရဲ့ ဖခင် အာဒံက သားစဉ်မြေးဆက်တွေကို အပြစ်နဲ့ သေခြင်း လက်ဆင့်ကမ်း ပေးခဲ့ပေမဲ့ “ထာဝရ ဖခင်” ယေရှုကတော့ လူတွေကို ထာဝရအသက် ပေးမယ်။ (ဟေရှာယ ၉:၆၊ ၇) ယေရှုကို ယုံကြည်သက်ဝင်တာ၊ နာခံတာဟာ “ထာဝရ ဖခင်” အဖြစ် လက်ခံရာ ရောက်လို့ ထာဝရအသက် ရဖို့ မျှော်လင့်ချက် ရှိလာမယ်။ ယေဟောဝါဘုရားနဲ့လည်း ပိုရင်းနှီးလာမယ်။ ယေရှုကို နေ့တိုင်း ကြိုးစားအတုယူမယ်ဆိုရင် “ဘုရားသခင် ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ” ဆိုတဲ့ မိန့်မှာချက်ကိုလည်း နာခံရာ ရောက်မယ်။—ဧဖက် ၅:၁

၂၁။ ခရစ်တော်ရဲ့ နောက်လိုက်တွေ မှောင်မိုက်လောကမှာ ဘယ်လို ထွန်းလင်းနေကြသလဲ။

၂၁ ယေရှုနဲ့ ဖခင် ယေဟောဝါကို အတုယူတဲ့အခါ အခွင့်ထူးတစ်ခု ရတယ်။ မှောင်မိုက်နေတဲ့ လောကမှာ တောက်ပစွာ ထွန်းလင်းခွင့်ပါ။ လောက,က လူများစွာဟာ စာတန်ကြောင့် လမ်းလွဲနေကြတယ်။ စာတန့်စရိုက် အတုခိုးကြတယ်။ ကျွန်တော်တို့ကတော့ ခရစ်တော်နောက် လိုက်နေတဲ့အတွက် သူတို့ကို အဖိုးတန် ကျမ်းစာအမှန်တရား သင်ပေးနိုင်ကြတယ်။ ပျော်ရွှင်မှု၊ ငြိမ်သက်မှု၊ မေတ္တာ လွှမ်းခြုံတဲ့ ဘဝ ရနိုင်တယ်ဆိုတာ အလင်းပြပေးနိုင်ကြတယ်။ ကိုယ်တိုင် ယေဟောဝါနဲ့ ပိုရင်းနှီးလာကြတယ်။ ဒါဟာ အသိဉာဏ်ရှိ သတ္တဝါတိုင်းရဲ့ အမြင့်ဆုံး၊ အရေးကြီးဆုံး ပန်းတိုင်ပဲ။

၂၂၊ ၂၃။ (က) ယေရှုနောက် သစ္စာရှိရှိ ဆက်ပြီး လိုက်သူတွေ အနာဂတ်မှာ ဘာကောင်းချီးတွေ ခံစားရမလဲ။ (ခ) ဘာ ဆုံးဖြတ်ထားသင့်သလဲ။

၂၂ အနာဂတ်မှာ မေရှိယ ဘုရင်ကတစ်ဆင့် သင့်အတွက် ယေဟောဝါ ဘာတွေ လုပ်ပေးချင်သလဲဆိုတာလည်း စဉ်းစားကြည့်ပါ။ မကြာခင် စာတန်နဲ့ စာတန့်စနစ်ဆိုးကို မေရှိယ ဘုရင် တိုက်ခိုက်အနိုင်ယူမယ်။ (ဗျာဒိတ် ၁၉:၁၁-၁၅) အဲဒီနောက် မြေကြီးကို အနှစ်တစ်ထောင် အုပ်ချုပ်မယ်။ ယေရှုနဲ့ တွဲဖက် အုပ်ချုပ်သူတွေက သစ္စာရှိ လူသားတွေ စုံလင်လာအောင်၊ ရွေးဖိုးကြောင့် ရတဲ့ ကောင်းချီးအားလုံး ခံစားရအောင် ကူညီပေးကြမယ်။ သင် နုပျိုသန်စွမ်းပြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေမှာ၊ ကမ္ဘာကို ပရဒိသု ဖြစ်လာအောင် လူ့မိသားစုကြီး တစ်ခုလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံး ဝိုင်းလုပ်ရမှာကို မြင်ယောင်ကြည့်ပါ။ အနှစ်တစ်ထောင်အကုန်မှာ နိုင်ငံတော်ကို ဖခင်ဆီ ယေရှု ပြန်အပ်မယ်။ (၁ ကောရိန္သု ၁၅:၂၄) ခရစ်တော်နောက် သစ္စာရှိရှိ ဆက်လိုက်မယ်ဆိုရင် စိတ်ကူးလို့တောင် မရတဲ့ ကောင်းချီး ခံစားရမယ်။ “ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ လွတ်လပ်မှု” ပါပဲ။ (ရောမ ၈:၂၁) အာဒံနဲ့ ဧဝ လက်လွှတ်လိုက်ရတဲ့ ကောင်းချီးမှန်သမျှ ခံစားရမယ်။ ယေဟောဝါရဲ့ သားသမီး ဖြစ်လာမယ်။ အာဒံကြောင့် အပြစ်ရဲ့ ကျေးကျွန်ဘဝ ရောက်နေတာကနေ လွတ်သွားမယ်။ “သေခြင်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄

၂၃ အခန်း ၁ မှာ ဆွေးနွေးခဲ့တဲ့ သူကြွယ် အရာရှိ လူငယ်အကြောင်း သတိရပါ။ “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ ယေရှု ဖိတ်ခေါ်တာကို ငြင်းခဲ့တယ်။ (မာကု ၁၀:၁၇-၂၂) အဲဒီလို အမှားမျိုး သင် မလုပ်မိပါစေနဲ့။ ယေရှု ဖိတ်ခေါ်တာကို ဝမ်းသာအားရ၊ ထက်ထက်သန်သန် လက်ခံပါ။ တစ်နေ့ပြီး တစ်နေ့၊ တစ်နှစ်ပြီး တစ်နှစ် သိုးထိန်းကောင်း ယေရှုနောက် ခံနိုင်ရည် ရှိရှိ ဆက်ပြီး လိုက်ဖို့ ဆုံးဖြတ်ထားပါ။ ဒါဆိုရင် ယေဟောဝါရဲ့ ကတိအားလုံး ပြည့်စုံလာအောင် ယေရှု လုပ်ပေးတာ မြင်ရမယ်။