မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၃

“ကျွန်တော် အဖဘုရားကို ချစ်တယ်”

“ကျွန်တော် အဖဘုရားကို ချစ်တယ်”

၁၊ ၂။ ယေရှု လိုလိုလားလား အသေခံတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး တမန်တော် ယောဟန် ဘာပြောသလဲ။

 ယောဟန်ဟာ ယေရှုခရစ်ရဲ့ တမန်တော်တွေထဲမှာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သူ ဖြစ်ပြီး အသက် ၁၀၀ လောက် ရှိပြီ။ မှတ်မှတ်ရရ ဖြစ်နေတဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က ညတစ်ညအကြောင်း ပြန်စဉ်းစားမိတယ်။ ယေရှု မသေခင် တမန်တော်တွေနဲ့ နောက်ဆုံး အတူရှိခဲ့တဲ့ ညပါ။ အဲဒီညက အဖြစ်အပျက် တသီတတန်းကြီးကို ယောဟန် မှတ်မိဖို့၊ အသေးစိတ် ပြန်ရေးနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်ပေးတယ်။

မကြာခင် မိမိ အသတ်ခံရမယ့်အကြောင်း အဲဒီညမှာ ယေရှု ပြောတယ်။ လိုလိုလားလား အသေခံတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ယေရှု ပြောတဲ့ စကားကို ယောဟန်တစ်ယောက်ပဲ ဒီလိုမှတ်တမ်းတင်ထားတယ်– “ကျွန်တော် အဖဘုရားကို ချစ်တယ်ဆိုတာ ဒီလောက သိအောင် အဖဘုရား မိန့်မှာတဲ့အတိုင်း လုပ်တယ်။ ကဲ၊ ထကြတော့။ ကျွန်တော်တို့ သွားရအောင်။”—ယောဟန် ၁၄:၃၁

၃။ အဖဘုရားကို ချစ်တယ်ဆိုတာ ယေရှု ဘယ်လို ပြသလဲ။

“ကျွန်တော် အဖဘုရားကို ချစ်တယ်။” ဖခင်ကို ချစ်တာ ယေရှုအတွက် အရေးကြီးဆုံး ဖြစ်မှန်း ဒီစကားကနေ သိရတယ်။ ဒီစကားကို ဖန်တစ်ရာတေအောင် မပြောဘူး။ ကျမ်းစာမှာ အဖဘုရားကို ချစ်တယ်လို့ ဒီလိုမျိုး ယေရှု တိုက်ရိုက် ပြောတာ ယောဟန် ၁၄:၃၁ တစ်နေရာပဲ ရှိတယ်။ ဒါပေမဲ့ ဘယ်လောက် ချစ်မှန်း နေ့စဉ် အသက်ရှင်နေထိုင်ပုံနဲ့ ပြတယ်။ ယေရှုရဲ့ ရဲစွမ်းသတ္တိ၊ နာခံမှု၊ ခံနိုင်ရည်၊ အမှုဆောင်လုပ်ငန်းဟာ သက်သေပဲ။

၄၊ ၅။ ကျမ်းစာမှာ ဘယ်မေတ္တာကို အလေးပေး ဖော်ပြထားသလဲ။ ယေဟောဝါကို ယေရှု ချစ်တာနဲ့ပတ်သက်ပြီး ဘာကောက်ချက် ချနိုင်သလဲ။

ချစ်ခြင်းမေတ္တာလို့ ပြောလိုက်ရင် ကဗျာတွေ၊ သီချင်းတွေမှာ ပါတဲ့ စိတ်ကူးယဉ် အချစ်၊ ကြာကြာ မခံတဲ့၊ အပေါ်ယံ ပေါ့ပျက်ပျက် အချစ်ကိုပဲ လူတွေ မြင်တတ်ကြတယ်။ ကျမ်းစာမှာလည်း စိတ်ကူးယဉ် အချစ်အကြောင်း ဖော်ပြပါတယ်။ ဒါပေမဲ့ အခုခေတ် လူတွေ ပုံဖော်သလို မဟုတ်ဘဲ ဂုဏ်သိက္ခာရှိရှိ ဖော်ပြတာ။ (ပညာအလိမ္မာ ၅:၁၅-၂၁) မေတ္တာ နောက်တစ်မျိုးကိုတော့ ပိုအလေးပေး ဖော်ပြတယ်။ နှလုံးသား၊ ခံစားချက်ပေါ်ပဲ မူတည်ပြီး ပေါ်လာတဲ့ ချစ်လွယ်၊ မုန်းလွယ် မေတ္တာမျိုး မဟုတ်ဘူး။ ဦးနှောက်တစ်ခုတည်းနဲ့ ဆုံးဖြတ်တဲ့ အေးစက်စက် မေတ္တာမျိုးလည်း မဟုတ်ဘူး။ နှလုံးသားနဲ့ကော ဦးနှောက်နဲ့ပါ ဆိုင်တယ်။ အသည်းထဲ၊ နှလုံးထဲကနေ ပေါ်လာတဲ့ မေတ္တာ၊ ကျမ်းစာမူတွေကို အခြေခံတဲ့ မေတ္တာ၊ လုပ်ရပ်မှာ ပေါ်လွင်တဲ့ မေတ္တာ ဖြစ်တယ်။ အပေါ်ယံ ပေါ့ပျက်ပျက် မဟုတ်ဘူး။ “မေတ္တာဟာ အစဉ်တည်တယ်” လို့ ကျမ်းစာ ဆိုတယ်။—၁ ကောရိန္သု ၁၃:၈

ယေဟောဝါကို ယေရှု ချစ်သလောက် ချစ်တဲ့သူ ကမ္ဘာပေါ်မှာ မရှိဘူး။ “ယေဟောဝါဘုရားကို စိတ်စွမ်း ရှိသမျှ၊ ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှ၊ ခွန်အား ရှိသမျှနဲ့ ချစ်ပါ” ဆိုတဲ့ အရေးကြီးဆုံး ပညတ်ကို ယေရှုလောက် လိုက်နာတဲ့သူ မရှိဘူး။ (မာကု ၁၂:၃၀) ဒီလိုမေတ္တာမျိုး ယေရှုမှာ ဘယ်လိုလုပ် ရှိလာသလဲ။ မြေကြီးပေါ် ရှိစဉ် ဘုရားကို ချစ်တဲ့ မေတ္တာ ဆက်ရှိနေဖို့ ဘယ်လို လုပ်သလဲ။ ကျွန်တော်တို့ ဘယ်လို အတုယူနိုင်မလဲ။

သက်တမ်း အကြာဆုံး၊ အခိုင်မြဲဆုံး မေတ္တာနှောင်ကြိုး

၆၊ ၇။ ပညာအလိမ္မာ ၈:၂၂-၃၁ ဟာ ဉာဏ်ပညာ အရည်အသွေးအကြောင်း မဟုတ်ဘဲ ဘုရားသားအကြောင်း ပြောနေမှန်း ဘယ်လို သိရသလဲ။

တစ်ယောက်ယောက်နဲ့ အလုပ်တစ်ခု တွဲလုပ်ရင်း ပိုရင်းနှီးလာတာ ကြုံဖူးသလား။ ဒါဆိုရင် ယေဟောဝါနဲ့ တစ်ပါးတည်းသော သားတော် ဘယ်လိုလုပ် ဒီလောက် ရင်းနှီးချစ်ခင်လာသလဲ နားလည်နိုင်တယ်။ ဒီစာအုပ်မှာ ပညာအလိမ္မာ ၈:၃၀ ကို ခဏခဏ ကိုးကားတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် အဲဒီအခန်းငယ်ရဲ့ အထက်အောက်စကားတွေကို သေသေချာချာ လေ့လာကြည့်ရအောင်။ အခန်းငယ် ၂၂ ကနေ ၃၁ မှာ ဉာဏ်ပညာကို ပုဂ္ဂိုလ်အဖြစ် တင်စားဖော်ပြထားတယ်။ ဒီစကားတွေက ဘုရားသားကို ရည်ညွှန်းနေမှန်း ဘယ်လို သိရသလဲ။

“ယေဟောဝါက ငါ့ကို ဖြစ်ပေါ်စေခဲ့တယ်။ ဘုရား ဖန်ဆင်းရာတွေထဲမှာ ငါဟာ ဦးဆုံးပဲ။ ဟိုးအချိန်က ဘုရား ပြီးမြောက်ခဲ့ရာတွေထဲမှာ ငါဟာ အဦးအဖျားပဲ” လို့ အခန်းငယ် ၂၂ မှာ ဉာဏ်ပညာ ပြောတယ်။ ဒါ ဉာဏ်ပညာ အရည်အသွေးအကြောင်း ပြောနေတာ မဖြစ်နိုင်ဘူး။ ယေဟောဝါ “ဖြစ်ပေါ်စေခဲ့” တဲ့၊ ဖန်ဆင်းခဲ့တဲ့အထဲမှာ ဉာဏ်ပညာ မပါလို့ပဲ။ ယေဟောဝါဟာ ထာဝစဉ် ထာဝရ တည်ရှိပြီး အမြဲ ဉာဏ်ပညာ ရှိတဲ့အတွက် ဉာဏ်ပညာမှာ အစ မရှိဘူး။ (ဆာလံ ၉၀:၂) ဘုရားသားမှာတော့ အစ ရှိတယ်။ “ဖန်ဆင်းရာအားလုံးမှာ သားဦး” လို့ ခေါ်ထားတယ်။ ယေဟောဝါ ဖန်ဆင်းရာတွေထဲမှာ အဦးအဖျားပဲ။ (ကောလောသဲ ၁:၁၅) ပညာအလိမ္မာကျမ်းမှာ ဖော်ပြသလို ကောင်းကင်၊ မြေကြီး မတည်ရှိခင်ကတည်းက တည်ရှိတယ်။ ဘုရားရဲ့ ပြောရေးဆိုခွင့် ရှိသူ “နှုတ်ကပတ်တော်” ဖြစ်လို့ ပြောသမျှ ယေဟောဝါရဲ့ ဉာဏ်ပညာကို ထင်ဟပ်နေတယ်။—ယောဟန် ၁:၁

၈။ ကောင်းကင်မှာ ဖခင်နဲ့ အတူတူ ရှိခဲ့တဲ့ နှစ်တွေတစ်လျှောက် ယေရှု ဘာတွေ လုပ်သလဲ။ ဖန်ဆင်းခြင်း လက်ရာတစ်ခုခုကို ကြည့်ပြီး အံ့သြမိန်းမောရတဲ့အခါ ဘာတွေ စဉ်းစားမိနိုင်သလဲ။

ကောင်းကင်မှာ ဖခင်နဲ့ အတူတူ ရှိခဲ့တဲ့ နှစ်တွေတစ်လျှောက် ယေရှု ဘာတွေ လုပ်သလဲ။ “ကျွမ်းကျင်လုပ်သား” အဖြစ် ဘုရားဘေးမှာ ရှိနေခဲ့တယ်လို့ အခန်းငယ် ၃၀ မှာ ဖော်ပြတယ်။ ဘာကို ဆိုလိုသလဲ။ “ဘုရားသခင်က သူ့ကို သုံးပြီး ကောင်းကင်နဲ့ ကမ္ဘာမြေပေါ်မှာ ရှိရှိသမျှ . . . ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းကို သူ့အားဖြင့် ဖန်ဆင်းခဲ့တယ်၊ သူ့အတွက် ဖန်ဆင်းခဲ့တယ်” လို့ ကောလောသဲ ၁:၁၆ မှာ ရှင်းပြတယ်။ ဖန်ဆင်းရှင် ယေဟောဝါက ကျွမ်းကျင်လုပ်သား သားတော်ကို သုံးပြီး အရာခပ်သိမ်းကို ဖန်ဆင်းတယ်။ ကောင်းကင်တမန်၊ စကြဝဠာ၊ ကမ္ဘာနဲ့ ကမ္ဘာပေါ်က အပင်၊ တိရစ္ဆာန်၊ လူတွေကို ဖန်ဆင်းတယ်။ ဒါကို ဗိသုကာ ပညာရှင်နဲ့ ဆောက်လုပ်ရေးသမား တွဲအလုပ်လုပ်တာနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဗိသုကာ ပညာရှင် ဒီဇိုင်းဆွဲထားတဲ့အတိုင်း၊ ညွှန်ကြားတဲ့အတိုင်း ဆောက်လုပ်ရေးသမားက အကောင်အထည်ဖော် တည်ဆောက်တယ်။ ဒါကြောင့် ဖန်ဆင်းခြင်း လက်ရာတစ်ခုခုကို ကြည့်ပြီး အံ့သြမိန်းမောရတဲ့အခါ ကြီးမြတ်တဲ့ ဗိသုကာ ပညာရှင် ယေဟောဝါကို ကျွန်တော်တို့ ဂုဏ်တင်ချီးမွမ်းကြတယ်။ (ဆာလံ ၁၉:၁) ဖန်ဆင်းရှင်နဲ့ နှစ်တွေ အကြာကြီး ပျော်ပျော်ရွှင်ရွှင် တွဲလုပ်ခဲ့တဲ့ “ကျွမ်းကျင်လုပ်သား” အကြောင်းလည်း စဉ်းစားမိကြတယ်။

၉၊ ၁၀။ (က) ယေဟောဝါနဲ့ သားတော်ရဲ့ မေတ္တာနှောင်ကြိုး ဘာကြောင့် ခိုင်မြဲသလဲ။ (ခ) ကောင်းကင်ဘုံစံ ဖခင်နဲ့ သင့်မေတ္တာနှောင်ကြိုး ဘယ်လို ခိုင်မြဲလာနိုင်သလဲ။

မစုံလင်သူ နှစ်ယောက် တွဲအလုပ်လုပ်တဲ့အခါ မပြေလည်တာတွေ ရှိတတ်တယ်။ ယေဟောဝါနဲ့ သားတော်ကတော့ အဲဒီလို မဟုတ်ဘူး။ အကြာကြီး တွဲအလုပ်လုပ်တယ်။ “ရှေ့တော်မှာ ငါ အမြဲ ဝမ်းမြောက်နေတယ်” လို့ ယေရှု ပြောတယ်။ (ပညာအလိမ္မာ ၈:၃၀) ဖခင်ဘေးမှာ နေရတာ ယေရှု ပျော်တယ်။ ဖခင် ယေဟောဝါလည်း ပျော်တယ်။ ဖခင်ရဲ့ အရည်အသွေးတွေကို ယေရှု အတုယူလို့ ဖခင်နဲ့ ပိုပို တူလာတယ်။ ဒါကြောင့်လည်း သူတို့နှစ်ယောက်ကြားက မေတ္တာနှောင်ကြိုး ခိုင်မြဲတာ။ စကြဝဠာတစ်ခုလုံးမှာ သက်တမ်း အကြာဆုံး၊ အခိုင်မြဲဆုံး မေတ္တာနှောင်ကြိုးပါပဲ။

၁၀ ကိုယ်ကျတော့ ယေဟောဝါနဲ့ အဲဒီလောက်ကြီးအထိ ရင်းနှီးနိုင်မှာ မဟုတ်ဘူးလို့ တွေးမိမယ်။ ယေဟောဝါနဲ့ ယေရှုရဲ့ မေတ္တာနှောင်ကြိုး သိပ်ထူးခြားတာ မှန်ပါတယ်။ ယေရှုဟာ ဘုရားရဲ့ သားဦးကိုး။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခွင့်ထူး ရှိတယ်။ တွဲအလုပ်လုပ်ရင်း ဖခင်နဲ့ ယေရှု ပိုရင်းနှီးလာတယ်ဆိုတာ သတိရပါ။ “လုပ်ဖော်ဆောင်ဖက်” အဖြစ် တွဲအလုပ်လုပ်ဖို့ ကျွန်တော်တို့ကိုလည်း ယေဟောဝါ အခွင့်အရေး ပေးထားတယ်။ (၁ ကောရိန္သု ၃:၉) ယေရှုကို အတုယူပြီး အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ဘုရားရဲ့ လုပ်ဖော်ဆောင်ဖက်အဖြစ် အလုပ်လုပ်နေတာပဲဆိုတာ အမြဲ သတိရသင့်တယ်။ ဒါဆိုရင် ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ မေတ္တာနှောင်ကြိုး ပိုခိုင်မြဲလာမယ်။ ဒီထက် ကောင်းတဲ့ အခွင့်အရေး မရှိတော့ဘူး။

ယေဟောဝါကို ချစ်တဲ့ မေတ္တာ ယေရှု ခိုင်မြဲနေစေပုံ

၁၁-၁၃။ (က) ယေဟောဝါကို ချစ်တဲ့ မေတ္တာ ဘယ်လို ခိုင်မြဲနေစေနိုင်တယ်ဆိုတာ ဥပမာ ပေးပါ။ ယေဟောဝါကို ချစ်တဲ့ မေတ္တာကို ယေရှု ဘယ်လို ရှင်သန်ခိုင်မြဲနေစေသလဲ။ (ခ) မြေကြီးပေါ် မလာခင်ကော၊ လာပြီးနောက်မှာပါ ယေဟောဝါဆီကနေ သင်ယူချင်စိတ် ပြင်းပြကြောင်း သားတော် ဘယ်လို ပြသလဲ။

၁၁ ယေဟောဝါကို ချစ်တဲ့ မေတ္တာ ဘယ်လို ခိုင်မြဲနေစေနိုင်သလဲ သဘောပေါက်ဖို့ ဒီဥပမာ စဉ်းစားကြည့်ပါ– ပန်းပင် ရှင်သန်ကြီးထွား၊ ပွင့်လန်းလာဖို့ ရေလောင်းရတယ်။ ဂရုစိုက်ရတယ်။ ပစ်ထားရင် အားနည်းပြီး သေသွားမယ်။ ယေဟောဝါကို ချစ်တဲ့ မေတ္တာလည်း အဲဒီလိုပဲမို့ ယေရှု လက်လွတ်စပယ် မထားဘူး။ မြေကြီးအသက်တာတစ်လျှောက်လုံး အဲဒီမေတ္တာကို ရှင်သန်ခိုင်မြဲနေအောင် လုပ်တယ်။ ဘယ်လို လုပ်သလဲ။

၁၂ ဂျေရုဆလင် ဗိမာန်တော်မှာ လူငယ် ယေရှု ရောက်နေချိန်ကို ပြန်စဉ်းစားကြည့်ပါ။ “သားကို ဘာလို့ ရှာနေကြတာလဲ။ အဖရဲ့ အိမ်တော်မှာ သားရှိနေမယ်ဆိုတာ မသိဘူးလား” ဆိုပြီး စိုးရိမ်တကြီး လိုက်ရှာနေတဲ့ မိဘတွေကို ပြောတယ်။ (လုကာ ၂:၄၉) ကလေးပဲ ရှိသေးလို့ လူသားဘဝ မတိုင်ခင်က ကောင်းကင် အသက်တာအကြောင်း မှတ်မိဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖခင် ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်တယ်။ ဘုရားကို ချစ်တဲ့သူက ဘုရားကို ဝတ်ပြုမှာပဲဆိုတာ သိတယ်။ ဒါကြောင့် စင်ကြယ်တဲ့ ဝတ်ပြုရေးရဲ့ ဗဟိုလို ဖြစ်နေတဲ့ ဗိမာန်တော် လာရတာကို သိပ်ကြိုက်တာ။ လာပြီးရင် ဆက်နေချင်တယ်။ မပြန်ချင်တော့ဘူး။ ဒါပေမဲ့ လေ့လာအကဲခတ်ချင်ရုံ မဟုတ်ဘူး။ ယေဟောဝါအကြောင်း သင်ယူချင်တယ်။ သိထားတာတွေ ပြောပြချင်တယ်။ ဒီသဘောထားက အသက် ၁၂ နှစ်မှ ထပေါ်လာတာ မဟုတ်ဘူး။ အရင်ကတည်းက ရှိတယ်။ နောက်လည်း ဆက်ရှိနေတယ်။

၁၃ ကောင်းကင်မှာ နေတုန်းက ဖခင်ဆီကနေ သားတော် အများကြီး သင်ယူတယ်။ ဟေရှာယ ၅၀:၄-၆ အရ မေရှိယ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး သားတော်ကို ယေဟောဝါ အထူး သွန်သင်ပေးတယ်။ သွန်သင်ပေးတဲ့အထဲမှာ မေရှိယအဖြစ် ကြုံရမယ့် အခက်အခဲတွေအကြောင်း ပါပေမဲ့ ထက်ထက်သန်သန် သင်ယူတယ်။ မြေကြီးပေါ် ရောက်လာပြီး အရွယ်ရောက်လာတော့လည်း ဖခင်ရဲ့ အိမ်တော် သွားပြီး ဝတ်ပြုကိုးကွယ်တယ်။ ယေဟောဝါအကြောင်း ဆွေးနွေးသွန်သင်တယ်။ ဗိမာန်တော်ကို၊ တရားဇရပ်ကို ယေရှု မှန်မှန် သွားတဲ့အကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (လုကာ ၄:၁၆။ ၁၉:၄၇) ကျွန်တော်တို့လည်း ယေဟောဝါကို ချစ်တဲ့ မေတ္တာ ရှင်သန်ခိုင်မြဲနေစေချင်တယ်ဆိုရင် ခရစ်ယာန် အစည်းအဝေးတွေ စိတ်ပါလက်ပါ သွားတက်ပြီး ဝတ်ပြုရမယ်။ ဘုရားအကြောင်း ပိုသိကျွမ်းလာဖို့၊ ဘုရားနဲ့ ပိုရင်းနှီးလာဖို့ ကြိုးစားရမယ်။

“ယေရှုက ဆုတောင်းဖို့ တောင်ပေါ်ကို တစ်ယောက်တည်း တက်သွားတယ်”

၁၄၊ ၁၅။ (က) ယေရှု ဘာကြောင့် တစ်ယောက်တည်း သီးသန့် နေဖို့ အချိန် ရှာသလဲ။ (ခ) ဖခင်ကို ချစ်ခင်လေးစားကြောင်း ယေရှုရဲ့ ဆုတောင်းချက်တွေက ဘယ်လို ဖော်ပြသလဲ။

၁၄ မှန်မှန် ဆုတောင်းခြင်းအားဖြင့်လည်း ယေဟောဝါကို ချစ်တဲ့ မေတ္တာ ယေရှု ခိုင်မြဲနေစေတယ်။ မိတ်ဆွေတွေနဲ့ ဖော်ဖော်ရွေရွေ၊ ရင်းရင်းနှီးနှီး နေတတ်သူ ဖြစ်ပေမဲ့ တစ်ယောက်တည်း သီးသန့် နေဖို့လည်း အချိန် ရှာတယ်။ “ဆုတောင်းဖို့အတွက် လူသူကင်းဝေးတဲ့ နေရာကို မကြာခဏ သွားလေ့ ရှိတယ်” လို့ လုကာ ၅:၁၆ မှာ ဆိုတယ်။ မဿဲ ၁၄:၂၃ မှာလည်း “လူအုပ်ကို ပြန်လွှတ်လိုက်ပြီးနောက် ယေရှုက ဆုတောင်းဖို့ တောင်ပေါ်ကို တစ်ယောက်တည်း တက်သွားတယ်။ ညနက်လာချိန်အထိ တစ်ယောက်တည်း ရှိနေတယ်” လို့ ဖော်ပြတယ်။ တစ်သီးပုဂ္ဂလသမား ဖြစ်လို့၊ လူတွေကို တမင် ရှောင်ချင်လို့၊ အပေါင်းအသင်း မလုပ်ချင်လို့ မဟုတ်ဘူး။ အဖဘုရားဆီ လွတ်လွတ်လပ်လပ် ဆုတောင်းစကားပြောချင်လို့ပါ။

၁၅ ဆုတောင်းတဲ့အခါ “အဗ္ဗ၊ အဖ” ဆိုတဲ့ စကားလုံးကို ယေရှု မကြာခဏ သုံးတယ်။ (မာကု ၁၄:၃၆) “အဗ္ဗ” ဆိုတာ အဲဒီခေတ်တုန်းက ဖခင်ကို ကလေးတွေ ချစ်စနိုး၊ တလေးတစား ခေါ်တဲ့ အသုံးအနှုန်း ဖြစ်တယ်။ ကလေးတွေ ပထမဆုံး ပြောတတ်တဲ့ စကားလုံးလည်း ဖြစ်တယ်။ ဒီစကားလုံး သုံးတာက ဖခင်ကို သားတော် ဘယ်လောက် ချစ်တယ်ဆိုတာကော ဘယ်လောက် လေးစားတယ်ဆိုတာပါ ပြတယ်။ ယေဟောဝါကို ယေရှု ချစ်ခင်လေးစားမှန်း ပေါ်လွင်တဲ့ ဆုတောင်းချက်တွေ ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ မြေကြီး အသက်တာ နောက်ဆုံးညမှာ ယေရှု အကြာကြီး လှိုက်လှိုက်လှဲလှဲ ဆုတောင်းတာကို ယောဟန် အခန်းကြီး ၁၇ မှာ မှတ်တမ်းတင်ထားတယ်။ တကယ် လေ့လာမှတ်သားထိုက်တဲ့၊ အတုယူထိုက်တဲ့ ဆုတောင်းချက်ပါပဲ။ အလွတ် ကျက်မှတ်ခိုင်းတာ၊ လိုက်ရွတ်ခိုင်းတာ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့အခါတိုင်း ကောင်းကင်ဘုံစံ ဖခင်ဆီ ရင်ဖွင့်ဆုတောင်းခိုင်းတာပါ။ ဒါဆိုရင် ဘုရားကို ချစ်တဲ့ မေတ္တာ ရှင်သန်ခိုင်မြဲလာမယ်။

၁၆၊ ၁၇။ (က) အဖဘုရားကို ချစ်မှန်း ယေရှုရဲ့ စကားတွေမှာ ဘယ်လို ပေါ်သလဲ။ (ခ) အဖဘုရား ရက်ရောကြောင်း ယေရှု ဘယ်လို သရုပ်ဖော်သလဲ။

၁၆ အစပိုင်းမှာ သိခဲ့ရတဲ့အတိုင်း “ကျွန်တော် အဖဘုရားကို ချစ်တယ်” လို့ ယေရှု ခဏခဏ မပြောဘူး။ ဒါပေမဲ့ သိပ်ချစ်မှန်း ယေရှုရဲ့ စကားတွေမှာ ပေါ်တယ်။ ဥပမာ၊ “မိုးမြေကို ပိုင်စိုးတဲ့အဖ၊ . . . အဖကို လူအများရှေ့မှာ ချီးမွမ်းပါတယ်” လို့ ပြောတယ်။ (မဿဲ ၁၁:၂၅) ဘုရားအကြောင်း လူတွေ သိလာအောင် ကူညီပေးခြင်းအားဖြင့် အဖဘုရားကို ချီးမွမ်းရတာ ယေရှု နှစ်သက်ကြောင်း ဒီစာအုပ် အပိုင်း ၂ မှာ သိခဲ့ရတယ်။ ဥပမာ၊ သားမိုက်ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တဲ့၊ နောင်တရပြီး ပြန်အလာကို မျှော်နေတဲ့၊ လှမ်းမြင်တာနဲ့ ပြေးဖက်တဲ့ ဖခင်နဲ့ ယေဟောဝါကို ယေရှု ခိုင်းနှိုင်းတယ်။ (လုကာ ၁၅:၂၀) ယေဟောဝါရဲ့ မေတ္တာ၊ ခွင့်လွှတ်မှုအကြောင်း ယေရှု ဒီလိုသရုပ်ဖော်ထားတာကို ဖတ်ရတဲ့အခါ ကျွန်တော်တို့အားလုံး စိတ်ထိမိကြတယ်။

၁၇ အဖ ရက်ရောတာကိုလည်း ယေရှု မကြာခဏ ချီးမွမ်းခန်း ဖွင့်တယ်။ ကျွန်တော်တို့ သိပ်လိုအပ်တဲ့ သန့်ရှင်းသော စွမ်းအားတော် ပေးမယ်ဆိုတာ စိတ်ချနိုင်ကြောင်း မစုံလင်သူ မိဘတွေကို ဥပမာထားပြီး သင်ပေးတယ်။ (လုကာ ၁၁:၁၃) ဘုရားပေး ထာဝရအသက် မျှော်လင့်ချက်အကြောင်း ပြောတယ်။ ကောင်းကင်မှာ အဖဘုရားဘေး ပြန်နေဖို့ဆိုတဲ့ မိမိမျှော်လင့်ချက်အကြောင်း တောင့်တောင့်တတ ပြောတယ်။ (ယောဟန် ၁၄:၂၈။ ၁၇:၅) ခရစ်တော်ရဲ့ “သိုးစုငယ်” ကို ယေဟောဝါ ပေးတဲ့ မျှော်လင့်ချက်အကြောင်းလည်း နောက်လိုက်တွေကို ပြောပြတယ်။ အဲဒါကတော့ ကောင်းကင် သွားပြီး မေရှိယ ဘုရင်နဲ့ တွဲဖက် အုပ်ချုပ်ဖို့ မျှော်လင့်ချက်ပါ။ (လုကာ ၁၂:၃၂။ ယောဟန် ၁၄:၂) ပရဒိသုမှာ အသက်ရှင်ခွင့်ဆိုတဲ့ မျှော်လင့်ချက်အကြောင်း သေခါနီး ရာဇဝတ်သားကို ပြောပြပြီး နှစ်သိမ့်ပေးတယ်။ (လုကာ ၂၃:၄၃) အဖဘုရား ရက်ရောတဲ့အကြောင်း ဒီလို တသသ ပြောတဲ့အတွက် အဖကို ချစ်တဲ့ မေတ္တာ ရှင်သန်ခိုင်မြဲတာ။ ယေဟောဝါအကြောင်း၊ မိမိကို ချစ်မြတ်နိုးသူတွေအတွက် ဘုရားပေး မျှော်လင့်ချက်အကြောင်း ပြောတာက ဘုရားအပေါ် ထားတဲ့ မေတ္တာ၊ ယုံကြည်ခြင်း ခိုင်ခံ့စေကြောင်း ခရစ်တော်နောက်လိုက်များစွာ သတိထားမိကြတယ်။

ယေဟောဝါကို ယေရှု ချစ်သလို သင် ချစ်မလား

၁၈။ ယေရှုကို အတုယူရမယ့် အရေးကြီးဆုံး ကဏ္ဍက ဘာလဲ။ ဘာကြောင့်လဲ။

၁၈ ယေရှုကို အတုယူရမယ့် အရေးကြီးဆုံး ကဏ္ဍကတော့ ယေဟောဝါကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ခွန်အား၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ခြင်းပါ။ (လုကာ ၁၀:၂၇) ချစ်တယ်ဆိုတဲ့ ခံစားချက် ရှိရုံနဲ့ မရဘူး။ လုပ်ရပ်နဲ့ ပြရမယ်။ “ကျွန်တော် အဖဘုရားကို ချစ်တယ်” လို့ ပြောရုံ၊ ချစ်တဲ့ စိတ် ရှိရုံနဲ့ ယေရှု ကျေနပ်မနေဘူး။ “ကျွန်တော် အဖဘုရားကို ချစ်တယ်ဆိုတာ ဒီလောက သိအောင် အဖဘုရား မိန့်မှာတဲ့အတိုင်း လုပ်တယ်” လို့ ပြောတယ်။ (ယောဟန် ၁၄:၃၁) ယေဟောဝါကို ကိုယ်ကျိုးစွန့် ချစ်မယ့်သူ မရှိဘူးလို့ စာတန် စွပ်စွဲထားတယ်။ (ယောဘ ၂:၄၊ ၅) ဒါပေမဲ့ အသက်ပေးတဲ့အထိ ဘုရားကို နာခံခြင်းအားဖြင့် ဘယ်လောက် ချစ်တယ်ဆိုတာ တစ်လောကလုံး သိအောင် ယေရှု သတ္တိရှိရှိ ပြတယ်။ စာတန်ရဲ့ စွပ်စွဲချက် မှားတယ်ဆိုတာ အကောင်းဆုံးနည်းနဲ့ ချေပလိုက်တာပဲ။ သင်ကော ယေရှုကို အတုယူမလား။ ယေဟောဝါဘုရားကို တကယ် ချစ်တယ်ဆိုတာ လုပ်ရပ်နဲ့ ပြမလား။

၁၉၊ ၂၀။ (က) ခရစ်ယာန် အစည်းအဝေးတွေ ဘာကြောင့် မှန်မှန် တက်ရမလဲ။ (ခ) ကိုယ်ပိုင်လေ့လာမှု လုပ်တာ၊ တွေးတောဆင်ခြင်တာ၊ ဆုတောင်းတာကို ဘယ်လို သဘောထားသင့်သလဲ။

၁၉ ဘုရားကို ချစ်မှပဲ ဖြစ်မယ့် ပုံစံနဲ့ ကျွန်တော်တို့ကို ယေဟောဝါ ဖန်ဆင်းထားတယ်။ မိမိကို ချစ်တဲ့ မေတ္တာ ရှင်သန်ခိုင်မြဲစေမယ့် နည်းနဲ့ ဝတ်ပြုကိုးကွယ်နိုင်ဖို့ စီစဉ်ပေးထားတယ်။ ခရစ်ယာန် အစည်းအဝေး တက်တာ၊ အာရုံစိုက် နားထောင်တာ၊ စိတ်နှစ်ပြီး ဆုတောင်းတာ၊ ချီးမွမ်းသီချင်း ဆိုတာ၊ ဖြစ်နိုင်တဲ့အခါတိုင်း ပါဝင်၊ မှတ်ချက်ပေးတာဟာ ဘုရားကို ဝတ်ပြုကိုးကွယ်နေတာပဲ။ ဒါ့အပြင် အစည်းအဝေးမှာ ညီအစ်ကို/မတွေကို အားပေးနိုင်တယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) ခရစ်ယာန် အစည်းအဝေး တက်ပြီး ယေဟောဝါကို မှန်မှန် ဝတ်ပြုကိုးကွယ်တာက မေတ္တာ ပိုရှင်သန်ခိုင်မြဲစေတယ်။

၂၀ ကိုယ်ပိုင်လေ့လာမှု လုပ်တာ၊ တွေးတောဆင်ခြင်တာ၊ ဆုတောင်းတာကလည်း မေတ္တာ ရှင်သန်ခိုင်မြဲစေတယ်။ အဲဒီအချိန်တွေကို ယေဟောဝါနဲ့ နှစ်ယောက်တည်း ရှိနေနိုင်တဲ့ အချိန်လို့ သဘောထားပါ။ ကျမ်းစာ လေ့လာ၊ တွေးတောတာက ယေဟောဝါရဲ့ ခံစားချက်၊ အတွေးတွေကို နားထောင်တာပဲ။ ဆုတောင်းတာကျတော့ ကိုယ့်ခံစားချက်၊ အတွေးတွေကို ယေဟောဝါဆီ ပြောပြတာ။ ဆုတောင်းတဲ့အခါ ဘုရားကို ဟိုတောင်း၊ ဒီတောင်းချည်း မလုပ်ပါနဲ့။ ရထားတဲ့ ကောင်းချီးတွေအတွက် ကျေးဇူးတင်ဖို့၊ အံ့ဖွယ် လုပ်ဆောင်မှုတွေအတွက် ချီးမွမ်းဖို့ အခွင့်အရေး ယူပါ။ (ဆာလံ ၁၄၆:၁) ယေဟောဝါအကြောင်း တခြားသူတွေကို ဝမ်းမြောက်ဝမ်းသာ၊ အားရပါးရ ပြောပြတာလည်း ကျေးဇူးတင်ကြောင်း၊ ချစ်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံးနည်းပါပဲ။

၂၁။ ယေဟောဝါကို ချစ်တဲ့ မေတ္တာ ဘယ်လောက် အရေးကြီးသလဲ။ နောက်အခန်းတွေမှာ ဘာအကြောင်း သိရမလဲ။

၂၁ ဘုရားကို ချစ်တာဟာ ထာဝရ ပျော်ရွှင်မှုရဲ့ သော့ချက်ပဲ။ အာဒံနဲ့ ဧဝလည်း ဘုရားကိုသာ ချစ်ခဲ့ရင် ပျော်ရွှင် အောင်မြင်တဲ့ ဘဝ ပိုင်ဆိုင်ကြမှာ။ ယုံကြည်ခြင်း စမ်းသပ်မှုတွေ အောင်မြင်ဖို့၊ သွေးဆောင်မှုတွေ တွန်းလှန်ဖို့၊ အခက်အခဲတွေ ခံရပ်နိုင်ဖို့ဆိုရင် ဘုရားကို ချစ်တဲ့ မေတ္တာဟာ မရှိမဖြစ်ပဲ။ ဘုရားကို ချစ်မှပဲ ခရစ်တော်ရဲ့ နောက်လိုက်စစ် ဖြစ်နိုင်မယ်။ ဒါ့အပြင် ဘုရားကို ချစ်တာနဲ့ လူလူချင်းကို ချစ်တာ ဆက်စပ်နေတယ်။ (၁ ယောဟန် ၄:၂၀) လူတွေကို ချစ်ကြောင်း ယေရှု ဘယ်လို ပြသလဲဆိုတာ နောက်အခန်းတွေမှာ သိရမယ်။ ယေရှုကို ရှိန်နေစရာ မလိုဘူးဆိုတာ နောက်အခန်းမှာ ဆွေးနွေးမယ်။