မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၇

‘ဒီမေတ္တာထက် ပိုမွန်မြတ်တဲ့ မေတ္တာ မရှိဘူး’

‘ဒီမေတ္တာထက် ပိုမွန်မြတ်တဲ့ မေတ္တာ မရှိဘူး’

၁-၄။ (က) ဘုရင်ခံ နန်းဆောင် အပြင်ဘက်က ဒေါသထွက်နေတဲ့ လူအုပ်ရှေ့ ယေရှုကို ပိလတ် ထုတ်လာတော့ ဘာဖြစ်သလဲ။ (ခ) အရှက်ခွဲတာ၊ နှိပ်စက်တာတွေကို ယေရှု ဘယ်လို တုံ့ပြန်သလဲ။ ဘာမေးခွန်းတွေ ဆွေးနွေးကြမလဲ။

 အေဒီ ၃၃၊ ပသခါပွဲနေ့ မနက်၊ ဘုရင်ခံ နန်းဆောင် အပြင်ဘက်က ဒေါသထွက်နေတဲ့ လူအုပ်ရှေ့ ယေရှုခရစ်ကို ထုတ်လာချိန်မှာ “ကြည့်ကြပါ။ ဟောဒီလူပဲ” ဆိုပြီး ရောမ ဘုရင်ခံ ပုန္တိပိလတ် ပြောတယ်။ (ယောဟန် ၁၉:၅) လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခန့်အပ်ခံ ဘုရင်အဖြစ် ဂျေရုဆလင်မြို့ထဲ ဝင်လာတုန်းကတောင် ယေရှုကို လူတွေ သောင်းသောင်းဖြဖြ ကြိုကြသေးတယ်။ အခုတော့ ရန်လိုနေကြပြီ။

ရောမ စစ်သားတွေက ယေရှုကို ဘုရင်တွေ ဝတ်တဲ့ ခရမ်းရောင်ဝတ်ရုံ ဝတ်ပေးကြတယ်။ ခေါင်းမှာ သရဖူ ဆောင်းပေးကြတယ်။ ကျာပွတ်နဲ့ ရိုက်ခံထားရလို့ အသားစတွေ ဖွာထွက်၊ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ ကျောပြင်မှာ ဝတ်ရုံ ခြုံပေးတာ၊ သွေးတွေ စီးကျနေတဲ့ ခေါင်းမှာ ဦးရေပြားထဲ နစ်ဝင်သွားတဲ့အထိ ဆူးခက်သရဖူ စွပ်ပေးတာ တကယ့်ကို သရော်တော်တော်နိုင်တဲ့ လုပ်ရပ်ပဲ။ ပုရောဟိတ်ကြီးတွေ သွေးထိုးထားတာနဲ့ပဲ လူတွေကလည်း သူတို့ရှေ့မှာ ရပ်နေတဲ့ အနှိပ်စက်ခံ ဒီလူကို အကြီးအကျယ် ဆန့်ကျင်နေကြတယ်။ “သူ့ကို သစ်တိုင်ပေါ် တင်ပါ။ သစ်တိုင်ပေါ် တင်ပါ” လို့ ပုရောဟိတ်ကြီးတွေ အော်တော့ လူတွေလည်း သတ်မယ်ဖြတ်မယ် တကဲကဲ ဖြစ်ပြီး ‘သူ သေထိုက်တယ်’ လို့ သံယောင်လိုက်ကြတယ်။—ယောဟန် ၁၉:၁-၇

အရှက်ခွဲတာ၊ နှိပ်စက်တာတွေကို ယေရှု သိက္ခာရှိရှိ၊ သတ္တိရှိရှိ မညည်းမညူ ခံရပ်တယ်။ a အသေခံဖို့ အသင့်ပြင်ထားပြီးပြီ။ အဲဒီပသခါပွဲနေ့ နှောင်းပိုင်း၊ ဒုက္ခသစ်တိုင်မှာ ဝေဒနာ အပြင်းအထန် ခံစားပြီး လိုလိုလားလား အသက်စွန့်သွားတယ်။—ယောဟန် ၁၉:၁၇၊ ၁၈၊ ၃၀

“မိတ်ဆွေတွေအတွက် အသက် စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိဘူး” လို့ ပြောခဲ့တဲ့အတိုင်း နောက်လိုက်တွေအတွက် မိတ်ဆွေစစ် ဖြစ်ကြောင်း ယေရှု အသက်စွန့်ပြီး သက်သေပြသွားတယ်။ (ယောဟန် ၁၅:၁၃) ယေရှု အဲဒီလောက် ဒုက္ခခံ၊ အသေခံဖို့ တကယ် လိုသလား။ ဘာကြောင့် လိုလိုလားလား အသေခံသလဲ။ ယေရှုရဲ့ “မိတ်ဆွေ၊” နောက်လိုက် ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။ ဒီမေးခွန်းတွေကို ဒီအခန်းမှာ ဆွေးနွေးပါမယ်။

ယေရှု ဘာကြောင့် ဒုက္ခခံ၊ အသေခံသလဲ

၅။ ကြုံရမယ့် စမ်းသပ်မှုတွေကို ယေရှု ဘယ်လိုလုပ် ကြိုသိသလဲ။

ကတိထားရာ မေရှိယ ဘာတွေ ကြုံရမယ်ဆိုတာ ယေရှု သိတယ်။ မေရှိယ ကြုံရမယ့် ဒုက္ခ၊ သေခြင်းအကြောင်း ဟီဘရူး ကျမ်းစောင်တွေထဲက ကြိုဟောချက် တော်တော်များများမှာ အသေးစိတ် ကြိုဟောထားလို့ပဲ။ (ဟေရှာယ ၅၃:၃-၇၊ ၁၂။ ဒံယေလ ၉:၂၆) မိမိ ကြုံရမယ့် စမ်းသပ်မှုတွေအကြောင်း တပည့်တွေကို တစ်ကြိမ်မက ပြောပြထားတယ်။ (မာကု ၈:၃၁။ ၉:၃၁) “လူသားကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေလက်ထဲ အပ်ကြလိမ့်မယ်။ သေဒဏ် စီရင်ကြလိမ့်မယ်။ လူမျိုးခြားတွေလက်ထဲ အပ်ကြလိမ့်မယ်။ လှောင်ပြောင် ရိုက်နှက်ပြီး တံတွေးထွေးကြမယ်။ အသေသတ်ကြလိမ့်မယ်” ဆိုပြီး နောက်ဆုံး ပသခါပွဲ ကျင်းပဖို့ ဂျေရုဆလင်မြို့ကို သွားတဲ့ လမ်းမှာ တမန်တော်တွေကို ပြောတယ်။ (မာကု ၁၀:၃၃၊ ၃၄) ယေရှု ချဲ့ကား ပြောနေတာ မဟုတ်ဘူး။ သိခဲ့ရတဲ့အတိုင်း တကယ်ပဲ လှောင်ပြောင်တာ၊ တံတွေးထွေးတာ၊ ရိုက်တာ၊ အသေသတ်တာ ခံရတယ်။

၆။ ယေရှု ဘာကြောင့် ဒုက္ခခံ၊ အသေခံသလဲ။

ယေရှု ဘာကြောင့် အဲဒီလောက် ဒုက္ခခံ၊ အသေခံသလဲ။ အရေးကြီးတဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ အဆုံးထိ ယေရှု သစ္စာရှိတဲ့အတွက် ဘုရားအပေါ် သမာဓိ စောင့်သိကြောင်း သက်သေပြနိုင်ခဲ့တယ်။ ယေဟောဝါရဲ့ နာမည်ကို သန့်ရှင်းမြင့်မြတ်စေနိုင်ခဲ့တယ်။ အကျိုးရလို့ လူတွေ ဘုရားကို ဝတ်ပြုတာဆိုပြီး စာတန် စွပ်စွဲတာ သတိရပါ။ (ယောဘ ၂:၁-၅) “ဒုက္ခသစ်တိုင်ပေါ် အသေခံတဲ့အထိ” ယေရှု သစ္စာရှိတဲ့အတွက် စာတန်ရဲ့ စွပ်စွဲချက် မှားတယ်ဆိုတာ အကောင်းဆုံး နည်းနဲ့ ချေပနိုင်ခဲ့တယ်။ (ဖိလိပ္ပိ ၂:၈။ ပညာအလိမ္မာ ၂၇:၁၁) ဒုတိယ၊ မေရှိယ ဒုက္ခခံ၊ အသေခံလို့ လူတွေရဲ့ အပြစ်အတွက် အပြစ်ဖြေရာအလှူ ဆက်သနိုင်ခဲ့တယ်။ (ဟေရှာယ ၅၃:၅၊ ၁၀။ ဒံယေလ ၉:၂၄) “လူအများအတွက် ရွေးဖိုးအဖြစ်” အသက်ပေးခဲ့လို့ ဘုရားနဲ့ ကျွန်တော်တို့ ရင်းနှီးခွင့် ရသွားတယ်။ (မဿဲ ၂၀:၂၈) တတိယ၊ ဒုက္ခအမျိုးမျိုး ခံဖူးထားလို့ ယေရှုဟာ “ကျွန်တော်တို့လိုပဲ အဘက်ဘက်မှာ စမ်းသပ်ခံရတဲ့သူ” ဖြစ်တယ်။ ‘ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို စာနာနိုင်တဲ့၊’ သနားကြင်နာတတ်တဲ့ ပုရောဟိတ်မင်း ဖြစ်တယ်။—ဟီဘရူး ၂:၁၇၊ ၁၈။ ၄:၁၅

ယေရှု ဘာကြောင့် လိုလိုလားလား အသေခံသလဲ

၇။ ယေရှု မြေကြီးပေါ် လာတာ ဘယ်လောက် ကိုယ်ကျိုးစွန့်အနစ်နာခံရသလဲ။

ယေရှု လိုလိုလားလား ဘာလုပ်ခဲ့တယ်ဆိုတာ အပြည့်အဝ သဘောပေါက်ဖို့ ဒီအချက်ကို စဉ်းစားကြည့်ပါ– နိုင်ငံသစ်ကို ပြောင်းလာလို့ အဲဒီနိုင်ငံက လူအများစု ကိုယ့်ကို ခါးခါးသီးသီး ဖြစ်မယ်၊ လှောင်မယ်၊ နှိပ်စက်မယ်၊ သတ်ပစ်မယ်ဆိုတာ သိရင် ဘယ်သူကများ ကိုယ့်မိသားစု၊ ကိုယ့်အိမ်ကို ထားခဲ့ပြီး ပြောင်းလာမလဲ။ တကယ်တော့ ယေရှု မြေကြီးပေါ် မလာခင်ကဆိုရင် ကောင်းကင်မှာ အခွင့်ထူးခံ အနေအထားနဲ့ ဖခင်ဘေး နေရတာ။ ဒါပေမဲ့ ကောင်းကင်စံအိမ်ကို လိုလိုလားလား စွန့်ပြီး လူသားအဖြစ် မြေကြီးပေါ် လာတယ်။ လူအများစု ကိုယ့်ကို ခါးခါးသီးသီး ဖြစ်မယ်၊ မညှာမတာ အရှက်ခွဲမယ်၊ မချိမဆံ့ ဝေဒနာ ခံစားရမယ်၊ နာကျင်ခံစားရင်း သေဆုံးရမယ်ဆိုတာ သိလျက်နဲ့ လာတာ။ (ဖိလိပ္ပိ ၂:၅-၇) ဘာကြောင့် ဒီလောက် ကိုယ်ကျိုးစွန့်အနစ်နာခံသလဲ။

၈၊ ၉။ ယေရှု ဘာကြောင့် လိုလိုလားလား အသေခံသလဲ။

အဓိက,ကတော့ ဖခင်ကို ယေရှု သိပ်ချစ်လို့ပဲ။ အခက်အခဲတွေ ခံရပ်ခြင်းအားဖြင့် ယေဟောဝါကို ချစ်တယ်ဆိုတာ သက်သေပြတယ်။ အဲဒီလို ချစ်လို့လည်း ဘုရားနာမည်ကို အဓိက ထားတာ၊ လူတွေကို ဖခင်အကြောင်း အမှန်အတိုင်း သိစေချင်တာ။ (မဿဲ ၆:၉။ ယောဟန် ၁၇:၁-၆၊ ၂၆) ဒါ့အပြင် ဖခင်နာမည် တောက်လျှောက် အပုတ်ချခံထားရတာကို ရှင်းပစ်ချင်တယ်။ ဒါကြောင့် ဘုရားအလို ဆောင်လို့ ဒုက္ခခံရတာကို အမြတ်ဆုံး အခွင့်ထူးလို့ သဘောထားတယ်။ မိမိသာ သမာဓိ စောင့်သိရင် ဖခင်ရဲ့ ကောင်းမြတ်လှတဲ့ နာမည်ကို ဂုဏ်တင်နိုင်မယ်ဆိုတာ သိလို့ပဲ။—၁ ရာဇဝင်ချုပ် ၂၉:၁၃

ယေရှု အသက်စွန့်တဲ့ နောက်အကြောင်းရင်းကတော့ လူတွေကို ချစ်လို့ပါ။ လူတွေကို ဘုရား ဖန်ဆင်းကတည်းက ယေရှု ချစ်တယ်။ မြေကြီးပေါ် မလာခင် နှစ်ပေါင်းများစွာကတည်းက “လူသားတွေကို ငါသိပ်ချစ်မြတ်နိုးတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ပညာအလိမ္မာ ၈:၃၀၊ ၃၁) လူတွေကို ချစ်မှန်း မြေကြီးပေါ် ရောက်လာချိန်မှာ သိပ်ထင်ရှားတယ်။ ရှေ့သုံးခန်းမှာ သိခဲ့တဲ့အတိုင်း လူတိုင်းကို၊ အထူးသဖြင့် နောက်လိုက်တွေကို ချစ်တယ်ဆိုတာ နည်းအမျိုးမျိုးနဲ့ ပြတယ်။ အေဒီ ၃၃၊ နိသန်လ ၁၄ ရက်မှာ ကျွန်တော်တို့အတွက် လိုလိုလားလား အသက်စွန့်တာကတော့ အထူးခြားဆုံး နည်းနဲ့ မေတ္တာ ပြလိုက်တာပဲ။ (ယောဟန် ၁၀:၁၁) ဒီထက် သာတဲ့ မေတ္တာပြနည်း မရှိတော့ဘူး။ ဒီကဏ္ဍမှာ ယေရှုကို ကျွန်တော်တို့ အတုယူဖို့ လိုတယ်။ ယေရှုကိုယ်တိုင် မိန့်မှာထားလို့ပဲ။

“ခင်ဗျားတို့ကို ကျွန်တော် ချစ်သလို အချင်းချင်း ချစ်ကြပါ”

၁၀၊ ၁၁။ နောက်လိုက်တွေကို ယေရှု ပေးတဲ့ ပညတ်အသစ်က ဘာလဲ။ အဲဒီပညတ်ကို ဘယ်လို လိုက်နာနိုင်မလဲ။ လိုက်နာဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၀ “အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်တစ်ခု ကျွန်တော် ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော် ချစ်သလို အချင်းချင်း ချစ်ကြပါ။ အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်” လို့ အရင်းနှီးဆုံး တပည့်တွေကို မသေခင်ညမှာ ယေရှု ပြောတယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) “အချင်းချင်းချစ်ကြပါ” ဆိုတာ ဘာကြောင့် “ပညတ်အသစ်” ဖြစ်သလဲ။ “လူလူချင်းကို ကိုယ်နဲ့ ထပ်တူ ချစ်ပါ” ဆိုတာ မောရှေပညတ်မှာ ပါပြီးသားပဲ။ (ဝတ်ပြုရာ ၁၉:၁၈) ဒါပေမဲ့ ပညတ်အသစ် လိုက်နာဖို့ဆိုရင် ပိုကြီးမားတဲ့ မေတ္တာ၊ အသက်ပေးနိုင်လောက်တဲ့အထိ ချစ်တဲ့ မေတ္တာ လိုတယ်။ “ကျွန်တော် ခင်ဗျားတို့ကို ချစ်သလို ခင်ဗျားတို့လည်း အချင်းချင်း ချစ်ကြပါ။ ဒါဟာ ကျွန်တော် ပေးတဲ့ ပညတ်ချက်ပဲ။ မိတ်ဆွေတွေအတွက် အသက်စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိဘူး” လို့ ပြောတုန်းက ဒီအချက်ကို ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (ယောဟန် ၁၅:၁၂၊ ၁၃) ကိုယ့်ကိုကိုယ် ချစ်သလောက် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချစ်တာထက် တခြားသူတွေကို ချစ်ပါ” လို့ ပညတ်သစ်က ပြောနေတာ။ ဘယ်လိုလုပ်ပြီး အဲဒီလို ချစ်နိုင်တယ်ဆိုတာကို အသက်ရှင်ပုံအားဖြင့်ကော အသက်ပေးပြီးတော့ပါ ယေရှု ပြခဲ့တယ်။

၁၁ ပညတ်အသစ်ကို လိုက်နာဖို့ ဘာကြောင့် အရေးကြီးသလဲ။ “အချင်းချင်း [မေတ္တာစစ်နဲ့] ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်” လို့ ယေရှု ပြောတာ သတိရပါ။ မေတ္တာစစ်ဟာ ခရစ်ယာန်စစ်တွေရဲ့ အမှတ်အသား ဖြစ်တယ်။ မေတ္တာစစ်ကို နာမည် ရင်ထိုးကတ်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ယေဟောဝါသက်သေတွေရဲ့ နှစ်စဉ် အစည်းအဝေးကြီးမှာ တက်ရောက်သူတွေ ရင်ထိုးကတ် တပ်ကြတယ်။ ဘယ်သူဘယ်ဝါမှန်း သိအောင် နာမည်နဲ့ အသင်းတော်ကို ရင်ထိုးကတ်မှာ ရေးထားကြတယ်။ အချင်းချင်း မေတ္တာစစ်နဲ့ ချစ်တာဟာ ခရစ်ယာန်စစ် ဖြစ်ကြောင်း ဖော်ပြတဲ့ “ရင်ထိုးကတ်” နဲ့ တူတယ်။ ထင်ရှားမြင်သာနေရမယ်။ ဒါမှ တွေ့တဲ့သူတွေက ကျွန်တော်တို့ဟာ ခရစ်တော်ရဲ့ နောက်လိုက်စစ်တွေဆိုတာ သိမှာ။ ကျွန်တော်တို့ တစ်ဦးစီအနေနဲ့ ‘ခရစ်တော် နောက်လိုက်မှန်း သိသာစေတဲ့ မေတ္တာစစ် “ရင်ထိုးကတ်” ငါ တပ်ထားရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်သင့်တယ်။

မေတ္တာစစ်နဲ့ ချစ်တယ်ဆိုတာ ဘယ်လို ပြနိုင်သလဲ

၁၂၊ ၁၃။ (က) အချင်းချင်း ချစ်တယ်ဆိုတာ ပြဖို့ ဘာတွေ လိုလိုလားလား လုပ်ရမလဲ။ (ခ) ကိုယ်ကျိုးစွန့်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

၁၂ ယေရှုနောက်လိုက် ကျွန်တော်တို့ဟာ ကိုယ့်ကို ယေရှု ချစ်သလို တခြားသူတွေကို ချစ်ရမယ်။ တစ်နည်းအားဖြင့်၊ ကိုယ့်အတွက် အရေးပါတဲ့အရာတွေကို ညီအစ်ကို/မတွေအတွက် လိုလိုလားလား စွန့်လွှတ်အနစ်နာခံရမယ်။ ဘာတွေလဲ။ “ခရစ်တော်က ကျွန်တော်တို့အတွက် အသက်စွန့်ခဲ့လို့ ချစ်ခြင်းမေတ္တာအကြောင်း ကျွန်တော်တို့ နားလည်လာတယ်။ ကျွန်တော်တို့လည်း ညီအစ်ကိုအတွက် အသက်စွန့်ဖို့ တာဝန် ရှိတယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (၁ ယောဟန် ၃:၁၆) လိုအပ်လာရင် ယေရှုလိုပဲ အချင်းချင်းအတွက် လိုလိုလားလား အသက်ပေးရမယ်။ နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ အသတ်ခံရနိုင်တယ်ဆိုရင်တောင် ညီအစ်ကို/မတွေကို သစ္စာဖောက်ပြီး အချက်အလက်တွေ ဖော်၊ အန္တရာယ်တွင်းထဲ ဆွဲခေါ်မှာ မဟုတ်ဘူး။ လူမျိုးရေး ပဋိပက္ခရှိတဲ့ ဒေသတွေမှာ ကိုယ်နဲ့ လူမျိုး မတူတဲ့ ညီအစ်ကို/မတွေကို အသက်ရင်းပြီး ကာကွယ်ကြမှာ ဖြစ်တယ်။ စစ်ဖြစ်တဲ့အခါ ညီအစ်ကို/မတွေကို ဖြစ်ဖြစ်၊ တခြားဘယ်သူ့ကိုပဲ ဖြစ်ဖြစ် လက်နက်ကိုင် တိုက်ခိုက်မယ့်အစား ထောင်အကျခံဖို့၊ အသေခံဖို့ အသင့်ရှိကြတယ်။—ယောဟန် ၁၇:၁၄၊ ၁၆။ ၁ ယောဟန် ၃:၁၀-၁၂

၁၃ ညီအစ်ကို/မတွေအတွက် အသေခံဖို့ အသင့်ရှိတာ မေတ္တာစစ် ပြနိုင်တဲ့ တစ်ခုတည်းသော နည်း မဟုတ်ဘူး။ အသေခံဖို့အထိ လိုတဲ့ အခြေအနေဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါ။ ဒါပေမဲ့ အသက်ပေးရဲတဲ့အထိတောင် ချစ်တယ်ဆိုရင် လောလောဆယ် အကူအညီ ဖြစ်စေမယ့်အရာ တိုတိုထွာထွာလေးတွေ လိုလိုလားလား လုပ်ပေးသင့်တယ်။ ကိုယ်ကျိုးစွန့်တယ်ဆိုတာ ကိုယ့်အတွက် အဆင်မပြေရင်တောင်၊ အကျိုးအမြတ် မကျန်ရင်တောင် သူတစ်ပါးအကျိုး သယ်ပိုးတာ၊ ကိုယ့်အရေးထက် သူတစ်ပါးအရေး ဦးစားပေးတာကို ဆိုလိုတယ်။ (၁ ကောရိန္သု ၁၀:၂၄) ဘယ်နည်းတွေနဲ့ ကိုယ်ကျိုးစွန့်မေတ္တာကို လက်တွေ့ကျကျ ပြနိုင်သလဲ။

အသင်းတော်မှာ၊ မိသားစုမှာ

၁၄။ (က) အသင်းတော်အတွက် အကြီးအကဲတွေ ဘာတွေ ကြိုးစားလုပ်ဆောင်ကြသလဲ။ (ခ) သင့်အသင်းတော်က အလုပ်ကြိုးစားတဲ့ အကြီးအကဲတွေနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ။

၁၄ အသင်းတော် အကြီးအကဲတွေဟာ ကိုယ်ကျိုးစွန့်ပြီး ‘သိုးတော်စုကို ထိန်းကျောင်း’ ကြတယ်။ (၁ ပေတရု ၅:၂၊ ၃) ကိုယ့်မိသားစုကို ဂရုစိုက်ရတဲ့အပြင် ညနေပိုင်းတွေ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ အစည်းအဝေး တာဝန် ပြင်ဆင်တာ၊ သိုးထိန်း လည်ပတ်မှု လုပ်တာ၊ တရားရေးကိစ္စ ကိုင်တွယ်တာလိုမျိုး အသင်းတော်ကိစ္စတွေအတွက် အချိန်ပေးရနိုင်တယ်။ ဒါ့အပြင် အကြီးအကဲ တော်တော်များများမှာ ထပ်ဆင့် တာဝန်တွေ ရှိကြတယ်။ စည်းဝေးပွဲ၊ အစည်းအဝေးကြီးတွေမှာ တာဝန် ရကြတယ်။ ဆေးရုံဆက်သွယ်ရေး ကော်မတီ၊ လူနာလည်ပတ်ရေး အုပ်စု၊ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး ကော်မတီတွေမှာ အမှုဆောင်ကြတယ်။ အကြီးအကဲတို့၊ ကိုယ့်အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ လိုလိုလားလား သုံးပြီး သိုးတော်စုကို ထိန်းကျောင်းတာ ကိုယ်ကျိုးစွန့်မေတ္တာ ပြနေတာပဲဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ (၂ ကောရိန္သု ၁၂:၁၅) ကိုယ်ကျိုးမငဲ့တဲ့ သင့်ကြိုးစားလုပ်ဆောင်မှုတွေကို ယေဟောဝါသာမက ညီအစ်ကို/မတွေပါ တန်ဖိုးထားကြတယ်။—ဖိလိပ္ပိ ၂:၂၉။ ဟီဘရူး ၆:၁၀

၁၅။ (က) အကြီးအကဲ ဇနီးတွေ ဘယ်လို ကိုယ်ကျိုးစွန့်ကြသလဲ။ (ခ) အသင်းတော်ကို ခင်ပွန်း ဂရုစိုက်နိုင်ဖို့ နောက်ကနေ ထောက်မပေးတဲ့ ဇနီးတွေနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။

၁၅ ကိုယ့်ခင်ပွန်း သိုးတော်စုကို ထိန်းကျောင်းနိုင်အောင် အကြီးအကဲ ဇနီးတွေလည်း ထောက်မပေးကြတယ်။ ကိုယ်ကျိုးစွန့်ကြတယ်။ မိသားစုနဲ့ သုံးမယ့် အချိန် ဖဲ့ပြီး အသင်းတော်ကိစ္စတွေ ကိုယ့်ခင်ပွန်း လုပ်တာကို ကြည်ဖြူတာလည်း ကိုယ်ကျိုးစွန့်တာပဲ။ အသင်းတော် တစ်ခုပြီး တစ်ခု လည်ပတ်တဲ့အခါ၊ တိုက်နယ် တစ်ခုပြီး တစ်ခု တာဝန်ကျတဲ့အခါ ခင်ပွန်းနောက် တကောက်ကောက် ပါလာတဲ့ တိုက်နယ်ကြီးကြပ်မှူး ဇနီးအကြောင်းလည်း စဉ်းစားကြည့်ပါ။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ အတည်တကျ မနေရဘူး။ တစ်ပတ် တစ်နေရာ အိပ်ရာ ပြောင်းအိပ်ရတယ်။ ကိုယ့်အကျိုးထက် အသင်းတော်အကျိုးကို ဦးစားပေးဖို့ တလိုတလားရှိတဲ့ ဇနီးသည်တွေ ကိုယ်ကျိုးစွန့်မေတ္တာ ရက်ရက်ရောရော ပြတဲ့အတွက် ချီးမွမ်းထိုက်ပါတယ်။—ဖိလိပ္ပိ ၂:၃၊ ၄

၁၆။ သားသမီးတွေအတွက် မိဘတွေ ဘယ်လို ကိုယ်ကျိုးစွန့်ကြသလဲ။

၁၆ မိသားစုမှာ ကိုယ်ကျိုးစွန့်မေတ္တာ ဘယ်လို ပြနိုင်သလဲ။ မိဘတို့၊ “ယေဟောဝါ မိန့်မှာတဲ့အတိုင်း” သားသမီးတွေကို “ဆုံးမသွန်သင်ပြီး ပြုစုပျိုးထောင်” ဖို့ သင်တို့ဘက်က အများကြီး ကိုယ်ကျိုးစွန့်ရတယ်။ (ဧဖက် ၆:၄) သားသမီးတွေရဲ့ စားဝတ်နေရေးအတွက် နာရီပေါင်းများစွာ တပင်တပန်း အလုပ်လုပ်ရနိုင်တယ်။ ကိုယ့်အတွက် မကျန်ရင် နေပါစေ သူတို့ကို လိုလေသေး မရှိ ထားကြတယ်။ ကျမ်းစာသင်ပေးဖို့၊ အစည်းအဝေး ခေါ်သွားဖို့၊ အမှုဆောင် အတူတူ ထွက်ဖို့ ကြိုးစားကြတယ်။ (တရားဟောရာ ၆:၆၊ ၇) ဒီလို ကိုယ်ကျိုးစွန့်မေတ္တာ ပြတာဟာ မိသားစုဘဝကို အစပြုပေးရှင် နှစ်သက်တဲ့အရာ ဖြစ်တယ်။ သားသမီးတွေကို ထာဝရအသက် ရစေနိုင်တယ်။—ပညာအလိမ္မာ ၂၂:၆။ ဧဖက် ၃:၁၄၊ ၁၅

၁၇။ ယေရှုရဲ့ ကိုယ်ကျိုးမငဲ့တဲ့ သဘောထားကို ခရစ်ယာန် ခင်ပွန်းတွေ ဘယ်လို အတုယူနိုင်သလဲ။

၁၇ ယေရှုကို အတုယူပြီး ခင်ပွန်းတွေ ကိုယ်ကျိုးစွန့်မေတ္တာ ဘယ်လို ပြနိုင်သလဲ။ “ခင်ပွန်းတို့၊ ဇနီးကို ချစ်မြဲ ချစ်ကြပါ။ ခရစ်တော်က အသင်းတော်ကို ချစ်ပြီး အသင်းတော်အတွက် အသက်စွန့်ခဲ့သလိုပေါ့” လို့ ကျမ်းစာမှာ အဖြေ ပေးထားတယ်။ (ဧဖက် ၅:၂၅) သိခဲ့တဲ့အတိုင်း အသက်ပေးတဲ့အထိ နောက်လိုက်တွေကို ယေရှု ချစ်တယ်။ “ကိုယ့်အလိုအတိုင်း မလုပ်” သူ ယေရှုရဲ့ ကိုယ်ကျိုးမငဲ့တဲ့ သဘောကို ခရစ်ယာန် ခင်ပွန်းတွေ အတုယူကြတယ်။ (ရောမ ၁၅:၃) ကိုယ်တိုင်ထက် ဇနီး လိုအပ်တာ၊ ဖြစ်ချင်တာကို ကြည်ကြည်ဖြူဖြူ ဦးစားပေးတယ်။ ဘာမဆို ကိုယ့်ဆန္ဒအတိုင်း ဇွတ်မလုပ်ဘူး။ ကျမ်းစာမူနဲ့ ညီတယ်ဆိုရင် ဇနီးရဲ့ အကြံကို လိုလိုလားလား လက်ခံ၊ လိုက်လျောတယ်။ ကိုယ်ကျိုးစွန့်မေတ္တာ ပြတဲ့ ခင်ပွန်းကို ယေဟောဝါ နှစ်သက်တယ်။ ဇနီးနဲ့ သားသမီးတွေ ချစ်ခင်လေးစားကြတယ်။

သင် ဘာလုပ်မလဲ

၁၈။ အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်ကို လိုက်နာဖို့ ဘာက တွန်းအားပေးသလဲ။

၁၈ အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်ကို လိုက်နာဖို့ မလွယ်ဘူး။ ဒါပေမဲ့ လိုက်နာဖို့ တွန်းအား ဖြစ်စေတဲ့အရာ ရှိတယ်။ “ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့ကို တွန်းအားပေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ကောက်ချက်ချတာက– လူအားလုံးအတွက် လူတစ်ယောက် အသေခံတယ်။ . . . လူအားလုံးအတွက် အသေခံတဲ့သူဟာ ခရစ်တော်ပဲ။ ဒါကြောင့် အသက်ရှင်နေသူတွေဟာ ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်သင့်တယ်” လို့ ပေါလု ပြောတယ်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅) ကျွန်တော်တို့အတွက် ယေရှု အသေတောင် ခံထားတာ ယေရှုအတွက် အသက်မရှင်သင့်ဘူးလား။ ယေရှုကို အတုယူပြီး ကိုယ်ကျိုးစွန့်မေတ္တာ ပြတာ ယေရှုအတွက် အသက်ရှင်တာပဲ။

၁၉၊ ၂၀။ ဘယ်အဖိုးတန် လက်ဆောင် ယေဟောဝါ ပေးထားသလဲ။ လက်ဆောင်ကို လက်ခံကြောင်း ဘယ်လို ပြရမလဲ။

၁၉ “မိတ်ဆွေတွေအတွက် အသက် စွန့်တာထက် ပိုမွန်မြတ်တဲ့ မေတ္တာဆိုတာ မရှိဘူး” လို့ ယေရှု ပြောတာ ချဲ့ကားတာ မဟုတ်ဘူး။ (ယောဟန် ၁၅:၁၃) ကျွန်တော်တို့အတွက် လိုလိုလားလား အသက်စွန့်ခြင်းအားဖြင့် မိမိမေတ္တာကို အကြီးမားဆုံး အတိုင်းအတာနဲ့ ပြတယ်။ ဒါပေမဲ့ ဒီထက် ပိုကြီးမားတဲ့ မေတ္တာကို ပြတဲ့ နောက်ထပ် ပုဂ္ဂိုလ် ရှိသေးတယ်။ “ဘုရားသခင်က လူ့လောကကို အလွန် ချစ်တယ်။ ဒါကြောင့် မိမိရဲ့ သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၃:၁၆) ကျွန်တော်တို့ကို ချစ်လွန်းလို့ ရွေးဖိုးအဖြစ် သားတော်ကို ဘုရား ပေးတယ်။ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေတယ်။ (ဧဖက် ၁:၇) ရွေးဖိုးဟာ ယေဟောဝါဆီက အဖိုးတန် လက်ဆောင်ဖြစ်တယ်။ ဒါပေမဲ့ လက်ဆောင် လက်ခံဖို့ ကျွန်တော်တို့ကို အတင်း ဖိအားမပေးဘူး။

၂၀ ယေဟောဝါ ပြင်ဆင်ပေးတဲ့ လက်ဆောင်ကို လက်ခံ၊ မခံ ကျွန်တော်တို့ ဆုံးဖြတ်ရမယ်။ လက်ခံကြောင်း ဘယ်လို ပြရမလဲ။ သားတော်ကို “ယုံကြည်သက်ဝင်” ခြင်းအားဖြင့်ပါ။ ယုံကြည်သက်ဝင်ကြောင်း အပြောနဲ့ မဟုတ်ဘဲ လုပ်ရပ်နဲ့ ပြရမယ်။ (ယာကုပ် ၂:၂၆) နေ့တိုင်း ယေရှုခရစ်နောက် လိုက်ခြင်းအားဖြင့် ပြရမယ်။ ဒါဆိုရင် အခုကော နောင်ပါ ကောင်းချီး ကြွယ်ဝစွာ ခံစားရမယ်။ ဒီအကြောင်း နောက်အခန်းမှာ ရှင်းပြပါမယ်။

a အဲဒီနေ့မှာ ယေရှု နှစ်ကြိမ် တံတွေး ထွေးခံရတယ်။ ဦးဆုံး၊ ဘာသာရေးခေါင်းဆောင်တွေ၊ အဲဒီနောက် ရောမစစ်သားတွေ ထွေးကြတာ။ (မဿဲ ၂၆:၅၉-၆၈။ ၂၇:၂၇-၃၀) ဒီလို မလေးမစား အရှက်ခွဲတဲ့ လုပ်ရပ်ကို ယေရှု မညည်းမညူ ခံရပ်တယ်။ “အရှက်ခွဲခံရတဲ့အခါ၊ တံတွေး ထွေးခံရတဲ့အခါ မျက်နှာမလွှဲဘူး” ဆိုတဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။—ဟေရှာယ ၅၀:၆