မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၅

“သနားစိတ် ယိုဖိတ်လာတဲ့အတွက်”

“သနားစိတ် ယိုဖိတ်လာတဲ့အတွက်”

“သခင်၊ ကျွန်တော်တို့ကို မျက်စိမြင်အောင် လုပ်ပေးပါလား”

၁-၃။ (က) မျက်မမြင် သူတောင်းစားနှစ်ယောက် အသနားခံတော့ ယေရှု ဘာလုပ်သလဲ။ (ခ) “သနားစိတ် ယိုဖိတ်လာ” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (အောက်ခြေမှတ်ချက်ကို ကြည့်ပါ။)

 ယေရိခေါမြို့နား၊ လမ်းဘေးမှာ မျက်မမြင်နှစ်ယောက် ထိုင်ပြီး တောင်းစားနေတယ်။ လူသွားလူလာ များတဲ့ လမ်းမို့ ဒီနေရာကို ရွေးပြီး နေ့တိုင်း လာတောင်းစားကြတာ။ ဒီနေ့တော့ သူတို့ဘဝမှာ အပြောင်းအလဲတစ်ခု ကြုံရတော့မယ်။

ရုတ်တရက် လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်တာ မျက်မမြင်နှစ်ယောက် ကြားလိုက်တယ်။ ဘာဖြစ်နေသလဲ မမြင်ရလို့ တစ်ယောက်က အကျိုးအကြောင်း မေးကြည့်တယ်။ “နာဇရက်မြို့သား ယေရှု ဖြတ်သွားတာ” လို့ လူတွေ ပြောပြကြတယ်။ ဂျေရုဆလင်မြို့ကို ယေရှု နောက်ဆုံးအကြိမ် သွားနေတာ။ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ နောက်မှာ လူအုပ်ကြီး ပါလာတယ်။ ယေရှု ဖြတ်သွားတယ်လည်း ကြားရော “သခင်၊ ဒါဝိဒ်ရဲ့သား၊ ကျွန်တော်တို့ကို သနားပါဦး” ဆိုပြီး အော်ကြတော့တာပဲ။ တောက်လျှောက် အော်နေတော့ လူတွေ စိတ်ရှုပ်လာပြီး တိတ်တိတ်နေဖို့ ပြောကြတယ်။ ဒါပေမဲ့ တားမရ ဆီးမရ နှစ်ယောက်သား တစာစာ ဆက်အော်ကြတယ်။

လူအုပ် ဆူညံနေတဲ့ကြားထဲက သူတို့အော်သံ ယေရှု ကြားသွားတယ်။ တကယ်တော့ ယေရှု တော်တော် စိတ်ဖိစီးနေတာ။ မြေကြီးအသက်တာ နောက်ဆုံးရက်တွေ ရောက်နေပြီ။ ဂျေရုဆလင်မြို့မှာ ရက်ရက်စက်စက် နှိပ်စက်ခံရပြီး အသတ်ခံရတော့မယ်ဆိုတာ သိနေတယ်။ ဒါပေမဲ့ အကူအညီ တောင်းနေတာကို လျစ်လျူမရှုဘူး။ ရပ်လိုက်ပြီး သူတို့ကို ခေါ်လာခိုင်းတော့ “သခင်၊ ကျွန်တော်တို့ကို မျက်စိမြင်အောင် လုပ်ပေးပါလား” လို့ အသနားခံကြတယ်။ ယေရှု “သနားစိတ် ယိုဖိတ်လာတဲ့အတွက်” သူတို့မျက်စိကို တို့ထိလိုက်တော့ မျက်စိ ပြန်မြင်လာကြတယ်။ a ဒါနဲ့ ယေရှုနောက် ချက်ချင်း လိုက်ကြတော့တယ်။—လုကာ ၁၈:၃၅-၄၃။ မဿဲ ၂၀:၂၉-၃၄

၄။ ‘နိမ့်ကျသူတွေကို သနားလိမ့်မယ်’ ဆိုတဲ့ ကြိုဟောချက်ကို ယေရှု ဘယ်လို ပြည့်စုံစေသလဲ။

ယေရှု သနားကရုဏာ ပြတာ ဒီတစ်ကြိမ်ပဲ မဟုတ်ဘူး။ အချိန်အခါ အမျိုးမျိုးမှာ နည်းအမျိုးမျိုးနဲ့ ပြတယ်။ ‘နိမ့်ကျသူတွေကို သနားလိမ့်မယ်’ လို့ ယေရှုနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဆာလံ ၇၂:၁၃) ကြိုဟောထားတဲ့အတိုင်း တခြားသူတွေကို ယေရှု ကိုယ်ချင်းစာပေးတယ်။ အကူအညီ တောင်းတာ စောင့်မနေဘဲ ကူညီပေးတယ်။ ဟောတယ်ပြောတယ်ဆိုတာလည်း လူတွေကို သနားစာနာလို့ပဲ။ သနားစာနာကြောင်း အပြော၊ အလုပ်နဲ့ ယေရှု ပြတာကို ခရစ်ဝင်ကျမ်းတွေမှာ ဘယ်လို ဖော်ပြထားသလဲ။ ဘယ်လို အတုယူနိုင်မလဲ။

တခြားသူတွေရဲ့ ခံစားချက်ကို စာနာထောက်ထားခြင်း

၅၊ ၆။ ယေရှု ကိုယ်ချင်းစာတတ်တယ်ဆိုတာ ဘယ်မှတ်တမ်းတွေက ဖော်ပြသလဲ။

ယေရှုဟာ တခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးတယ်။ ကိုယ်ချင်းစာတယ်။ သူတို့ ကြုံသလို မကြုံရပေမဲ့ သူတို့နေရာမှာ ဝင်ပြီး ခံစားပေးတယ်။ (ဟီဘရူး ၄:၁၅) ၁၂ နှစ်လုံး သွေးသွန်နာ စွဲနေတဲ့ အမျိုးသမီးကို ကုပေးတုန်းက “ရောဂါ နှိပ်စက်တဲ့ဒဏ် ကင်းဝေးပါစေ” လို့ ပြောတယ်။ ဒီရောဂါကြောင့် အမျိုးသမီး စိတ်ကော လူပါ ဘယ်လောက် အထုအထောင်း ခံထားရတယ်ဆိုတာ အသိအမှတ်ပြုလိုက်တာပဲ။ (မာကု ၅:၂၅-၃၄) လာဇရု သေသွားလို့ မာရိနဲ့ တခြားသူတွေ ငိုတော့လည်း သူတို့ ဝမ်းနည်းပူဆွေးနေတာ မြင်ပြီး ယေရှု စိတ်ထိခိုက်တယ်။ လာဇရု အသက်ပြန်ရှင်အောင် လုပ်ပေးတော့မယ့်ဆဲဆဲမှာကို မျက်ရည်ကျလာတယ်။—ယောဟန် ၁၁:၃၃၊ ၃၅

တစ်ခေါက် အနာကြီး ရောဂါသည်တစ်ယောက် ယေရှုဆီ လာပြီး “သခင်၊ ဆန္ဒရှိရင် ကျွန်တော့်ကို သန့်ရှင်းသွားအောင် လုပ်ပေးပါလား” လို့ အသနားခံတယ်။ တစ်ခါမှ မဖျားမနာဖူးတဲ့ စုံလင်သူ ယေရှု ဘယ်လို တုံ့ပြန်သလဲ။ အနာကြီး ရောဂါသည်ကို ကိုယ်ချင်းစာတယ်။ “သနားစိတ် ယိုဖိတ်လာ” တယ်။ (မာကု ၁:၄၀-၄၂) အဲဒီနောက် ထင်မထားတာတစ်ခု လုပ်ပေးလိုက်တယ်။ ပညတ်တရားအရ အနာကြီး ရောဂါသည်တွေဟာ မသန့်ရှင်းသူတွေ ဖြစ်တယ်၊ တခြားသူတွေနား ကပ်လို့ မရဘူးဆိုတာ ယေရှု သိတယ်။ (ဝတ်ပြုရာ ၁၃:၄၅၊ ၄၆) ဒီတော့ လုံးဝ ထိစရာ မလိုဘဲ ကုပေးလို့ ရတယ်။ (မဿဲ ၈:၅-၁၃) ဒါပေမဲ့ အနာကြီး ရောဂါသည်ကို လှမ်းကိုင်ပြီး “ဆန္ဒရှိတာပေါ့။ သန့်ရှင်းစေ” လို့ ပြောလိုက်တယ်။ ချက်ချင်း ရောဂါ ပျောက်သွားတယ်။ ယေရှု တော်တော် သနားစာနာတတ်တာပဲ။

“ကိုယ်ချင်းစာပါ”

၇။ ဘယ်လိုနည်းနဲ့ ကိုယ်ချင်းစာတတ်လာမလဲ။ ကိုယ်ချင်းစာကြောင်း ဘယ်လို ပြနိုင်သလဲ။

ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ယေရှုကို အတုယူပြီး ကိုယ်ချင်းစာရမယ်။ “ကိုယ်ချင်းစာပါ” လို့ ကျမ်းစာမှာ အားပေးထားတယ်။ b (၁ ပေတရု ၃:၈) ကိုယ်တိုင် မကြုံဖူးရင် နာတာရှည် ရောဂါသည် ဒါမှမဟုတ် စိတ်ဓာတ်ကျနေသူရဲ့ ခံစားချက်ကို နားလည်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ တခြားသူတွေ ကြုံသလို ကြုံမှ ကိုယ်ချင်းစာလို့ ရတာ မဟုတ်ဘူး။ ယေရှု တစ်ခါမှ မဖျားမနာဖူးပေမဲ့ ဖျားနာသူတွေကို ကိုယ်ချင်းစာတယ်။ ဒါဆိုရင် ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ ကိုယ်ချင်းစာတတ်လာမလဲ။ တခြားသူတွေ ရင်ဖွင့်တဲ့အခါ စိတ်ရှည်ရှည် နားထောင်ပေးခြင်းအားဖြင့်ပါ။ ‘သူ့နေရာမှာ ငါဆိုရင် ဘယ်လို ခံစားရမလဲ’ လို့ စဉ်းစားနိုင်တယ်။ (၁ ကောရိန္သု ၁၂:၂၆) တခြားသူတွေရဲ့ ခံစားချက်ကို နားလည်ဖို့ ကြိုးစားမယ်ဆိုရင် “စိတ်ဓာတ်ကျနေသူတွေကို ကြင်ကြင်နာနာ ပြော” နိုင်လာမယ်။ (၁ သက်သာလောနိတ် ၅:၁၄) ကိုယ်ချင်းစာတယ်ဆိုတာကို အပြောနဲ့သာမက လုပ်ရပ်နဲ့လည်း ပြနိုင်တယ်။ “ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ” လို့ ရောမ ၁၂:၁၅ မှာ ဆိုထားတယ်။

၈၊ ၉။ တခြားသူတွေရဲ့ ခံစားချက်ကို ထောက်ထားကြောင်း ယေရှု ဘယ်လို ပြသလဲ။

တခြားသူတွေကို ယေရှု ထောက်ထားတယ်။ ခံစားချက် ထည့်တွက်ပေးတယ်။ ဆွံ့အနားမကြားတစ်ယောက်ကို ယေရှုဆီ လူတွေ ခေါ်လာတဲ့အချိန်အကြောင်း စဉ်းစားကြည့်ပါ။ သူ ရှက်ပြီး နေရထိုင်ရ ခက်နေမှာ သိလို့ တခြားသူတွေကို ကုပေးတုန်းက မလုပ်တာတစ်ခု ယေရှု လုပ်တယ်။ “လူအုပ်ထဲကနေ သီးသန့် ခေါ်ထုတ်သွား” ပြီး ကုပေးတယ်။ လူတွေ ဝိုင်းအုံပြီး ကြည့်မနေအောင်ပါ။—မာကု ၇:၃၁-၃၅

လူတွေ မျက်မမြင်တစ်ယောက် ခေါ်လာပြီး ကုပေးခိုင်းတုန်းကလည်း ယေရှု အဲဒီလိုပဲ ထောက်ထားစာနာမှု ပြတယ်။ “မျက်မမြင်ကို ရွာအပြင်ဘက် လက်ဆွဲခေါ်သွား” တယ်။ အဲဒီနောက် အဆင့်ဆင့် ကုပေးတယ်။ လင်းထိန်နေတဲ့ နေရောင်၊ ရှုပ်ယှက်ခတ်နေတဲ့ ပတ်ဝန်းကျင်ကို ဦးဆုံးအကြိမ် မြင်ရမှာ ဖြစ်လို့ ဖြည်းဖြည်းချင်း ကျင့်သားရသွားအောင် အဆင့်ဆင့် ကုပေးတာ ဖြစ်နိုင်တယ်။ (မာကု ၈:၂၂-၂၆) ယေရှု တော်တော် ထောက်ထားစာနာတတ်တာပဲ။

၁၀။ တခြားသူတွေရဲ့ ခံစားချက်ကို ထောက်ထားကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၀ ယေရှုနောက်လိုက် ကျွန်တော်တို့လည်း တခြားသူတွေရဲ့ ခံစားချက်ကို ထောက်ထားရမယ်။ အပြောအဆို ဂရုစိုက်ရမယ်။ မဆင်မခြင် ပြောတာက တခြားသူတွေကို စိတ်ထိခိုက်စေနိုင်လို့ပဲ။ (ပညာအလိမ္မာ ၁၂:၁၈။ ၁၈:၂၁) ဒါကြောင့် စကားကြမ်းကြမ်း၊ မှိုချိုးမျှစ်ချိုး၊ ခနဲ့တဲ့တဲ့ မပြောကြဘူး။ (ဧဖက် ၄:၃၁) တခြားသူတွေရဲ့ ခံစားချက်ကို ထောက်ထားကြောင်း အကြီးအကဲတွေ ဘယ်လို ပြနိုင်သလဲ။ အကြံပေးဆုံးမတဲ့အခါ နားထောင်သူရဲ့ သိက္ခာကို ငဲ့ပြီး ကြင်ကြင်နာနာ ပြောပါ။ (ဂလာတိ ၆:၁) မိဘတွေကော သားသမီးတွေရဲ့ ခံစားချက်ကို ထောက်ထားကြောင်း ဘယ်လို ပြနိုင်သလဲ။ ဆုံးမပဲ့ပြင်တဲ့အခါ သားသမီးတွေကို အရှက်ခွဲသလို မဖြစ်ဖို့ ဂရုစိုက်ပါ။—ကောလောသဲ ၃:၂၁

အကူအညီ တောင်းတဲ့အထိ စောင့်မနေဘဲ ကူညီခြင်း

၁၁၊ ၁၂။ အကူအညီ အတောင်းခံရမှ ယေရှု ကူညီတာ မဟုတ်ကြောင်း ဘယ်မှတ်တမ်းတွေက ဖော်ပြသလဲ။

၁၁ အကူအညီ တောင်းတဲ့အထိ စောင့်မနေဘဲ ကူညီဖို့ စာနာမှုက လှုံ့ဆော်ပေးတယ်။ ယေရှုဟာ စာနာတတ်သူ ဖြစ်လို့ တခြားသူတွေ အကူအညီ တောင်းတဲ့အထိ စောင့်မနေဘူး။ ကိုယ်တိုင် အစပြုပြီး ကူညီပေးတယ်။ ဥပမာ၊ သုံးရက်လုံးလုံး မိမိနဲ့ ရှိနေတဲ့ လူအုပ် ဗိုက်ဆာနေတဲ့အကြောင်း တစ်ယောက်ယောက် လာလက်တို့ပြီး ပြောမှ ယေရှု သိတာ မဟုတ်ဘူး။ တစ်ခုခု လုပ်ပါဦးလို့ ဘယ်သူမှ အကြံပေးစရာ မလိုခဲ့ဘူး။ တပည့်တွေကို ခေါ်ပြီး “ဒီလူအုပ်ကို ကျွန်တော် သနားတယ်။ သုံးရက်လုံးလုံး ကျွန်တော်နဲ့အတူ ရှိနေကြတာ။ သူတို့မှာ စားစရာလည်း မရှိဘူး။ တစ်ခုခု မကျွေးဘဲနဲ့ ပြန်မလွှတ်ချင်ဘူး။ လွှတ်လိုက်ရင် လမ်းမှာ အားပြတ်ကုန်မယ်” လို့ ပြောတယ်။ အဲဒီနောက် ကိုယ့်ဆန္ဒအလျောက် လူအုပ်ကို အံ့ဖွယ်နည်းနဲ့ ကျွေးမွေးလိုက်တယ်။—မဿဲ ၁၅:၃၂-၃၈

၁၂ နောက်မှတ်တမ်းတစ်ခု စဉ်းစားကြည့်ပါ။ အေဒီ ၃၁ ခုနှစ်မှာ နာအိနမြို့နား ရောက်တော့ ကြေကွဲစရာ မြင်ကွင်း ယေရှု တွေ့လိုက်ရတယ်။ “မုဆိုးမရဲ့ တစ်ဦးတည်းသော သား” ကို သင်္ဂြိုဟ်ဖို့ အသုဘ လိုက်ပို့တဲ့ လူတန်းကြီး မြို့ထဲကနေ ထွက်လာတာကို တွေ့တာ။ အနီးနား တောင်စောင်းက သင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့ သွားနေကြတာ ဖြစ်မယ်။ မိခင် ဘယ်လောက် ရင်ကွဲနေမလဲ စဉ်းစားကြည့်ပါ။ တစ်ဦးတည်းသော သားကို သင်္ဂြိုဟ်ရတော့မယ်။ နှစ်သိမ့်ပေးမယ့် လင်ယောက်ျား ဘေးမှာ မရှိဘူး။ အသုဘ လိုက်ပို့တဲ့ လူတန်းရှည်ကြီးထဲက ဒီမုဆိုးမကို ယေရှု လှမ်း “မြင်” တော့ စိတ်မကောင်းဖြစ်ပြီး “သနားစိတ် ယိုဖိတ်လာ” တယ်။ ကူညီပေးဖို့ ဘယ်သူမှ လာပြီး ခယနေစရာ မလိုဘူး။ စာနာစိတ်က လှုံ့ဆော်လာတယ်။ ဒါနဲ့ “ရှေ့တိုးသွားပြီး အလောင်းစင်ကို ကိုင်” တယ်။ လူငယ်ကို အသက်ပြန်ရှင်စေတယ်။ အဲဒီနောက် ဘာဆက်ဖြစ်သလဲ။ မိမိနောက် လိုက်လာတဲ့ လူအုပ်ကြီးနဲ့အတူ လိုက်ဖို့ လူငယ်ကို မတောင်းဆိုဘူး။ “သူ့ကို မိခင်ဆီ အပ်လိုက်တယ်။” မုဆိုးမ တစ်ကောင်ကြွက် မဖြစ်တော့ဘူး။ ဂရုစိုက်စောင့်ရှောက်ပေးမယ့် သားလေး ပြန်ရသွားပြီ။—လုကာ ၇:၁၁-၁၅

အကူအညီ တောင်းတဲ့အထိ စောင့်မနေဘဲ ကူညီပါ

၁၃။ ယေရှုကို အတုယူတဲ့အနေနဲ့ အကူအညီ တောင်းတဲ့အထိ စောင့်မနေဘဲ ဘယ်နည်းတွေနဲ့ ကူညီပေးနိုင်သလဲ။

၁၃ ယေရှုကို ဘယ်လို အတုယူနိုင်မလဲ။ အံ့ဖွယ်နည်းနဲ့ လူတွေကို ကျွန်တော်တို့ မကျွေးမွေးနိုင်ဘူး။ လူသေတွေကို အသက်ပြန်မရှင်စေနိုင်ဘူး။ ဒါပေမဲ့ လိုအပ်သူတွေ အကူအညီ တောင်းတဲ့အထိ စောင့်မနေဘဲ ကူညီခြင်းအားဖြင့် ယေရှုကို အတုယူနိုင်တယ်။ ဥပမာ၊ ညီအစ်ကို/မတစ်ယောက် အကြီးအကျယ် ငွေကျပ်တည်းနေတာ၊ အလုပ်ပြုတ်သွားတာ ဖြစ်နိုင်တယ်။ (၁ ယောဟန် ၃:၁၇) မုဆိုးမတစ်ယောက်ရဲ့ အိမ် ပြင်မှ ဖြစ်တော့မယ့် အခြေအနေ ဆိုက်နေနိုင်တယ်။ (ယာကုပ် ၁:၂၇) ချစ်ရသူ ဆုံးသွားလို့ ကျန်ရစ်သူ မိသားစု နှစ်သိမ့်မှု၊ လက်တွေ့ကျ အကူအညီ လိုနေနိုင်တယ်။ (၁ သက်သာလောနိတ် ၅:၁၁) ဒါမျိုးတွေ တွေ့တဲ့အခါ အကူအညီ တောင်းတဲ့အထိ စောင့်မနေပါနဲ့။ (ပညာအလိမ္မာ ၃:၂၇) အတတ်နိုင်ဆုံး ကူညီပေးဖို့ စာနာစိတ်က လှုံ့ဆော်ပေးပါလိမ့်မယ်။ အခြေအနေ မပေးလို့ အများကြီး မကူညီနိုင်ရင်တောင် ကြင်နာမှု ပြရာ ရောက်မယ့်အရာလေး တစ်ခုခု လုပ်ပေးနိုင်တယ်။ အားပေးစကား ပြောနိုင်တယ်။ ဒါလည်း စာနာမှု ပြတာပဲ။—ကောလောသဲ ၃:၁၂

သနားစာနာစိတ်ကြောင့် ယေရှု ဟောပြော

၁၄။ သတင်းကောင်း ဟောပြောတာကို ယေရှု ဘာကြောင့် အလေးထားသလဲ။

၁၄ ဒီစာအုပ် အပိုင်း ၂ မှာ သိခဲ့တဲ့အတိုင်း သတင်းကောင်း ဟောပြောရာမှာ ယေရှု စံနမူနာ သိပ်ကောင်းတယ်။ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ” လို့ ပြောတယ်။ (လုကာ ၄:၄၃) ဟောပြောတာကို ယေရှု ဘာကြောင့် အလေးထားသလဲ။ အဓိက,ကတော့ ဘုရားကို ချစ်လို့ပါ။ နောက်အကြောင်းရင်း ရှိသေးတယ်။ လူတွေကို သနားစာနာလို့ပဲ။ သနားစာနာကြောင်း နည်းအမျိုးမျိုးနဲ့ ပြတယ်။ အရေးကြီးဆုံး နည်းကတော့ ဘုရားနဲ့ ဆက်ဆံရေး ကောင်းလာအောင် ကူညီပေးတာပဲ။ မိမိဟောပြောသူတွေကို ယေရှု ဘယ်လို သဘောထားသလဲဆိုတာ ပေါ်လွင်တဲ့ ဖြစ်ရပ်နှစ်ခု ကြည့်ရအောင်။ တခြားသူတွေကို ကျွန်တော်တို့ ဟောပြောရတဲ့ အကြောင်းရင်း ပြန်ဆန်းစစ်ဖို့ အကူအညီ ဖြစ်ပါလိမ့်မယ်။

၁၅၊ ၁၆။ မိမိဟောပြောသူတွေကို ယေရှု ဘယ်လို သဘောထားသလဲဆိုတာ ပေါ်လွင်တဲ့ ဖြစ်ရပ်နှစ်ခု ပြောပြပါ။

၁၅ နှစ်နှစ်လောက် တစိုက်မတ်မတ် စိတ်နှစ်ကိုယ်နှစ် ယေရှု ဟောပြောတယ်။ အဲဒီနောက် အေဒီ ၃၁ မှာ ဂါလိလဲနယ် “မြို့ရွာအနှံ့ လှည့်လည်သွားလာ” ပြီး ဟောတယ်။ အဲဒီအချိန်မှာ မြင်လိုက်ရတာကြောင့် ရင်နင့်သွားတယ်။ “လူတွေဟာ အရေခွံ ဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူ မရှိတဲ့ သိုးတွေလို ဖြစ်နေလို့ သူတို့ကို မြင်တဲ့အခါ ယေရှု သနားတယ်” လို့ တမန်တော် မဿဲ မှတ်တမ်းတင်ထားတယ်။ (မဿဲ ၉:၃၅၊ ၃၆) လူတွေကို ယေရှု သနားတယ်။ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိချင်ကြပေမဲ့ ဘုရားအကြောင်း ကောင်းကောင်း မသိကြဘူး။ တကယ်ဆိုရင် ဘာသာရေး ခေါင်းဆောင်တွေ သင်ပေးကြရမှာ။ အခုတော့ သင်မပေးတဲ့အပြင် ပစ်ထားကြတယ်။ မညှာမတာ ဆက်ဆံကြတယ်။ လူတွေကို သနားလွန်းလို့ နှစ်သိမ့်မှု၊ မျှော်လင့်ချက် ရပါစေဆိုပြီး ယေရှု သတင်းကောင်း ပြောပြတယ်။ သူတို့ အလိုအပ်ဆုံးက နိုင်ငံတော် သတင်းကောင်းပဲ။

၁၆ လအနည်းငယ်အကြာ အေဒီ ၃၂၊ ပသခါပွဲ ရောက်ခါနီးမှာလည်း ရင်နင့်စရာကိစ္စ ထပ်ပေါ်လာတယ်။ ယေရှုနဲ့ တမန်တော်တွေ လှေစီးပြီး ဂါလိလဲအိုင်ကို ဖြတ်၊ လူသူမရှိတဲ့နေရာမှာ အနားယူဖို့ သွားကြတယ်။ ဒါပေမဲ့ လူတွေက ကမ်းခြေတစ်လျှောက် ခြေကျင်ပြေးသွားနှင့်ပြီး တစ်ဖက်ကမ်း ကြိုရောက်နေကြတယ်။ ယေရှု ဘာလုပ်သလဲ။ “လှေပေါ်က ဆင်းတဲ့အခါ ထိန်းသူ မရှိတဲ့ သိုးတွေလို ဖြစ်နေတဲ့ လူအုပ်ကြီးကို မြင်တော့ သနားစိတ် ယိုဖိတ်လာပြီး သူတို့ကို အများကြီး သွန်သင်ပေးတယ်။” (မာကု ၆:၃၁-၃၄) ဒီတစ်ခေါက်လည်း လူတွေ ဘုရားနဲ့ ဆက်ဆံရေးကောင်း မရှိတာကို မြင်ပြီး ယေရှု “သနားစိတ် ယိုဖိတ်လာ” တယ်။ ဘုရားအကြောင်း သင်ပေးမယ့်သူ မရှိ၊ ဂရုစိုက်မယ့်သူ မရှိနဲ့ “ထိန်းသူ မရှိတဲ့ သိုးတွေလို” ဖြစ်နေကြတာ။ တာဝန်မကင်းလို့ မဟုတ်ဘဲ သနားစာနာလို့ ယေရှု ဟောပြောခဲ့တယ်။

သနားစာနာမှုရှိရှိ ဟောပြောပါ

၁၇၊ ၁၈။ (က) ဟောပြောဖို့ ကျွန်တော်တို့ကို ဘာက လှုံ့ဆော်ပေးသလဲ။ (ခ) လူတွေကို သနားစာနာတတ်လာဖို့ ဘာလုပ်နိုင်သလဲ။

၁၇ ဟောပြောဖို့ ယေရှုနောက်လိုက် ကျွန်တော်တို့ကို ဘာက လှုံ့ဆော်ပေးသလဲ။ ဒီစာအုပ် အခန်း ၉ မှာ သိခဲ့တဲ့အတိုင်း ဟောပြောဖို့၊ တပည့်ဖြစ်စေဖို့ ကျွန်တော်တို့ တာဝန် ရထားတယ်။ (မဿဲ ၂၈:၁၉၊ ၂၀။ ၁ ကောရိန္သု ၉:၁၆) ဒါပေမဲ့ တာဝန်ရှိလို့ ဟောတာမျိုး မဖြစ်ရဘူး။ အဓိက,က ယေဟောဝါကို ချစ်လို့၊ ပြီးတော့ လူတွေကို သနားစာနာလို့ ဟောတာ ဖြစ်ရမယ်။ (မာကု ၁၂:၂၈-၃၁) ဒါဆိုရင် လူတွေကို သနားစာနာတတ်လာဖို့ ဘာလုပ်နိုင်သလဲ။

၁၈ “အရေခွံ ဆုတ်ပြီး ပစ်ထားခံရတဲ့ သိုးတွေ၊ ထိန်းသူ မရှိတဲ့ သိုးတွေ” လို့ လူတွေကို ယေရှု မြင်တယ်။ ကျွန်တော်တို့လည်း အဲဒီလို မြင်ရမယ်။ လမ်းပျောက်နေတဲ့ သိုးလေးတစ်ကောင် တွေ့တယ်လို့ မြင်ယောင်ကြည့်ပါ။ စားကျက် ရှိတဲ့နေရာ၊ ရေရှိတဲ့နေရာ လိုက်ပို့ပေးမယ့် သိုးထိန်း မရှိလို့ အစာရေစာ ပြတ်လပ်နေတယ်။ သနားမိမှာပဲ။ အစာရေစာ ရှာပေးမှာပဲ။ သတင်းကောင်း မကြားဖူးသေးတဲ့ လူများစွာဟာ အဲဒီသိုးနဲ့ တူတယ်။ သူတို့ရဲ့ ဘာသာရေး ခေါင်းဆောင်တွေက ကျမ်းစာအကြောင်း၊ ဘုရားအကြောင်း အမှန်တရား သင်မပေးဘဲ ပစ်ထားလို့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမျှော်လင့်ချက်မှ မရှိကြဘူး။ သူတို့ သိပ်လိုအပ်တဲ့ အားပြည့်လန်းဆန်းစေမယ့် အစာရေစာ ကျွန်တော်တို့မှာ ရှိတယ်။ အဲဒါကတော့ ကျမ်းစာ အမှန်တရားပဲ။ (ဟေရှာယ ၅၅:၁၊ ၂) ကိုယ့်ပတ်ဝန်းကျင်က လူတွေအကြောင်း စဉ်းစားလိုက်တဲ့အခါ ကျွန်တော်တို့ သနားမိတယ်။ လူတွေကို ယေရှုလို သနားစာနာတတ်မယ်ဆိုရင် နိုင်ငံတော် မျှော်လင့်ချက်အကြောင်း အတတ်နိုင်ဆုံး ပြောပြမှာပဲ။

၁၉။ ဟောပြောဖို့ အရည်အချင်း ပြည့်မီလာပြီ ဖြစ်တဲ့ ကျမ်းစာသင်သားကို ဘယ်လို အားပေးနိုင်သလဲ။

၁၉ ယေရှုနောက် လိုက်ဖို့ တခြားသူတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ ဟောပြောဖို့ အရည်အချင်း ပြည့်မီလာပြီ ဖြစ်တဲ့ ကျမ်းစာသင်သားကို ကျွန်တော်တို့နဲ့အတူ လိုက်ဟောဖို့ အားပေးချင်တယ် ဆိုပါစို့။ ဒါမှမဟုတ် မလှုပ်ရှားသူတစ်ယောက် အမှုဆောင်လုပ်ငန်းမှာ ပြန်ပါဝင်လာအောင် ကူညီပေးချင်တယ် ဆိုပါစို့။ ဘယ်လို ကူညီပေးနိုင်သလဲ။ ဘုရားအကြောင်း လူတွေ သိဖို့ ဘယ်လောက် အရေးကြီးသလဲ သူတို့ စဉ်းစားမိအောင် လုပ်ရမယ်။ “သနားစိတ် ယိုဖိတ်လာ” လို့ လူတွေကို ယေရှု သွန်သင်ပေးတယ်ဆိုတာ သတိရပါ။ (မာကု ၆:၃၄) ဒါကြောင့် လူတွေကို သနားစာနာတတ်ဖို့ သူတို့ကို ကူညီပေးပါ။ ဒါဆိုရင် ယေရှုလိုပဲ သတင်းကောင်း ပြောပြချင်လာမယ်။ “သတင်းကောင်း သိလို့ ကိုယ့်ဘဝ ဘယ်လို တိုးတက်ကောင်းမွန်လာသလဲ။ သတင်းကောင်း မသိသေးသူတွေလည်း သိလာဖို့ လိုတယ် မထင်ဘူးလား။ သူတို့ကို ဘယ်လို ကူညီပေးနိုင်သလဲ” လို့ မေးကြည့်ပါ။ ဘုရားကို ချစ်တဲ့စိတ်၊ ဘုရားအမှု ဆောင်ချင်စိတ်ကတော့ ဟောပြောခြင်းမှာ ပါဝင်ဖို့ အကောင်းဆုံး တွန်းအားပါပဲ။

၂၀။ (က) ယေရှုနောက်လိုက် ဖြစ်ဖို့ ဘာလိုသလဲ။ (ခ) နောက်အခန်းမှာ ဘာအကြောင်း သုံးသပ်မလဲ။

၂၀ ယေရှု ပြောတာတွေ တခြားသူတွေကို လိုက်ပြောပြရုံ၊ ယေရှု လုပ်သလို ကောင်းတာလေးတွေ လိုက်လုပ်ရုံနဲ့တော့ နောက်လိုက်လို့ ခေါ်လို့ မရဘူး။ ယေရှုမှာ ရှိတဲ့ “စိတ်သဘောထား” မျိုး ရှိရမယ်။ (ဖိလိပ္ပိ ၂:၅) ယေရှု ဘယ်လို စဉ်းစားလို့၊ ခံစားရလို့ ဘာတွေ ပြောတယ်၊ လုပ်တယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတာ ကျေးဇူးတင်စရာပဲ။ “ခရစ်တော်ရဲ့ စိတ်သဘောထား” ကို သိလာတာနဲ့အမျှ တခြားသူတွေကို သနားစာနာတတ်လာမယ်။ ယေရှု ဆက်ဆံသလို ဆက်ဆံတတ်လာမယ်။ (၁ ကောရိန္သု ၂:၁၆) နောက်လိုက်တွေကို ယေရှု နည်းအမျိုးမျိုးနဲ့ မေတ္တာ ဘယ်လို ပြသလဲဆိုတာ နောက်အခန်းမှာ သုံးသပ်သွားမယ်။

a “သနားစိတ် ယိုဖိတ်လာ” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ ကရုဏာ သက်ခြင်းအတွက် အထိရောက်ဆုံး ဂရိ ဝေါဟာရလို့ ဆိုကြတယ်။ “တစ်ယောက်ယောက် ဒုက္ခရောက်နေတာ မြင်ပြီး သနားစိတ် ပေါ်လာတာလောက်ကို မဆိုလိုဘဲ ဝေဒနာ သက်သာစေချင်တဲ့၊ ဒုက္ခ ဖယ်ရှားပေးချင်တဲ့ ဆန္ဒ ပြင်းပြတာကို ဆိုလိုတယ်” လို့ အကိုးအကားစာအုပ် တစ်အုပ်က ဖော်ပြတယ်။

b “ကိုယ်ချင်းစာ” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “အတူတူ ခံစား” လို့ အဓိပ္ပာယ် ရှိတယ်။