မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၆

‘သူတို့ကို ယေရှု သက်ဆုံးတိုင်အောင် ချစ်တယ်’

‘သူတို့ကို ယေရှု သက်ဆုံးတိုင်အောင် ချစ်တယ်’

၁၊ ၂။ တမန်တော်တွေနဲ့ နောက်ဆုံးညမှာ ယေရှု ဘာလုပ်သလဲ။ ဒီနောက်ဆုံးအချိန်လေးကို ဘာကြောင့် ဒီလောက် အလေးထားသလဲ။

 ဂျေရုဆလင်မြို့ အိမ်တစ်အိမ်ရဲ့ အထက်ခန်းမှာ တမန်တော်တွေကို ယေရှု စုလိုက်တယ်။ ဒါ တမန်တော်တွေနဲ့အတူ ရှိနိုင်မယ့် နောက်ဆုံးညဆိုတာ သိနေတယ်။ ဖခင်ဆီ ပြန်ရမယ့်အချိန် နီးလာပြီ။ နာရီပိုင်းအတွင်း အဖမ်းခံရတော့မယ်။ မကြုံစဖူး အတိုင်းအတာနဲ့ ယုံကြည်ခြင်း စမ်းသပ်ခံရတော့မယ်။ သေရတော့မယ်ဆိုတာ သိနေတာတောင် တမန်တော်တွေအတွက် စဉ်းစားပေးနေတုန်းပဲ။

ခွဲခွာရမယ့်အကြောင်း တမန်တော်တွေကို ယေရှု ပြောပြပြီးသား ဖြစ်ပေမဲ့ ရှေ့မှာ ကြုံရမယ့်အရာတွေကို ခံရပ်နိုင်ကြဖို့ အားပေးစကား ပြောစရာ ကျန်သေးတယ်။ ဒါကြောင့် သူတို့ ဆက်သစ္စာရှိဖို့ ကူညီပေးမယ့် အရေးကြီး သင်ခန်းစာတွေ အဲဒီညမှာ သင်ပေးတယ်။ အဲဒီည ယေရှု ပြောတဲ့ စကားတွေဟာ တမန်တော်တွေကို ပြောဖူးသမျှ စကားတွေထဲမှာ အနွေးထွေး၊ အလှိုက်လှဲဆုံးပဲ။ ကိုယ့်အရေးထက် တမန်တော်တွေရဲ့ အရေး ယေရှု ဘာကြောင့် ဒီလောက် စိတ်ပူသလဲ။ သူတို့နဲ့ အတူရှိနေတဲ့ ဒီနောက်ဆုံးအချိန်လေးကို ဘာကြောင့် ဒီလောက် အလေးထားသလဲ။ သူတို့ကို နှစ်နှစ်ကာကာ ချစ်လို့ပဲ။

၃။ နောက်လိုက်တွေကို ချစ်တယ်ဆိုတာ နောက်ဆုံးညမှ ယေရှု ပြတာ မဟုတ်ကြောင်း ဘယ်လို သိရသလဲ။

အဲဒီညက အဖြစ်အပျက်တွေကို နှစ်တွေ ကြာပြီးနောက် တမန်တော် ယောဟန် ဒီလိုပြန်ပြောတယ်– “ယေရှုက ဒီလောကကနေ ထွက်ခွာပြီး အဖဘုရားဆီ ပြန်ရမယ့်အချိန် ရောက်ပြီဆိုတာကို ပသခါပွဲ မတိုင်ခင်ကတည်းက သိနေတယ်။ ဒီလောကမှာ ရှိနေတဲ့ နောက်လိုက်တွေကို သူ ချစ်တယ်။ သူတို့ကို သက်ဆုံးတိုင်အောင် ချစ်ခဲ့တယ်။” (ယောဟန် ၁၃:၁) “နောက်လိုက်တွေကို” ချစ်တယ်ဆိုတာ အဲဒီညမှ ယေရှု ပြတာ မဟုတ်ဘူး။ အမှုဆောင်ချိန်တစ်လျှောက် နည်းအမျိုးမျိုးနဲ့ ပြတယ်။ နည်းတချို့ လေ့လာကြရအောင်။ ယေရှုကို အတုယူပြီး တခြားသူတွေကို ချစ်ကြောင်း ပြတာက နောက်လိုက်စစ်တွေ ဖြစ်ကြောင်း သက်သေထူရာ ရောက်လို့ပဲ။

ယေရှု စိတ်ရှည်တယ်

၄၊ ၅။ (က) တပည့်တွေနဲ့ ဆက်ဆံရာမှာ ယေရှု ဘာကြောင့် စိတ်ရှည်ခဲ့ရသလဲ။ (ခ) ဂေသရှေမန်ဥယျာဉ်မှာ တမန်တော် သုံးယောက် နိုးနိုးကြားကြား ရှိမနေတဲ့အခါ ယေရှု ဘယ်လို တုံ့ပြန်သလဲ။

ချစ်ခြင်းမေတ္တာနဲ့ စိတ်ရှည်ခြင်းဟာ ဒွန်တွဲနေတယ်။ “မေတ္တာဟာ စိတ်ရှည်တတ်တယ်” လို့ ၁ ကောရိန္သု ၁၃:၄ မှာ ဆိုထားတယ်။ စိတ်ရှည်ခြင်းမှာ တခြားသူတွေကို သည်းခံခြင်း ပါဝင်တယ်။ တပည့်တွေကို ယေရှု စိတ်ရှည်ခဲ့ရသလား။ စိတ်ရှည်ခဲ့ရတယ်။ အခန်း ၃ မှာ သိခဲ့တဲ့အတိုင်း တော်တော်နဲ့ သူတို့ နှိမ့်ချတတ်မလာကြဘူး။ ဘယ်သူ အကြီးမြတ်ဆုံးလဲ ခဏခဏ ငြင်းကြတယ်။ ယေရှု ဘယ်လို တုံ့ပြန်သလဲ။ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်သလား။ နောက်ဆုံးညမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲ “အကြီးအကျယ် အငြင်းပွားကြ” ချိန်မှာတောင် စိတ်ရှည်ရှည် အကျိုးနဲ့ အကြောင်းနဲ့ ပြောပြတယ်။—လုကာ ၂၂:၂၄-၃၀။ မဿဲ ၂၀:၂၀-၂၈။ မာကု ၉:၃၃-၃၇

ညနက်ပိုင်းမှာ သစ္စာရှိ တမန်တော် ၁၁ ယောက်နဲ့အတူ ဂေသရှေမန်ဥယျာဉ် သွားတော့လည်း ယေရှု စိတ်ရှည်ရပြန်တယ်။ တမန်တော် ရှစ်ယောက်ကို ချန်ထားခဲ့ပြီး ပေတရု၊ ယာကုပ်နဲ့ ယောဟန်ကို ဥယျာဉ်အတွင်းဘက် ခေါ်သွားတယ်။ “ကျွန်တော် ဝမ်းနည်းလွန်းလို့ သေလုမတတ်ပဲ။ ဒီမှာ နေခဲ့ကြဦး။ . . . သတိနဲ့ စောင့်နေကြပါ” လို့ ပြောပြီးနောက် မလှမ်းမကမ်းမှာ သွားဆုတောင်းတယ်။ တော်တော်ကြာကြာ ဆုတောင်းပြီးနောက် တပည့်သုံးယောက်ဆီ ပြန်လာတယ်။ သူတို့ ဘာလုပ်နေကြသလဲ။ ယေရှု အကြီးအကျယ် သောကရောက်နေချိန်မှာ အိပ်ပျော်နေကြတယ်။ မနိုးကြားရကောင်းလားဆိုပြီး ယေရှု မဆူဘူး။ စိတ်ရှည်တယ်။ အားပေးစကားတောင် ပြောလိုက်သေးတယ်။ သူတို့ စိတ်ပန်း၊ လူပန်း ဖြစ်နေကြတယ်ဆိုတာ နားလည်ကြောင်း ယေရှုရဲ့ ကြင်နာမှု ရှိတဲ့ စကားတွေက ဖော်ပြတယ်။ a “စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်” လို့ ပြောတယ်။ အဲဒီည ယေရှု တော်တော် စိတ်ရှည်ရတယ်။ နောက်ထပ် နှစ်ကြိမ် ပြန်လာတော့လည်း တပည့်တွေ အဲဒီလိုပဲ အိပ်ပျော်နေကြတာ။—မဿဲ ၂၆:၃၆-၄၆

၆။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ယေရှုကို ဘယ်လို အတုယူနိုင်မလဲ။

တမန်တော်တွေကို ယေရှု မကူညီဘဲ မနေမှန်း သိရတာ အားရှိစရာပါပဲ။ ယေရှု စိတ်ရှည်ရကျိုး နပ်တယ်။ နှိမ့်ချဖို့၊ နိုးကြားဖို့ ဘယ်လောက် အရေးကြီးမှန်း ဒီသစ္စာရှိ အမျိုးသားတွေ သဘောပေါက်လာကြလို့ပဲ။ (၁ ပေတရု ၃:၈။ ၄:၇) တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ အထူးသဖြင့်၊ အကြီးအကဲတွေ စိတ်ရှည်ရမယ်။ ပင်ပန်းနေချိန် ဒါမှမဟုတ် ကိုယ့်အပူနဲ့ကိုယ် စိတ်ရှုပ်နေချိန်မှာ ညီအစ်ကို/မတွေ သူတို့ပြဿနာ လာပြောပြနိုင်တယ်။ ဒါမှမဟုတ် လိုအပ်လို့ အကြံပေးတာကို တစ်ခါ ပြောလည်း မရ၊ နှစ်ခါ ပြောလည်း မရ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ စိတ်ရှည်တဲ့ အကြီးအကဲသာဆိုရင် “နူးညံ့သိမ်မွေ့စွာ သွန်သင်ပေး” မှာ ဖြစ်တယ်။ ‘သိုးတွေကို ညှာညှာတာတာ ဆက်ဆံ’ မှာ ဖြစ်တယ်။ (၂ တိမောသေ ၂:၂၄၊ ၂၅။ တမန်တော် ၂၀:၂၈၊ ၂၉) မိဘတွေလည်း စိတ်ရှည်တဲ့နေရာမှာ ယေရှုကို အတုယူသင့်တယ်။ ဆုံးမပဲ့ပြင်တာကို တစ်ခါတလေ သားသမီးတွေ ပေကတ်ကတ် လုပ်တတ်ကြလို့ပဲ။ ပြောရဆိုရ ခက်ရင်တောင် သားသမီးတွေကို မလေ့ကျင့်ဘဲ မနေဖို့ မေတ္တာနဲ့ စိတ်ရှည်မှုက ကူညီပေးပါလိမ့်မယ်။ စိတ်ရှည်ရကျိုး နပ်ပါလိမ့်မယ်။—ဆာလံ ၁၂၇:၃

တပည့်တွေကို ယေရှု ဂရုစိုက်တယ်

၇။ တပည့်တွေ လိုအပ်တာကို ယေရှု ဘယ်လို ဖြည့်ဆည်းပေးသလဲ။

ကိုယ်ကျိုးမဖက်တဲ့ လုပ်ရပ်တွေအားဖြင့် မေတ္တာ ပြနိုင်တယ်။ (၁ ယောဟန် ၃:၁၇၊ ၁၈) မေတ္တာဟာ “ကိုယ်ကျိုး မရှာတတ်ဘူး။” (၁ ကောရိန္သု ၁၃:၅) တပည့်တွေ လိုအပ်တာ ဖြည့်ဆည်းပေးဖို့ မေတ္တာက ယေရှုကို လှုံ့ဆော်ပေးတယ်။ သူတို့ ဖွင့်ပြောမလာခင်ကတည်းကတောင် ဖြည့်ဆည်းပေးတတ်တယ်။ ပင်ပန်းနေတာ တွေ့တဲ့အခါ မိမိနဲ့အတူ “လူသူမရှိတဲ့ နေရာဆီ သွားပြီး ခဏတစ်ဖြုတ် နား” ဖို့ ပြောတယ်။ (မာကု ၆:၃၁) ဗိုက်ဆာနေမှန်း ရိပ်မိတဲ့အခါ သူတို့ကိုကော တရားလာနာသူ ထောင်ချီကိုပါ ကျွေးမွေးတယ်။—မဿဲ ၁၄:၁၉၊ ၂၀။ ၁၅:၃၅-၃၇

၈၊ ၉။ (က) တပည့်တွေ ဘုရားကို မှီခိုဖို့ လိုမှန်း သိလို့ ယေရှု ကူညီပေးတယ်ဆိုတာ ဘယ်အချက်က ဖော်ပြသလဲ။ (ခ) ယေရှု သစ်တိုင်တင်ခံထားရပေမဲ့ မိခင်အတွက် စိုးရိမ်ကြောင်း ဘယ်လို ပြသလဲ။

တပည့်တွေ ဘုရားကို မှီခိုဖို့ လိုမှန်း ယေရှု သိလို့ ဘုရားအကြောင်း အများကြီး သင်ပေးတယ်။ (မဿဲ ၄:၄။ ၅:၃) သင်ပေးတဲ့အခါ တပည့်တွေ သိဖို့ လိုတာတွေကို အထူး အလေးပေးတယ်။ တောင်ပေါ် တရားတော်ဟာ အထူးသဖြင့်၊ တပည့်တွေအတွက် ရည်ရွယ်ပြီး ဟောခဲ့တာ။ (မဿဲ ၅:၁၊ ၂၊ ၁၃-၁၆) ပုံဥပမာ သုံးပြီး သင်ပေးတဲ့အခါ ‘တပည့်တွေကို ပုံဥပမာအားလုံး သီးသန့် ရှင်းပြတယ်။’ (မာကု ၄:၃၄) နောက်ဆုံးကာလမှာ နောက်လိုက်တွေ လိုအပ်တဲ့ ညွှန်ကြားမှု၊ အားပေးမှု ရစေဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ခန့်အပ်မယ့်အကြောင်း ကြိုပြောတယ်။ သစ္စာရှိ ကျွန်ဆိုတာ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ မြေကြီးပေါ်က ခရစ်တော်ညီ အုပ်စုလေး ဖြစ်ပြီး ၁၉၁၉ ခုနှစ်ကတည်းက ‘အချိန်တန်အစာ’ ပြင်ဆင်ပေးနေတယ်။—မဿဲ ၂၄:၄၅

ချစ်ရသူတွေကို ယေဟောဝါနဲ့ ဘယ်လောက်တောင် ဆက်ရင်းနှီးစေချင်တယ်ဆိုတာ သေဆုံးမယ့်နေ့မှာ ယေရှု ပြတယ်။ မြင်ယောင်ကြည့်ပါ။ သစ်တိုင်ပေါ်မှာ ဝေဒနာ မချိမဆံ့ ခံစားနေရတယ်။ အသက်ရှူလို့ ရအောင် ခြေထောက်ကို အားပြုပြီး ကိုယ်ကို ပင့်ထားရတယ်။ လှုပ်လိုက်တိုင်း ကိုယ်ခန္ဓာ အလေးချိန်ကြောင့် ခြေထောက်က သံရိုက်ရာ ပြဲလာလို့၊ ကျာပွတ် ရိုက်ခံထားရတဲ့ ကျောပြင်နဲ့ သစ်တိုင် ပွတ်မိလို့ တော်တော့်ကို နာမှာ။ အသက် မနည်း လုရှူနေရလို့ စကားပြောဖို့ သိပ်ခက်မှာ။ ဒါတောင် မသေဆုံးခင် ပြောတဲ့ စကားတွေကို ကြည့်ရင် မိခင် မာရိကို သိပ်ချစ်တယ်ဆိုတာ ပေါ်တယ်။ အနားမှာ မာရိနဲ့ တမန်တော် ယောဟန် ရပ်နေတာ မြင်တော့ သူတို့ ကြားလောက်ရုံ အသံလေးနဲ့ မိခင်ကို “အမေ၊ အခုချိန်ကစပြီး သူဟာ အမေ့သား ဖြစ်သွားပြီနော်” လို့ မှာတယ်။ ယောဟန်ကိုလည်း “အခုချိန်ကစပြီး သူဟာ ခင်ဗျားရဲ့အမေ ဖြစ်သွားပြီ” လို့ မှာတယ်။ (ယောဟန် ၁၉:၂၆၊ ၂၇) မာရိရဲ့ စားဝတ်နေရေးကိုသာမက ဘုရားရေးရာကိုပါ ဒီသစ္စာရှိ တမန်တော် ဂရုစိုက်ပေးမယ်ဆိုတာ ယေရှု သိတယ်။ b

မေတ္တာရှိတဲ့ မိဘတွေဟာ သားသမီးတွေအပေါ် စိတ်ရှည်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေး

၁၀။ သားသမီးတွေ လိုအပ်တာကို ဖြည့်ဆည်းပေးတဲ့အခါ မိဘတွေ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

၁၀ ယေရှုရဲ့ စံနမူနာကို မိဘတွေ သေသေချာချာ စဉ်းစားဆင်ခြင်သင့်တယ်။ မိသားစုကို တကယ် ချစ်တဲ့ ဖခင်ဟာ မိသားစု စားဝတ်နေရေး ဂရုစိုက်ပေးတယ်။ (၁ တိမောသေ ၅:၈) မိသားစုဝင်တွေ အနားယူအပန်းဖြေချိန် ရအောင် စီစဉ်ပေးတယ်။ အထူးသဖြင့်၊ သားသမီးတွေ ယေဟောဝါကို ချစ်တတ်လာဖို့ မိဘတွေ သင်ပေးကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ မိသားစု ကျမ်းစာ လေ့လာမှု မှန်မှန် လုပ်ခြင်း၊ ယေဟောဝါအကြောင်း သားသမီးတွေ လေ့လာရ ပျော်အောင် စီစဉ်ပေးခြင်းအားဖြင့်ပါ။ (တရားဟောရာ ၆:၆၊ ၇) ဒါ့အပြင် အမှုဆောင်လုပ်ငန်း အရေးကြီးကြောင်း၊ ခရစ်ယာန် အစည်းအဝေးတွေအတွက် ပြင်ဆင်တက်ရောက်တာ ဝတ်ပြုရေးရဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်ကြောင်း အပြောနဲ့ကော အလုပ်နဲ့ပါ သင်ပေးတယ်။—ဟီဘရူး ၁၀:၂၄၊ ၂၅

ယေရှု ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တယ်

၁၁။ ခွင့်လွှတ်ခြင်းအကြောင်း နောက်လိုက်တွေကို ယေရှု ဘာသင်ပေးသလဲ။

၁၁ ခွင့်လွှတ်တာဟာ မေတ္တာရဲ့ အသွင်အပြင်တစ်ခု ဖြစ်တယ်။ (ကောလောသဲ ၃:၁၃၊ ၁၄) မေတ္တာဟာ “နစ်နာမှုတွေကို မမှတ်ထားတတ်ဘူး” လို့ ၁ ကောရိန္သု ၁၃:၅ မှာ ဖော်ပြထားတယ်။ ခွင့်လွှတ်ဖို့ အရေးကြီးကြောင်း နောက်လိုက်တွေကို ယေရှု ခဏခဏ သင်ပေးတယ်။ “ခုနစ်ကြိမ်မက၊ ၇၇ ကြိမ်အထိ ခွင့်လွှတ်” ဖို့ တိုက်တွန်းတယ်။ အကြိမ် အကန့်အသတ် မရှိ ခွင့်လွှတ်ဖို့ ပြောတာ။ (မဿဲ ၁၈:၂၁၊ ၂၂) အမှားလုပ်သူ ဆုံးမခံရပြီးနောက် နောင်တရတယ်ဆိုရင် ခွင့်လွှတ်သင့်တယ်လို့ သင်ပေးတယ်။ (လုကာ ၁၇:၃၊ ၄) ယေရှုဟာ အပြောနဲ့ အလုပ် မညီတဲ့ အရေခြုံ ဖာရိရှဲတွေလို မဟုတ်ဘူး။ ကိုယ်တိုင် စံနမူနာ ပြပြီး သင်ပေးတယ်။ (မဿဲ ၂၃:၂-၄) ယုံရပါတယ်ဆိုတဲ့ မိတ်ဆွေ ကိုယ့်ကို စိတ်ပျက်အောင် လုပ်တာတောင် လိုလိုလားလား ဘယ်လို ခွင့်လွှတ်ကြောင်း သုံးသပ်ကြည့်ကြစို့။

၁၂၊ ၁၃။ (က) အဖမ်းခံရတဲ့ ညမှာ ယေရှု စိတ်ပျက်အောင် ပေတရု ဘယ်လို လုပ်သလဲ။ (ခ) ခွင့်လွှတ်ဖို့ ဟောရုံ ဟောတာ မဟုတ်ဘဲ ကိုယ်တိုင် ခွင့်လွှတ်ကြောင်း ရှင်ပြန်ထမြောက်ပြီးနောက် ယေရှု ဘယ်လို ပြသလဲ။

၁၂ တမန်တော် ပေတရု စိတ်ရင်းကောင်းပေမဲ့ တစ်ခါတလေ ကမူးရှူးထိုး လုပ်တတ်တယ်။ ဒါပေမဲ့ ယေရှု တော်တော်လေး ချစ်တယ်။ အရည်အချင်းကောင်းတွေ ရှိမှန်း သိလို့ တာဝန် အများကြီး ပေးတယ်။ တမန်တော် ၁၂ ယောက်ထဲက ကျန်တဲ့ တမန်တော်တွေ မတွေ့လိုက်ရတဲ့ အံ့ဖွယ်အမှုတချို့ကို ယာကုပ်၊ ယောဟန်တို့နဲ့အတူ ပေတရု မျက်မြင်တွေ့ခဲ့တယ်။ (မဿဲ ၁၇:၁၊ ၂။ လုကာ ၈:၄၉-၅၅) အစပိုင်းမှာ ဖော်ပြတဲ့အတိုင်း ယေရှု အဖမ်းခံရတဲ့ ညမှာ ဂေသရှေမန်ဥယျာဉ် အတွင်းပိုင်း လိုက်သွားတဲ့ တမန်တော်တွေထဲမှာ ပေတရု ပါတယ်။ ဒါပေမဲ့ အဲဒီည ယေရှု သစ္စာဖောက်ခံရပြီး အဖမ်းခံရချိန်မှာ ပေတရုနဲ့ တခြားတမန်တော်တွေ ယေရှုကို ထားခဲ့ပြီး ထွက်ပြေးကြတယ်။ ယေရှု မတရား စစ်ဆေးခံရချိန်မှာတော့ ပေတရု သတ္တိမွေးပြီး အပြင်ကနေ ရပ်စောင့်တယ်။ ဒါပေမဲ့ ကြောက်စိတ် ဝင်ပြီး အမှားကြီးတစ်ခု လုပ်လိုက်တယ်။ ယေရှုကို သိတောင် မသိပါဘူးဆိုပြီး သုံးကြိမ် လိမ်ပြောလိုက်တာ။ (မဿဲ ၂၆:၆၉-၇၅) ယေရှု ဘာလုပ်သလဲ။ သင်သာဆိုရင်ကော မိတ်ဆွေရင်းတစ်ယောက် ကိုယ့်အပေါ် ဒီလို လုပ်ရက်တယ်ဆိုရင် ဘာလုပ်မလဲ။

၁၃ ပေတရုကို ခွင့်လွှတ်ချင်စိတ် ယေရှုမှာ ရှိတယ်။ ကိုယ့်အပြစ်နဲ့ကိုယ် ယူကျုံးမရ ဖြစ်နေမှန်း သိတယ်။ ပေတရုခမျာ “စိတ်မထိန်းနိုင်ဘဲ ငို” တောင် ငိုချခဲ့တာ။ (မာကု ၁၄:၇၂) ယေရှု ရှင်ပြန်ထမြောက်တဲ့ နေ့မှာ ပေတရုဆီ ကိုယ်ထင်ပြတယ်။ နှစ်သိမ့်ပေးဖို့၊ ခွင့်လွှတ်ကြောင်း ပြောဖို့ ဖြစ်မယ်။ (လုကာ ၂၄:၃၄။ ၁ ကောရိန္သု ၁၅:၅) အဲဒီနောက် နှစ်လ မပြည့်ခင် ပင်တေကုတ္တေပွဲနေ့မှာ ဂျေရုဆလင်မြို့က လူအုပ်ရှေ့ ဦးဆောင် သက်သေခံစေခြင်းအားဖြင့် ပေတရုကို ဂုဏ်တင်တယ်။ (တမန်တော် ၂:၁၄-၄၀) ကိုယ့်ကို ထားခဲ့ပြီး ထွက်ပြေးသွားတဲ့ တခြားတမန်တော်တွေကိုလည်း မကျေမနပ် မဖြစ်ဘူး။ စိတ်မခုဘူး။ ရှင်ပြန်ထမြောက်ပြီးနောက်မှာလည်း “ကျွန်တော့်ညီအစ်ကိုတွေ” လို့ ခေါ်နေတုန်းပဲ။ (မဿဲ ၂၈:၁၀) ခွင့်လွှတ်ဖို့ ယေရှု ဟောရုံ မဟောဘူး။ ကိုယ်တိုင် ခွင့်လွှတ်တယ်။

၁၄။ တခြားသူတွေကို ခွင့်လွှတ်တတ်ဖို့ ဘာကြောင့် သင်ယူရမလဲ။ ခွင့်လွှတ်ချင်ပါတယ်ဆိုတာ ဘယ်လို ပြနိုင်သလဲ။

၁၄ ခရစ်တော်ရဲ့ တပည့် ကျွန်တော်တို့ဟာ တခြားသူတွေကို ခွင့်လွှတ်တတ်ဖို့ သင်ယူရမယ်။ ယေရှုနဲ့ မတူတာက ကျွန်တော်တို့ကော ကျွန်တော်တို့အပေါ် အမှားလုပ်သူတွေပါ မစုံလင်ကြဘူး။ အပြောအဆို၊ အပြုအမူ ခဏခဏ မှားတတ်ကြတယ်။ (ရောမ ၃:၂၃။ ယာကုပ် ၃:၂) ကိုယ့်အပေါ် အမှားလုပ်သူ နောင်တရတဲ့အခါ ခွင့်လွှတ်ပေးတယ်ဆိုရင် ကျွန်တော်တို့ အမှား လုပ်မိပြီး နောင်တရတဲ့အခါ ဘုရား ခွင့်လွှတ်ပေးမယ်။ (မာကု ၁၁:၂၅) အမှားလုပ်သူကို ခွင့်လွှတ်ချင်ပါတယ်ဆိုတာ ဘယ်လို ပြနိုင်သလဲ။ ကိစ္စရပ် တော်တော်များများမှာ တခြားသူတွေရဲ့ အမှား၊ အားနည်းချက် သေးသေးမွှားမွှားတွေကို လျှော်ပစ်လိုက်ဖို့ မေတ္တာက ကူညီပေးတယ်။ (၁ ပေတရု ၄:၈) ကိုယ့်အပေါ် အမှားလုပ်သူဟာ ပေတရုလိုပဲ စိတ်ရင်းမှန်နဲ့ နောင်တရတယ်ဆိုရင် ယေရှုကို အတုယူပြီး ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြတယ်။ အငြိုးအတေး ထားမယ့်အစား မေ့လိုက်တာ ပညာရှိရာ ရောက်တယ်။ (ဧဖက် ၄:၃၂) ဒါဆိုရင် အသင်းတော် ငြိမ်သက်မှု တိုးများလာမယ်။ ကိုယ်တိုင်လည်း စိတ်ငြိမ်သက်မယ်။—၁ ပေတရု ၃:၁၁

တပည့်တွေကို ယေရှု ယုံကြည်စိတ်ချတယ်

၁၅။ တပည့်တွေ မစုံလင်ကြပေမဲ့ ယေရှု ဘာကြောင့် ယုံကြည်စိတ်ချသလဲ။

၁၅ မေတ္တာနဲ့ ယုံကြည်စိတ်ချမှုလည်း ဒွန်တွဲနေတယ်။ မေတ္တာဟာ “အရာရာကို ယုံတတ်တယ်။” c (၁ ကောရိန္သု ၁၃:၇) တပည့်တွေ မစုံလင်ကြပေမဲ့ သူတို့ကို ချစ်တဲ့အတွက် ယေရှု ယုံပေးတယ်။ ယေဟောဝါကို တကယ် ချစ်မှန်း၊ အလိုတော် ဆောင်ချင်မှန်း စိတ်ချတယ်။ အမှားတွေ လုပ်ကြတာတောင် လူဆိုးတွေလို့ သတ်မှတ်မပစ်ဘူး။ ဥပမာ၊ နိုင်ငံတော်မှာ ယေရှုဘေး ထိုင်ခွင့် ရဖို့ မိခင်ကို အပူကပ်ပြီး တမန်တော် ယာကုပ်နဲ့ ယောဟန် တောင်းဆိုတုန်းက သူတို့ကို သစ္စာမရှိသူတွေ၊ တမန်တော် မဖြစ်ထိုက်သူတွေလို့ မသတ်မှတ်ဘူး။—မဿဲ ၂၀:၂၀-၂၈

၁၆၊ ၁၇။ တပည့်တွေကို ယေရှု ဘာတာဝန်တွေ ပေးသလဲ။

၁၆ တပည့်တွေကို တာဝန်အမျိုးမျိုး ပေးခြင်းအားဖြင့် ယုံကြည်စိတ်ချကြောင်း ယေရှု ပြတယ်။ ဥပမာ၊ အံ့ဖွယ်နည်းနဲ့ လူအုပ်ကို ကျွေးတဲ့ နှစ်ခေါက်စလုံး စားစရာ ဝေဖို့ တပည့်တွေကို တာဝန်ပေးတယ်။ (မဿဲ ၁၄:၁၉။ ၁၅:၃၆) ပေတရုနဲ့ ယောဟန်ကို ဂျေရုဆလင်မြို့ လွှတ်ပြီး နောက်ဆုံး ပသခါပွဲ ကျင်းပဖို့ နေရာ ပြင်ခိုင်းတယ်။ သိုးသား၊ ဝိုင်၊ တဆေးမဲ့ မုန့်၊ ဟင်းရွက်ခါးတွေနဲ့ တခြားလိုအပ်တာတွေ သူတို့ ပြင်ဆင်ကြတယ်။ တကယ့် တာဝန်ကြီး စိတ်ချလက်ချ ပေးလိုက်တာပဲ။ ဘာကြောင့်လဲဆိုတော့ လုပ်ထုံးလုပ်နည်းအတိုင်း ပသခါပွဲ ကျင်းပဖို့ မောရှေပညတ် တောင်းဆိုထားတယ်။ အမှားခံလို့ မရတဲ့ ပွဲ ဖြစ်တယ်။ ဒါ့အပြင် အဲဒီည အစပြု ကျင်းပတဲ့ သေခြင်း အောက်မေ့ရာပွဲမှာ မိမိရဲ့ သွေးနဲ့ ခန္ဓာကိုယ်ကို ကိုယ်စားပြုဖို့ ဝိုင်နဲ့ တဆေးမဲ့မုန့်ကို ယေရှု သုံးမှာ။—မဿဲ ၂၆:၁၇-၁၉။ လုကာ ၂၂:၈၊ ၁၃

၁၇ တပည့်တွေကို ဒီထက် ပိုကြီးလေးတဲ့ တာဝန်တွေတောင် ယေရှု ယုံယုံကြည်ကြည် အပ်တယ်။ ဥပမာ၊ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းဆိုတဲ့ တာဝန်ကြီး အပ်တယ်။ (မဿဲ ၂၈:၁၈-၂၀) အစောပိုင်းမှာ သိခဲ့တဲ့အတိုင်း အချိန်တန်အစာ ဝေပေးရမယ့် အရေးကြီး တာဝန်ကို မြေကြီးပေါ်က ဘိသိက်ခံ နောက်လိုက် အုပ်စုလေးကို ပေးမယ်လို့ ကြိုပြောတယ်။ (လုကာ ၁၂:၄၂-၄၄) အခုလည်း ကောင်းကင်မှာ ဘုရင်အဖြစ် နန်းထိုင်နေပြီ ဖြစ်တဲ့ ယေရှုဟာ အသင်းတော်ကို အရည်အချင်းရှိ အမျိုးသားတွေလက်ထဲ အပ်ထားတယ်။—ဧဖက် ၄:၈၊ ၁၁၊ ၁၂

၁၈-၂၀။ (က) ညီအစ်ကို/မတွေကို ယုံကြည်စိတ်ချကြောင်း ဘယ်လို ပြနိုင်သလဲ။ (ခ) တခြားသူတွေကို ယုံကြည်စိတ်ချတာနဲ့ပတ်သက်ပြီး ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ (ဂ) နောက်အခန်းမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၁၈ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ယေရှုကို ဘယ်လို အတုယူနိုင်မလဲ။ ညီအစ်ကို/မတွေကို ယုံကြည်စိတ်ချတာဟာ မေတ္တာပြတာပဲ။ မေတ္တာရှိရင် မကောင်းကွက်ကို မဟုတ်ဘဲ ကောင်းကွက်ကို အာရုံစိုက်မှာ ဖြစ်တယ်။ တစ်ခါတလေ ကျွန်တော်တို့ စိတ်ပျက်အောင် သူတို့ လုပ်မိနိုင်တယ်။ အဲဒီလိုအခါမျိုးမှာ စိတ်ရင်း မကောင်းလိုက်တာလို့ ခပ်မြန်မြန် ကောက်ချက် မချမိဖို့ မေတ္တာက ကူညီပေးပါလိမ့်မယ်။ (မဿဲ ၇:၁၊ ၂) ညီအစ်ကို/မတွေအပေါ် အကောင်းမြင်စိတ် ရှိမယ်ဆိုရင် သူတို့ကို စိတ်မလုံမလဲ ဖြစ်စေမယ့် နည်းနဲ့ ဆက်ဆံမယ့်အစား စိတ်အားတက်စေမယ့် နည်းနဲ့ ဆက်ဆံမှာ ဖြစ်တယ်။—၁ သက်သာလောနိတ် ၅:၁၁

၁၉ တခြားသူတွေကို ယုံကြည်စိတ်ချတာနဲ့ပတ်သက်ပြီး ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ အသင်းတော် အကြီးအကဲတွေဟာ တခြားသူတွေကို သင့်တော်တဲ့ တာဝန်တွေ ပေးသင့်တယ်။ သူတို့ အတတ်နိုင်ဆုံး လုပ်မယ်ဆိုတာ စိတ်ချသင့်တယ်။ ဒါက အသင်းတော်ကို ထောက်မဖို့ “ကြိုးစားတက်လှမ်းနေ” တဲ့ လူငယ်တွေအတွက် လိုအပ်တဲ့ အဖိုးတန် လေ့ကျင့်မှု ပေးနေတာပဲ။ (၁ တိမောသေ ၃:၁။ ၂ တိမောသေ ၂:၂) ဒီလိုလေ့ကျင့်ပေးဖို့ သိပ်အရေးကြီးတယ်။ အသင်းတော်ထဲ လူအများကြီး ယေဟောဝါ ထပ်ထပ် ဆွဲဆောင်နေတဲ့အတွက် တိုးလာတဲ့ ညီအစ်ကို/မတွေကို ဂရုစိုက်ပေးနိုင်အောင် အရည်အချင်းရှိ ညီအစ်ကိုတွေ လေ့ကျင့်ထားဖို့ လိုလို့ပဲ။—ဟေရှာယ ၆၀:၂၂

၂၀ တခြားသူတွေကို မေတ္တာ ဘယ်လို ပြရမယ်ဆိုတာ ယေရှု စံနမူနာကောင်း ပြတယ်။ ယေရှုကို အတုယူနိုင်တဲ့ အကောင်းဆုံး တစ်နည်းကတော့ တခြားသူတွေကို မေတ္တာပြခြင်းပါ။ ကျွန်တော်တို့အတွက် လိုလိုလားလား အသက်စွန့်ခြင်းအားဖြင့် အကောင်းဆုံး နည်းနဲ့ ယေရှု မေတ္တာ ဘယ်လို ပြကြောင်း နောက်အခန်းမှာ ဆွေးနွေးပါမယ်။

a တမန်တော်တွေ အိပ်ငိုက်တာဟာ လူပင်ပန်းတာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ “သူတို့ ဝမ်းနည်းလွန်းလို့ နွမ်းလျပြီး အိပ်ပျော်နေတာကို တွေ့ရတယ်” လို့ ကျမ်းပြိုင်မှတ်တမ်း လုကာ ၂၂:၄၅ မှာ ဖော်ပြထားတယ်။

b အဲဒီအချိန်မှာ မာရိ မုဆိုးမ ဖြစ်နေပြီး တခြားသားသမီးတွေ ယေရှုတပည့် ဖြစ်မလာသေးပုံပဲ။—ယောဟန် ၇:၅

c မေတ္တာဟာ ယုံလွယ်တာကိုတော့ မဆိုလိုဘူး။ ရမယ်ရှာပြီး မယုံသင်္ကာ စစ်လားဆေးလား လိုက်မလုပ်တာ၊ အလျင်စလို အပြစ်မထောက်တာ၊ စိတ်ရင်း မဝေဖန်တာကို ဆိုလိုတယ်။