မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁

“ကျွန်တော့်နောက်လိုက် လုပ်ပါ”​—⁠ယေရှု ဘာကို ဆိုလိုသလဲ

“ကျွန်တော့်နောက်လိုက် လုပ်ပါ”​—⁠ယေရှု ဘာကို ဆိုလိုသလဲ

“ထာဝရအသက်ကို အမွေရဖို့ ကျွန်တော် ဘာလုပ်ရမလဲ”

၁၊ ၂။ ပျော်ရွှင်မှု အပေးဆုံး ဖိတ်ခေါ်ချက်က ဘာလဲ။ ဘာစဉ်းစားသင့်သလဲ။

 သင် ဖိတ်ခံရသမျှမှာ ဘယ်ဖိတ်ခေါ်ချက်ကြောင့် အပျော်ရဆုံးလဲ။ သိပ်ခင်တဲ့ မိတ်ဆွေနှစ်ယောက်ရဲ့ မင်္ဂလာဆောင် တက်ဖို့ ဖိတ်ခံရချိန် ဖြစ်နိုင်တယ်။ အရေးကြီးတဲ့ အလုပ်တစ်ခု ဝိုင်းလုပ်ဖို့ ခေါ်ခံရချိန် ဖြစ်နိုင်တယ်။ ဒီလို ဖိတ်ခေါ်ခံရတဲ့အခါ ပျော်မှာပဲ။ ဂုဏ်တောင် ယူမိနိုင်တယ်။ တကယ်တော့ ကျွန်တော်တို့ ယောက်တိုင်း သိပ်ကောင်းတဲ့ ဖိတ်ခေါ်ချက် ရထားတယ်။ ဖိတ်ခေါ်ချက်ကို လက်ခံ၊ မခံဆိုတာက ကိုယ့်အသက်တာအပေါ် အများကြီး သက်ရောက်နိုင်တယ်။ အရေးကြီးဆုံး ဘဝဆုံးဖြတ်ချက်ပါပဲ။

ဘာဖိတ်ခေါ်ချက်လဲ။ အနန္တတန်ခိုးရှင် ယေဟောဝါဘုရားရဲ့ တစ်ဦးတည်းသောသား ယေရှုခရစ်ရဲ့ ဖိတ်ခေါ်ချက်ပါ။ ဒါကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ “ကျွန်တော့်နောက်လိုက် လုပ်ပါ” ဆိုပြီး မာကု ၁၀:၂၁ မှာ ယောက်တိုင်းကို ယေရှု ဖိတ်တယ်။ ‘ငါ ဘာလုပ်မလဲ’ လို့ စဉ်းစားပါ။ ‘လက်ခံမှာပေါ့။ ဒီလောက် ကောင်းတဲ့ ဖိတ်ခေါ်ချက်ကို ငြင်းမယ့်သူ ရှိမလား’ လို့ တွေးမိမယ်။ ငြင်းတဲ့သူတွေ ရှိတယ်။ ဘာကြောင့်လဲ။

၃၊ ၄။ (က) ယေရှုဆီ လာတဲ့သူကို လူတွေ ဘာအားကျကြသလဲ။ (ခ) ချမ်းသာတဲ့ လူငယ် အရာရှိဆီမှာ ဘယ်အရည်အချင်းကောင်းတွေ ယေရှု တွေ့သလဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်က လူတစ်ယောက် ယေရှုကိုယ်တိုင် ဖိတ်တာ ခံရတယ်။ သူဟာ လူတွေ သိပ်ရိုသေလေးစားရသူ ဖြစ်တယ်။ သူ့မှာ အားကျစရာ အနည်းဆုံး သုံးခု ရှိတယ်။ ငယ်ရွယ်မှု၊ စည်းစိမ်၊ အာဏာပါ။ ‘သိပ်ချမ်းသာသူ၊’ “လူငယ်၊” “အရာရှိ” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (မဿဲ ၁၉:၂၀။ လုကာ ၁၈:၁၈၊ ၂၃) ပိုကောင်းတဲ့ အချက်ကတော့ ကြီးမြတ်တဲ့ ဆရာ ယေရှုအကြောင်း ကြားဖူးတာပဲ။ ကြားထားတာတွေကို သူ သိပ်သဘောကျတယ်။

အဲဒီခေတ်က အရာရှိ အများစု ယေရှုကို မလေးစားကြဘူး။ (ယောဟန် ၇:၄၈။ ၁၂:၄၂) ဒီအရာရှိကတော့ သူတို့နဲ့ မတူဘူး။ “ယေရှု လမ်းမှာ သွားနေတုန်း လူတစ်ယောက် ပြေးလာပြီး ရှေ့မှာ ဒူးထောက်ရင်း ‘ကောင်းမြတ်တဲ့ဆရာ၊ ထာဝရအသက်ကို အမွေရဖို့ ကျွန်တော် ဘာလုပ်ရမလဲ’ လို့ မေး” တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြတယ်။ (မာကု ၁၀:၁၇) ယေရှုနဲ့ စကားပြောချင်လွန်းလို့ ဆင်းရဲသား၊ နိမ့်ကျသူတစ်ယောက်လို လူကြားသူကြားထဲ ပြေးသွားတယ်။ ဒူးတောင် ထောက်တယ်။ နှိမ့်ချသူ၊ ဘုရားစိတ်တော်နဲ့ တွေ့ချင်သူ ဖြစ်မှန်း ထင်ရှားတယ်။ ဒီအရည်အသွေးကောင်းတွေကို ယေရှု တန်ဖိုးထားတယ်။ (မဿဲ ၅:၃။ ၁၈:၄) ဒါကြောင့်လည်း “သူ့ကို ချစ်တဲ့ စိတ်နဲ့ ကြည့်” တာ။ (မာကု ၁၀:၂၁) လူငယ်ရဲ့ မေးခွန်းကို ယေရှု ဘယ်လို ဖြေသလဲ။

အကောင်းဆုံး ဖိတ်ခေါ်ချက်

၅။ ချမ်းသာတဲ့ လူငယ်ကို ယေရှု ဘယ်လို ပြန်ဖြေသလဲ။ “လုပ်စရာတစ်ခု” ဆိုတာ ပိုင်ဆိုင်သမျှ ပေးပစ်တာ မဟုတ်မှန်း ဘယ်လို သိရသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

ထာဝရအသက် ရဖို့ ဘာလုပ်ရမလဲဆိုတဲ့ အရေးကြီး မေးခွန်းကို ဖခင် ဖြေပေးပြီးသား ဖြစ်ကြောင်း ယေရှု ပြောတယ်။ မောရှေပညတ်ကို ယေရှု ကိုးကားတော့ မိမိဟာ မောရှေပညတ်ကို တစ်သဝေမတိမ်း လိုက်နာသူ ဖြစ်တယ်လို့ လူငယ် ပြောတယ်။ ဒါပေမဲ့ လူတွေ မမြင်နိုင်တာကို ယေရှု မြင်တယ်။ (ယောဟန် ၂:၂၅) ဒီအရာရှိမှာ ဘုရားစိတ်တော်နဲ့ တွေ့ဖို့ တားဆီးနေတဲ့အရာ ရှိတာကို မြင်တယ်။ ဒါကြောင့် “လုပ်စရာတစ်ခု ရှိသေးတယ်” လို့ ပြောတယ်။ ဘာများလဲ။ “ခင်ဗျားရဲ့ ပစ္စည်းတွေကို သွားရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းပါ” လို့ ပြောတယ်။ (မာကု ၁၀:၂၁) ဘုရားအမှု ဆောင်ချင်ရင် ဆင်းဆင်းရဲရဲ နေရမယ်လို့ ယေရှု မဆိုလိုဘူး။ a အရေးကြီး သင်ခန်းစာ သင်ပေးနေတာ။

၆။ ဘာလုပ်ဖို့ ယေရှု ဖိတ်ခေါ်သလဲ။ ချမ်းသာတဲ့ လူငယ် အရာရှိ တုံ့ပြန်ပုံက စိတ်ရင်းနဲ့ပတ်သက်ပြီး ဘာဖော်ပြသလဲ။

“ကျွန်တော့်နောက်လိုက် လုပ်ပါ” ဆိုပြီး ယေရှု ဖိတ်ခေါ်တယ်။ စဉ်းစားကြည့်ပါ။ အမြင့်မြတ်ဆုံးဘုရားရဲ့ သားတော်ကိုယ်တိုင် မိမိနောက် လိုက်ပါလို့ ဖိတ်ခေါ်နေတာ။ “ကောင်းကင်ဘဏ္ဍာကို ရလိမ့်မယ်” လို့လည်း ကတိပေးတယ်။ စိတ်ကူးလို့တောင် မရနိုင်တဲ့ ဆုကို ရမှာ။ ဒီလောက် ကောင်းတဲ့ ဖိတ်ခေါ်ချက်ကို ချမ်းသာတဲ့ လူငယ် အရာရှိ လက်ခံလိုက်သလား။ “အဲဒီစကားကို ကြားတဲ့အခါ အလွန်ချမ်းသာတဲ့ အဲဒီလူဟာ ဝမ်းနည်းပြီး ထွက်သွားတယ်” လို့ မှတ်တမ်းမှာ ဖော်ပြတယ်။ (မာကု ၁၀:၂၁၊ ၂၂) အဲဒီလို ဖိတ်ခေါ်မယ်လို့ လူငယ် ထင်မထားဘူး။ သူ့စိတ်ထဲ ဘာရှိမှန်း ပေါ်သွားတယ်။ စည်းစိမ် မက်တယ်။ ချမ်းသာလို့၊ အာဏာ ရှိလို့ လူလေးစားခံရတာကို မက်တယ်။ ယေရှုထက် အဲဒီအရာတွေကို ပိုချစ်နေတာ စိတ်မကောင်းစရာပဲ။ ဒါကြောင့် “တစ်ခု” လိုသေးတယ်ဆိုတာ ကိုယ်ကျိုးစွန့်နိုင်တဲ့အထိ ယေဟောဝါနဲ့ ယေရှုကို စိတ်နှလုံး အကြွင်းမဲ့ ချစ်တဲ့ မေတ္တာ လိုနေတာကို ပြောတာ။ အဲဒီလောက် မချစ်လို့ အကောင်းဆုံး ဖိတ်ခေါ်ချက်ကို ဒီလူငယ် ငြင်းလိုက်တယ်။ ဒီဖိတ်ခေါ်ချက်က သင်နဲ့ကော ဘယ်လို သက်ဆိုင်သလဲ။

၇။ ယေရှုရဲ့ ဖိတ်ခေါ်ချက်က ဘာကြောင့် ကျွန်တော်တို့နဲ့လည်း သက်ဆိုင်သလဲ။

အဲဒီလူငယ်ကိုပဲ ယေရှု ဖိတ်ခေါ်တာ မဟုတ်သလို လူအနည်းငယ်ကိုပဲ ဖိတ်ခေါ်တာ မဟုတ်ဘူး။ “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း . . . ကျွန်တော့်နောက်ကို အမြဲ လိုက်ရမယ်” လို့ ပြောတယ်။ (လုကာ ၉:၂၃) နောက်လိုက် “ဖြစ်ချင်သူတိုင်း” ယေရှုနောက် လိုက်နိုင်တယ်ဆိုတာ သတိပြုပါ။ သားတော်နောက် တကယ် လိုက်ချင်တဲ့ စိတ်ရိုးဖြောင့်သူတွေကို ဘုရား ဆွဲဆောင်တယ်။ (ယောဟန် ၆:၄၄) ချမ်းသာသူ၊ ဆင်းရဲသူ၊ လူမျိုးတစ်မျိုး၊ အဲဒီခေတ်က လူတွေပဲ မဟုတ်ဘဲ လူအားလုံး ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံဖို့ အခွင့်အရေး ရှိတယ်။ ဒါကြောင့် “ကျွန်တော့်နောက်လိုက် လုပ်ပါ” ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ဟာ သင်နဲ့လည်း ဆိုင်တယ်။ ဘာကြောင့် ယေရှုနောက် လိုက်သင့်သလဲ။ ဘယ်လို လိုက်ရမလဲ။

ဘာကြောင့် ယေရှုနောက် လိုက်သင့်သလဲ

၈။ လူအားလုံး ဘာလိုသလဲ။ ဘာကြောင့်လဲ။

ခေါင်းဆောင်ကောင်း လိုတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုရမယ်။ ဒါကို လူတိုင်း အသိအမှတ်မပြုကြဘူး။ လူတွေ အသိအမှတ် ပြုပြု၊ မပြုပြု လိုတာက လိုတာပဲ။ “ယေဟောဝါဘုရား၊ လူဟာ ကိုယ် သွားမယ့် လမ်းကို လမ်းညွှန်နိုင်စွမ်း မရှိမှန်း ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး” ဆိုပြီး ပရောဖက် ယေရမိ ပြောတယ်။ ဒါ မပြောင်းလဲမယ့် အမှန်တရားပဲ။ (ယေရမိ ၁၀:၂၃) လူတွေမှာ အချင်းချင်း အုပ်ချုပ်နိုင်စွမ်းကော အုပ်ချုပ်ပိုင်ခွင့်ပါ မရှိဘူး။ လူ့သမိုင်းတစ်လျှောက် ပြန်ကြည့်ရင် ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်။ (ဒေသနာ ၈:၉) ယေရှုခေတ်က ခေါင်းဆောင်တွေဟာ လူတွေကို ဖိနှိပ်၊ အမြတ်ထုတ်၊ မတရား ဆက်ဆံကြတယ်။ လူတွေရဲ့ အခြေအနေကို မြင်ပြီး “ထိန်းသူ မရှိတဲ့ သိုးတွေ” လို့ ယေရှု ပြောတယ်။ (မာကု ၆:၃၄) ဒီနေ့လည်း အုပ်ချုပ်မှု ညံ့ဖျင်းလို့ လူတွေ ဒုက္ခရောက်ကြတယ်။ ဒါကြောင့် ယုံကြည်ကိုးစားနိုင်တဲ့၊ လေးစားထိုက်တဲ့ ခေါင်းဆောင် လိုနေတယ်။ ယေရှု အဲဒီလို ခေါင်းဆောင်မျိုးလား။ ဟုတ်ပါတယ်။ ဘာကြောင့် ပြောနိုင်သလဲ။ အကြောင်းရင်းတချို့ သုံးသပ်ကြည့်ရအောင်။

၉။ ယေရှုဟာ လူ့ခေါင်းဆောင်တွေနဲ့ ဘာကြောင့် မတူသလဲ။

ပထမ၊ ယေရှုဟာ ယေဟောဝါကိုယ်တိုင် ရွေးထားသူ ဖြစ်တယ်။ လူ့ခေါင်းဆောင် အများစုကို မစုံလင်သူ လူအချင်းချင်းက ရွေးထားကြတယ်။ လှည့်စားခံထားရလို့၊ ဘယ်သူ့ကို တကယ် ယုံကြည်ကိုးစားလို့ ရသလဲ မသိလို့ ရွေးထားကြတာ။ ယေရှုကတော့ အဲဒီခေါင်းဆောင်တွေနဲ့ မတူဘူး။ ယေရှုရဲ့ ဘွဲ့နာမ ကိုယ်နှိုက်ကို ကြည့်ရင် သိနိုင်တယ်။ “ခရစ်တော်” ဆိုတာ “မေရှိယ” ဆိုတဲ့ ဘွဲ့လိုပဲ “ဘိသိက်ပေးခံရသူ” လို့ အဓိပ္ပာယ် ရတယ်။ စကြဝဠာ အချုပ်အခြာအာဏာရှင်ကိုယ်တိုင် ဘိသိက်ပေးထားတာ။ “ငါ့ကျွန်၊ ငါ ရွေးချယ်တဲ့သူ၊ ငါ ချစ်မြတ်နိုးတဲ့သူကို ကြည့်ပါ။ သူ့အပေါ် ငါ့ရဲ့ စွမ်းအားတော် သက်ရောက်စေမယ်” လို့ ယေဟောဝါ ပြောတယ်။ (မဿဲ ၁၂:၁၈) ဘယ်လို ခေါင်းဆောင်မျိုး ကျွန်တော်တို့ လိုသလဲဆိုတာ ဖန်ဆင်းရှင်ထက် ပိုသိသူ ရှိပါ့မလား။ ဘုရားဟာ ဉာဏ်ပညာ ကြီးမားတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အဖြစ် ယေရှုကို ယေဟောဝါ ရွေးတာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်း စိတ်ချနိုင်တယ်။—ပညာအလိမ္မာ ၃:၅၊ ၆

၁၀။ ယေရှုဟာ ဘာကြောင့် အကောင်းဆုံး စံနမူနာရှင် ဖြစ်သလဲ။

၁၀ ဒုတိယ၊ ကျွန်တော်တို့ အတုယူဖို့ အကောင်းဆုံး စံနမူနာ ယေရှု ချမှတ်တယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ စံထားစရာ အရည်အသွေးတွေ ရှိတယ်။ ရှေ့ကနေ စံနမူနာကောင်း ပြတယ်။ သူ့စံနမူနာ ကြည့်ပြီး နောက်လိုက်တွေ လူတော်လူကောင်း ဖြစ်ချင်လာကြတယ်။ ခေါင်းဆောင်တစ်ယောက်မှာ ရှိတဲ့ ဘယ်အရည်အသွေးတွေကို သင် လေးစားသလဲ။ သတ္တိလား။ ဉာဏ်ပညာလား။ စာနာစိတ်လား။ အခက်အခဲတွေကြား ကြံ့ကြံ့ခံနိုင်စွမ်းလား။ ဒီအရည်အသွေးတွေကော တခြားအရည်အသွေးတွေပါ ယေရှုမှာ ရှိတယ်။ မြေကြီးပေါ် ရှိတုန်းက ယေရှု ပြောခဲ့၊ လုပ်ခဲ့တာတွေ လေ့လာရင် သိနိုင်တယ်။ ကောင်းကင်ဘုံစံ ဖခင်ရဲ့ အရည်အသွေးတစ်ခုစီကို အပြည့်အဝ အတုယူတယ်။ တကယ့်ကို စုံလင်တဲ့ လူပဲ။ ယေရှု လုပ်သမျှ၊ ပြောသမျှ၊ ခံစားသမျှ စံထားထိုက်တာချည်းပဲ။ ဒါကြောင့် “သူ့ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်စေဖို့ စံနမူနာ ထားခဲ့တယ်” လို့ ကျမ်းစာမှာ ဖော်ပြတာ။—၁ ပေတရု ၂:၂၁

၁၁။ ယေရှု ဘယ်လိုနည်းနဲ့ “သိုးထိန်းကောင်း” ပီသ,သလဲ။

၁၁ တတိယ၊ ယေရှု “သိုးထိန်းကောင်း” ပီသတယ်။ (ယောဟန် ၁၀:၁၄) သိုးထိန်းတွေအကြောင်း ယေရှုခေတ်က လူတွေ ကောင်းကောင်း သိကြတယ်။ သိုးထိန်းတွေဟာ သိုးတွေကို ဂရုစိုက်ထိန်းကျောင်းတယ်။ “သိုးထိန်းကောင်း” ဟာ ကိုယ့်ကိုယ်ကိုယ်ထက် သိုးတွေ ကျန်းမာဘေးကင်းရေးကို ဦးစားပေးတယ်။ ဥပမာ၊ ယေရှုရဲ့ဘိုးဘေး ဒါဝိဒ်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သိုးထိန်း ဖြစ်လာတယ်။ သိုးကို သားရဲရန်ကနေ တစ်ကြိမ်မက သက်စွန့်ဆံဖျား ကာကွယ်တယ်။ (၁ ရှမွေလ ၁၇:၃၄-၃၆) ယေရှုလည်း နောက်လိုက်တွေကို အသက်ရင်းပြီး ကာကွယ်တယ်။ အသက်ပေးတယ်။ (ယောဟန် ၁၀:၁၅) ခေါင်းဆောင် ဘယ်နှယောက်ကများ နောက်လိုက်တွေအတွက် ဒီလို ကိုယ်ကျိုးစွန့်သလဲ။

၁၂၊ ၁၃။ (က) သိုးတွေအကြောင်း သိုးထိန်း ဘယ်လောက် သိသလဲ။ သိုးတွေလည်း သိုးထိန်းကို ဘယ်လို သိသလဲ။ (ခ) ယေရှုနောက် သင် ဘာကြောင့် လိုက်ချင်သလဲ။

၁၂ ယေရှုဟာ နောက်တစ်နည်းနဲ့လည်း “သိုးထိန်းကောင်း” ပီသတယ်။ “ကျွန်တော့်သိုးတွေကို သိတယ်။ သိုးတွေကလည်း ကျွန်တော့်ကို သိတယ်” လို့ ပြောတယ်။ (ယောဟန် ၁၀:၁၄) ဘာကို ဆိုလိုသလဲ။ သိုးအုပ်လို့ ပြောရင် အမွေးပွပွ တိရစ္ဆာန်အုပ်လို့ပဲ တော်တော်များများ မြင်ကြတယ်။ သိုးထိန်းကတော့ သိုးတစ်ကောင်ချင်းစီကို သိတယ်။ ဘယ်သိုးမ သားပေါက်ခါနီးလို့ ဂရုစိုက်ပေးဖို့ လိုတယ်၊ ဘယ်သိုးပေါက် အကောင်ညှက်ပြီး လမ်းမလျှောက်နိုင်သေးလို့ ချီပေးဖို့ လိုတယ်၊ ဘယ်သိုး ရောဂါ၊ ဒဏ်ရာ ရထားတယ်ဆိုတာ သိတယ်။ သိုးတွေလည်း သိုးထိန်းကို ကောင်းကောင်း သိကြတယ်။ သိုးထိန်းအသံ မှတ်မိကြတယ်။ အသံမှားပြီး တခြားသိုးထိန်းနောက် ပါမသွားကြဘူး။ အချက်ပေးသံ ကြားတာနဲ့ ချက်ချင်း တုံ့ပြန်ကြတယ်။ သိုးထိန်း ခေါ်ရာ လိုက်ကြတယ်။ သိုးထိန်းကလည်း သိုးတွေကို ဘယ်နေရာ ခေါ်သွားရမလဲ သိတယ်။ ဘယ်နေရာမှာ မြက်နုနုစိမ်းစိမ်းလေးတွေ ရှိတယ်၊ ကြည်လင်အေးမြတဲ့ စမ်းရေ ရှိတယ်၊ ဘေးကင်းတယ်ဆိုတာ သိတယ်။ သိုးထိန်း စောင့်ရှောက်ပေးနေလို့ လုံခြုံတယ်လို့ သိုးတွေ ခံစားကြတယ်။—ဆာလံ ၂၃

၁၃ အဲဒီလိုခေါင်းဆောင်မျိုး သင် လိုချင်မှာပဲ။ နောက်လိုက်တွေကို သိုးထိန်းကောင်း ယေရှု အမြဲ အဲဒီလို ဆက်ဆံတယ်။ အခုကော အနာဂတ်မှာပါ ကျေနပ်ပျော်ရွှင်စရာ အသက်တာ ရဖို့ ဦးဆောင်လမ်းပြမယ်လို့ ကတိပေးတယ်။ (ယောဟန် ၁၀:၁၀၊ ၁၁။ ဗျာဒိတ် ၇:၁၆၊ ၁၇) ဒါဆိုရင် ယေရှုနောက် ဘယ်လို လိုက်ရမလဲ။

ယေရှုနောက်လိုက်ဆိုတာ ဘာလဲ

၁၄၊ ၁၅။ ခရစ်ယာန်ပါ၊ ယေရှုကို ချစ်ပါတယ်လို့ ပြောရုံနဲ့ ယေရှုနောက်လိုက် ဘာကြောင့် မဖြစ်နိုင်သလဲ။

၁၄ ယေရှုနောက် လိုက်နေတယ်လို့ ဒီနေ့ လူသန်းပေါင်းများစွာ ထင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်ပါလို့ ပြောကြတယ်။ မွေးကင်းစကတည်းက နှစ်ခြင်းပေးခံထားရတာတောင် ဖြစ်နိုင်တယ်။ ကယ်တင်ရှင် ယေရှုကို ချစ်ပါတယ်လို့ ပြောကြတယ်။ ဒါနဲ့ပဲ ယေရှုနောက်လိုက် ဖြစ်သွားသလား။ ချစ်တယ်၊ ခရစ်ယာန်ပါလို့ ပြောရုံထက်မက လုပ်ဖို့ လိုကြောင်း ယေရှု ဖော်ပြတယ်။

၁၅ ခရစ်ယာန်နိုင်ငံလို့ အမည်ခံထားတဲ့ နိုင်ငံ တော်တော်များများ ကမ္ဘာတစ်ဝန်းမှာ ရှိတယ်။ ယေရှုရဲ့ သွန်သင်ချက်တွေအတိုင်း နိုင်ငံသားတွေ လိုက်လျှောက်နေကြသလား။ ဒါမှမဟုတ် တခြားနိုင်ငံတွေမှာ တွေ့ရသလိုပဲ မုန်းတီးမှု၊ ဖိနှိပ်မှု၊ ရာဇဝတ်မှု၊ မတရားမှုတွေ တွေ့နေရသလား။

၁၆၊ ၁၇။ အမည်ခံ ခရစ်ယာန်တွေမှာ ဘာလိုနေသလဲ။ ခရစ်တော်ရဲ့ နောက်လိုက်စစ်တွေကို ဘယ်လို ခွဲခြားသိနိုင်သလဲ။

၁၆ နောက်လိုက်စစ် ဖြစ်ကြောင်း အပြောသက်သက်၊ အမည်ခံရုံသက်သက် မဟုတ်ဘဲ လုပ်ရပ်အားဖြင့် သိနိုင်တယ်လို့ ယေရှု ပြောတယ်။ “‘သခင်၊ သခင်’ လို့ ကျွန်တော့်ကို ခေါ်တဲ့သူတိုင်း ကောင်းကင်နိုင်ငံကို ဝင်ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော့်အဖရဲ့ အလိုတော်ကို ဆောင်တဲ့သူပဲ ဝင်ရလိမ့်မယ်” လို့ ပြောတယ်။ (မဿဲ ၇:၂၁) ယေရှုကို သခင်လို့ ခေါ်သူတွေ ဘာကြောင့် အဖအလို မဆောင်ကြသလဲ။ ချမ်းသာတဲ့ လူငယ် အရာရှိအကြောင်း သတိရပါ။ ခရစ်ယာန်လို့ အမည်ခံသူတွေမှာ “တစ်ခု” လိုနေတယ်။ ယေရှုနဲ့ ဖခင် ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ချစ်တဲ့ မေတ္တာပဲ။

၁၇ ယေရှုကို ချစ်တယ်လို့ ခရစ်ယာန် အမည်ခံထားသူတွေ ပြောကြတာပဲ။ ဒါပေမဲ့ ယေရှုနဲ့ ယေဟောဝါကို ချစ်တယ်ဆိုတာ အပြောသက်သက် မရဘူး။ “ကျွန်တော့်ကို ချစ်တဲ့သူဟာ ကျွန်တော့်စကားကို လိုက်နာမှာပဲ” လို့ ယေရှု ပြောတယ်။ (ယောဟန် ၁၄:၂၃) ဒါ့အပြင် “ကျွန်တော့်သိုး မှန်ရင် ကျွန်တော့်အသံကို နားထောင်တယ်။ သူတို့ကို ကျွန်တော် သိတယ်။ သူတို့လည်း ကျွန်တော့်နောက်ကို လိုက်ကြတယ်” လို့ ပြောတယ်။ (ယောဟန် ၁၀:၂၇) ဒါကြောင့် ယေရှုကို တကယ် ချစ်တယ်ဆိုတာ ပြောရုံ၊ ခံစားရုံလောက် မဟုတ်ဘဲ လုပ်ရပ်နဲ့ ကျွန်တော်တို့ ပြကြတယ်။

၁၈၊ ၁၉။ (က) ယေရှုအကြောင်း လေ့လာရင် ဘာအကျိုး ရမလဲ။ (ခ) ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ခရစ်တော်နောက် နှစ်နဲ့ချီ လိုက်နေသူတွေအတွက် ဘာအကျိုး ရှိမလဲ။

၁၈ လုပ်ရပ်ကို ကြည့်ပြီး စိတ်ထဲ ဘာရှိသလဲ သိနိုင်တယ်။ ဒါကြောင့် အတွင်းစိတ်ကို အရင် ပြောင်းရမယ်။ “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၁၇:၃) ယေရှုအကြောင်း ကျမ်းမှတ်တမ်းတွေ ဖတ်မယ်၊ တွေးတောဆင်ခြင်မယ်ဆိုရင် ချစ်သည်ထက် ချစ်လာမယ်။ နေ့တိုင်း ယေရှုနောက် ထက်ကြပ်မကွာ လိုက်ချင်လာမယ်။

၁၉ ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်ဟာ ယေရှုရဲ့ မြေကြီးအသက်တာနဲ့ အမှုဆောင်လုပ်ငန်း ဖြစ်ရပ်အားလုံး ဆွေးနွေးဖို့ မဟုတ်ဘဲ ယေရှုနောက် ဘယ်လို လိုက်နိုင်မလဲ သိစေဖို့ပါ။ b ‘ယေရှုနောက် ငါ တကယ် လိုက်နေရဲ့လား’ လို့ မှန်နဲ့ တူတဲ့ ကျမ်းစာကို ကြည့်ပြီး ဆန်းစစ်နိုင်စေဖို့ပါ။ (ယာကုပ် ၁:၂၃-၂၅) သင် ယေရှုနောက် လိုက်နေတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ထက်ကြပ်မကွာ ဆက်လိုက်ဖို့ ကြိုးစားနေရမယ်။ “ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်း ခိုင်မြဲနေမနေ အမြဲ ဆန်းစစ်ပါ။ ဘယ်လို လူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲ စစ်ဆေးပါ” လို့ ကျမ်းစာ အားပေးတယ်။ (၂ ကောရိန္သု ၁၃:၅) ယေဟောဝါကိုယ်တိုင် ခန့်ထားတဲ့ မေတ္တာရှိ သိုးထိန်းကောင်း ယေရှုနောက် ထက်ကြပ်မကွာ လိုက်တာ တကယ် အကျိုးရှိတယ်။

၂၀။ နောက်အခန်းမှာ ဘာအကြောင်း လေ့လာကြမလဲ။

၂၀ ဒီစာအုပ် လေ့လာရင်း ယေရှုနဲ့ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးသည်ထက် တိုးလာကြပါစေ။ အဲဒီမေတ္တာက ယေရှုနောက် ထက်ကြပ်မကွာ လိုက်ဖို့ ကူညီပေးပါလိမ့်မယ်။ ယေရှုနောက် ထက်ကြပ်မကွာ လိုက်ရင် အခုအချိန်မှာ ငြိမ်သက်အေးချမ်းမယ်။ အနာဂတ်မှာ ထာဝစဉ် အသက်ရှင်နိုင်မယ်။ သိုးထိန်းကောင်း ပေးထားလို့ ယေဟောဝါကို ထာဝစဉ် ချီးမွမ်းနိုင်မယ်။ ယေရှုအကြောင်း ပိုသိဖို့ဆိုရင် ယေရှု ဘယ်သူလဲဆိုတာ အရင် သိရမယ်။ ဒါကြောင့် ယေဟောဝါရဲ့ ရည်ရွယ်ချက်မှာ ယေရှုရဲ့ အခန်းကဏ္ဍအကြောင်း အခန်း ၂ မှာ လေ့လာသွားကြမယ်။

a မိမိနောက် လိုက်သူတိုင်း ပိုင်ဆိုင်သမျှ စွန့်ဖို့ ယေရှု မတောင်းဆိုဘူး။ ချမ်းသာသူတွေ ဘုရားနိုင်ငံတော် ဝင်ဖို့ ခက်တယ်လို့ ပြောပေမဲ့ “ဘုရားသခင်အတွက် အရာအားလုံး ဖြစ်နိုင်တယ်” လို့ ဆက်ပြောတယ်။ (မာကု ၁၀:၂၃၊ ၂၇) ယေရှုရဲ့ နောက်လိုက်တွေထဲမှာ လူချမ်းသာတွေလည်း ပါတယ်။ စည်းစိမ်ဥစ္စာနဲ့ပတ်သက်ပြီး မျှတတဲ့ သဘောထား ရှိဖို့ တောင်းဆိုခံရပေမဲ့ ပိုင်ဆိုင်သမျှ ဆင်းရဲသားတွေကို လှူရမယ်လို့တော့ တောင်းဆိုမခံရကြဘူး။—၁ တိမောသေ ၆:၁၇

b ယေရှုရဲ့ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း ဖြစ်ရပ်တွေကို အစဉ်လိုက် လေ့လာချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက် စာအုပ်မှာ ကြည့်ပါ။