မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂

‘လမ်းခရီး၊ အမှန်တရား၊ အသက်’

‘လမ်းခရီး၊ အမှန်တရား၊ အသက်’

“ကျွန်တော့်နောက်လိုက် လုပ်ပါ”

၁၊ ၂။ ဘုရားကို သိကျွမ်းဖို့၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘာကြောင့် မဖြစ်နိုင်သလဲ။ ယေရှု ဘယ်လို ကူညီပေးသလဲ။

 သင် လမ်းပျောက်ဖူးသလား။ မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ဆီ သွားလည်ရင်း လမ်းပျောက်သွားတာ ဖြစ်နိုင်တယ်။ သွားနေကျလမ်း မဟုတ်လို့ တစ်ယောက်ယောက်ကို မေးမယ် မဟုတ်လား။ လမ်းညွှန်ပေးရုံလောက် မဟုတ်ဘဲ “ကျွန်တော့်နောက် လိုက်ခဲ့။ ခေါ်သွားပေးမယ်” လို့ ကြင်ကြင်နာနာ ပြောရင် စိတ်ပေါ့သွားမှာပဲ။

ဘုရားကို သိကျွမ်းဖို့၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အပြစ်နဲ့ မစုံလင်မှု အမွေရထားသူတွေ ဖြစ်လို့ “ဘုရားသခင် ပေးသနားတဲ့ အသက်နဲ့ ကင်းကွာနေတယ်။” လမ်းပျောက်နေတယ်။ (ဧဖက် ၄:၁၇၊ ၁၈) လမ်းပြပေးမယ့်သူ ရှိမှ ရမယ်။ ယေရှုဟာ ကြင်နာတဲ့ လမ်းပြပါ။ အကြံပေး၊ လမ်းညွှန်ရုံလောက်ပဲ မဟုတ်ဘူး။ လျှောက်ရမယ့် လမ်းအတိုင်း ရှေ့ကနေ လျှောက်ပြတယ်။ အခန်း ၁ မှာ ပါသလို “ကျွန်တော့်နောက်လိုက် လုပ်ပါ” လို့ ဖိတ်ခေါ်တယ်။ (မာကု ၁၀:၂၁) ဖိတ်ခေါ်ချက် လက်ခံသင့်တဲ့ အကြောင်းရင်းလည်း ဖော်ပြတယ်။ “ကျွန်တော်ဟာ လမ်းခရီး ဖြစ်တယ်။ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်။ ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့ ပြောတယ်။ (ယောဟန် ၁၄:၆) သားတော်ကတစ်ဆင့်ပဲ အဖဘုရားဆီ ရောက်နိုင်တဲ့ အကြောင်းရင်းက ဘာလဲ။ ယေရှုဟာ ဘယ်လိုနည်းနဲ့ ‘လမ်းခရီး၊ အမှန်တရား၊ အသက်’ ဖြစ်သလဲ။

ယေဟောဝါရဲ့ ရည်ရွယ်ချက်မှာ အဓိက အခန်းကဏ္ဍ

၃။ ဘာကြောင့် ယေရှုကတစ်ဆင့်ပဲ ယေဟောဝါဆီ ချဉ်းကပ်နိုင်သလဲ။

ရည်ရွယ်ချက်အားလုံး အကောင်အထည်ဖော်ဖို့ သားတော် ယေရှုကို ယေဟောဝါ အဓိက သုံးမယ်။ (၂ ကောရိန္သု ၁:၂၀။ ကောလောသဲ ၁:၁၈-၂၀) ဒီလိုအရေးပါတဲ့ ကဏ္ဍ ရထားလို့ ယေရှုကတစ်ဆင့်ပဲ ဘုရားဆီ ချဉ်းကပ်နိုင်တာ။ a ယေရှု ရထားတဲ့ ကဏ္ဍ ဘယ်လောက် အရေးပါသလဲ သိနိုင်ဖို့ ဧဒင်ဥယျာဉ်မှာ စာတန်နဲ့ ပေါင်းပြီး ပထမ လူသားမောင်နှံ ယေဟောဝါကို ပုန်ကန်တဲ့အကြောင်း သုံးသပ်ကြရအောင်။—ကမ္ဘာဦး ၂:၁၆၊ ၁၇။ ၃:၁-၆

၄။ ဧဒင်မှာ ပုန်ကန်မှု ဖြစ်ပြီးနောက် ဘာမေးခွန်း ပေါ်လာသလဲ။ ဘာလုပ်ဖို့ ယေဟောဝါ ဆုံးဖြတ်သလဲ။

ဧဒင်မှာ ပုန်ကန်မှု ဖြစ်ပြီးနောက် ကောင်းကင်မြေကြီးပေါ်မှာ ရှိသူတိုင်း ဖြေရမယ့် မေးခွန်း ပေါ်လာတယ်။ ယေဟောဝါ မှန်မှန်ကန်ကန် အုပ်ချုပ်နေရဲ့လား ဆိုတာပါ။ စုံလင်တဲ့ နာမ်ဝိညာဉ်သားတစ်ယောက်ကို မြေကြီးပေါ် စေလွှတ်ပြီး ဒီကိစ္စ ဖြေရှင်းဖို့ ယေဟောဝါ ဆုံးဖြတ်လိုက်တယ်။ အဲဒီနာမ်ဝိညာဉ်သား လုပ်ရမယ့် တာဝန်ဟာ သိပ်အရေးကြီးတယ်။ အဖဘုရားနာမ သန့်ရှင်းမြင့်မြတ်ဖို့၊ လူတွေ ကယ်တင်ခံရဖို့ ကိုယ့်အသက်ကို ရွေးဖိုးအဖြစ် ပေးရမှာ။ သေတဲ့အထိ သစ္စာစောင့်သိမှ စာတန် ပုန်ကန်လို့ ဖြစ်လာတဲ့ ပြဿနာအားလုံး ဖြေရှင်းနိုင်မှာ။ (ဟီဘရူး ၂:၁၄၊ ၁၅။ ၁ ယောဟန် ၃:၈) ယေဟောဝါမှာ စုံလင်တဲ့ နာမ်ဝိညာဉ်သား သန်းချီ ရှိတယ်။ (ဒံယေလ ၇:၉၊ ၁၀) ဒီအရေးကြီးဆုံး တာဝန် ထမ်းဆောင်ဖို့ ဘယ်သူ့ကို ရွေးသလဲ။ “တစ်ဦးတည်းသော သား” ကို ရွေးတယ်။ နောက်ပိုင်းမှာ ယေရှုခရစ်လို့ ခေါ်ကြတယ်။—ယောဟန် ၃:၁၆

၅၊ ၆။ သားတော် သစ္စာစောင့်သိမယ်ဆိုတာ ယုံကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ။ ဘာကြောင့် ယုံသလဲ။

တစ်ဦးတည်းသော သားကို ဘာကြောင့် ရွေးသလဲ။ ယုံလို့ပဲ။ ဆင်းရဲဒုက္ခမျိုးစုံ ကြုံရမှာ ဖြစ်ပေမဲ့ သားတော် သစ္စာစောင့်သိမယ်ဆိုတာ မြေကြီးပေါ် မစေလွှတ်ခင် ရာစုနှစ်ချီကတည်းက ယေဟောဝါ ကြိုဟောတယ်။ (ဟေရှာယ ၅၃:၃-၇၊ ၁၀-၁၂။ တမန်တော် ၈:၃၂-၃၅) ဘာသိရသလဲ။ တခြားအသိဉာဏ်ရှိ သတ္တဝါအားလုံးလိုပဲ သားတော်မှာ လွတ်လပ်စွာ ရွေးပိုင်ခွင့်၊ ကိုယ့်လမ်းကိုယ် လျှောက်ခွင့် ရှိတယ်။ ဒါပေမဲ့ သားတော် သစ္စာစောင့်သိမယ့်အကြောင်း ကြိုဟောထားတဲ့အထိ ယေဟောဝါ ယုံတယ်။ ဘာကြောင့် အဲဒီလောက် ယုံသလဲ။ သားတော်အကြောင်း ကောင်းကောင်း သိလို့၊ မိမိနှစ်သက်တာကို ဘယ်လောက် လုပ်ချင်မှန်း သိလို့ပဲ။ (ယောဟန် ၈:၂၉။ ၁၄:၃၁) အဖဘုရားကို သားတော် ချစ်သလို သားတော်ကို အဖဘုရား ချစ်တယ်။ (ယောဟန် ၃:၃၅) သားအဖနှစ်ယောက်ကြားက မေတ္တာ၊ ယုံကြည်စိတ်ချမှုဟာ သံမဏိလို ခိုင်မာတယ်။—ကောလောသဲ ၃:၁၄

အရေးပါတဲ့ ကဏ္ဍ သားတော် ရထားတယ်။ သားတော်ကို အဖဘုရား ယုံကြည်စိတ်ချတယ်။ အဖေနဲ့ သား သိပ်ချစ်ကြတယ်။ ဒါကြောင့် ယေရှုကတစ်ဆင့်ပဲ ဘုရားဆီ ချဉ်းကပ်နိုင်တာ။ နောက်ထပ် အကြောင်းရင်း ရှိသေးတယ်။

ဖခင်အကြောင်း သားတော်လောက် သိသူ မရှိ

၇၊ ၈။ အဖဘုရားအကြောင်း ‘သားတော်ပဲ’ ဂဃနဏ သိတယ်လို့ ယေရှု ဘာကြောင့် ပြောနိုင်သလဲ။

ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ချင်ရင် ပြည့်မီရမှာတွေ ရှိတယ်။ (ဆာလံ ၁၅:၁-၅) ဘုရားစံနှုန်းတွေ ပြည့်မီဖို့၊ ဘုရားနှစ်သက်မှု ရဖို့ ဘာလုပ်ရမယ်ဆိုတာ ယေရှု အသိဆုံးပဲ။ “အဖဘုရားက ကျွန်တော့်ကို အရာခပ်သိမ်း အပ်နှင်းလိုက်ပြီ။ သားဖြစ်သူ ကျွန်တော့်အကြောင်း ဂဃနဏ သိတာဆိုလို့ အဖဘုရားပဲ ရှိတယ်။ အဖဘုရားအကြောင်း ဂဃနဏ သိတာဆိုလို့ သားဖြစ်သူ ကျွန်တော်နဲ့ ကျွန်တော် ဖော်ပြချင်သူတွေပဲ ရှိတယ်” လို့ ပြောတယ်။ (မဿဲ ၁၁:၂၇) အဖဘုရားအကြောင်း ‘သားတော်ပဲ’ ဂဃနဏ သိတယ်လို့ ပြောတာ ယေရှု ချဲ့ကားတာ မဟုတ်ဘူး။ ဘာကြောင့်လဲ။

“ဖန်ဆင်းရာအားလုံးမှာ သားဦး” ဖြစ်လို့ သားတော်ဟာ ယေဟောဝါနဲ့ ထူးခြားတဲ့ ဆက်ဆံရေး ရှိတယ်။ (ကောလောသဲ ၁:၁၅) တခြားကောင်းကင်တမန်တွေ မဖန်ဆင်းခင် သားအဖနှစ်ယောက်တည်း အချိန်အတော်ကြာ အတူ ရှိခဲ့လို့ သိပ်ရင်းနှီးလာတယ်။ (ယောဟန် ၁:၃။ ကောလောသဲ ၁:၁၆၊ ၁၇) ဖခင်ရဲ့ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ပုံကိုင်ပုံ၊ အလိုတော်၊ စံနှုန်းတွေ ပညာကုန် သင်ခွင့် ရတယ်။ သားအဖနှစ်ယောက် သိပ်ရင်းနှီးလို့ သားတော်ပဲ အဖဘုရားအကြောင်း ဂဃနဏ သိတယ်လို့ ပြောတာ။

၉၊ ၁၀။ (က) အဖဘုရားအကြောင်း ဘယ်နည်းတွေနဲ့ ယေရှု ဖော်ပြသလဲ။ (ခ) ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ ကျွန်တော်တို့ ဘာလုပ်ရမလဲ။

ယေဟောဝါ ဘယ်လို စဉ်းစားတွေးခေါ်သလဲ၊ ခံစားသလဲ၊ ဝတ်ပြုသူတွေဆီက ဘာတောင်းဆိုသလဲ ယေရှု ကောင်းကောင်း သိကြောင်း ယေရှုရဲ့ သွန်သင်ချက်တွေ ကြည့်ရင် သိနိုင်တယ်။ b အဖဘုရားအကြောင်း နောက်တစ်နည်းနဲ့လည်း ဖော်ပြတယ်။ “ကျွန်တော့်ကို မြင်တာဟာ အဖဘုရားကို မြင်တာပဲ” တဲ့။ (ယောဟန် ၁၄:၉) ဘာပြောပြော၊ ဘာလုပ်လုပ် အဖဘုရားကို အပြည့်အဝ အတုယူတယ်။ ဒါကြောင့် ယေရှု ပညာသားပါပါ ထိထိမိမိ သွန်သင်ပေးတဲ့အကြောင်း၊ လူတွေကို ကရုဏာသက်ပြီး ကုပေးတဲ့အကြောင်း၊ စာနာစိတ်ကြောင့် မျက်ရည်ကျတဲ့အကြောင်း ကျမ်းစာမှာ ဖတ်ရတဲ့အခါ ယေဟောဝါလည်း အဲဒီလို ခံစားရတယ်၊ လုပ်တယ်လို့ မြင်ယောင်ကြည့်နိုင်တယ်။ (မဿဲ ၇:၂၈၊ ၂၉။ မာကု ၁:၄၀-၄၂။ ယောဟန် ၁၁:၃၂-၃၆) သားတော် ပြောသမျှ၊ လုပ်သမျှ လေ့လာရင် အဖဘုရားရဲ့ နည်းလမ်းတော်၊ အလိုတော်ကို သိလာမယ်။ (ယောဟန် ၅:၁၉။ ၈:၂၈။ ၁၂:၄၉၊ ၅၀) ဒါကြောင့် ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ဆိုရင် ယေရှုရဲ့ သွန်သင်ချက်၊ စံနမူနာအတိုင်း လိုက်လျှောက်ဖို့ လိုတယ်။—ယောဟန် ၁၄:၂၃

၁၀ မိမိအကြောင်း သားတော် ကောင်းကောင်း သိလို့၊ အပြည့်အဝ အတုယူလို့ သားတော်ကတစ်ဆင့် ချဉ်းကပ်စေဖို့ ယေဟောဝါ ဆုံးဖြတ်တာ။ ဒါဆိုရင် “ကျွန်တော်ဟာ လမ်းခရီး ဖြစ်တယ်။ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်။ ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့ ယေရှု ပြောတာ ဘာကို ဆိုလိုသလဲ။—ယောဟန် ၁၄:၆

“ကျွန်တော်ဟာ လမ်းခရီး ဖြစ်တယ်”

၁၁။ ဘာကြောင့် ယေရှုကတစ်ဆင့်ပဲ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိနိုင်သလဲ။

၁၁ ယေရှုကတစ်ဆင့်ပဲ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိနိုင်လို့ “လမ်းခရီး” ဖြစ်တယ်ဆိုတာ သိခဲ့ကြပြီ။ ယေရှုသာ ရွေးဖိုး မပေးရင် ဘုရားဆီ ကျွန်တော်တို့ ချဉ်းကပ်နိုင်မှာ မဟုတ်ဘူး။ အပြစ်ဟာ ယေဟောဝါနဲ့ လူတွေကြား တံတိုင်းလို ခြားထားတယ်။ သန့်ရှင်းတဲ့ ဘုရား ယေဟောဝါဆီ အပြစ်သားတွေ ဘယ်လိုမှ မချဉ်းကပ်နိုင်ဘူး။ ဘုရားမျက်နှာသာ ဘယ်လိုမှ မရနိုင်ဘူး။ (ဟေရှာယ ၆:၃။ ၅၉:၂) ဒါပေမဲ့ သေတဲ့အထိ သစ္စာစောင့်သိခြင်းအားဖြင့် မိမိအသက်ကို ရွေးဖိုးပူဇော်သက္ကာအဖြစ် ယေရှု ပေးခဲ့တယ်။ (မဿဲ ၂၀:၂၈) တံတိုင်းလို ဖြစ်နေတဲ့ ကျွန်တော်တို့ အပြစ်တွေဟာ ရွေးဖိုးကြောင့် ဖယ်ရှားခံလိုက်ရတယ်။ (ဟီဘရူး ၁၀:၁၂။ ၁ ယောဟန် ၁:၇) ရွေးဖိုး အစီအစဉ်ကို လက်ခံယုံကြည်ရင် ဘုရားမျက်နှာသာ ရနိုင်တယ်။ “ဘုရားသခင်နဲ့ ကျွန်တော်တို့ ပြန်လည်သင့်မြတ်လာ” ဖို့ ဒီတစ်နည်းပဲ ရှိတယ်။—ရောမ ၅:၆-၁၁

၁၂။ ယေရှုဟာ ဘယ်လိုနည်းနဲ့ “လမ်းခရီး” ဖြစ်သလဲ။

၁၂ ဆုတောင်းခြင်းနဲ့ပတ်သက်လာရင်လည်း ယေရှုဟာ “လမ်းခရီး” ဖြစ်တယ်။ “အဖဘုရားက ခင်ဗျားတို့ တောင်းသမျှ ကျွန်တော့်နာမည်ကို ထောက်ပြီး ပေးသနားလိမ့်မယ်။ . . . ခင်ဗျားတို့ အပြည့်အဝ ရွှင်လန်းနိုင်ဖို့ တောင်းကြပါ။ တောင်းရင် ရလိမ့်မယ်” လို့ ပြောတယ်။ (ယောဟန် ၁၆:၂၃၊ ၂၄) ဒါကြောင့် ယေရှုနာမည်ကတစ်ဆင့် ဆုတောင်းမှ ယေဟောဝါ နားထောင်၊ ဖြေကြားမယ်။ (၁ ယောဟန် ၅:၁၃၊ ၁၄) ယေဟောဝါဆီ ချဉ်းကပ်နိုင်ပြီး “ကျွန်တော်တို့ရဲ့ အဖ” လို့ ခေါ်နိုင်မယ်။ (မဿဲ ၆:၉) ကျွန်တော်တို့အတွက် စံနမူနာ ပြလို့လည်း ယေရှုဟာ “လမ်းခရီး” ဖြစ်တယ်။ အစောပိုင်းမှာ သိရတဲ့အတိုင်း အဖဘုရားကို အပြည့်အဝ အတုယူတယ်။ ဘယ်လို လုပ်ရင် ယေဟောဝါရဲ့ နှစ်သက်မှု ရမယ်ဆိုတာ ပြတယ်။ ဒါကြောင့် ယေဟောဝါဆီ ချဉ်းကပ်ချင်ရင် ယေရှုခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ရမယ်။—၁ ပေတရု ၂:၂၁

‘ကျွန်တော်ဟာ အမှန်တရား ဖြစ်တယ်’

၁၃၊ ၁၄။ (က) ယေရှု အမှန်အတိုင်း ပြောကြောင်း ဘယ်လို သိနိုင်သလဲ။ (ခ) “အမှန်တရား” ဖြစ်ဖို့ ယေရှု ဘာလုပ်ခဲ့ရသလဲ။ ဘာကြောင့်လဲ။

၁၃ ယေရှု အမြဲ အမှန်အတိုင်း ပြောတယ်။ (ယောဟန် ၈:၄၀၊ ၄၅၊ ၄၆) ဘယ်တော့မှ မလိမ်ဘူး။ မလှည့်စားဘူး။ (၁ ပေတရု ၂:၂၂) “ဘုရားသခင်ရဲ့ လမ်းစဉ်အကြောင်း အမှန်အတိုင်း သွန်သင်” တယ်ဆိုတာ ရန်သူတွေတောင် အသိအမှတ်ပြုကြတယ်။ (မာကု ၁၂:၁၃၊ ၁၄) ဒါပေမဲ့ ‘ကျွန်တော်ဟာ အမှန်တရား ဖြစ်တယ်’ လို့ ပြောတဲ့အခါ အမှန်အတိုင်း ပြောတာ၊ ဟောတာ၊ သွန်သင်တာထက်မက ပါတယ်။

၁၄ ယေရှု မြေကြီးပေါ် မလာခင် နှစ်များစွာကတည်းက မေရှိယ ဒါမှမဟုတ် ခရစ်တော်ရဲ့ အသက်တာ၊ အမှုဆောင်လုပ်ငန်း၊ သေခြင်းနဲ့ပတ်သက်တဲ့ အသေးစိတ် ကြိုဟောချက်တွေအကြောင်း ကျမ်းရေးသူတွေကို ယေဟောဝါ မှတ်တမ်းတင်စေတယ်။ ဒါ့အပြင် မောရှေပညတ်မှာ မေရှိယအားဖြင့် ပြည့်စုံလာမယ့် ကြိုဟောချက်တွေ ပါတယ်။ (ဟီဘရူး ၁၀:၁) ယေရှု သေတဲ့အထိ သစ္စာရှိမှ ကြိုဟောချက်အားလုံး ပြည့်စုံမှာ။ ယေဟောဝါဟာ အတိအကျ ကြိုဟောနိုင်တဲ့ ဘုရားစစ် ဘုရားမှန် ဖြစ်ကြောင်း သက်သေထူနိုင်မှာ။ ဒီတာဝန်ကြီး ယေရှု ရထားတယ်။ ယေရှု ပြောသမျှ၊ လုပ်သမျှ ကြည့်ရင် ကြိုဟောချက်တွေထဲက အတိုင်းပဲ။ (၂ ကောရိန္သု ၁:၂၀) မြေကြီးပေါ်မှာ ယေရှု လုပ်သမျှဟာ ယေဟောဝါရဲ့ ကြိုဟောချက်တွေ ဟုတ်မှန်ကြောင်း သက်သေထူရာ ရောက်လို့ “အမှန်တရား” ဖြစ်တယ်။ယောဟန် ၁:၁၇။ ကောလောသဲ ၂:၁၆၊ ၁၇

‘ကျွန်တော်ဟာ အသက် ဖြစ်တယ်’

၁၅။ သားတော်ကို ယုံကြည်သက်ဝင်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ယုံကြည်သက်ဝင်ရင် ဘာရမလဲ။

၁၅ ယေရှုအားဖြင့်သာ “စစ်မှန်တဲ့ အသက်” ရနိုင်လို့ “အသက်” ဖြစ်တယ်။ (၁ တိမောသေ ၆:၁၉) “ဘုရားရဲ့ သားကို ယုံကြည်သက်ဝင်သူဟာ ထာဝရအသက် ရလိမ့်မယ်။ သူ့စကားကို နားမထောင်တဲ့သူကတော့ အသက်ရမှာ မဟုတ်ဘူး။ ဘုရားသခင့်အမျက်တော် ခံရလိမ့်မယ်” လို့ ကျမ်းစာ ဆိုတယ်။ (ယောဟန် ၃:၃၆) ဘုရားရဲ့ သားကို ယုံကြည်သက်ဝင်တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ယေရှုအကူအညီ မပါဘဲ အသက် မရနိုင်ကြောင်း ယုံကြည်လက်ခံတာကို ဆိုလိုတယ်။ ယုံရုံနဲ့ မပြီးဘူး။ ယေရှုဆီကနေ ဆက်သင်ယူခြင်း၊ ယေရှုရဲ့ သွန်သင်ချက်၊ စံနမူနာအတိုင်း လိုက်လျှောက်ခြင်းအားဖြင့် ယုံကြောင်း လုပ်ရပ်နဲ့ ပြရမယ်။ (ယာကုပ် ၂:၂၆) ဒါဆိုရင် ထာဝရအသက် ရမယ်။ ဘိသိက်ခံ ခရစ်ယာန် “သိုးစုငယ်” ဟာ ကောင်းကင်မှာ မသေနိုင်တဲ့ နာမ်ဝိညာဉ်အသက်တာ ရမယ်။ “တခြားသိုး” အဝင် “လူအုပ်ကြီး” ဟာ မြေကြီးပရဒိသုမှာ စုံလင်တဲ့ အသက်တာ ရမယ်။—လုကာ ၁၂:၃၂။ ၂၃:၄၃။ ဗျာဒိတ် ၇:၉-၁၇။ ယောဟန် ၁၀:၁၆

၁၆၊ ၁၇။ (က) ယေရှုဟာ သေဆုံးသွားသူတွေအတွက်တောင် ဘယ်လိုနည်းနဲ့ “အသက်” ဖြစ်သလဲ။ (ခ) ဘာကို စိတ်ချနိုင်သလဲ။

၁၆ သေဆုံးသွားသူတွေကော။ သူတို့အတွက်လည်း ယေရှုဟာ “အသက်” ဖြစ်တယ်။ “ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူပဲ။ ကျွန်တော့်ကို ယုံကြည်သက်ဝင်မယ်ဆိုရင် သေဆုံးသွားရင်တောင် အသက်ပြန်ရှင်လိမ့်မယ်” ဆိုပြီး မိတ်ဆွေ လာဇရုကို ထမြောက်မပေးခင်မှာ လာဇရုရဲ့ အစ်မ မာသကို ယေရှု ပြောတယ်။ (ယောဟန် ၁၁:၂၅) သားတော်ကို “သေခြင်းရဲ့ သော့နဲ့ သင်္ချိုင်းရဲ့ သော့တွေ” ယေဟောဝါ အပ်ထားတယ်။ ရှင်ပြန်ထမြောက်ပေးနိုင်တဲ့ တန်ခိုး ပေးထားတာကို ဆိုလိုတာပါ။ (ဗျာဒိတ် ၁:၁၇၊ ၁၈) အကျဉ်းသားတွေ လွတ်ဖို့ အကျဉ်းတံခါးကို သော့နဲ့ ဖွင့်သလို သင်္ချိုင်းမှာ ရှိနေသူတွေ ထမြောက်လာဖို့ အဲဒီတန်ခိုးကို ယေရှု သုံးမယ်။—ယောဟန် ၅:၂၈၊ ၂၉

၁၇ မြေကြီးပေါ် လာရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “ကျွန်တော်ဟာ လမ်းခရီး ဖြစ်တယ်။ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်” ဆိုပြီး ယေရှု ရိုးရိုးလေး ပြောတယ်။ ရိုးရိုးလေးဆိုပေမဲ့ သိပ်အရေးကြီးတယ်။ “ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး” လို့ ဆက်ပြောတာကို သတိရပါ။ (ယောဟန် ၁၄:၆) ဒီစကားတွေဟာ ယေရှု ပြောတဲ့အချိန်တုန်းကကော ဒီနေ့အချိန်မှာပါ အရေးပါတယ်။ ယေရှုနောက် လိုက်ရင် ဘယ်တော့မှ လမ်းပျောက်မှာ မဟုတ်ဘူးဆိုတာ စိတ်ချနိုင်တယ်။ “အဖဘုရားဆီ” ရောက်ဖို့ လမ်းပြပေးနိုင်တဲ့ တစ်ယောက်တည်းသော လမ်းပြဟာ ယေရှု ဖြစ်လို့ပဲ။

သင် ဘာလုပ်မလဲ

၁၈။ ယေရှုရဲ့ နောက်လိုက်စစ် ဖြစ်ချင်ရင် ဘာလုပ်ရမလဲ။

၁၈ ယေရှု အရေးပါတဲ့ အခန်းကဏ္ဍ ရထားလို့၊ အဖဘုရားအကြောင်း ကောင်းကောင်း သိလို့ ယေရှုနောက် ကျွန်တော်တို့ လိုက်သင့်တယ်။ ရှေ့အခန်းမှာ သိခဲ့တဲ့အတိုင်း ယေရှုရဲ့ နောက်လိုက်စစ် ဖြစ်တယ်ဆိုတာ အပြောသက်သက်၊ ခံစားချက်သက်သက်နဲ့ မဟုတ်ဘဲ လုပ်ရပ်နဲ့ ပြရမယ်။ ယေရှု သွန်သင်တဲ့အတိုင်း လိုက်လျှောက်ရမယ်။ စံနမူနာကို အတုယူရမယ်။ (ယောဟန် ၁၃:၁၅) အဲဒီလို လိုက်လျှောက်အတုယူနိုင်ဖို့ ဒီစာအုပ်က ကူညီပေးပါမယ်။

၁၉၊ ၂၀။ ယေရှုနောက် လိုက်ဖို့ ဒီစာအုပ်က ဘယ်လို ကူညီပေးမလဲ။

၁၉ နောက်အခန်းတွေမှာ ယေရှု အသက်တာနဲ့ အမှုဆောင်လုပ်ငန်းအကြောင်း အသေးစိတ် လေ့လာသွားကြမယ်။ ဒီစာအုပ်မှာ အပိုင်းသုံးပိုင်း ခွဲထားတယ်။ ယေရှုရဲ့ အရည်အသွေးတွေ၊ လုပ်ပုံကိုင်ပုံတွေအကြောင်း အပိုင်း ၁ မှာ ပါတယ်။ ဟောပြောသွန်သင်တဲ့အခါ ယေရှု ဘယ်လောက် ဇွဲထက်သန်ကြောင်း အပိုင်း ၂ မှာ လေ့လာကြမယ်။ ယေရှု မေတ္တာ ပြခဲ့ပုံကို အပိုင်း ၃ မှာ ဆွေးနွေးကြမယ်။ အခန်း ၃ က စပြီး “ဘယ်လိုနည်းနဲ့ ယေရှုနောက် လိုက်နိုင်သလဲ” ဆိုတဲ့ လေးထောင့်ကွက် ပါတယ်။ ယေရှုရဲ့ အပြောအဆို၊ အပြုအမူကို ဘယ်လို အတုယူနိုင်ကြောင်း တွေးတောဆင်ခြင်ဖို့ အဲဒီမှာ ပါတဲ့ ကျမ်းချက်တွေ၊ မေးခွန်းတွေက ကူညီပေးပါမယ်။

၂၀ အပြစ် အမွေရထားပေမဲ့ လမ်းပျောက်မနေတော့လို့၊ ဘုရားနဲ့ ဝေးမနေတော့လို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ မိမိနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဘယ်လို ရနိုင်မလဲဆိုတာ ပြပေးဖို့ သားတော်ကို မြေကြီးပေါ် စေလွှတ်ခဲ့လို့သာ အဲဒီလို ဖြစ်နိုင်တာ။ (၁ ယောဟန် ၄:၉၊ ၁၀) ဒါကြောင့် “ကျွန်တော့်နောက်လိုက် လုပ်ပါ” ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံခြင်းအားဖြင့် ယေဟောဝါကို ချစ်တုံ့ပြန်ကြရအောင်။—ယောဟန် ၁:၄၃

a သားတော်ရဲ့ အခန်းကဏ္ဍ သိပ်အရေးပါလို့ ကျမ်းစာမှာ ဘွဲ့နာမည်အမျိုးမျိုးနဲ့ ခေါ်ထားတယ်။—“ ယေရှုခရစ်ရဲ့ ဘွဲ့နာမည်တချို့” လေးထောင့်ကွက်ကို ကြည့်ပါ။

b ဥပမာအနေနဲ့ မဿဲ ၁၀:၂၉-၃၁။ ၁၈:၁၂-၁၄၊ ၂၁-၃၅။ ၂၂:၃၆-၄၀ မှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ စကားတွေကို ကြည့်ပါ။