မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

“ကျမ်းစာမှာ ရေးထားတယ်”

“ကျမ်းစာမှာ ရေးထားတယ်”

“ခင်ဗျားတို့ အခု ကြားရတဲ့ ကျမ်းချက်ဟာ ဒီနေ့ ပြည့်စုံပြီ”

၁-၃။ နာဇရက်မြို့သားတွေကို ဘယ်အရေးကြီး အမှန်တရား ယေရှု သဘောပေါက်စေချင်သလဲ။ ဘာအထောက်အထား ပြသလဲ။

 အမှုဆောင်ချိန် အစောပိုင်းမှာ ဇာတိမြို့ နာဇရက်ကို ယေရှုခရစ် ပြန်လာတယ်။ အရေးကြီး အမှန်တရားတစ်ခု လူတွေ သဘောပေါက်အောင် ကူညီပေးဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာတာ။ မိမိဟာ နှစ်ပေါင်းများစွာကတည်းက ကြိုဟောထားတဲ့ မေရှိယ ဖြစ်တယ်ဆိုတဲ့ အမှန်တရားပါ။ ဘာအထောက်အထား ယေရှု ပြသလဲ။

အံ့ဖွယ်အမှု လုပ်ပြမယ်လို့ လူတွေ မျှော်လင့်ကြပုံပဲ။ ယေရှု အံ့ဖွယ်အမှုတွေ လုပ်ပြတယ်ဆိုတာ ကြားထားကြတာကိုး။ ဒါပေမဲ့ ယေရှု လုပ်မပြဘူး။ ထုံးစံအတိုင်း တရားဇရပ် သွားတယ်။ ကျမ်းစာ ဖတ်ဖို့ ထရပ်လိုက်တော့ ဟေရှာယကျမ်းလိပ် လှမ်းပေးကြတယ်။ ကျမ်းလိပ်က အရှည်ကြီးပဲ။ တုတ်နှစ်ချောင်းပေါ် ပတ်လိပ်ထားတာဆိုတော့ ဖတ်ချင်တဲ့ ကျမ်းပိုဒ် မတွေ့မချင်း ကျမ်းလိပ်ကို ဖြေတယ်။ တွေ့တော့ အသံကျယ်ကျယ် ဖတ်တယ်။ ဒီနေ့ခေတ် ကျမ်းစာရဲ့ ဟေရှာယ ၆၁:၁-၃ မှာ ပါတဲ့ ကျမ်းပိုဒ်ပါ။—လုကာ ၄:၁၆-၁၉

အဲဒီကျမ်းပိုဒ်ဟာ မေရှိယအကြောင်း ပရောဖက်ပြုချက်ဆိုတာ ပရိသတ် သိတယ်။ တရားဇရပ်မှာ ရှိသူအားလုံး ဘာအသံမှ မထွက်ဘဲ ယေရှုကို အာရုံစိုက် ကြည့်နေကြတယ်။ ဒါနဲ့ “ခင်ဗျားတို့ အခု ကြားရတဲ့ ကျမ်းချက်ဟာ ဒီနေ့ ပြည့်စုံပြီ” လို့ အစချီပြီး ယေရှု အသေးစိတ် ရှင်းပြတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ စကားတွေကြောင့် ပရိသတ် အံ့ဩသွားတယ်။ တော်တော်များများကတော့ အံ့ဖွယ်အမှု လုပ်ပြတာ မြင်ချင်နေကြတုန်းပဲ။ သူတို့ ယုံကြည်ခြင်း ကင်းမဲ့တာကို ကျမ်းစာနမူနာ သုံးပြီး ယေရှု သတ္တိရှိရှိ ဖော်ထုတ်တယ်။ မကြာဘူး၊ ယေရှုကို သတ်ဖို့ နာဇရက်မြို့သားတွေ ကြိုးစားကြတော့တယ်။—လုကာ ၄:၂၀-၃၀

၄။ ယေရှု ဘာစံနမူနာ ပြသလဲ။ ဒီအခန်းမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာကို အားထားခြင်းနဲ့ပတ်သက်ပြီး အဲဒီနေ့မှာ ယေရှု စံနမူနာ ပြတယ်။ အဲဒီနေ့မှာသာမက အမှုဆောင်ချိန်တစ်လျှောက်လုံး ပြတယ်။ မိမိနဲ့အတူ ဘုရားစွမ်းအားတော် ရှိကြောင်း သက်သေပြရာမှာ အံ့ဖွယ်အမှုတွေ အရေးပါတာ မှန်ပေမဲ့ ယေရှုအတွက် ကျမ်းစာ အရေးပါဆုံးပဲ။ ဒီကိစ္စမှာ ယေရှု ဘာစံနမူနာ ပြသလဲ ကြည့်ရအောင်။ ကျမ်းစာကို ယေရှု ဘယ်လို ကိုးကားတယ်၊ ကာကွယ်တယ်၊ ရှင်းပြတယ်ဆိုတာ ဆွေးနွေးသွားကြမယ်။

ကျမ်းစာကို ကိုးကားခြင်း

၅။ လူတွေကို ယေရှု ဘာသိစေချင်သလဲ။ မိမိ ပြောတဲ့ သတင်းစကား ဘုရားဆီက လာတယ်ဆိုတာ ဘယ်လို သက်သေထူသလဲ။

မိမိ ပြောတဲ့ သတင်းစကား ဘယ်က လာတယ်ဆိုတာ လူတွေကို ယေရှု သိစေချင်တယ်။ ဒါကြောင့် “ကျွန်တော် သင်ပေးနေတာတွေဟာ ကျွန်တော့်ရဲ့ တရား မဟုတ်ဘူး။ ကျွန်တော့်ကို စေလွှတ်လိုက်တဲ့ အရှင်ရဲ့ တရားတွေပဲ” လို့ ပြောတယ်။ (ယောဟန် ၇:၁၆) “ကိုယ်တိုင် အစပြုပြီး ဘာတစ်ခုမှ မလုပ်ဘူး၊ ကျွန်တော့်အဖ သင်ပေးတဲ့အတိုင်း ပြောတယ်” လို့လည်း ပြောတယ်။ (ယောဟန် ၈:၂၈) ဒါ့အပြင် “ကျွန်တော် ပြောတဲ့အရာတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ပြောတာ မဟုတ်ဘူး၊ ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်တဲ့ အဖဘုရားရဲ့ လုပ်ဆောင်မှုတွေပဲ” လို့ ဆိုတယ်။ (ယောဟန် ၁၄:၁၀) မိမိ ပြောတဲ့ သတင်းစကား ဘုရားဆီက လာတယ်ဆိုတာ ယေရှု သက်သေထူတဲ့ တစ်နည်းကတော့ ကျမ်းစာကို မကြာခဏ ကိုးကားတာပဲ။

၆၊ ၇။ (က) ဟီဘရူး ကျမ်းစောင်တွေကို ယေရှု ဘယ်လောက် ကိုးကားသလဲ။ ဘာကြောင့် လက်ဖျားခါစရာ ကောင်းသလဲ။ (ခ) ယေရှု သွန်သင်တာနဲ့ ကျမ်းတတ်တွေ သွန်သင်တာ ဘယ်လို ကွာသလဲ။

ယေရှုစကားတွေကို သေသေချာချာ ဆန်းစစ်ကြည့်တဲ့အခါ ဟီဘရူး ကျမ်းစောင် ထက်ဝက်ကျော်ကို တိုက်ရိုက်ကိုးကားတာ၊ သွယ်ဝိုက်ရည်ညွှန်းတာ တွေ့ရတယ်။ ‘လက်ဖျားခါရလောက်တဲ့အထိလည်း မဟုတ်ပါဘူး။ အမှုဆောင်ချိန် သုံးနှစ်ခွဲအတွင်း ဟီဘရူး ကျမ်းစောင် အားလုံး ဘာလို့ မကိုးကားသလဲ’ ဆိုပြီး တွေးမိမယ်။ ကိုးကားချင် ကိုးကားခဲ့မှာပေါ့။ ယေရှု ပြောတာ၊ လုပ်တာ နည်းနည်းလောက်ကိုပဲ ကျမ်းစာမှာ မှတ်တမ်းတင်ထားတာ။ (ယောဟန် ၂၁:၂၅) မှတ်တမ်းတင်ထားသလောက် ယေရှုစကားအားလုံးကို အသံထွက် ဖတ်ရင် နာရီပိုင်းနဲ့တောင် ပြီးတယ်။ ဘုရားသခင်နဲ့ နိုင်ငံတော်အကြောင်း နာရီပိုင်းအတွင်း တစ်ယောက်ယောက်ကို သင် ပြောပြနေတယ်၊ အဲဒီနာရီပိုင်းအတွင်းမှာပဲ ဟီဘရူး ကျမ်းစောင် ထက်ဝက်ကျော် ကိုးကားရမယ်လို့ မြင်ယောင်ကြည့်ပါ။ လွယ်မလွယ် သိမယ်။ ဒါ့အပြင် ယေရှုလက်ထဲ ကျမ်းလိပ် အချိန်ပြည့် မရှိဘူး။ နာမည်ကြီး တောင်ပေါ် တရားတော် ဟောတုန်းက ဟီဘရူး ကျမ်းစောင်တွေထဲက ကျမ်းပိုဒ် အများကြီးကို တိုက်ရိုက်ကော သွယ်ဝိုက်ပြီးတော့ပါ အလွတ် ကိုးကားခဲ့တာ။

ယေရှုရဲ့ ကိုးကားချက်တွေ ကြည့်ရင် ကျမ်းစာကို ဘယ်လောက် လေးမြတ်တယ်ဆိုတာ ပေါ်တယ်။ “ကျမ်းတတ်တွေလို မဟုတ်ဘဲ အခွင့်အာဏာ ရှိသူလို သွန်သင်တဲ့အတွက် လူတွေက သူ့ရဲ့ သွန်သင်ပုံကို အံ့ဩကြတယ်။” (မာကု ၁:၂၂) ကျမ်းတတ်တွေ သွန်သင်တဲ့အခါ နှုတ်တိုက်ပညတ်လို့ ခေါ်တဲ့ ရှေးပညာရှင် ရဗ္ဗိတွေရဲ့ အဆိုကို ကိုးကားကြတယ်။ ယေရှုကတော့ နှုတ်တိုက်ပညတ်ကိုကော ရဗ္ဗိတွေရဲ့ အဆိုကိုကော တစ်ခါမှ အားကိုးအားထား မလုပ်ဘူး။ ကျမ်းစာသာ အခိုင်လုံဆုံး အထောက်အထား ဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့် နောက်လိုက်တွေကို သွန်သင်တဲ့အခါ၊ အတွေးအခေါ်မှားတွေ တည့်မတ်ပေးတဲ့အခါ “ကျမ်းစာမှာ ရေးထားတယ်” လို့ ခဏခဏ ပြောတာ။

၈၊ ၉။ (က) ပြောဆိုပြုမူသမျှ ကျမ်းစာကို ယေရှု အားကိုးအားထားတယ်ဆိုတာ ဗိမာန်တော်ကို ရှင်းလင်းချိန်မှာ ဘယ်လို ပေါ်လွင်သလဲ။ (ခ) ဘာသာရေး ခေါင်းဆောင်တွေ ကျမ်းစာကို လုံးဝ မလေးစားဘူးဆိုတာ ဘယ်လို သိရသလဲ။

ဂျေရုဆလင် ဗိမာန်တော်ကို ရှင်းလင်းချိန်မှာ “‘ငါ့အိမ်ကို ဆုတောင်းရာအိမ်လို့ ခေါ်ကြမယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့ကတော့ ဓားပြ ခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ” လို့ ယေရှု ပြောတယ်။ (မဿဲ ၂၁:၁၂၊ ၁၃။ ဟေရှာယ ၅၆:၇။ ယေရမိ ၇:၁၁) အဲဒီနေ့ မတိုင်ခင် အဲဒီနေရာမှာ ယေရှု အံ့ဖွယ်အမှု အများကြီး လုပ်တယ်။ ကလေးတွေ အံ့ဩသဘောကျလွန်းလို့ ချီးမွမ်းကြတယ်။ ကလေးတွေ ပြောနေတာ ကြားရဲ့လားဆိုပြီး ဘာသာရေး ခေါင်းဆောင်တွေ ဒေါသတကြီး မေးတော့ “ကြားတာပေါ့။ ‘ကလေးငယ်တွေနဲ့ နို့စို့ကလေးတွေရဲ့ နှုတ်ကနေ ချီးမွမ်းစကား ထွက်စေတယ်’ ဆိုတဲ့ စကားကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား” လို့ ယေရှု ပြန်ပြောတယ်။ (မဿဲ ၂၁:၁၆။ ဆာလံ ၈:၂) ကျမ်းစာမှာ ကြိုဟောထားတဲ့အတိုင်း ကလေးတွေ လုပ်နေတာ ဖြစ်မှန်း သူတို့ကို ယေရှု သိစေချင်တယ်။

နောက်တော့ ဘာသာရေး ခေါင်းဆောင်တွေ စုပြီး “ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တာလဲ” လို့ မေးကြတယ်။ (မဿဲ ၂၁:၂၃) ဘာအခွင့်အာဏာနဲ့ ယေရှု လုပ်တယ်ဆိုတာ ရှင်းနေတာပဲ။ အယူဝါဒသစ်တွေ ထွင်ပြီး သင်နေတာလည်း မဟုတ်ဘူး။ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ဖခင် ရေးသားစေတဲ့ ကျမ်းစာကိုပဲ ရှင်းပြနေတာ။ ယေဟောဝါနဲ့ ကျမ်းစာကို ပုရောဟိတ်တွေ၊ ကျမ်းတတ်တွေ လုံးဝ မလေးစားတာ ထင်ရှားတယ်။ သူတို့ စိတ်ရင်း မကောင်းတာကို ယေရှု အပြစ်တင်တယ်။ တကယ် အပြစ်တင်ခံထိုက်သူတွေပဲ။—မဿဲ ၂၁:၂၃-၄၆

၁၀။ ကျမ်းစာ သုံးတာနဲ့ပတ်သက်ပြီး ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ ယေရှုမှာ မရှိတဲ့ ဘယ်ကိရိယာတွေ ကျွန်တော်တို့မှာ ရှိသလဲ။

၁၀ ဒီနေ့ခေတ် ခရစ်ယာန်စစ်တွေလည်း ဟောပြောတဲ့အခါ ယေရှုလိုပဲ ကျမ်းစာကို အားထားကြတယ်။ ယေဟောဝါသက်သေတွေဟာ တခြားသူတွေကို ကျမ်းစာ သတင်းတရား သိပ်ပြောပြချင်ကြတယ်ဆိုပြီး ကမ္ဘာတစ်ဝန်းမှာ လူသိများတယ်။ အဖွဲ့အစည်း စာပေတွေမှာ ကျမ်းစာ ကိုးကားချက်၊ ရည်ညွှန်းချက် အများကြီး ပါတယ်။ အမှုဆောင်မှာလည်း လူတွေနဲ့ စကားပြောခွင့် ရတိုင်း ကျမ်းစာ သုံးဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (၂ တိမောသေ ၃:၁၆) ကျမ်းစာ ဖတ်ပြခွင့်၊ ရှင်းပြခွင့်၊ အကျိုးပြုပုံ ပြောပြခွင့် ရတဲ့အခါ ဝမ်းသာကြတယ်။ ယေရှုလို စုံလင်တဲ့ မှတ်ဉာဏ် မရှိပေမဲ့ ယေရှုမှာ မရှိခဲ့တာတွေ ကျွန်တော်တို့မှာ ရှိတယ်။ ဘာသာစကားများစွာနဲ့ တိုးတိုးပြီး ပုံနှိပ်ထုတ်ဝေနေတဲ့ ကျမ်းစာ အပြည့်အစုံ ရှိတယ်။ ရှာချင်တဲ့ ကျမ်းပိုဒ် အလွယ်တကူ တွေ့ဖို့ ကူညီပေးတဲ့ ကျမ်းစာအထောက်အကူပြု ကိရိယာတွေ ရှိတယ်။ ဒါကြောင့် အခွင့်အရေး ရတိုင်း လူတွေကို ကျမ်းစာ ကိုးကားပြီး ပြောပြဖို့၊ ကျမ်းစာ ဖတ်ပြဖို့ ဆုံးဖြတ်ထားကြရအောင်။

ကျမ်းစာကို ကာကွယ်ခြင်း

၁၁။ ကျမ်းစာကို ယေရှု ဘာကြောင့် ခဏခဏ ကာကွယ်ရသလဲ။

၁၁ ကျမ်းစာနဲ့ပတ်သက်ပြီး စာတန်နဲ့ စာတန့်နောက်လိုက်တွေ ခဏခဏ ပြဿနာ ရှာတာ ယေရှု သိတယ်။ ဒါပေမဲ့ မအံ့ဩဘူး။ ဖခင်ဆီ ဆုတောင်းချိန်မှာ “အဖရဲ့ တရားစကားဟာ အမှန်တရား ဖြစ်ပါတယ်” လို့ ပြောတယ်။ (ယောဟန် ၁၇:၁၇) “ဒီလောကရဲ့မင်း” စာတန်ဟာ “မုသားပြောသူ၊ မုသားရဲ့အဖ” ဆိုတာ ကောင်းကောင်း သိတယ်။ (ယောဟန် ၈:၄၄။ ၁၄:၃၀) စာတန် သွေးဆောင်တာကို ငြင်းတုန်းက ကျမ်းစာကို ယေရှု သုံးကြိမ် ကိုးကားတယ်။ ဆာလံကျမ်းထဲက အခန်းငယ်တစ်ခုကို စာတန် ကိုးကားပြီး တမင်တကာ တလွဲ သုံးတယ်။ ကျမ်းစာကို အဲဒီလို တလွဲ သုံးတာ ယေရှု မခံဘူး။ ကာကွယ်တယ်။—မဿဲ ၄:၆၊ ၇

၁၂-၁၄။ (က) မောရှေပညတ်ကို မလေးစားကြောင်း ဘာသာရေး ခေါင်းဆောင်တွေ ဘယ်လို ပြသလဲ။ (ခ) ကျမ်းစာကို ယေရှု ဘယ်လို ကာကွယ်သလဲ။

၁၂ ကျမ်းစာကို တလွဲ သုံးကြလို့၊ တလွဲ အဓိပ္ပာယ် ကောက်ကြလို့ ယေရှု ခဏခဏ ကာကွယ်ရတယ်။ ယေရှုခေတ်က ဘာသာရေး ဆရာတွေဆိုရင် ကျမ်းစာကို တလွဲ ဖော်ပြကြတယ်။ မောရှေပညတ်ကို လှေနံဓားထစ် လိုက်နာဖို့ ဖိပြီး သင်ပေးကြတယ်။ ပညတ်နောက်ကွယ်က ကျမ်းစာ အခြေခံမူတွေ လိုက်နာဖို့တော့ သင်မပေးကြဘူး။ အပေါ်ယံ ဝတ်ပြုရေး ပုံစံကို အားပေးအားမြှောက် လုပ်ကြတယ်။ တရားမျှတတာ၊ သနားကရုဏာ ပြတာ၊ သစ္စာရှိတာစတဲ့ ပိုအရေးကြီးတာတွေထက် လူမြင်ကောင်းရုံ ကိစ္စတွေကို အလေးပေးကြတယ်။ (မဿဲ ၂၃:၂၃) ဘုရားပညတ်ကို ယေရှု ဘယ်လို ကာကွယ်သလဲ။

၁၃ တောင်ပေါ် တရားတော် ဟောတုန်းက မောရှေပညတ်မှာ ပါတဲ့ အချက်တစ်ခုခု ပြောဖို့ ‘ဒီစကားကို ခင်ဗျားတို့ ကြားဖူးပါတယ်’ ဆိုပြီး ယေရှု အစချီတာ ခဏခဏ တွေ့ရတယ်။ အဲဒီနောက် “ဒါပေမဲ့ ကျွန်တော် ပြောမယ်” ဆိုပြီး စကားဆက်တယ်။ ပညတ်နောက်ကွယ်က အရေးကြီး ကျမ်းစာ အခြေခံမူကို ရှင်းပြတယ်။ ပညတ် မှားတယ်လို့ ယေရှု ပြောနေတာလား။ မဟုတ်ဘူး။ ကာကွယ်နေတာ။ ဥပမာ၊ “လူ့အသက် မသတ်နဲ့” ဆိုတဲ့ ပညတ်ကို လူတွေ ကောင်းကောင်း သိကြတယ်။ ဒါပေမဲ့ လူကို မုန်းတာဟာ ပညတ်ရဲ့ အခြေခံမူကို ချိုးဖောက်တာပဲလို့ ယေရှု ပြောတယ်။ အဲဒီလိုပဲ၊ အိမ်ထောင်ဖက် မဟုတ်သူကို တပ်မက်စွဲလမ်းတာဟာ အိမ်ထောင်ရေး မဖောက်ပြန်နဲ့ဆိုတဲ့ ပညတ်ရဲ့ အခြေခံမူကို ချိုးဖောက်တာ ဖြစ်တယ်။—မဿဲ ၅:၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၇-၃၉

၁၄ “‘လူလူချင်းကို ချစ်ပါ။ ရန်သူကိုတော့ မုန်းပါ’ ဆိုတဲ့ စကားကို ခင်ဗျားတို့ ကြားဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောမယ်။ ရန်သူကို ချစ်မြဲ ချစ်ပါ။ ကိုယ့်ကို နှိပ်စက်သူတွေအတွက် အမြဲ ဆုတောင်းပေးပါ” လို့လည်း ယေရှု ပြောတယ်။ (မဿဲ ၅:၄၃၊ ၄၄) “ရန်သူကိုတော့ မုန်းပါ” ဆိုတာ ကျမ်းစာမှာ ပါသလား။ မပါဘူး။ ဘာသာရေး ခေါင်းဆောင်တွေ ထွင်ပြီး သင်ပေးထားကြတာ။ ဘုရားရဲ့ ပြည့်ဝစုံလင်တဲ့ ပညတ်ကို လူ့အတွေးအခေါ်နဲ့ ရောလိုက်ကြတာ။ လူ့ထုံးတမ်းစဉ်လာတွေနဲ့ ရောလိုက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေကနေ ကျမ်းစာကို ယေရှု သတ္တိရှိရှိ ကာကွယ်တယ်။—မာကု ၇:၉-၁၃

၁၅။ ဘုရားပညတ် တရားလွန် တောင်းဆိုတယ်၊ တင်းကျပ်တယ်လို့ အထင်ခံရတဲ့ အဖြစ်ကနေ ကာကွယ်ဖို့ ယေရှု ဘာလုပ်သလဲ။

၁၅ ဘုရားပညတ် တရားလွန် တောင်းဆိုတယ်၊ တင်းကျပ်တယ်လို့ ထင်ရအောင်လည်း ဘာသာရေး ခေါင်းဆောင်တွေ လုပ်ကြတယ်။ ယေရှုတပည့်တွေ လယ်ကွက်ထဲ ဖြတ်လျှောက်သွားတုန်း ကောက်နှံနည်းနည်း ဆွတ်ခူးတာ မြင်တော့ ဥပုသ်ပညတ် ချိုးဖောက်ပါတယ်ဆိုပြီး ဖာရိရှဲတချို့ အပြစ်တင်ကြတယ်။ အဲဒီလိုမျိုး ဘုရားပညတ် တစ်ဖက်စောင်းနင်း အမြင်ခံရတဲ့ အဖြစ်ကနေ ကာကွယ်ဖို့ ကျမ်းစာနမူနာတစ်ခု ယေရှု သုံးတယ်။ ဗိုက်ဆာနေတဲ့ ဒါဝိဒ်နဲ့ သူ့လူတွေ ရှေ့တော်မုန့် စားခဲ့ကြတယ်ဆိုတဲ့ ကျမ်းစာ ဖော်ပြချက်ကို သုံးတာ။ ဒါဟာ သန့်ရှင်းရာဌာန ပြင်ပ ရှေ့တော်မုန့် စားတာနဲ့ပတ်သက်ပြီး တစ်ခုတည်းသော ကျမ်းစာ ဖော်ပြချက်ပဲ။ ယေဟောဝါ သနားကရုဏာ ရှိတယ်ဆိုတာ ဖာရိရှဲတွေ နားမလည်မှန်း ယေရှု ထောက်ပြခဲ့တယ်။—မာကု ၂:၂၃-၂၇

၁၆။ ကွာရှင်းခြင်းနဲ့ပတ်သက်တဲ့ မောရှေပညတ်ကို ဘာသာရေး ခေါင်းဆောင်တွေ ဘယ်လို ခုတုံးလုပ်သလဲ။ ယေရှု ဘယ်လို တုံ့ပြန်သလဲ။

၁၆ ဘုရားပညတ် လိုက်စရာ မလိုအောင်လည်း ဘာသာရေး ခေါင်းဆောင်တွေ ဉာဏ်ဆင်ကြတယ်။ ဥပမာ၊ ဇနီးဆီမှာ “အပြစ်တင်စရာတစ်ခုခု” တွေ့ရင်၊ တစ်နည်းအားဖြင့် မိသားစုကို အရှက်ရစေတဲ့ အမှားကြီး လုပ်ထားတာ တွေ့ရင် ဇနီးကို ကွာရှင်းဖို့ ပညတ်တရား ခွင့်ပြုတယ်။ (တရားဟောရာ ၂၄:၁) ဒါပေမဲ့ ဘာအကြောင်းရင်းနဲ့ဖြစ်ဖြစ် ဇနီးကို ကွာရှင်းဖို့ ယေရှုခေတ်က ဘာသာရေး ခေါင်းဆောင်တွေ အဲဒီပညတ်ကို ခုတုံးလုပ်ကြတယ်။ ညစာ တူးသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တောင် ကွာရှင်းခွင့် ပြုကြတယ်။ a စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ မောရှေစကားတွေကို တလွဲ အဓိပ္ပာယ် ဖွင့်နေတာပဲလို့ ယေရှု ထောက်ပြတယ်။ အိမ်ထောင်ဟာ တစ်လင်တစ်မယားစနစ် ဖြစ်ရမယ်၊ ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းဟာ လိင်အကျင့်ယိုယွင်းမှု ဖြစ်တယ်ဆိုတဲ့ ယေဟောဝါရဲ့ မူလ စံနှုန်းကို ပြောပြတယ်။—မဿဲ ၁၉:၃-၁၂

၁၇။ ကျမ်းစာကို ကာကွယ်ရာမှာ ယေရှုကို ခရစ်ယာန်တွေ ဘယ်လို အတုယူနိုင်သလဲ။

၁၇ ဒီနေ့ခေတ် ခရစ်တော်နောက်လိုက်တွေလည်း ကျမ်းစာမြတ်ကို အလိမ်အညာတွေကနေ ကာကွယ်ချင်ကြတယ်။ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ကျမ်းစာစံနှုန်းတွေ ခေတ်နောက်ကျသွားပြီလို့ ဘာသာရေး ခေါင်းဆောင်တွေ ပြောတာဟာ ကျမ်းစာ အသုံးမဝင်တော့ဘူး၊ မလိုတော့ဘူးလို့ ပြောနေတာပဲ။ ကျမ်းစာကို တိုက်ခိုက်နေတာပဲ။ အမှားတွေ သင်ပေးပြီး ကျမ်းစာမှာပဲ ပါသလိုလို လုပ်တာလည်း ကျမ်းစာကို တိုက်ခိုက်တာပဲ။ စင်ကြယ်တဲ့ ကျမ်းစာ အမှန်တရားကို ကာကွယ်ရတာ အခွင့်ထူးလို့ ကျွန်တော်တို့ သဘောထားကြတယ်။ ဥပမာ၊ ဘုရားဟာ သုံးပါးပေါင်းတစ်ဆူ မဟုတ်ဘူးဆိုတာမျိုးပေါ့။ (တရားဟောရာ ၄:၃၉) ဒါပေမဲ့ နူးညံ့တဲ့သဘော၊ အလွန်လေးစားတဲ့သဘောနဲ့ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့ ကာကွယ်ပြောဆိုကြတယ်။—၁ ပေတရု ၃:၁၅

ကျမ်းစာကို ရှင်းပြခြင်း

၁၈၊ ၁၉။ ကျမ်းစာကို ယေရှု ချက်ကျလက်ကျ ရှင်းပြနိုင်မှန်း ဥပမာ ပြောပြပါ။

၁၈ ဟီဘရူး ကျမ်းစောင်တွေ ရေးတုန်းက ယေရှု ကောင်းကင်မှာ။ မြေကြီးပေါ် လာပြီး ကျမ်းစာ ရှင်းပြခွင့် ရလို့ သိပ်ဝမ်းသာမှာပဲ။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် အမှတ်ရစရာ နေ့တစ်နေ့အကြောင်း စဉ်းစားကြည့်ပါ။ ဧမောက်ရွာ သွားတဲ့ လမ်းမှာ တပည့်နှစ်ယောက်နဲ့ ဆုံတယ်။ ယေရှုကို သူတို့ မမှတ်မိကြဘူး။ ချစ်ရတဲ့ သခင် ဆုံးသွားလို့ ဝမ်းနည်းနေတဲ့အကြောင်း၊ ဇဝေဇဝါ ဖြစ်နေတဲ့အကြောင်း ပြောကြတယ်။ ယေရှု ဘာလုပ်သလဲ။ “သူနဲ့ပတ်သက်ပြီး ကျမ်းစောင်တွေထဲမှာ ရေးထားသမျှကို ရှင်းပြတယ်။ မောရှေနဲ့ ပရောဖက်တွေ ရေးခဲ့တဲ့ ကျမ်းစောင်တွေကနေ စပြီး ရှင်းပြတယ်။” သူတို့ ဘယ်လို ခံစားရသလဲ။ “လမ်းမှာ ငါတို့ကို သူ စကားတွေ ပြောပြီး ကျမ်းချက်တွေ အသေအချာ ရှင်းပြတုန်းက ငါတို့ ရင်ထဲမှာ လှိုက်ဆူသွားတာပဲ မဟုတ်လား” လို့ နောက်ပိုင်းမှာ အချင်းချင်း ပြောကြတယ်။—လုကာ ၂၄:၁၅-၃၂

၁၉ အဲဒီနေ့မှာပဲ တမန်တော်တွေနဲ့ တခြားသူတွေကို ယေရှု တွေ့တယ်။ ဘာလုပ်သလဲ။ “ကျမ်းချက်တွေရဲ့ အဓိပ္ပာယ်ကို အပြည့်အဝ နားလည်နိုင်အောင် သူတို့ရဲ့ ဉာဏ်ကို ဖွင့်ပေးတယ်။” (လုကာ ၂၄:၄၅) မိမိတို့ကိုကော နားထောင်ချင်စိတ် ရှိသူတွေကိုပါ ယေရှု အဲဒီလို အဓိပ္ပာယ် ရှင်းပြခဲ့တဲ့ အချိန်အခါ အများကြီးကို တပည့်တွေ ပြန်သတိရသွားကြမှာ သေချာတယ်။ သိပြီးသား ကျမ်းပိုဒ်တွေတောင် ယေရှု ကောင်းကောင်း ရှင်းပြလို့ သူတို့ မျက်စိပွင့် နားပွင့် ဖြစ်လာကြတယ်။ အသစ်အသစ်တွေ သိလာကြတယ်။ ကျမ်းစာကို ပိုသဘောပေါက်လာကြတယ်။

၂၀၊ ၂၁။ မီးလောင်နေတဲ့ ချုံပုတ်နား မောရှေကို ယေဟောဝါ ပြောတဲ့ စကားနဲ့ပတ်သက်ပြီး ယေရှု ဘယ်လို ရှင်းပြသလဲ။

၂၀ တစ်ခေါက် ဇဒ္ဒုကဲ အုပ်စုတစ်စုနဲ့ ယေရှု စကားပြောတယ်။ ဇဒ္ဒုကဲတွေဟာ ဂျူးပုရောဟိတ်တွေနဲ့ ဆက်နွှယ်နေတဲ့ ဂျူးဘာသာရေးဂိုဏ်း ဖြစ်ပြီး ရှင်ပြန်ထမြောက်ခြင်းကို မယုံဘူး။ “သေလွန်သူတွေ ရှင်ပြန်ထမြောက်လာမှာနဲ့ပတ်သက်ပြီး ဘုရားသခင်က၊ ‘ငါဟာ အာဗြဟံရဲ့ ဘုရား၊ အိဇက်ရဲ့ ဘုရား၊ ယာကုပ်ရဲ့ ဘုရားပဲ။’ ဘုရားသခင်ဟာ သေလွန်သူတွေရဲ့ ဘုရား မဟုတ်ဘူး။ အသက်ရှင်သူတွေရဲ့ ဘုရား ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါကို ခင်ဗျားတို့ မဖတ်ဖူးဘူးလား” ဆိုပြီး ယေရှု ပြောတယ်။ (မဿဲ ၂၂:၃၁၊ ၃၂) ဒါ သူတို့ ကောင်းကောင်း သိတဲ့ ကျမ်းပိုဒ်ပဲ။ သူတို့ ကြည်ညိုလေးစားတဲ့ မောရှေ ရေးခဲ့တာ။ ယေရှု ရှင်းပြတာ ထိမိတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၂၁ ဘီစီ ၁၅၁၄ လောက်မှာ မီးလောင်နေတဲ့ ချုံပုတ်နား ယေဟောဝါနဲ့ မောရှေ စကားပြောတယ်။ (ထွက်မြောက်ရာ ၃:၂၊ ၆) အဲဒီအချိန်မှာ အာဗြဟံ သေတာ ၃၂၉ နှစ်၊ အိဇက် သေတာ ၂၂၄ နှစ်၊ ယာကုပ် သေတာ ၁၉၇ နှစ် ရှိပြီ။ ဒါပေမဲ့ ‘ငါဟာ သူတို့ရဲ့ ဘုရား ဖြစ်တယ်’ လို့ ယေဟောဝါ ပြောနေတုန်းပဲ။ လူသေရင် စိတ်ကူးယဉ် ဘုံလောက ရောက်သွားတယ်၊ အဲဒီဘုံလောကကို တိတ္ထိဘုရားတွေ ထိန်းချုပ်ထားတယ်လို့ တချို့ ယူဆကြတယ်။ အဲဒီတိတ္ထိဘုရားတွေနဲ့ ယေဟောဝါ မတူမှန်း ဇဒ္ဒုကဲတွေ သိကြတယ်။ ယေရှု ပြောသလိုပဲ ယေဟောဝါဟာ “အသက်ရှင်သူတွေရဲ့ ဘုရား ဖြစ်တယ်။” ဘာအဓိပ္ပာယ်လဲ။ “ဘုရားသခင်ရဲ့ အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်။” ယေရှု နိဂုံးချုပ် ပြောလိုက်တဲ့ အဲဒီစကား သိပ်ထိမိတယ်။ (လုကာ ၂၀:၃၈) ချစ်ရတဲ့ သေလွန်သူ ကျေးကျွန်တွေဟာ ယေဟောဝါရဲ့ အတိုင်းအဆ မရှိတဲ့၊ မမေ့ပျောက်နိုင်တဲ့ မှတ်ဉာဏ်ထဲမှာ ရှိနေကြတယ်။ သူတို့ကို အသက်ပြန်ရှင် စေမယ်ဆိုတဲ့ ရည်ရွယ်ချက် ပြည့်စုံလာမှာ သေချာလွန်းလို့ သေလွန်သူတွေအကြောင်း ပြောတဲ့အခါ အသက်ရှင်နေသူတွေအလား ယေဟောဝါ ရည်ညွှန်းတာ။ (ရောမ ၄:၁၆၊ ၁၇) ရှင်းပြပုံ သိပ်ထိမိတယ် မဟုတ်လား။ ယေရှုရဲ့ သွန်သင်ပုံကို လူအုပ် “အံ့ဩကြတာ” မဆန်းပါဘူး။—မဿဲ ၂၂:၃၃

၂၂၊ ၂၃။ (က) ယေရှုကို အတုယူပြီး ကျမ်းစာကို ဘယ်လို ရှင်းပြနိုင်သလဲ။ (ခ) နောက်အခန်းမှာ ဘာအကြောင်း လေ့လာကြမလဲ။

၂၂ ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ ယေရှုလို ပြည့်ဝစုံလင်တဲ့ ဉာဏ် မရှိကြဘူး။ ဒါပေမဲ့ ယေရှုရဲ့ ကျမ်းစာ ရှင်းပြနည်းကို အတုယူခွင့် ရှိကြတယ်။ လူတွေ သိပြီးသား ကျမ်းပိုဒ်တစ်ပိုဒ် ဖတ်ပြပြီး သူတို့ တစ်ခါမှ မစဉ်းစားဖူးတဲ့ အချက်တွေ ရှင်းပြပေးခွင့် ရကြတယ်။ ဥပမာ၊ ဘုရားနာမည် မသိ၊ နိုင်ငံတော် ဘာမှန်း မသိနဲ့ “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော” ဆိုပြီး တစ်သက်လုံး ရွတ်နေသူတွေ ရှိတယ်။ (မဿဲ ၆:၉၊ ၁၀ယုဒသန်ကျမ်း) နားထောင်ချင်သူတွေကို အဲဒီလို ကျမ်းစာ အမှန်တရားတွေ ရိုးရိုးရှင်းရှင်း ရှင်းပြရတာ ကျွန်တော်တို့အတွက် အခွင့်ထူးပဲ။

၂၃ တခြားသူတွေကို အမှန်တရား ပြောပြတဲ့အခါ ယေရှုကို အတုယူနိုင်တဲ့ အရေးကြီးဆုံး နည်းကတော့ ကျမ်းစာကို ကိုးကားတာ၊ ကာကွယ်တာ၊ ရှင်းပြတာပဲ။ နားထောင်သူတွေ ကျမ်းစာ အမှန်တရား သဘောပေါက်ဖို့၊ မြတ်နိုးလာဖို့ ယေရှု သုံးတဲ့ နည်းလမ်းကောင်းတချို့ ဆက်လေ့လာကြရအောင်။

a ပထမရာစု သမိုင်းပညာရှင် ဂျိုစီဖတ်စ်ကိုယ်တိုင်ဟာ ကွာရှင်းထားတဲ့ ဖာရိရှဲ ဖြစ်တယ်။ “ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် ကွာရှင်းလို့ ရတယ် (အမျိုးသားတွေမှာ အကြောင်းပြချက် အများကြီး ရှိတယ်)” လို့ ပြောတယ်။