မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂

“ပုံဥပမာ မပါဘဲ သူ မဟောဘူး”

“ပုံဥပမာ မပါဘဲ သူ မဟောဘူး”

၁-၃။ (က) ယေရှုနဲ့ တတွဲတွဲ သွားလာတဲ့ တပည့်တွေမှာ ဘာအခွင့်ထူး ရှိသလဲ။ သွန်သင်ချက်တွေ မှတ်မိရ လွယ်အောင် ယေရှု ဘာလုပ်သလဲ။ (ခ) ထိရောက်တဲ့ ပုံဥပမာတွေကို ဘာကြောင့် လွယ်လွယ် မမေ့ကြသလဲ။

 ယေရှုနဲ့ တတွဲတွဲ သွားလာတဲ့ တပည့်တွေမှာ အခွင့်ထူးတစ်ခု ရှိတယ်။ ကြီးမြတ်တဲ့ ဆရာဆီကနေ တိုက်ရိုက် သင်ယူခွင့်ပါ။ ကျမ်းစာ အဓိပ္ပာယ် ရှင်းပြတာ၊ စိတ်လှုပ်ရှားစရာ အမှန်တရားတွေ သင်ပေးတာ နားနဲ့ ဆတ်ဆတ် ကြားကြရတယ်။ ယေရှုစကားတွေကို မှတ်တမ်းတင်ထားတာ မရှိသေးလို့ အလွတ် မှတ်မိနေမှ ရမယ်။ a မှတ်မိရ လွယ်အောင် ယေရှု လုပ်ပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ အထူးသဖြင့်၊ ပုံဥပမာတွေ ကျွမ်းကျွမ်းကျင်ကျင် သုံးခြင်းအားဖြင့်ပါ။

ထိရောက်တဲ့ ပုံဥပမာတွေကို လူတွေ လွယ်လွယ် မမေ့ကြဘူး။ ပုံဥပမာတွေက “နားနဲ့ ကြားတာကို မျက်စိထဲ မြင်ယောင်စေတယ်၊” “စိတ်ထဲမှာ ရုပ်လုံးပေါ်လာစေတယ်” လို့ စာရေးဆရာတစ်ယောက် ပြောတယ်။ စိတ်ကူးပုံဖော်လိုက်ရင် ခက်ခဲနက်နဲတဲ့ အယူအဆတွေတောင် လွယ်လွယ် နားလည်လာတယ်။ စကားလုံးတွေ အသက်ဝင်လာတယ်။ သင်ခန်းစာကို အကြာကြီး မှတ်မိတယ်။

ပုံဥပမာ သုံးတဲ့နေရာမှာ ယေရှုခရစ်လောက် ကျွမ်းတဲ့သူ ကမ္ဘာပေါ်မှာ မရှိဘူး။ ယေရှုရဲ့ ပုံဥပမာတွေကို ဒီနေ့အထိ မှတ်မိနေကြတုန်းပဲ။ ဘာကြောင့် ပုံဥပမာ အများကြီး သုံးပြီး သင်ပေးသလဲ။ ပုံဥပမာတွေ ဘာကြောင့် ထိမိသလဲ။ ဘယ်လို အတုယူနိုင်မလဲ။

ယေရှု ဘာကြောင့် ပုံဥပမာတွေ သုံးပြီး သင်ပေးသလဲ

၄၊ ၅။ ယေရှု ဘာကြောင့် ပုံဥပမာတွေ သုံးသလဲ။

ယေရှု ပုံဥပမာတွေ သုံးရတဲ့ အဓိက အကြောင်းရင်း နှစ်ခုကို ကျမ်းစာကနေ သိရတယ်။ ပထမ၊ ကြိုဟောချက် ပြည့်စုံစေဖို့။ ‘ယေရှုက အဲဒီအကြောင်းအရာ အားလုံးကို ပုံဥပမာတွေ သုံးပြီး လူအုပ်ကို ဟောပြောတယ်။ ပုံဥပမာ မပါဘဲ သူ မဟောဘူး။ ဒါကြောင့် “ငါက နှုတ်ကို ဖွင့်ပြီး ပုံဥပမာတွေ ပြောမယ်” ဆိုပြီး ပရောဖက်ကတစ်ဆင့် ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်’ လို့ မဿဲ ၁၃:၃၄၊ ၃၅ က ဆိုတယ်။ မဿဲ ပြောတဲ့ ပရောဖက်ဆိုတာ ဆာလံ ၇၈:၂ ကို ရေးတဲ့သူ ဖြစ်တယ်။ ယေရှု မမွေးခင် ရာစုနှစ်ချီကတည်းက အဲဒီလို ကြိုဟောဖို့ ဆာလံကျမ်းရေးသူကို စွမ်းအားတော် လမ်းညွှန်တယ်။ ပုံဥပမာတွေနဲ့ မေရှိယ သွန်သင်ဟောပြောဖို့ ရာစုနှစ်များစွာကတည်းက ယေဟောဝါ ကြိုတင်သတ်မှတ်ထားတာပဲ။ ဒီသွန်သင်နည်းကို ယေဟောဝါ နှစ်သက်တာ သေချာတယ်။

ဒုတိယ၊ ‘စိတ်တံခါး ပိတ်’ နေသူတွေကို ခွဲထုတ်ဖို့။ (မဿဲ ၁၃:၁၀-၁၅။ ဟေရှာယ ၆:၉၊ ၁၀) ယေရှုရဲ့ ပုံဥပမာတွေက လူတွေရဲ့ စိတ်ရင်းကို ဘယ်လို ဖော်ထုတ်ပေးသလဲ။ ပိုနားလည်ချင်သူတွေ မေးခွန်း မေးပါစေဆိုပြီး တစ်ခါတလေ ယေရှု ပုံဥပမာတွေ သုံးတယ်။ အဲဒီအခါ နှိမ့်ချသူတွေ လာမေးကြတယ်။ မာနကြီးသူ၊ စိတ်မဝင်စားသူဆိုရင်တော့ လာမမေးကြဘူး။ (မဿဲ ၁၃:၃၆။ မာကု ၄:၃၄) ဒါကြောင့် ယေရှုရဲ့ ပုံဥပမာတွေက အမှန်တရား ဆာငတ်သူတွေကို အမှန်တရား ဖော်ပြတယ်။ မာနကြီးသူတွေကိုတော့ ဖုံးကွယ်ထားတယ်။

၆။ ယေရှုရဲ့ ပုံဥပမာတွေ ထိရောက်ရတဲ့ နောက်အကြောင်းရင်းက ဘာလဲ။

ယေရှုရဲ့ ပုံဥပမာတွေ ထိရောက်ရတဲ့ နောက်အကြောင်းရင်း ရှိသေးတယ်။ စိတ်ဝင်စားစရာကောင်းပြီး နားထောင်ချင်စိတ် ပေါ်လာစေလို့ပဲ။ ဒါ့အပြင် ခက်ခဲနက်နဲတဲ့ အယူအဆတွေကို ပုံဖော်ဖို့၊ နားလည်ဖို့ လွယ်ကူစေတယ်။ အစပိုင်းမှာ ဖော်ပြခဲ့သလို အကြာကြီး မှတ်မိနေစေတယ်။ မဿဲ ၅:၃–၇:၂၇ မှာ မှတ်တမ်းတင်ထားတဲ့ တောင်ပေါ်တရားတော်ကိုပဲ နမူနာ ကြည့်ပါ။ ပုံဥပမာ အများကြီး သုံးထားတယ်။ တင်စားချက် ၅၀ ကျော် ပါတယ်လို့ မှတ်တမ်းတစ်ခုက ဆိုတယ်။ အဲဒီတရားတော်ကို မိနစ် ၂၀ လောက်တည်းနဲ့ အသံထွက် ဖတ်နိုင်တယ်ဆိုတာ သတိရပါ။ စက္ကန့် ၂၀ ကို တင်စားချက်တစ်ခု သုံးသွားတဲ့ သဘောပဲ။ ပုံဥပမာ သုံးခြင်းရဲ့ တန်ဖိုးကို ယေရှု သိတာ ထင်ရှားတယ်။

၇။ ယေရှုကို အတုယူပြီး ပုံဥပမာတွေ ဘာကြောင့် သုံးသင့်သလဲ။

ကျွန်တော်တို့ဟာ ခရစ်တော်နောက်လိုက် ဖြစ်လို့ ခရစ်တော်လိုပဲ ပုံဥပမာ သုံးပြီး သွန်သင်ပေးချင်ကြတယ်။ ဟင်းခတ်အမွှေးအကြိုင်က ဟင်းကို အရသာ ပိုရှိသွားစေသလိုပဲ ထိရောက်တဲ့ ပုံဥပမာက ဟောနေတဲ့ အကြောင်းအရာကို စွဲမက်စရာ ပိုကောင်းသွားစေတယ်။ သေသေချာချာ ရွေးချယ်စဉ်းစားထားတဲ့ ပုံဥပမာက အရေးကြီး အမှန်တရားတွေကို နားလည်လွယ်စေတယ်။ ယေရှုရဲ့ ပုံဥပမာတွေကို ထိရောက်စေတဲ့ အချက်တချို့ သုံးသပ်ကြည့်ရအောင်။ ကျွန်တော်တို့လည်း ဒီသွန်သင်နည်းကို ဘယ်လို ထိထိရောက်ရောက် သုံးနိုင်သလဲ သိလာမယ်။

ရိုးရှင်းတဲ့ နှိုင်းယှဉ်ချက်တွေ သုံးခြင်း

ကျွန်တော်တို့ကို ဘုရား ဂရုစိုက်ကြောင်း သင်ပေးဖို့ ငှက်တွေ၊ ပန်းပင်တွေ သုံးပြီး ယေရှု ဘယ်လို ဥပမာ ပေးသလဲ

၈၊ ၉။ ရိုးရှင်းတဲ့ နှိုင်းယှဉ်ချက်တွေကို ယေရှု ဘယ်လို သုံးသလဲ။ ယေရှုရဲ့ နှိုင်းယှဉ်ချက်တွေ ဘာကြောင့် ထိရောက်သလဲ။

ရိုးရှင်းတဲ့၊ စကားလုံး နည်းနည်းပဲ လိုတဲ့ နှိုင်းယှဉ်ချက်တွေ ယေရှု သုံးလေ့ရှိတယ်။ ဒါပေမဲ့ အဲဒီရိုးရှင်းတဲ့ နှိုင်းယှဉ်ချက်တွေက နားထောင်သူတွေရဲ့ စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ရုပ်လုံးပေါ်လာစေတယ်။ ဘုရားသခင်အကြောင်း အရေးကြီး အမှန်တရားတွေ ရှင်းရှင်းလင်းလင်း သဘောပေါက်စေတယ်။ ဥပမာ၊ နေ့စဉ် လိုအပ်ရာအတွက် မစိုးရိမ်ဖို့ တပည့်တွေကို အားပေးတဲ့အခါ “ငှက်တွေ၊” “တောနှင်းပန်းတွေ” နဲ့ နှိုင်းယှဉ်ပြတယ်။ ငှက်တွေ မျိုးစေ့မကြဲဘူး။ မရိတ်သိမ်းဘူး။ နှင်းပန်းတွေလည်း ချည်မငင်ဘူး။ မရက်လုပ်ဘူး။ ဒါပေမဲ့ ဘုရား ဂရုစိုက်တယ်။ ငှက်တွေ၊ ပန်းတွေကို ဘုရား ဂရုစိုက်တယ်ဆိုရင် ‘နိုင်ငံတော် အမြဲ ဦးစားထား’ သူတွေကို ဂရုစိုက်စောင့်ရှောက်မှာ သေချာတယ်။—မဿဲ ၆:၂၆၊ ၂၈-၃၃

ဥပစာတွေလည်း ယေရှု သုံးတယ်။ ဥပစာဆိုတာ တစ်စုံတစ်ခုကို တခြားအရာတစ်ခုနဲ့ ထပ်တူပြု ပြောတာ ဖြစ်တယ်။ ပိုထိရောက်တဲ့ နှိုင်းယှဉ်နည်း ဖြစ်တယ်။ ဥပစာတွေကိုလည်း ရိုးရှင်းတာပဲ ယေရှု သုံးတယ်။ တစ်ခေါက် “ခင်ဗျားတို့ဟာ လောကရဲ့ အလင်းပဲ” လို့ တပည့်တွေကို ပြောတယ်။ အဓိပ္ပာယ်ကို တပည့်တွေ ကောင်းကောင်း နားလည်ကြမှာ သေချာတယ်။ အပြောအဆို၊ အပြုအမူအားဖြင့် ကျမ်းစာ အမှန်တရားအလင်း ထွန်းလင်းစေကြရမယ်။ ဘုရားဘုန်း ချီးမွမ်းစရာ ဖြစ်စေကြရမယ်။ (မဿဲ ၅:၁၄-၁၆) “ခင်ဗျားတို့ဟာ လောကရဲ့ ဆားပဲ၊” “ကျွန်တော်ဟာ စပျစ်ပင်၊ စပျစ်ကိုင်းတွေပေါ့” စတဲ့ ဥပစာတွေကိုလည်း သတိပြုပါ။ (မဿဲ ၅:၁၃။ ယောဟန် ၁၅:၅) ရိုးရိုးလေးနဲ့ ထိရောက်တယ်။

၁၀။ တခြားသူတွေကို သွန်သင်ပေးတဲ့အခါ သုံးနိုင်တဲ့ ပုံဥပမာတချို့ ပြောပြပါ။

၁၀ ပုံဥပမာတွေ ကျွန်တော်တို့ ဘယ်လို သုံးနိုင်သလဲ။ ရှည်လျားရှုပ်ထွေးတဲ့ ပုံဥပမာတွေ စဉ်းစားဖို့ မလိုပါဘူး။ ရိုးရှင်းတဲ့ နှိုင်းယှဉ်ချက်တွေပဲ စဉ်းစားကြည့်ပါ။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဆွေးနွေးနေတယ် ဆိုပါစို့။ လူသေတွေ ထမြောက်ပေးဖို့ ယေဟောဝါအတွက် မခက်ဘူးဆိုတာ ဥပမာ ပေးချင်နေတယ်။ ဘာစဉ်းစားမိသလဲ။ သေတာကို အိပ်ပျော်တာနဲ့ ကျမ်းစာမှာ နှိုင်းယှဉ်ထားတယ်။ “အိပ်ပျော်နေသူကို နှိုးရတာ လွယ်သလိုပဲ လူသေကို အသက်ပြန်ရှင်အောင် လုပ်ပေးရတာ ဘုရားအတွက် လွယ်တယ်” လို့ ပြောနိုင်တယ်။ (ယောဟန် ၁၁:၁၁-၁၄) ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာဖို့ မေတ္တာ လိုတယ်ဆိုတာ ဥပမာ ပေးချင်တယ် ဆိုပါစို့။ ဘာဥပမာ သုံးလို့ ရသလဲ။ သားသမီးတွေကို “သံလွင်အညွန့်တွေ” နဲ့ ကျမ်းစာမှာ နှိုင်းယှဉ်ထားတယ်။ (ဆာလံ ၁၂၈:၃) “အပင်တစ်ပင်အတွက် နေရောင်ခြည်နဲ့ ရေ အရေးကြီးသလို ကလေးတစ်ယောက်အတွက် မေတ္တာ အရေးကြီးတယ်” လို့ ပြောနိုင်တယ်။ နှိုင်းယှဉ်ချက် ရိုးရှင်းလေ ဆိုလိုရင်း နားလည်ဖို့ လွယ်လေပဲ။

နေ့စဉ်ဘဝနဲ့ နီးစပ်တဲ့ ပုံဥပမာ သုံးခြင်း

၁၁။ ဂါလိလဲနယ်မှာ ကြီးလာတုန်းက မြင်တွေ့တာတွေကို ပုံဥပမာမှာ ယေရှု ဘယ်လို ထည့်သုံးသလဲ။

၁၁ လူတွေရဲ့ နေ့စဉ်ဘဝနဲ့ နီးစပ်တဲ့ ပုံဥပမာ သုံးရာမှာ ယေရှု သိပ်ကျွမ်းတယ်။ ပုံဥပမာ တော်တော်များများဟာ ဂါလိလဲနယ်မှာ ကြီးလာတုန်းက နေ့တိုင်း မြင်တွေ့ရတာတွေ။ ဥပမာ၊ မိခင် ကြိတ်ဆုံ ကြိတ်တာ၊ တဆေး ထည့်ပြီး မုန့်ညက် နယ်တာ၊ ဆီမီးခွက် ထွန်းတာ၊ တံမြက်စည်း လှည်းတာ ခဏခဏ တွေ့မှာပဲ။ (မဿဲ ၁၃:၃၃။ ၂၄:၄၁။ လုကာ ၁၅:၈) ဂါလိလဲအိုင်မှာ တံငါသည်တွေ ပိုက်ကွန်ချတာ၊ စျေးမှာ ကလေးတွေ ကစားတာလည်း ခဏခဏ မြင်မှာပဲ။ (မဿဲ ၁၃:၄၇။ ၁၁:၁၆) မျိုးစေ့ကြဲတာ၊ မင်္ဂလာပွဲမှာ ဧည့်ခံကျွေးမွေးတာ၊ ကောက်နှံ ရင့်မှည့်လာတာလည်း တွေ့ဖူးမှာ သေချာတယ်။ တွေ့ဖူးမြင်ဖူးတာတွေကို ပုံဥပမာ တော်တော်များများမှာ ယေရှု ထည့်သုံးတယ်။—မဿဲ ၁၃:၃-၈။ ၂၅:၁-၁၂။ မာကု ၄:၂၆-၂၉

၁၂၊ ၁၃။ လူသားချင်း ချစ်တဲ့ မေတ္တာပြသူ ရှမာရိလူအကြောင်း ပုံဥပမာမှာ ဆိုလိုရင်း ပေါ်လွင်စေဖို့ “ဂျေရုဆလင်မြို့ကနေ ယေရိခေါမြို့” သွားတဲ့ လမ်းအကြောင်း ယေရှု ဘာကြောင့် ပြောသလဲ။

၁၂ နားထောင်သူတွေ ရင်းနှီးပြီးသား အချက်ကို ပုံဥပမာမှာ ယေရှု ထည့်ပြောတယ်။ လူသားချင်း ချစ်တဲ့ မေတ္တာပြသူ ရှမာရိလူအကြောင်း ပုံဥပမာမှာ “လူတစ်ယောက်က ဂျေရုဆလင်မြို့ကနေ ယေရိခေါမြို့ကို ဆင်းသွားတဲ့အခါ လမ်းမှာ ဓားပြတွေနဲ့ တိုးတယ်။ ဓားပြတွေက သူ့အဝတ်ပါမကျန် ချွတ်ယူကြတယ်။ သူ့ကို ရိုက်နှက်ပြီး သေလုမြောပါး ဖြစ်တော့မှ ပစ်ထားခဲ့ကြတယ်” လို့ ပြောတယ်။ (လုကာ ၁၀:၃၀) “ဂျေရုဆလင်မြို့ကနေ ယေရိခေါမြို့” သွားတဲ့ လမ်းအကြောင်း ပြောတာ သတိပြုပါ။ ယုဒနယ်၊ ဂျေရုဆလင်မြို့နဲ့ မလှမ်းမကမ်းနေရာ ရောက်နေတုန်း ဒီပုံဥပမာ ပြောတာ။ အဲဒီလမ်းကို နားထောင်သူတွေ သေချာပေါက် သိကြတယ်။ အထူးသဖြင့်၊ အဖော်မပါတဲ့ ခရီးသွားတွေအတွက် အဲဒီလမ်း အန္တရာယ် ရှိမှန်း သိကြမှာပဲ။ အကွေ့အကောက် များပြီး လူပြတ်လို့ ဓားပြတွေ ချောင်းမြောင်းစောင့်နေတတ်ကြတယ်။

၁၃ “ဂျေရုဆလင်မြို့ကနေ ယေရိခေါမြို့” သွားတဲ့ လမ်းနဲ့ပတ်သက်ပြီး လူသိများပြီးသား တခြားအချက်တွေလည်း ယေရှု ထည့်ပြောတယ်။ ပုရောဟိတ်တစ်ယောက်၊ အဲဒီနောက် လေဝိအမျိုးသားတစ်ယောက် အဲဒီလမ်းအတိုင်း လာပေမဲ့ ဒဏ်ရာရသူကို မကူညီကြဘူးလို့ ပုံဥပမာမှာ ပြောတယ်။ (လုကာ ၁၀:၃၁၊ ၃၂) ပုရောဟိတ်တွေက ဂျေရုဆလင် ဗိမာန်တော်မှာ အမှုဆောင်ကြပြီး လေဝိအမျိုးသားတွေက ကူညီပေးကြတယ်။ ဗိမာန်တော်မှာ အမှုမဆောင်ချိန်တွေဆိုရင် ဂျေရုဆလင်မြို့နဲ့ ၁၄ မိုင်လောက်ပဲ ဝေးတဲ့ ယေရိခေါမြို့မှာ နေကြတယ်။ ဒါကြောင့် ဒီလမ်းကို ခဏခဏ ဖြတ်ကြတယ်။ “ဂျေရုဆလင်မြို့ကနေ” တက်သွားတယ်လို့ မပြောဘဲ “ဆင်းသွား” တယ်လို့ ပြောတာလည်း သတိပြုပါ။ ဒါကိုလည်း နားထောင်သူတွေ သဘောပေါက်ကြတယ်။ ဂျေရုဆလင်မြို့ဟာ ယေရိခေါမြို့ထက် အထက်ပိုင်း ကျလို့ပဲ။ ဒါကြောင့် “ဂျေရုဆလင်မြို့ကနေ” လာတဲ့ ခရီးသည်ဟာ သေချာပေါက် အဆင်းလမ်း သွားရတယ်။ b နားထောင်သူတွေ ဘာသိထားသလဲ ယေရှု ထည့်တွက်တာ ရှင်းနေပါတယ်။

၁၄။ ပုံဥပမာ သုံးတဲ့အခါ နားထောင်သူတွေ ဘာသိထားသလဲဆိုတာ ဘာကြောင့် ထည့်တွက်ရမလဲ။

၁၄ ကျွန်တော်တို့လည်း ပုံဥပမာ သုံးတဲ့အခါ နားထောင်သူတွေ ဘာသိထားသလဲ ထည့်တွက်ဖို့ လိုတယ်။ ဘာတွေ ထည့်တွက်ပြီး ပုံဥပမာ ရွေးမလဲ။ အသက်အရွယ်၊ ယဉ်ကျေးမှု၊ မိသားစုနောက်ခံ၊ အလုပ်အကိုင် စတာတွေ ဖြစ်တယ်။ ဥပမာ၊ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပုံဥပမာကို မြို့ကြီးပြကြီးက လူတွေထက် လယ်ယာလုပ်တဲ့ ဒေသက လူတွေ ပိုနားလည်ကြမယ်။ နားထောင်သူတွေရဲ့ နေ့စဉ်ဘဝ၊ သားသမီး၊ အိမ်၊ ဝါသနာ၊ အစားအစာအကြောင်း စဉ်းစားလိုက်ရင် သူတို့နဲ့ ကိုက်တဲ့ ပုံဥပမာ ထွက်လာမယ်။

ဖန်ဆင်းရာတွေကို ပုံဥပမာပေးခြင်း

၁၅။ ဖန်ဆင်းရာတွေအကြောင်း ယေရှု ကောင်းကောင်း သိတာ ဘာကြောင့် မအံ့ဩသင့်သလဲ။

၁၅ အပင်၊ တိရစ္ဆာန်၊ ရာသီဥတု အပါအဝင် သဘာဝလောကအကြောင်း ယေရှု ကောင်းကောင်း သိမှန်း သုံးသွားတဲ့ ပုံဥပမာတွေမှာ ပေါ်တယ်။ (မဿဲ ၁၆:၂၊ ၃။ လုကာ ၁၂:၂၄၊ ၂၇) ဘာကြောင့် အဲဒီလောက် သိနေသလဲ။ ဂါလိလဲနယ်မှာ ကြီးလာလို့ ဖန်ဆင်းရာတွေ စူးစမ်းလေ့လာဖို့ အခွင့်အရေး အများကြီး ရခဲ့မှာ သေချာတယ်။ ဒါ့အပြင် ယေရှုဟာ “ဖန်ဆင်းရာအားလုံးမှာ သားဦး” ဖြစ်တယ်။ အရာခပ်သိမ်း ဖန်ဆင်းချိန်မှာ “ကျွမ်းကျင်လုပ်သားအဖြစ်” ယေရှုကို ယေဟောဝါ သုံးတယ်။ (ကောလောသဲ ၁:၁၅၊ ၁၆။ ပညာအလိမ္မာ ၈:၃၀၊ ၃၁) ဒါကြောင့် ဖန်ဆင်းရာတွေအကြောင်း ကောင်းကောင်း သိနေတာ။ သိထားတာတွေကို ဘယ်လို သုံးသလဲ ကြည့်ရအောင်။

၁၆၊ ၁၇။ (က) သိုးတွေရဲ့ စရိုက်ကို ယေရှု ကောင်းကောင်း သိမှန်း ဘာက ဖော်ပြသလဲ။ (ခ) သိုးထိန်းအသံကို သိုးတွေ တကယ် သိသလား။

၁၆ ကိုယ့်ကိုယ်ကိုယ် “သိုးထိန်းကောင်း၊” နောက်လိုက်တွေကို “သိုး” လို့ ယေရှု ခေါ်တယ်။ အိမ်မွေး သိုးတွေရဲ့ စရိုက်ကို ကောင်းကောင်း သိမှန်း ယေရှုစကားတွေက ဖော်ပြတယ်။ သိုးထိန်းနဲ့ သိုးတွေရဲ့ ရင်းနှီးမှုကို ယေရှု သိတယ်။ သိုးတွေဟာ စောင့်ရှောက်ခံချင်ကြတယ်။ အသာတကြည် အထိန်းအကျောင်း ခံကြတယ်။ သိုးထိန်းနောက် တကောက်ကောက် လိုက်ကြတယ်။ ဘာကြောင့်လဲ။ “သိုးတွေဟာ သူ့အသံကို သိတဲ့အတွက်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၁၀:၂-၄၊ ၁၁) သိုးထိန်းအသံကို သိုးတွေ တကယ် သိသလား။

၁၇ ကိုယ်တွေ့ မြင်ခဲ့တာကို စာအုပ်တစ်အုပ် (The Historical Geography of the Holy Land) မှာ ဂျော့ဂျ် အေ. စမစ်သ် ဒီလိုဖော်ပြတယ်– “တစ်ခါတလေ ယုဒနယ်က ရေတွင်း တစ်တွင်းတွင်းနားမှာ ကျွန်တော်တို့ နေ့လယ်နေ့ခင်း နားတယ်။ သိုးထိန်း သုံးလေးယောက် သိုးလာကျောင်းကြတယ်။ သိုးတွေ ရောနေလို့ ကိုယ့်သိုးကိုယ် ဘယ်လို ပြန်ခွဲမလဲ ကျွန်တော်တို့ တွေးမိတယ်။ သိုးတွေ ရေသောက်၊ ဆော့ကစားပြီးသွားတော့ သိုးထိန်းတွေ တောင်ကုန်းပေါ် တစ်ယောက် တစ်နေရာ ထွက်သွားကြတယ်။ တစ်ယောက် အသံတစ်မျိုးစီနဲ့ လှမ်းခေါ်တော့ သိုးတွေ ကိုယ့်သိုးထိန်းနောက် လိုက်ကြတယ်။ လာတုန်းကအတိုင်းပဲ။ အုပ်စုမှာ အကောင် လျော့လည်း မလျော့ဘူး။ ပိုလည်း ပါမသွားဘူး။” ယေရှု သိပ်ကောင်းတဲ့ ပုံဥပမာ ရွေးခဲ့တာပဲ။ ယေရှုရဲ့ သွန်သင်ချက်တွေကို ကျွန်တော်တို့ အသိအမှတ်ပြု၊ နာခံမယ်၊ ဦးဆောင်မှုနောက် လိုက်မယ်ဆိုရင် “သိုးထိန်းကောင်း” စောင့်ရှောက်ပေးမယ်။

၁၈။ ဖန်ဆင်းခြင်း လက်ရာတွေအကြောင်း အချက်အလက်တွေ ဘယ်မှာ တွေ့နိုင်သလဲ။

၁၈ ဖန်ဆင်းရာတွေကို သုံးပြီး ဘယ်လို ပုံဥပမာ ပေးရမလဲ။ တိရစ္ဆာန်တွေရဲ့ ထူးခြားတဲ့ စရိုက်ကို အခြေခံပြီး ရိုးရိုးရှင်းရှင်း၊ ထိထိမိမိ နှိုင်းယှဉ်ပြနိုင်တယ်။ ဖန်ဆင်းခြင်း လက်ရာတွေအကြောင်း အချက်အလက်တွေ ဘယ်မှာ တွေ့နိုင်သလဲ။ တိရစ္ဆာန် မျိုးစုံအကြောင်း မှတ်သားစရာ အများကြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ တစ်ခါတလေ တိရစ္ဆာန်တစ်ကောင်ရဲ့ စရိုက်နဲ့ ပုံဥပမာ ပေးတယ်။ ဒရယ်လို၊ ကျားသစ်လို လျင်မြန်တယ်၊ မြွေလို သတိကြီးတယ်၊ ချိုးငှက်လို အပြစ်ကင်းတယ် စသဖြင့် ဖော်ပြတယ်။ c (၁ ရာဇဝင်ချုပ် ၁၂:၈။ ဟဗက္ကုတ် ၁:၈။ မဿဲ ၁၀:၁၆) ဒါ့အပြင် ကင်းမျှော်စင်၊ နိုးလော့! မှာ၊ jw.org မှာ ရှိတဲ့ “အလိုလို ဖြစ်လာနိုင်ပါ့မလား” အပိုင်းထဲက ဆောင်းပါးတွေ၊ ဗီဒီယိုတွေမှာ အချက်အလက် တော်တော်များများ ရှိတယ်။ ဖန်ဆင်းခြင်းလက်ရာ တော်တော်များများကို အဲဒီစာပေ၊ ဗီဒီယိုတွေမှာ ဘယ်လို ရိုးရိုးရှင်းရှင်း နှိုင်းယှဉ်ဥပမာ ပေးထားသလဲ လေ့လာသင်ယူနိုင်တယ်။

လူသိများတဲ့ ဖြစ်ရပ်တွေ ပုံဥပမာ ပေးခြင်း

၁၉၊ ၂၀။ (က) အယူအဆမှားတစ်ခု ထောက်ပြဖို့ လောလောလတ်လတ် ဖြစ်ရပ် သုံးပြီး ယေရှု ဘယ်လို ဥပမာ ပေးသလဲ။ (ခ) တခြားသူတွေကို သွန်သင်တဲ့အခါ ဖြစ်ရပ်မှန်တွေ၊ တွေ့ကြုံမှုတွေ ကျွန်တော်တို့ ဘယ်လို သုံးနိုင်သလဲ။

၁၉ ဖြစ်ရပ်မှန်တွေဟာ ထိရောက်တဲ့ ပုံဥပမာတွေ ဖြစ်နိုင်တယ်။ အပြစ်ရှိလို့ အဖြစ်ဆိုး ကြုံရတာဆိုတဲ့ အယူအဆမှားကို ထောက်ပြဖို့ လောလောလတ်လတ် ဖြစ်ရပ်တစ်ခု သုံးပြီး ယေရှု ဥပမာ ပေးတယ်။ “ရှိလောင်မျှော်စင် ပြိုလဲလို့ ပိသေသွားတဲ့ လူ ၁၈ ယောက်ကရော။ ဂျေရုဆလင်မြို့မှာ နေတဲ့ လူတွေထက် သူတို့ ပိုအပြစ်ကြီးတယ်လို့ ခင်ဗျားတို့ ထင်နေသလား” လို့ ပြောတယ်။ (လုကာ ၁၃:၄) အဲဒီလူ ၁၈ ယောက်ဟာ အပြစ်တစ်ခုခု လုပ်မိတဲ့အတွက် ဘုရား ဒဏ်ခတ်လို့ သေရတာ မဟုတ်ဘူး။ “မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်” ကြုံလိုက်ရတာ။ (ဒေသနာ ၉:၁၁) နားထောင်နေသူတွေ ကောင်းကောင်း သိတဲ့ ဖြစ်ရပ်ကို ကိုးကားပြီး သွန်သင်ချက်အမှားကို ယေရှု ထောက်ပြလိုက်တယ်။

၂၀ တခြားသူတွေကို သွန်သင်တဲ့အခါ ဖြစ်ရပ်မှန်တွေ၊ တွေ့ကြုံမှုတွေ ကျွန်တော်တို့ ဘယ်လို သုံးနိုင်သလဲ။ ယေရှု ရောက်ရှိနေခြင်း နိမိတ်နဲ့ပတ်သက်တဲ့ ကြိုဟောချက် ပြည့်စုံမှု ဆွေးနွေးနေတယ် ဆိုပါစို့။ (မဿဲ ၂၄:၃-၁၄) စစ်၊ အစာခေါင်းပါးခြင်း ဒါမှမဟုတ် ငလျင်အကြောင်း လောလောလတ်လတ် သတင်း ကိုးကားပြီး နိမိတ် ပြည့်စုံနေမှုကို ပြောပြနိုင်တယ်။ ဒါမှမဟုတ် ပြောင်းလဲခြင်းလို့ ဆိုရာမှာ စရိုက်သစ် ဝတ်ဆင်ခြင်း ပါတယ်ဆိုတာ ပြောဖို့ တွေ့ကြုံမှု သုံးချင်နေတယ် ဆိုပါစို့။ (ဧဖက် ၄:၂၀-၂၄) တွေ့ကြုံမှုတွေ ဘယ်မှာ ရှာနိုင်သလဲ။ အသင်းတော်မှာ ညီအစ်ကို/မတွေ ဒီလောက် နောက်ခံ စုံတာ။ တစ်ယောက်ယောက်ရဲ့ တွေ့ကြုံမှု သုံးလို့ ရမလား စဉ်းစားကြည့်နိုင်တယ်။ အဖွဲ့အစည်းထုတ် စာပေတွေထဲက တွေ့ကြုံမှု သုံးနိုင်တယ်။ jw.org မှာ ရှိတဲ့ “ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး” ဆောင်းပါးတွဲထဲက တွေ့ကြုံမှု သုံးနိုင်တယ်။

၂၁။ ထိရောက်တဲ့ သွန်သင်သူ ဖြစ်မယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေ ရသလဲ။

၂၁ ယေရှုဟာ တကယ့်ကို အဟောအပြော၊ အသင်အပြ ကောင်းသူပါပဲ။ ဒီအပိုင်းမှာ သိခဲ့တဲ့အတိုင်း ‘နိုင်ငံတော် သတင်းကောင်း သွန်သင်ဟောပြောတာ’ ယေရှုရဲ့ အဓိက လုပ်ငန်း ဖြစ်တယ်။ (မဿဲ ၄:၂၃) ကျွန်တော်တို့ရဲ့ အဓိက လုပ်ငန်းလည်း ဖြစ်တယ်။ ထိရောက်တဲ့ သွန်သင်သူ ဖြစ်မယ်ဆိုရင် အကျိုးကျေးဇူး အများကြီး ရှိတယ်။ တခြားသူတွေကို သင်ပေးတာဟာ ပေးကမ်းနေတာပဲ။ ပေးကမ်းလို့ ကျွန်တော်တို့ ပျော်ကြတယ်။ (တမန်တော် ၂၀:၃၅) ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရား သင်ပေးနေတယ်ဆိုတဲ့ အသိကြောင့် ပျော်တာ။ ဘာကြောင့်လဲဆိုတော့ အဲဒီအမှန်တရားဟာ စစ်မှန်ပြီး သူတို့အတွက် တစ်သက်လုံး အကျိုးရှိတယ်။ ဒါ့အပြင် ကမ္ဘာပေါ် အသက်ရှင်သမျှမှာ အကြီးမြတ်ဆုံး ဆရာ ယေရှုရဲ့ စံနမူနာကို အတုယူနေတယ်ဆိုတဲ့ အသိကြောင့်လည်း ကျွန်တော်တို့ ကျေနပ်ကြတယ်။

a ယေရှု သေဆုံးပြီးနောက် ရှစ်နှစ်လောက်အကြာမှာ ရေးတဲ့ မဿဲ ခရစ်ဝင်ကျမ်းဟာ ယေရှုရဲ့ မြေကြီးအသက်တာအကြောင်း ဦးဆုံး မှတ်တမ်း ဖြစ်ပုံရတယ်။

b ပုရောဟိတ်နဲ့ လေဝိအမျိုးသား “ဂျေရုဆလင်မြို့ကနေ” လာတယ်လို့ ယေရှု ပြောတဲ့အတွက် ဗိမာန်တော်ကနေ ထွက်လာကြတာ။ ဒါကြောင့် တဒင်္ဂ ညစ်ညူးသွားပြီး ဗိမာန်တော်မှာ အမှုဆောင်လို့ မရတော့မှာ စိုးလို့ သေနေပုံပေါက်တဲ့ ဒီလူကို ရှောင်သွားတာပါဆိုပြီး ဘယ်သူမှ ဆင်ခြေပေးလို့ မရဘူး။—ဝတ်ပြုရာ ၂၁:၁။ တောလည်ရာ ၁၉:၁၆

c တိရစ္ဆာန်တွေရဲ့ စရိုက်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ သုံးထားတဲ့ ပုံဥပမာ အမျိုးမျိုး ထပ်ရှာချင်ရင် ယေဟောဝါသက်သေတွေ ထုတ်တဲ့ ထိုးထွင်းအမြင် (အင်္ဂလိပ်) အတွဲ ၁၊ စာမျက်နှာ ၂၆၈၂၇၀-၂၇၁ မှာ ကြည့်ပါ။