မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁

“သူ ဟောသလို ဘယ်သူမှ မဟောဖူးဘူး”

“သူ ဟောသလို ဘယ်သူမှ မဟောဖူးဘူး”

၁၊ ၂။ (က) အစောင့်ရဲမက်တွေ ယေရှုကို မဖမ်းဘဲ ဘာကြောင့် ပြန်လာကြသလဲ။ (ခ) ယေရှု ဘာကြောင့် အဟောအပြော ကောင်းသလဲ။

 ဗိမာန်တော်မှာ အဖဘုရားအကြောင်း ယေရှု သွန်သင်နေတယ်။ နားထောင်နေသူတွေထဲမှာ ယေရှုကို ယုံတဲ့သူနဲ့ ဖမ်းချင်တဲ့သူဆိုပြီး အုပ်စုကွဲသွားတယ်။ ဘာသာရေးခေါင်းဆောင်တွေ ဒေါသမထိန်းနိုင်တော့ဘဲ ယေရှုကို ဖမ်းဖို့ အစောင့်ရဲမက်တွေ လွှတ်လိုက်တယ်။ ဒါပေမဲ့ ယေရှုကို မဖမ်းဘဲ အစောင့်ရဲမက်တွေ ပြန်လာကြတယ်။ “သူ့ကို ဘာလို့ မဖမ်းခဲ့တာလဲ” လို့ ပုရောဟိတ်ကြီးတွေ၊ ဖာရိရှဲတွေ မေးတော့ “သူ ဟောသလို ဘယ်သူမှ မဟောဖူးဘူး” လို့ ဖြေကြတယ်။ အဟောအပြော ကောင်းတဲ့ ယေရှုကို မဖမ်းရက်ဘူး ဖြစ်နေကြတာ။ aယောဟန် ၇:၄၅၊ ၄၆

အစောင့်ရဲမက်တွေပဲ ယေရှု သွန်သင်ပုံကို အံ့ဩသဘောကျတာ မဟုတ်ဘူး။ ယေရှု သွန်သင်တာ နားထောင်ဖို့ လူအုပ်လိုက်ကြီး ရောက်လာကြတယ်။ (မာကု ၃:၇၊ ၉။ ၄:၁။ လုကာ ၅:၁-၃) ယေရှု ဘာကြောင့် ဒီလောက် အဟောအပြော ကောင်းသလဲ။ အခန်း ၈ မှာ သိခဲ့တဲ့အတိုင်း ကိုယ်ဟောတဲ့ တရားကို မြတ်နိုးလို့၊ ကိုယ်ဟောတဲ့ လူတွေကို ချစ်လို့ပဲ။ ဘယ်လို ဟောပြောသွန်သင်ရင် ထိရောက်မယ်ဆိုတာ သိနေလို့လည်း ပါတယ်။ ယေရှု သုံးတဲ့ နည်းလမ်းကောင်း သုံးခုက ဘာလဲ။ ဘယ်လို အတုယူနိုင်မလဲ။

ရိုးရှင်းခြင်း

၃၊ ၄။ (က) ယေရှု ဘာကြောင့် ရိုးရိုးရှင်းရှင်း သင်ပေးသလဲ။ (ခ) ယေရှု ရိုးရိုးရှင်းရှင်း သွန်သင်ကြောင်း တောင်ပေါ်တရားတော်က ဘယ်လို သက်သေထူသလဲ။

ယေရှုလို အသိပညာ ကြွယ်သူအနေနဲ့ ခပ်မြင့်မြင့် အသုံးအနှုန်းတွေ သုံးချင်ရင် သုံးလို့ ရတယ်။ ဒါပေမဲ့ နားထောင်သူ တော်တော်များများဟာ “ပညာမတတ်သူတွေ၊ သာမန်လူတွေ” ဖြစ်လို့ နားလည်ရ ခက်မယ့် စကားလုံးတွေ တစ်ခါမှ မသုံးဘူး။ (တမန်တော် ၄:၁၃) ဘယ်လောက်ဆိုရင် နားလည်မလဲ ထည့်တွက်တယ်။ ခေါင်းရှုပ်သွားတဲ့အထိ အချက်အလက် အများကြီး သင်မပေးဘူး။ (ယောဟန် ၁၆:၁၂) ရိုးရိုးရှင်းရှင်း ပြောတယ်။ ဒါပေမဲ့ လိုရင်း ရောက်တယ်။ အဓိပ္ပာယ် ပေါ်တယ်။

မဿဲ ၅:၃–၇:၂၇ မှာ မှတ်တမ်းတင်ထားတဲ့ တောင်ပေါ်တရားတော်အကြောင်း စဉ်းစားကြည့်ပါ။ တကယ် လေးနက်တဲ့ အကြောင်းအရာတွေ ပါတယ်။ ဒါပေမဲ့ ရှုပ်နေအောင် မပြောဘူး။ ကလေးတွေတောင် လွယ်လွယ် နားလည်နိုင်တယ်။ ဒါကြောင့်လည်း လယ်သမားတွေ၊ သိုးထိန်းတွေ၊ တံငါသည်တွေ ပါနိုင်တဲ့ နားထောင်သူ လူအုပ်က “ယေရှုရဲ့ သွန်သင်ပုံကို အံ့ဩကြ” တာ။—မဿဲ ၇:၂၈

၅။ ရိုးရှင်းသလောက် အဓိပ္ပာယ် ပြည့်ဝတဲ့ ယေရှုစကားတချို့ ဥပမာပေးပါ။

စကားလုံး ရိုးရိုးရှင်းရှင်း၊ ဝါကျ တိုတို သုံးပြီး တကယ့် အနှစ်ကိုပဲ ယေရှု သင်ပေးတယ်။ စာအုပ်နဲ့ လိုက်မှတ်လို့ မရတဲ့ အဲဒီခေတ်မှာ ယေရှုရဲ့ သွန်သင်ပုံကြောင့် မှတ်မိနေဖို့ လွယ်သွားတယ်။ ရိုးရှင်းသလောက် အဓိပ္ပာယ် ပြည့်ဝတဲ့ ယေရှုစကားတချို့ စဉ်းစားကြည့်ပါ။ “ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။” “ကျန်းမာသူတွေအတွက် သမားတော် မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။” “စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်။” “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ။” “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။” b (မဿဲ ၇:၁။ ၉:၁၂။ ၂၆:၄၁။ မာကု ၁၂:၁၇။ တမန်တော် ၂၀:၃၅) နှစ် ၂,၀၀၀ နီးပါးသာ ကြာသွားတယ်။ လူတွေ ပါးစပ်ဖျားမှာ စွဲနေတုန်းပဲ။

၆၊ ၇။ (က) ရိုးရိုးရှင်းရှင်း သွန်သင်နိုင်ဖို့ နားလည်လွယ်တဲ့ စကားလုံး ဘာကြောင့် သုံးရမလဲ။ (ခ) သင်သား ခေါင်းရှုပ်တဲ့အထိ အချက်အလက် အများကြီး သင်တာကို ဘယ်လို ရှောင်နိုင်သလဲ။

ကျွန်တော်တို့ ဘယ်လို ရိုးရိုးရှင်းရှင်း သွန်သင်နိုင်သလဲ။ တစ်နည်းကတော့ နားလည်လွယ်တဲ့ စကားလုံး သုံးတာပါ။ ကျမ်းစာ အခြေခံ အမှန်တရားတွေဟာ မရှုပ်ဘူး။ သေသေချာချာ ရွေးထားတဲ့ ရိုးရိုးရှင်းရှင်း စကားလုံးတွေနဲ့ ထိထိမိမိ ရှင်းပြလို့ ရတယ်။ စိတ်ရင်းမှန်သူ၊ နှိမ့်ချသူတွေကို မိမိရည်ရွယ်ချက် ယေဟောဝါ ဖွင့်ပြတယ်။—၁ ကောရိန္သု ၁:၂၆-၂၈

ရိုးရိုးရှင်းရှင်း သင်ပေးပါ

ရိုးရိုးရှင်းရှင်း သွန်သင်နိုင်ဖို့ဆိုရင် သင်သား ခေါင်းရှုပ်သွားတဲ့အထိ အချက်အလက် အများကြီး မသင်ပါနဲ့။ ကျမ်းစာ သင်တဲ့အခါ အသေးစိတ် အချက်အားလုံး ရှင်းမပြပါနဲ့။ တစ်ခါ သင်ရင် ဘယ်လောက် ပြီးရမယ်ဆိုပြီး အလောတကြီး မသင်ပါနဲ့။ သင်သားရဲ့ လိုအပ်ချက်၊ ခံယူနိုင်စွမ်းပေါ် မူတည်ပြီး ဆုံးဖြတ်ပါ။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က သင်သား ခရစ်တော်နောက်လိုက် ဖြစ်လာအောင်၊ ယေဟောဝါကို ဝတ်ပြုလာအောင် ကူညီပေးဖို့ပဲ။ အဲဒီလို ဖြစ်နိုင်ဖို့ဆိုရင် သင်တာတွေကို ကောင်းကောင်း သဘောပေါက်ဖို့ သင်သားကို အချိန် အလုံအလောက် ပေးရမယ်။ ဒါမှ သဘောပေါက်လာတာတွေကြောင့် စိတ်ထိမိပြီး လက်တွေ့ကျင့်ချင်လာမှာ။—ရောမ ၁၂:၂

မေးခွန်းကောင်းတွေ မေးခြင်း

၈၊ ၉။ (က) ယေရှု ဘာကြောင့် မေးခွန်း မေးသလဲ။ (ခ) ဗိမာန်တော်အခွန်ကိစ္စနဲ့ပတ်သက်ပြီး ပေတရု မှန်မှန်ကန်ကန် ကောက်ချက် ချတတ်ဖို့ ယေရှု ဘယ်လို မေးသလဲ။

ရှင်းပြလိုက်ရင် အချိန်ကုန် သက်သာပေမဲ့ ယေရှု မေးခွန်းတွေ မေးလေ့ရှိတယ်။ ယေရှု မေးခွန်း မေးလိုက်လို့ ဆန့်ကျင်သူတွေ သဘောယုတ်တာ ပေါ်ပြီး အသံတိတ်သွားတတ်တယ်။ (မဿဲ ၂၁:၂၃-၂၇။ ၂၂:၄၁-၄၆) တပည့်တွေ စိတ်ထဲ ရှိတဲ့အတိုင်း ပြောထွက်လာဖို့၊ စဉ်းစားတတ်အောင် လေ့ကျင့်ပေးဖို့လည်း မေးခွန်းတွေ မေးတယ်။ “ဘယ်လို ထင်သလဲ၊” “ဒါကို ယုံသလား” စသဖြင့် မေးတယ်။ (မဿဲ ၁၈:၁၂။ ယောဟန် ၁၁:၂၆) ယေရှုရဲ့ မေးခွန်းတွေကြောင့် သင်ပေးတာတွေကို တပည့်တွေ သဘောပေါက်မြတ်နိုးလာကြတယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။

ယေရှု ဗိမာန်တော်အခွန် ပေးသလားလို့ ပေတရုကို အခွန်ကောက်ခံသူတွေ မေးကြတယ်။ c “ပေးပါတယ်” လို့ ပေတရု ခပ်သွက်သွက်ပဲ ဖြေလိုက်တယ်။ ဒါပေမဲ့ လေးလေးနက်နက် စဉ်းစားတတ်အောင် “ရှိမုန်၊ ခင်ဗျား ဘယ်လို ထင်သလဲ။ ဘုရင်တွေက အခွန်အကောက် အမျိုးမျိုးကို ဘယ်သူ့ဆီကနေ ကောက်ခံသလဲ။ ကိုယ့်သားတွေဆီကနေလား၊ တခြားသူတွေဆီကနေလား” ဆိုပြီး ယေရှု ကျိုးကြောင်းဆင်ခြင်ပြတယ်။ “တခြားသူတွေဆီကနေ ကောက်ပါတယ်” လို့ ပေတရု ဖြေတော့ ယေရှုက “မှန်တယ်၊ ဘုရင့်သားတွေက အခွန်ပေးစရာ မလိုဘူး” လို့ ပြောတယ်။ (မဿဲ ၁၇:၂၄-၂၇) မေးခွန်းတွေကို ပေတရု ဒက်ခနဲ ဖြေနိုင်တယ်။ ဘုရင့်သားတွေ အခွန် ပေးစရာ မလိုမှန်း သိပြီးသားကိုး။ အဲဒီလိုပဲ ကောင်းကင်ဘုံစံ ဘုရင် ယေဟောဝါကို ဗိမာန်တော်မှာ လူတွေ လာဝတ်ပြုကြတယ်။ ယေရှုဟာ အဲဒီဘုရင်ရဲ့ တစ်ဦးတည်းသော သား ဖြစ်လို့ အခွန်ပေးစရာ မလိုဘူး။ ပေတရု မှန်မှန်ကန်ကန် ကောက်ချက် ချတတ်ဖို့၊ နောက်နောင် မဖြေခင် စဉ်းစားတတ်ဖို့ ယေရှု အဖြေမှန် တန်းမပြောဘဲ မေးခွန်းတွေ မေးတာ။

အိမ်ရှင် စိတ်ဝင်စားတာနဲ့ ကိုက်မယ့် မေးခွန်း မေးပါ

၁၀။ တစ်အိမ်တက်ဆင်း အမှုဆောင် သွားတဲ့အခါ မေးခွန်းတွေ ဘယ်လို ထိထိရောက်ရောက် သုံးနိုင်သလဲ။

၁၀ အမှုဆောင်မှာ ကျွန်တော်တို့ မေးခွန်းတွေ ဘယ်လို ထိထိရောက်ရောက် သုံးနိုင်သလဲ။ တစ်အိမ်တက်ဆင်း အမှုဆောင် သွားတဲ့အခါ သတင်းကောင်း ပြောပြဖို့ လမ်းကြောင်း ပွင့်လာအောင် မေးခွန်းတွေ မေးနိုင်တယ်။ ဥပမာ၊ သက်ကြီးတစ်ယောက်နဲ့ ဆုံတယ်ဆိုရင် “ဦးတို့/အဒေါ်တို့ ငယ်ငယ်တုန်းကနဲ့ အခု ကမ္ဘာ့အခြေအနေ ဘာတွေ ပြောင်းလဲသွားပြီလဲ” လို့ လေးလေးစားစား မေးနိုင်တယ်။ ဖြေတာကို စောင့်ပြီးနောက် “နေပျော်စရာ ကမ္ဘာကြီး ဖြစ်လာဖို့ ဘာလိုတယ်လို့ ထင်သလဲ” ဆိုပြီး မေးနိုင်တယ်။ (မဿဲ ၆:၉၊ ၁၀) သားငယ်သမီးငယ် ရှိတဲ့ မိခင်နဲ့ ဆုံတယ်ဆိုရင် “ကလေးတွေ ကြီးလာတဲ့အခါ ဒီလောကကြီး ဘယ်လို ဖြစ်နေမလဲ စဉ်းစားဖူးသလား” လို့ မေးနိုင်တယ်။ (ဆာလံ ၃၇:၁၀၊ ၁၁) အိမ်တစ်အိမ် ဝင်တဲ့အခါ အကဲခတ်တတ်ရင် အိမ်ရှင် စိတ်ဝင်စားတာနဲ့ ကိုက်မယ့် မေးခွန်း မေးနိုင်မယ်။

၁၁။ ကျမ်းစာ သင်ပေးတဲ့အခါ မေးခွန်းတွေ ဘယ်လို ထိထိရောက်ရောက် သုံးနိုင်သလဲ။

၁၁ ကျမ်းစာ သင်ပေးတဲ့အခါ မေးခွန်းတွေ ဘယ်လို ထိထိရောက်ရောက် သုံးနိုင်သလဲ။ သေသေချာချာ စဉ်းစားရွေးချယ်ထားတဲ့ မေးခွန်းတွေက သင်သား စိတ်ထဲမှာ ဘာရှိသလဲ သိဖို့ ကူညီပေးတယ်။ (ပညာအလိမ္မာ ၂၀:၅) ဥပမာ၊ ပျော်စရာဘဝ ထာဝရ စံစားကြ d စာအုပ်၊ “အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံ” သင်ခန်းစာ ၄၃ လေ့လာနေတယ် ဆိုပါစို့။ အရက် သောက်ကြူးခြင်း၊ မူးယစ်ခြင်းနဲ့ပတ်သက်ပြီး ဘုရားအမြင်ကို အဲဒီအခန်းမှာ ဆွေးနွေးထားတယ်။ ကျမ်းစာ သွန်သင်ချက် သဘောပေါက်မပေါက် သင်သားရဲ့ အဖြေကနေ သိနိုင်တယ်။ ဒါပေမဲ့ သဘောကော တူသလား။ “ဒီကိစ္စနဲ့ပတ်သက်လို့ ဘုရားအမြင်က ခင်ဗျား/ရှင့်အတွက် အကျိုးသင့်အကြောင်းသင့် ရှိရဲ့လား၊” “အခု သိလာတာကို အသက်တာမှာ ဘယ်လိုအသုံးချချင်သလဲ” လို့ မေးနိုင်တယ်။ သင်သားရဲ့ သိက္ခာကို ထောက်ပြီး ပါးပါးနပ်နပ် မေးဖို့တော့ အရေးကြီးတယ်။ ရှက်သွားစေမယ့် မေးခွန်းတွေ မလိုအပ်ဘဲ မမေးချင်ကြပါဘူး။—ပညာအလိမ္မာ ၁၂:၁၈

ချက်ကျလက်ကျ ကျိုးကြောင်းဆင်ခြင်ခြင်း

၁၂-၁၄။ (က) ယေရှု ဘယ်လို ချက်ကျလက်ကျ ကျိုးကြောင်းဆင်ခြင်ပြသလဲ။ (ခ) စာတန့်တန်ခိုး သုံးပါတယ်လို့ ဖာရိရှဲတွေ စွပ်စွဲတော့ ယေရှု ဘယ်လို ချက်ကျလက်ကျ ကျိုးကြောင်းဆင်ခြင်ပြသလဲ။

၁၂ ယေရှုဟာ စုံလင်တဲ့ ဉာဏ်စွမ်း ပိုင်ဆိုင်ထားလို့ တခြားသူတွေကို ကျိုးကြောင်းဆင်ခြင်ပြရာမှာ သိပ်ကျွမ်းတယ်။ ဆန့်ကျင်သူတွေရဲ့ စွဲချက် မှားတယ်ဆိုတာ ချေပဖို့ ချက်ကျလက်ကျ ကျိုးကြောင်းဆင်ခြင်ပြတတ်တယ်။ နောက်လိုက်တွေကို အဖိုးတန် သင်ခန်းစာ သင်ပေးဖို့လည်း ကျိုးကြောင်းဆင်ခြင်ပြလေ့ရှိတယ်။ ဥပမာတချို့ သုံးသပ်ကြည့်ရအောင်။

၁၃ နတ်ဆိုးစွဲနေလို့ မျက်စိမမြင်၊ စကားအနေသူကို ယေရှု ကုပေးပြီးနောက် “ဒီလူဟာ နတ်ဆိုးမင်း ဗေလဇေဗုလ [စာတန်] အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်နေတာ” လို့ ဖာရိရှဲတွေ စွပ်စွဲကြတယ်။ ထူးခြားတဲ့ တန်ခိုး ရှိမှပဲ နတ်ဆိုး နှင်ထုတ်နိုင်မယ်ဆိုတာ သိကြသားပဲ။ ဒါပေမဲ့ ယေရှုရဲ့ တန်ခိုးဟာ စာတန်ဆီကပါလို့ စွပ်စွဲနေကြတာ။ စွဲချက်ဟာ မှားရုံမက ယုတ္တိလည်း မရှိဘူး။ သူတို့ ဘယ်လောက် အတွေးအခေါ် မှားနေသလဲ ထောက်ပြဖို့ ယေရှုက “နိုင်ငံတစ်ခုမှာ ပြည်သူတွေ စိတ်ဝမ်းကွဲနေရင် အဲဒီနိုင်ငံ ပျက်စီးမှာပဲ။ ဘယ်မြို့မဆို၊ ဘယ်မိသားစုမဆို စိတ်ဝမ်းကွဲနေရင် တည်မြဲနိုင်မှာ မဟုတ်ဘူး။ အဲဒီလိုပဲ စာတန်က စာတန်ကို နှင်ထုတ်တယ်ဆိုရင် ဒါဟာ စိတ်ဝမ်းကွဲနေလို့ပေါ့။ အဲဒီလို ဖြစ်နေရင် သူ့နိုင်ငံ ဘယ်လိုလုပ် တည်မြဲမှာလဲ” လို့ ပြောလိုက်တယ်။ (မဿဲ ၁၂:၂၂-၂၆) “စာတန် လုပ်ထားတာတွေ လိုက်ဖျက်ဖို့ ကျွန်တော့်ကို စာတန် တန်ခိုး ပေးထားတယ်ဆိုရင် ကိုယ့်အကျိုးကိုယ် စာတန် ဖျက်ရာ ကျသွားမှာပေါ့။ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ” လို့ ပြောလိုက်သလိုပါပဲ။ ဒီလို ချက်ကျလက်ကျ ပြောတာ ဖာရိရှဲတွေ ဘာငြင်းနိုင်ဦးမလဲ။

၁၄ သူတို့ ဘယ်လောက် အတွေးအခေါ် မှားနေတယ်ဆိုတာ ထောက်ပြဖို့ ယေရှုမှာ ပြောစရာ ရှိသေးတယ်။ ဖာရိရှဲ တပည့်တွေလည်း နတ်ဆိုး နှင်ထုတ်နေကြတယ်ဆိုတာ သိလို့ “ကျွန်တော်က ဗေလဇေဗုလ အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ တပည့်တွေကရော ဘယ်သူ့အကူအညီနဲ့ နတ်ဆိုးတွေကို နှင်ထုတ်တာလဲ” လို့ မေးလိုက်တယ်။ မေးခွန်းက ရိုးရိုးလေးပေမဲ့ ထိတယ်။ (မဿဲ ၁၂:၂၇) “ကျွန်တော် စာတန့်တန်ခိုးနဲ့ နတ်ဆိုး နှင်ထုတ်တယ်ဆိုရင် ခင်ဗျားတို့ တပည့်တွေလည်း အဲဒီတန်ခိုးနဲ့ပဲ နှင်ထုတ်နေတာပေါ့” လို့ ပြောလိုက်သလိုပါပဲ။ ဖာရိရှဲတွေ ဘာပြောနိုင်ဦးမလဲ။ တပည့်တွေ စာတန့်တန်ခိုးနဲ့ နတ်ဆိုး နှင်ထုတ်နေတယ်လို့ ဘယ်တော့မှ အပြောခံမှာ မဟုတ်ဘူး။ ကိုယ့်အတွေးအခေါ် မှားနေတယ်ဆိုတာ အောင့်သက်သက် လက်ခံလိုက်ရတယ်။ ယေရှု ကျိုးကြောင်းဆင်ခြင်ပြပုံကို ဖတ်ရရုံနဲ့တောင် သင် ကျေနပ်အားရတယ် မဟုတ်လား။ ကိုယ်တိုင်ကြားတဲ့ လူအုပ်ဆိုရင် ဘယ်လို နေမလဲ။ ယေရှုရဲ့ ပြောပုံဆိုပုံ၊ အသံနေအသံထားကြောင့် ပြောတဲ့ စကားတွေ တော်တော် အားပါနေမှာ။

၁၅-၁၇။ “ပိုလို့တောင်၊” “ဒီထက်မက” ဆိုတဲ့ စကားလုံးတွေနဲ့ ချိတ်ပြီး အဖဘုရားနဲ့ပတ်သက်တဲ့ နှစ်သက်စရာ အမှန်တရား ယေရှု သင်ပေးပုံကို ဥပမာ ပြောပြပါ။

၁၅ အဖဘုရားနဲ့ပတ်သက်တဲ့ နှစ်သက်စရာ အမှန်တရား သင်ပေးဖို့လည်း ယေရှု ချက်ကျလက်ကျ ကျိုးကြောင်းဆင်ခြင်ပြတယ်။ လူတွေ သိပြီးသား၊ လက်ခံပြီးသား အချက်ကို အရင် ပြောတယ်။ အဲဒီနောက် “ပိုလို့တောင်၊” “ဒီထက်မက” ဆိုတဲ့ စကားလုံးတွေနဲ့ ချိတ်ပြီး ပိုယုံကြည်လက်ခံလို့ ရတဲ့ အချက်ကို ပြောတယ်။ အဲဒီလို နှိုင်းယှဉ်ပြီး ကျိုးကြောင်းဆင်ခြင်ပြလို့ လူတွေ စိတ်ထိမိကြတယ်။ ဥပမာနှစ်ခု သုံးသပ်ကြည့်ရအောင်။

၁၆ တစ်ခေါက်တော့ ဆုတောင်းနည်း သင်ပေးပါလို့ တပည့်တွေ တောင်းဆိုကြတယ်။ မစုံလင်သူ လူသား မိဘတောင် သားသမီးကို “ကောင်းတာတွေ ပေးတတ်” တဲ့အကြောင်း ယေရှု အရင် ပြောတယ်။ အဲဒီနောက် “ခင်ဗျားတို့ အပြစ်သားတွေတောင် ကိုယ့်သားသမီးကို ကောင်းတာတွေ ပေးတတ်ရင် ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက တောင်းတဲ့သူတွေကို သန့်ရှင်းသော စွမ်းအားတော် ပိုလို့တောင် ပေးမှာ မဟုတ်လား” လို့ ပြောတယ်။ (လုကာ ၁၁:၁-၁၃) နှိုင်းယှဉ်ပြီး သင်ပေးလိုက်တာပဲ။ မစုံလင်သူ လူသား မိဘတွေတောင် သားသမီးတွေ လိုတာ ဖြည့်ဆည်းပေးရင် လုပ်ဆောင်သမျှ စုံလင်ဖြောင့်မတ်တဲ့ ကောင်းကင်ဘုံစံ အဖက သန့်ရှင်းသော စွမ်းအားတော် ရဖို့ နှိမ့်ချမှုရှိရှိ တောင်းသူတွေကို ပိုလို့တောင် ပေးမှာ ဖြစ်တယ်။

၁၇ စိုးရိမ်ပူပန်စရာတွေ ဘယ်လို ဖြေရှင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး အကြံပေးချိန်မှာလည်း ယေရှု အဲဒီလို နှိုင်းယှဉ်၊ ကျိုးကြောင်းဆင်ခြင်ပြတယ်။ “ကျီးအတွေကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ မလုပ်ဘူး။ သူတို့မှာ ကျီတွေ၊ သိုလှောင်ခန်းတွေ မရှိဘူး။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ကျွေးထားတာပဲ။ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား။ . . . တောနှင်းပန်းတွေ ရှင်သန်နေပုံကို စဉ်းစားကြည့်ပါ။ နှင်းပန်းတွေဟာ ပင်ပင်ပန်းပန်း မလုပ်ဘူး။ ချည်လည်း မငင်ဘူး။ . . . ဒီနေ့ ရှင်သန်ပြီး မနက်ဖြန် မီးထဲ ရောက်သွားမယ့် တောပင်တွေကိုတောင် ဘုရားသခင်က အဲဒီလို ဆင်မြန်းပေးတယ်ဆိုရင် ခင်ဗျားတို့ကို ဒီထက်မက ဆင်မြန်းပေးမယ် မဟုတ်လား” လို့ ပြောတယ်။ (လုကာ ၁၂:၂၄၊ ၂၇၊ ၂၈) ငှက်တွေ၊ ပန်းပင်တွေကိုတောင် ယေဟောဝါ ဂရုစိုက်ရင် မိမိကို ချစ်မြတ်နိုး၊ ဝတ်ပြုနေသူတွေကို ဒီထက်မက ဂရုစိုက်မှာပဲ။ ယေရှုရဲ့ ကျိုးကြောင်းဆင်ခြင်ပြမှုကြောင့် နားထောင်သူတွေ စိတ်ထိမိသွားမှာ သေချာတယ်။

၁၈၊ ၁၉။ ဘုရားကို မမြင်လို့ မယုံဘူးလို့ တစ်ယောက်ယောက် ပြောလာရင် ဘယ်လို ကျိုးကြောင်းဆင်ခြင်နိုင်သလဲ။

၁၈ အမှုဆောင်မှာ လူတွေ ယုံကြည်လက်ခံထားတာ မှားနေတယ်ဆိုတာ ထောက်ပြဖို့ ကျွန်တော်တို့ ချက်ကျလက်ကျ ကျိုးကြောင်းဆင်ခြင်ပြချင်ကြတယ်။ ယေဟောဝါဟာ မေတ္တာရှင်၊ လူတွေကို ဂရုစိုက်တဲ့အရှင် ဖြစ်တယ်ဆိုတာ ယုံလာဖို့လည်း ကျိုးကြောင်းဆင်ခြင်ပြချင်ကြတယ်။ (တမန်တော် ၁၉:၈။ ၂၈:၂၃၊ ၂၄) ဒါပေမဲ့ စကားလုံးတွေ ဖောင်းပွနေအောင်၊ အချက်အလက်တွေ ရှုပ်နေအောင် သုံးဖို့ လိုသလား။ မလိုဘူး။ ရှင်းရှင်းလင်းလင်း၊ ချက်ကျကျ ကျိုးကြောင်းဆင်ခြင်တာ အထိရောက်ဆုံး ဖြစ်မှန်း ယေရှုဆီကနေ သင်ယူရတယ်။

၁၉ ဥပမာ၊ ဘုရားကို မမြင်ရလို့ မယုံဘူးလို့ တစ်ယောက်ယောက် ပြောလာရင် ဘာပြန်ပြောနိုင်သလဲ။ အကြောင်း ရှိလို့ အကျိုး ရှိလာတာဆိုတဲ့ သဘာဝ နိယာမကို မှီပြီး ကျိုးကြောင်းဆင်ခြင်နိုင်တယ်။ “လူသူမနေတဲ့ နေရာ တစ်နေရာမှာ အိမ်လှလှလေး တွေ့လိုက်ရတယ်၊ အိမ်ထဲမှာ စားစရာတွေ ရှိနေတယ် (အကျိုးတရား) ဆိုရင် တစ်ယောက်ယောက် အိမ်ဆောက်ထားတယ်၊ စားစရာ ထည့်ပေးထားတယ် (အကြောင်းတရား) ဆိုတာ လွယ်လွယ်ကူကူပဲ တွေးမိမယ် မဟုတ်လား။ အဲဒီလိုပဲ လှပတဲ့ ကမ္ဘာမြေနဲ့ သီးပွင့်ဖြစ်ထွန်းနေတဲ့ စားစရာ အလျှံပယ်ကို (အကျိုးတရား) တွေ့တဲ့အခါ တစ်ယောက်ယောက် လုပ်ထားတာပဲ (အကြောင်းတရား) လို့ ကောက်ချက် ချနိုင်တယ် မဟုတ်လား။ ‘အိမ်ဆိုတာ တည်ဆောက်တဲ့သူ ရှိလို့ ဖြစ်လာတာ။ အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ’ လို့ ကျမ်းစာမှာ ဆိုထားတယ်” လို့ ပြောနိုင်တယ်။ (ဟီဘရူး ၃:၄) ချက်ကျလက်ကျ ကျိုးကြောင်းဆင်ခြင်ပြတတ်တိုင်း လက်ခံချင်မှတော့ လက်ခံကြမယ်။—၂ သက်သာလောနိတ် ၃:၂

စိတ်ထိမိအောင် ကျိုးကြောင်းဆင်ခြင်ပါ

၂၀၊ ၂၁။ (က) ယေဟောဝါရဲ့ အရည်အသွေးတွေ၊ လုပ်ဆောင်မှုတွေကို ပေါ်လွင်စေဖို့ “ပိုလို့တောင်၊” “ဒီထက်မက” စတဲ့ စကားလုံးတွေနဲ့ ချိတ်ပြီး ဘယ်လို ကျိုးကြောင်းဆင်ခြင်နိုင်သလဲ။ (ခ) နောက်အခန်းမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂၀ အမှုဆောင်မှာ၊ အသင်းတော်မှာ သွန်သင်ဟောပြောတဲ့အခါ ယေဟောဝါရဲ့ အရည်အသွေးတွေ၊ လုပ်ဆောင်မှုတွေကို ပေါ်လွင်စေဖို့ “ပိုလို့တောင်၊” “ဒီထက်မက” စတဲ့ စကားလုံးတွေနဲ့ ချိတ်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်တယ်။ ဥပမာ၊ မီးငရဲမှာ လူတွေကို ထာဝစဉ် ညှဉ်းဆဲတယ်ဆိုတဲ့ သွန်သင်ချက်ဟာ ယေဟောဝါကို သိက္ခာချတဲ့ သွန်သင်ချက် ဖြစ်ကြောင်း ထောက်ပြဖို့ ဒီလိုပြောနိုင်တယ်– “မေတ္တာရှိတဲ့ ဖခင်က သားဖြစ်သူ လက်ကို မီးထဲ ထည့်ပြီး ဒဏ်ပေးပါ့မလား။ မေတ္တာရှင် ကောင်းကင်ဘုံစံ အဖ အဲဒီလို လုပ်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး မဟုတ်လား။ အဲဒီလို ဒဏ်ပေးဖို့ဆိုတဲ့ အတွေးကို မနှစ်မြို့လွန်းလို့ ဘုရား တွေးတောင် မတွေးဘူး။” (ယေရမိ ၇:၃၁) ယေဟောဝါ ချစ်တယ်ဆိုတာ စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကို/မ စိတ်ချစေဖို့ ဒီလိုပြောနိုင်တယ်– “စာငှက်သေးသေးလေး တစ်ကောင်ကိုတောင် ယေဟောဝါ တန်ဖိုးထားတယ်ဆိုရင် ခင်ဗျား/ရှင် အပါအဝင် ကမ္ဘာပေါ်က ဝတ်ပြုသူတစ်ယောက်ချင်းစီကို ဒီထက်မက ချစ်မှာ၊ ဂရုစိုက်မှာပဲ။” (မဿဲ ၁၀:၂၉-၃၁) အဲဒီလို ကျိုးကြောင်းဆင်ခြင်ပြတဲ့အခါ လူတွေ စိတ်ထိမိနိုင်တယ်။

၂၁ ယေရှု သုံးတဲ့ သွန်သင်နည်း သုံးနည်းကိုပဲ ဆွေးနွေးခဲ့ကြတယ်။ “သူ ဟောသလို ဘယ်သူမှ မဟောဖူးဘူး” လို့ ယေရှုကို ဖမ်းဖို့ သွားတဲ့ အစောင့်ရဲမက်တွေ ပြောတာ ချဲ့ကားပြောတာ မဟုတ်မှန်း သိနိုင်တယ်။ ယေရှုလို့ ပြောလိုက်တာနဲ့ လူတွေ တွဲစဉ်းစားမိတဲ့ သွန်သင်နည်းတစ်နည်း နောက်အခန်းမှာ ဆွေးနွေးကြမယ်။ ဥပမာ သုံးတဲ့ နည်းပါ။

a အစောင့်ရဲမက်တွေဆိုတာ ဂျူးတရားရုံးချုပ်ရဲ့ လူ၊ ပုရောဟိတ်ကြီးတွေရဲ့ ဩဇာခံ ဖြစ်ပုံရတယ်။

b တမန်တော် ၂၀:၃၅ မှာ ပါတဲ့ ယေရှုရဲ့ စကားကို တမန်တော် ပေါလုတစ်ယောက်ပဲ ကိုးကားခဲ့တယ်။ ယေရှု ပြောတာ ကြားခဲ့သူဆီက တစ်ဆင့်ကြားတာ ဖြစ်နိုင်တယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တိုက်ရိုက် လာပြောပြတာ ဖြစ်နိုင်တယ်။ ယေဟောဝါ ပေးသိတာလည်း ဖြစ်နိုင်တယ်။

c နှစ်ရက်စာ လုပ်အားခ ဒရက်မာ နှစ်ပြားကို ဗိမာန်တော်အခွန်အဖြစ် နှစ်တိုင်း ဂျူးတွေ ပေးရတယ်။ “နေ့စဉ် မီးရှို့ရာ ပူဇော်သက္ကာ၊ လူတွေအတွက် ပုရောဟိတ် ဆက်သပေးရတဲ့ ပူဇော်သက္ကာအားလုံးရဲ့ ကုန်ကျစရိတ် ကာမိဖို့ အဲဒီအခွန်ကို အဓိက သုံးတယ်” လို့ အကိုးအကား စာအုပ်တစ်အုပ်မှာ ဖော်ပြတယ်။

d ယေဟောဝါသက်သေတွေ ထုတ်ဝေတယ်။