မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

“သွားပြီး . . . တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ”

“သွားပြီး . . . တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ”

တစ်ယောက်တည်း မရိတ်သိမ်းနိုင်လောက်အောင် စပါးအထွက်တိုးရင် လယ်သမား ဘာလုပ်နိုင်သလဲ

၁-၃။ (က) တစ်ယောက်တည်းအားနဲ့ မရိတ်သိမ်းနိုင်တဲ့အထိ စပါးအထွက်တိုးရင် လယ်သမား ဘာလုပ်သလဲ။ (ခ) အေဒီ ၃၃၊ နွေဦးမှာ ယေရှု ဘာအခက်အခဲ ကြုံသလဲ။ ဘာလုပ်သလဲ။

 လယ်သမားတစ်ယောက် ကြိုးကြိုးစားစား ထွန်ယက်ပြီး မျိုးကြဲတယ်။ အရိပ်တကြည့်ကြည့် ဂရုစိုက်ရင်း အညွန့်လေးတွေ တက်လာတာ၊ အပင်တွေ ကြီးလာတာ မြင်ပြီး သိပ်အားရတယ်။ အခု ရိတ်သိမ်းချိန် ရောက်ပြီ။ လုပ်အားရဲ့ အကျိုး ခံစားရတော့မယ်။ ပြဿနာက စပါးအထွက်တိုးတော့ တစ်ယောက်တည်းအားနဲ့ မရိတ်သိမ်းနိုင်ဘူး။ ရိတ်သိမ်းဖို့ အချိန်ကလည်း အကန့်အသတ်ပဲ ရှိတယ်။ ဒါနဲ့ အလုပ်သမားတချို့ ငှားဖို့ ဆုံးဖြတ်လိုက်တယ်။

အေဒီ ၃၃၊ နွေဦးမှာ ရှင်ပြန်ထမြောက်လာတဲ့ ယေရှု အဲဒီလို အခက်အခဲ ကြုံရတယ်။ မြေကြီးပေါ် အမှုဆောင်စဉ် အမှန်တရားမျိုးစေ့ ကြဲခဲ့တယ်။ အခု ရိတ်သိမ်းရတော့မယ်။ စပါးအထွက် သိပ်ကောင်းတယ်။ တပည့်အဖြစ် စုသိမ်းဖို့ သတင်းကောင်း လက်ခံသူများစွာ ရှိနေပြီ။ (ယောဟန် ၄:၃၅-၃၈) ယေရှု ဘာလုပ်သလဲ။ “လူမျိုးတကာဆီ သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ။ . . . နှစ်ခြင်းပေးကြပါ။ ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” ဆိုပြီး လုပ်သားတွေ ထပ်ရှာဖို့ ကောင်းကင် မတက်ခင် ဂါလိလဲပြည်က တောင်ပေါ်မှာ တပည့်တွေကို မှာထားခဲ့တယ်။—မဿဲ ၂၈:၁၉၊ ၂၀

ဒီတာဝန် ထမ်းဆောင်မှ ခရစ်တော်နောက်လိုက်စစ်လို့ ခေါ်နိုင်မှာ။ ဒါကြောင့် မေးခွန်းသုံးခု ဆန်းစစ်ကြည့်ရအောင်။ လုပ်သားတွေ ထပ်ရှာဖို့ တပည့်တွေကို ယေရှု ဘာကြောင့် တာဝန်ပေးသလဲ။ တပည့်တွေကို ယေရှု ဘယ်လို လေ့ကျင့်ပေးသလဲ။ ဒီတာဝန်ဟာ ကျွန်တော်တို့နဲ့ ဘယ်လို ဆိုင်သလဲ။

လုပ်သားများစွာ လိုရတဲ့ အကြောင်းရင်း

၄၊ ၅။ စလိုက်တဲ့ အလုပ်ကို ယေရှု ဘာကြောင့် အဆုံးမသတ်နိုင်သလဲ။ ယေရှု ကောင်းကင် တက်သွားပြီးနောက် အဲဒီလုပ်ငန်းကို ဘယ်သူတွေ ဆက်လုပ်ကြသလဲ။

အေဒီ ၂၉၊ အမှုဆောင်လုပ်ငန်း စချိန်မှာ ကိုယ်စလိုက်တဲ့ အလုပ်ကို ကိုယ်အဆုံးသတ်နိုင်မှာ မဟုတ်မှန်း ယေရှု သိတယ်။ မြေကြီးပေါ်မှာ အကြာကြီး မနေရလို့ နေရာတိုင်း၊ လူတိုင်းဆီ နိုင်ငံတော် သတင်းတရား သွားမဟောနိုင်ဘူး။ “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေ” ဖြစ်တဲ့ ဂျူးတွေ၊ ဂျူးဘာသာ ပြောင်းဝင်လာသူတွေကို အဓိက ဟောတယ်။ (မဿဲ ၁၅:၂၄) ဒါပေမဲ့ “ပျောက်နေတဲ့ သိုးတွေ” ဟာ စတုရန်းမိုင် ထောင်နဲ့ချီ ကျယ်ပြန့်တဲ့ အစ္စရေးနိုင်ငံအနှံ့ နေကြတာ။ ဒါ့အပြင် လူနေထိုင်ရာ မြေတစ်ခွင်လုံးကို တဖြည်းဖြည်း သတင်းကောင်း ရောက်သွားရမှာ။—မဿဲ ၁၃:၃၈။ ၂၄:၁၄

မိမိ သေဆုံးပြီးနောက် လုပ်စရာ အများကြီး ကျန်နေမယ်ဆိုတာ ယေရှု သိတယ်။ “ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ကျွန်တော့်ကို ယုံကြည်သက်ဝင်တဲ့သူဟာ ကျွန်တော် လုပ်တဲ့ အလုပ်တွေကို လုပ်လိမ့်မယ်။ အဲဒါထက် ကြီးမားတာတွေကို လုပ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဖဘုရားဆီ သွားရတော့မှာ” လို့ သစ္စာရှိ တမန်တော် ၁၁ ယောက်ကို ပြောတယ်။ (ယောဟန် ၁၄:၁၂) ယေရှု ကောင်းကင် ပြန်တက်သွားတော့မှာ ဖြစ်လို့ တမန်တော်တွေသာမက အနာဂတ်မှာ တပည့် ဖြစ်လာသူအားလုံး ဟောပြောသွန်သင်ခြင်းလုပ်ငန်း ဆက်လုပ်ကြရမယ်။ (ယောဟန် ၁၇:၂၀) မိမိ လုပ်တာထက် “ကြီးမားတာတွေ” လုပ်ကြမယ်လို့ ယေရှု နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုတယ်။ ဘယ်လိုနည်းနဲ့ ယေရှု လုပ်တာထက် ကြီးမားမလဲ။ နည်းသုံးနည်းအားဖြင့်ပါ။

၆၊ ၇။ (က) ယေရှု လုပ်တာထက် ကြီးမားတာတွေကို နောက်လိုက်တွေ ဘယ်နည်းနဲ့ လုပ်ကြသလဲ။ (ခ) နောက်လိုက်တွေကို ယေရှု စိတ်ချတာ မမှားကြောင်း ဘယ်လို ပြနိုင်သလဲ။

ပထမ၊ ပိုကျယ်ပြန့်တဲ့ ဒေသတွေမှာ ဟောမယ်။ အခုဆိုရင် ယေရှု ဟောတဲ့ နယ်နိမိတ်နဲ့ အများကြီး ဝေးတဲ့ ကမ္ဘာ့အစွန်အဖျားထိ ရောက်နေပြီ။ ဒုတိယ၊ လူအများကြီးကို ဟောမယ်။ ယေရှု လေ့ကျင့်ပေးခဲ့တဲ့ တပည့်အုပ်စုလေးဟာ မြန်မြန်ဆန်ဆန်ပဲ ထောင်နဲ့ချီ တိုးလာတယ်။ (တမန်တော် ၂:၄၁။ ၄:၄) အခုဆိုရင် သန်းနဲ့ချီ ရှိနေပြီ။ နှစ်စဉ် လူသစ် သိန်းချီ နှစ်ခြင်းခံနေတယ်။ တတိယ၊ အချိန် ပိုကြာကြာ ဟောမယ်။ ယေရှုတုန်းက သုံးနှစ်ခွဲ ဟောတယ်။ နောက်လိုက်တွေကတော့ ဒီနေ့အချိန်ထိ ဟောနေတာ နှစ် ၂,၀၀၀ နီးပါး ရှိပြီ။

“အဲဒါထက် ကြီးမားတာတွေကို လုပ်လိမ့်မယ်” လို့ ယေရှု ပြောတာဟာ နောက်လိုက်တွေကို ဘယ်လောက် စိတ်ချသလဲ ပြနေတာပဲ။ မိမိ သိပ်အလေးထားတဲ့ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း” ဟောပြောသွန်သင်ခြင်းလုပ်ငန်းကို နောက်လိုက်တွေလက်ထဲ အပ်လိုက်တာပဲ။ (လုကာ ၄:၄၃) ဒီတာဝန်ကို နောက်လိုက်တွေ သစ္စာရှိရှိ ထမ်းဆောင်ကြမယ်ဆိုတာ စိတ်ချတယ်။ ဒါကြောင့် တခြားသူတွေကို ကျွန်တော်တို့ ထက်ထက်သန်သန် ဟောတဲ့အခါ နောက်လိုက်တွေကို ယေရှု စိတ်ချတာ မမှားကြောင်း ပြရာရောက်တယ်။ တကယ့် အခွင့်ထူးပါပဲ။—လုကာ ၁၃:၂၄

သက်သေခံဖို့ လေ့ကျင့်ပေး

လူတွေကို တွေ့တဲ့နေရာတိုင်း ဟောဖို့ မေတ္တာက လှုံ့ဆော်ပေး

၈၊ ၉။ အမှုဆောင်လုပ်ငန်းမှာ ယေရှု ဘာစံနမူနာ ပြသလဲ။ ယေရှုကို ကျွန်တော်တို့ ဘယ်လို အတုယူကြသလဲ။

အမှုဆောင်လုပ်ငန်းအတွက် တပည့်တွေကို ယေရှု အကောင်းဆုံး လေ့ကျင့်ပေးတယ်။ စံနမူနာ ပြခြင်းအားဖြင့်ပါ။ (လုကာ ၆:၄၀) အမှုဆောင်လုပ်ငန်းအပေါ် ယေရှုရဲ့ သဘောထားကို ရှေ့အခန်းမှာ ဆွေးနွေးခဲ့ကြတယ်။ ဟောပြောခြင်း ခရီးစဉ်တွေမှာ ယေရှုနောက်က လိုက်တဲ့ တပည့်တွေအကြောင်း စဉ်းစားကြည့်ပါ။ ကမ်းနား၊ တောင်စောင်း၊ မြို့၊ ဈေး၊ အိမ်မကျန် လူတွေကို တွေ့တဲ့နေရာတိုင်း ယေရှု ဟောတာ သူတို့ တွေ့ကြတယ်။ (မဿဲ ၅:၁၊ ၂။ လုကာ ၅:၁-၃။ ၈:၁။ ၁၉:၅၊ ၆) မနက်စောစောကနေ ညအထိ ယေရှု မမောနိုင်မပန်းနိုင် ဟောတာ တွေ့ကြတယ်။ အမှုဆောင်လုပ်ငန်းကို ယေရှု စိတ်ပြေလက်ပျောက်လေး လုပ်တာ မဟုတ်ဘူး။ (လုကာ ၂၁:၃၇၊ ၃၈။ ယောဟန် ၅:၁၇) လူတွေကို နှစ်နှစ်ကာကာ ချစ်လို့ ဟောတာ ဖြစ်မှန်း တပည့်တွေ မြင်တယ်။ လူတွေကို သနားကြင်နာမှန်း ယေရှုမျက်နှာမှာ ပေါ်နေတာ တွေ့ကြမှာပဲ။ (မာကု ၆:၃၄) ယေရှုရဲ့ စံနမူနာက တပည့်တွေအပေါ် ဘာသက်ရောက်မှု ရှိမယ်လို့ ထင်သလဲ။ သင့်အပေါ်ကော ဘာသက်ရောက်မှု ရှိသလဲ။

ခရစ်တော်နောက်လိုက် ကျွန်တော်တို့ဟာ အမှုဆောင်လုပ်ငန်းမှာ ယေရှုကို အတုယူကြတယ်။ “စေ့စေ့စပ်စပ် သက်သေခံ” ကြတယ်။ (တမန်တော် ၁၀:၄၂) ယေရှုလိုပဲ တစ်အိမ်ပြီး တစ်အိမ် သွားဟောကြတယ်။ (တမန်တော် ၅:၄၂) အိမ်မှာ လူရှိဖို့ များတဲ့ အချိန်တွေ သွားနိုင်ဖို့ လိုအပ်လာရင် ကိုယ့်အချိန်ဇယားကို ပြုပြင်ကြတယ်။ လမ်း၊ ပန်းခြံ၊ စတိုးဆိုင်၊ အလုပ်စတဲ့ အများပိုင် နေရာတွေမှာလည်း အခြေအနေ ကြည့်ပြီး ဟောကြတယ်။ သိပ်အရေးကြီးတဲ့ လုပ်ငန်း ဖြစ်လို့ “အားသွန်ခွန်စိုက် လုပ်ဆောင်နေကြတာ။” (၁ တိမောသေ ၄:၁၀) နေရာမရွေး၊ အချိန်မရွေး ဟောဖို့ လူတွေကို ချစ်တဲ့ မေတ္တာက လှုံ့ဆော်ပေးတယ်။—၁ သက်သာလောနိတ် ၂:၈

‘တပည့် ၇၀ ဝမ်းသာအားရ ပြန်ရောက်လာ’

၁၀-၁၂။ ဟောပြောဖို့ တပည့်တွေ မလွှတ်ခင် ဘယ်အရေးကြီး သင်ခန်းစာတွေ ယေရှု သင်ပေးသလဲ။

၁၀ တပည့်တွေကို ယေရှု လေ့ကျင့်ပေးတဲ့ နောက်တစ်နည်းကတော့ အသေးစိတ်ညွှန်ကြားခြင်းပါ။ ဦးဆုံး၊ တမန်တော် ၁၂ ယောက်၊ အဲဒီနောက် တပည့် ၇၀ ကို ဟောပြောဖို့ မလွှတ်ခင် လေ့ကျင့်ပေးတယ်။ (မဿဲ ၁၀:၁-၁၅။ လုကာ ၁၀:၁-၁၂) အဲဒီလို လေ့ကျင့်ပေးလို့ ရလဒ်ကောင်းတွေ ရကြတယ်။ တပည့်တွေ ‘ဝမ်းသာအားရ ပြန်ရောက်လာ’ ကြတယ်လို့ လုကာ ၁၀:၁၇ မှာ ဖော်ပြတယ်။ ကျမ်းစာခေတ်နဲ့ ကျွန်တော်တို့ခေတ် ထုံးစံတွေ မတူတော့ပေမဲ့ သင်ယူစရာတွေ ရှိတယ်။ သင်ခန်းစာနှစ်ခု သုံးသပ်ကြည့်ရအောင်။

၁၁ ယေဟောဝါကို ယုံကြည်ကိုးစားဖို့ တပည့်တွေကို ယေရှု သင်ပေးတယ်။ “ခါးပိုက်ဆောင်အိတ်ထဲ ရွှေငွေတွေ၊ ကြေးတွေ မဆောင်ထားကြနဲ့။ လမ်းခရီးအတွက် ရိက္ခာအိတ် မဆောင်ထားကြနဲ့။ အလုပ်လုပ်တဲ့သူဟာ ကျွေးမွေးတာ ခံထိုက်တယ်။ အင်္ကျီ၊ ဖိနပ်၊ တောင်ဝှေးတွေကို အပို မဆောင်ထားကြနဲ့” လို့ ပြောတယ်။ (မဿဲ ၁၀:၉၊ ၁၀) ခရီးသည်တွေ ခါးပိုက်ဆောင်အိတ်ထဲ ငွေထည့်သွားတာ၊ ရိက္ခာအိတ်၊ ဖိနပ်အပို ဆောင်သွားတာ ထုံးစံပဲ။ a ဒါပေမဲ့ အဲဒါတွေအတွက် စိတ်ပူမနေဖို့ ညွှန်ကြားတာဟာ “ယေဟောဝါကိုသာ လုံးလုံးလျားလျား အားကိုးပါ။ လိုတာ ဖြည့်ဆည်းပေးမယ်” လို့ ပြောလိုက်သလိုပါပဲ။ တကယ်လည်း ဖြည့်ဆည်းပေးတယ်။ အစ္စရေးထုံးစံအတိုင်း တပည့်တွေကို ဧည့်ဝတ်ပြုဖို့ သတင်းကောင်း လက်ခံသူတွေကို လှုံ့ဆော်ပေးခြင်းအားဖြင့်ပါ။—လုကာ ၂၂:၃၅

၁၂ မလိုအပ်ဘဲ အာရုံမများဖို့လည်း တပည့်တွေကို ယေရှု သင်ပေးတယ်။ “လမ်းမှာ ဘယ်သူ့ကိုမှ နှုတ်မဆက်ပါနဲ့” လို့ ပြောတယ်။ (လုကာ ၁၀:၄) မဖော်မရွေ၊ လူတွေ့ရင် ရှောင်ဖို့ ပြောတာလား။ မဟုတ်ပါဘူး။ ကျမ်းစာခေတ်မှာ နှုတ်ဆက်တယ်လို့ ပြောတဲ့အခါ နှုတ်ဆက်စကား ပြောရုံနဲ့ မပြီးဘူး။ ဓလေ့ထုံးစံအရ တစ်ခါတစ်ခါ နှုတ်ဆက်ရင် အကြာကြီးပဲ။ “အရှေ့တိုင်းသားတွေ နှုတ်ဆက်ရင် ကျွန်တော်တို့လို ခေါင်းနည်းနည်း ညွတ်ရုံ၊ လက်ဆွဲနှုတ်ဆက်ရုံနဲ့ မပြီးဘူး။ အကြိမ်ကြိမ် ဖက်ယမ်း၊ ကိုယ်ကို ကိုင်းညွတ်ပြီး မြေကြီးနဲ့ ကပ်တဲ့အထိ ပျပ်ဝပ်ကြတယ်။ အချိန် အများကြီး ကုန်တယ်” လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။ ဒါကြောင့် ဓလေ့ထုံးစံအတိုင်း နှုတ်မဆက်နဲ့လို့ ပြောတာဟာ “ဟောရမယ့် သတင်း သိပ်အရေးကြီးလို့ အချိန်ကို အကျိုးရှိရှိ သုံးပါ” လို့ ပြောလိုက်သလိုပါပဲ။ b

၁၃။ ပထမရာစု တပည့်တွေကို ယေရှု ပေးတဲ့ ညွှန်ကြားချက်တွေ ကျွန်တော်တို့ အလေးထားကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၃ ပထမရာစု တပည့်တွေကို ယေရှု ပေးတဲ့ ညွှန်ကြားချက်တွေ ကျွန်တော်တို့ အလေးထားကြတယ်။ အမှုဆောင်တဲ့အခါ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ကိုးစားကြတယ်။ (ပညာအလိမ္မာ ၃:၅၊ ၆) “နိုင်ငံတော် . . . ကို အမြဲ ဦးစားထား” ရင် လိုအပ်တာတွေ မရဘဲ မနေမှန်း သိကြတယ်။ (မဿဲ ၆:၃၃) လိုတာ ယေဟောဝါ အမြဲ ဖြည့်ဆည်းပေးမှန်း ကမ္ဘာတစ်ဝန်းက အချိန်ပြည့် သတင်းကောင်း ဟောသူတွေ ကိုယ်တွေ့ ကြုံကြရတယ်။ (ဆာလံ ၃၇:၂၅) အာရုံမပျံ့ရဘူးဆိုတာလည်း ကျွန်တော်တို့ သိကြတယ်။ သတိမထားရင် ဒီလောကစနစ်ကြောင့် အလွယ်တကူ အာရုံပျံ့သွားနိုင်တယ်။ (လုကာ ၂၁:၃၄-၃၆) ဒါပေမဲ့ အာရုံပျံ့ရမယ့် အချိန် မဟုတ်ဘူး။ ကျွန်တော်တို့ ဟောတဲ့ သတင်းတရားဟာ လူတွေရဲ့ သေရေးရှင်ရေးနဲ့ ဆိုင်တယ်။ (ရောမ ၁၀:၁၃-၁၅) ဟောပြောခြင်းတာဝန် ဘယ်လောက် အရေးကြီးမှန်း စဉ်းစားလိုက်မယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ သုံးလိုက်ရင် အကျိုးရှိမယ့် အချိန်တွေ၊ ခွန်အားတွေကို တခြားနေရာမှာ သွားသုံးမှာ မဟုတ်ဘူး။ အာရုံပျံ့မှာ မဟုတ်ဘူး။ အချိန်နည်းနည်းပဲ ကျန်တယ်၊ စပါး ရိတ်စရာ အများကြီး ရှိတယ်ဆိုတာ သတိရပါ။—မဿဲ ၉:၃၇၊ ၃၈

ကျွန်တော်တို့နဲ့ ဆိုင်တဲ့ တာဝန်

၁၄။ မဿဲ ၂၈:၁၈-၂၀ မှာ ပါတဲ့ တာဝန်ဟာ ခရစ်တော်နောက်လိုက်အားလုံးနဲ့ ဆိုင်တယ်ဆိုတာ ဘယ်လို သိရသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၁၄ “သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ ရှင်ပြန်ထမြောက်လာတဲ့ ယေရှု ပြောပြီး နောက်လိုက်တွေကို တာဝန်ကြီးတစ်ခု ပေးလိုက်တယ်။ ဂါလိလဲပြည်က တောင်ပေါ်မှာ အဲဒီနေ့ မိမိနဲ့အတူ ရှိနေတဲ့ တပည့်တွေကိုပဲ ရည်ရွယ်ပြီး ပြောလိုက်တာ မဟုတ်ဘူး။ c “လူမျိုးတကာဆီ” သွားရမှာ၊ “လောကစနစ် နိဂုံးပိုင်းအထိ” ဆက်ဟောရမှာ ဖြစ်လို့ ဒီတာဝန်ဟာ ကျွန်တော်တို့အပါအဝင် ခရစ်တော် နောက်လိုက်အားလုံးနဲ့ ဆိုင်တယ်။ မဿဲ ၂၈:၁၈-၂၀ မှာ ပါတဲ့ ယေရှုစကားတွေကို အသေးစိတ် လေ့လာကြည့်ရအောင်။

၁၅။ တပည့်ဖြစ်စေပါဆိုတဲ့ ယေရှုအမိန့်ကို နာခံတာ ဘာကြောင့် ပညာရှိရာရောက်သလဲ။

၁၅ “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှကို ကျွန်တော့်ကို ပေးထားပြီ” လို့ တာဝန် မပေးခင် ယေရှု ပြောတယ်။ (အခန်းငယ် ၁၈) တကယ်ပဲ အဲဒီလောက်တောင် အခွင့်အာဏာ ရှိသလား။ ရှိတယ်။ ယေရှုဟာ အတိုင်းမသိ များတဲ့ ကောင်းကင်တမန်တွေကို အမိန့်ပေးကြီးကြပ်ရတဲ့ ကောင်းကင်တမန်မင်း ဖြစ်တယ်။ (၁ သက်သာလောနိတ် ၄:၁၆။ ဗျာဒိတ် ၁၂:၇) “အသင်းတော်ရဲ့ ဦးခေါင်း” ဖြစ်လို့ မြေကြီးပေါ်က နောက်လိုက်တွေအပေါ် အခွင့်အာဏာ ရှိတယ်။ (ဧဖက် ၅:၂၃) ၁၉၁၄ ကတည်းက မေရှိယဘုရင်အဖြစ် ကောင်းကင်မှာ နန်းထိုင်နေပြီ။ (ဗျာဒိတ် ၁၁:၁၅) သေလွန်သူတွေကို အသက်ပြန်ရှင်စေနိုင်တဲ့ တန်ခိုး ရှိတယ်။ (ယောဟန် ၅:၂၆-၂၈) မိမိမှာ အခွင့်အာဏာ အဲဒီလောက် ရှိတယ်ဆိုတာ အရင် ပြောလိုက်ခြင်းအားဖြင့် ဆက်ပြောမယ့် စကားဟာ အကြံပြုချက် မဟုတ်ဘဲ အမိန့် ဖြစ်တယ်ဆိုတာ နောက်လိုက်တွေကို သိစေတယ်။ ယေရှုရဲ့ အခွင့်အာဏာဟာ ကိုယ့်ဘာသာကိုယ် အရယူထားလို့ ရှိနေတာ မဟုတ်ဘဲ ဘုရား ပေးထားတာ ဖြစ်လို့ ယေရှုကို နာခံတာ ပညာရှိရာရောက်တယ်။—၁ ကောရိန္သု ၁၅:၂၇

၁၆။ ‘သွားပါ’ လို့ ယေရှု ပြောတာ ဘာကို ဆိုလိုသလဲ။ ယေရှုအမိန့် နာခံဖို့ ဘယ်နည်းတွေ ကျွန်တော်တို့ သုံးသလဲ။

၁၆ ‘သွားပါ’ လို့ ယေရှု ပြောတယ်။ (အခန်းငယ် ၁၉) လူတွေဆီ သွားပြီး နိုင်ငံတော် သတင်းတရား ဟောဖို့ ပြောနေတာ။ အဲဒီလို သွားဟောဖို့ နည်းလမ်း အများကြီး ရှိတယ်။ တစ်အိမ်တက်ဆင်း သွားတာဟာ လူတွေနဲ့ ဆုံဖို့ အထိရောက်ဆုံးနည်းပဲ။ (တမန်တော် ၂၀:၂၀) ဒါ့အပြင် နေ့စဉ် အသက်တာမှာ သွားရင်းလာရင်း အရိပ်အခြေ ကြည့်ပြီး သတင်းကောင်း စပြောနိုင်ဖို့ ကျွန်တော်တို့ အခွင့်အရေး ရှာကြတယ်။ ကာလံဒေသံ လိုက်ပြီး နည်းလမ်း ကွာသွားပေမဲ့ တူတာ ရှိတယ်။ ‘သွားပြီး’ ထိုက်တန်သူ ရှာတာပါ။—မဿဲ ၁၀:၁၁

၁၇။ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ “တပည့်ဖြစ်လာအောင် သွန်သင်” ပေးကြသလဲ။

၁၇ သွားခိုင်းရတဲ့ အကြောင်းရင်းကို ယေရှု ဆက်ရှင်းပြတယ်။ “လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” တဲ့။ (အခန်းငယ် ၁၉) ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ “တပည့် ဖြစ်လာအောင် သွန်သင်” ပေးကြသလဲ။ တပည့်ဆိုတာ သင်ယူသူ၊ ခံယူသူ ဖြစ်တယ်။ ဒါပေမဲ့ တပည့်ဖြစ်စေတယ်ဆိုတာ ကျမ်းစာအသိပညာ ဝေမျှရုံလောက်ပဲ မဟုတ်ဘူး။ စိတ်ဝင်စားသူတွေကို ကျမ်းစာသင်ပေးတဲ့အခါ ပန်းတိုင်ဟာ သူတို့ ခရစ်တော်နောက်လိုက် ဖြစ်လာစေဖို့ပဲ။ ဖြစ်နိုင်တဲ့အခါတိုင်း ယေရှုရဲ့ စံနမူနာကို ကျွန်တော်တို့ အလေးပေး ပြောပြကြတယ်။ ဒါမှ ယေရှုကို ဆရာသမား၊ စံပြတစ်ယောက်လို သင်သားတွေ မြင်လာကြမှာ။ ယေရှု အသက်ရှင်သလို အသက်ရှင်၊ လုပ်သလို လုပ်လာကြမှာ။—ယောဟန် ၁၃:၁၅

၁၈။ နှစ်ခြင်းခံတာဟာ တပည့်တစ်ယောက်အတွက် ဘာကြောင့် အရေးကြီး ဘဝမှတ်တိုင် ဖြစ်သလဲ။

၁၈ “အဖဘုရားရဲ့ နာမည်၊ သားတော်ရဲ့ နာမည်၊ သန့်ရှင်းသော စွမ်းအားတော်ရဲ့ နာမည်နဲ့ နှစ်ခြင်းပေးကြပါ” ဆိုတာ တာဝန်ရဲ့ အရေးကြီးဆုံး အပိုင်းပဲ။ (အခန်းငယ် ၁၉) နှစ်ခြင်းခံတာဟာ တပည့်တစ်ယောက်အတွက် အရေးကြီးဆုံး ဘဝမှတ်တိုင် ဖြစ်တယ်။ ဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ကြောင်း အထိမ်းအမှတ် ဖြစ်လို့ပဲ။ ကယ်တင်ခြင်းအတွက် သိပ်အရေးပါတယ်။ (၁ ပေတရု ၃:၂၁) နှစ်ခြင်းခံပြီးသား တပည့်တစ်ယောက် ယေဟောဝါရဲ့ အမှုတော်မှာ အတတ်နိုင်ဆုံး ကြိုးစားပါဝင်နေရင် လာမယ့် ကမ္ဘာသစ်မှာ အဆုံးမဲ့ ကောင်းချီးတွေ ခံစားရမယ်။ တစ်ယောက်ယောက် နှစ်ခြင်းခံဖို့၊ ခရစ်တော်တပည့် ဖြစ်လာဖို့ သင် ကူညီပေးဖူးသလား။ အမှုဆောင်လုပ်ငန်းမှာ အဲဒါထက် ပိုဝမ်းသာစရာ ကောင်းတာ မရှိဘူး။—၃ ယောဟန် ၄

၁၉။ လူသစ်တွေကို ကျွန်တော်တို့ ဘာတွေ သင်ပေးကြသလဲ။ သူတို့ နှစ်ခြင်းခံပြီးရင်လည်း ဘာကြောင့် ဆက်သင်ပေးရမလဲ။

၁၉ “ကျွန်တော် မိန့်မှာထားသမျှကို လိုက်နာဖို့ သွန်သင်ပေးကြပါ” ဆိုပြီး တာဝန်ရဲ့ နောက်အပိုင်းတစ်ပိုင်းကို ယေရှု ဆက်ပြောတယ်။ (အခန်းငယ် ၂၀) ဒါကြောင့် ဘုရားကို ချစ်ပါ၊ လူလူချင်းကို ချစ်ပါ၊ တပည့်ဖြစ်စေပါဆိုတဲ့ မိန့်မှာချက်တွေ လိုက်နာဖို့ လူသစ်တွေကို ကျွန်တော်တို့ သင်ပေးကြတယ်။ (မဿဲ ၂၂:၃၇-၃၉) ကျမ်းစာအမှန်တရားတွေ ရှင်းပြတတ်အောင်၊ ကိုယ့်ယုံကြည်ချက်ကို ခုခံကာကွယ်တတ်အောင် တဖြည်းဖြည်း သင်ပေးကြတယ်။ အသင်းတော်နဲ့အတူ ဟောပြောဖို့ အရည်အချင်း ပြည့်လာရင် သူတို့နဲ့ တွဲအမှုဆောင်ကြတယ်။ ဘယ်လို ထိထိရောက်ရောက် ဟောရမယ်ဆိုတာ အပြောနဲ့ကော စံနမူနာနဲ့ပါ သင်ပေးကြတယ်။ နှစ်ခြင်းခံပြီးရင် သင်စရာ မလိုတော့ဘူးလို့ မဆိုလိုဘူး။ ယေရှုနောက် ဆက်လိုက်ဖို့ နှစ်ခြင်းခံခါစ လူသစ်တွေ ထပ်ဆင့် အကူအညီ လိုနိုင်တယ်။—လုကာ ၉:၂၃၊ ၂၄

“ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲ ရှိနေမယ်”

၂၀၊ ၂၁။ (က) ယေရှု ပေးထားတဲ့ တာဝန် ထမ်းဆောင်ဖို့ ဘာကြောင့် ကြောက်စရာ မလိုသလဲ။ (ခ) ဘာကြောင့် အရှိန်မလျှော့သင့်သလဲ။ ဘာဆုံးဖြတ်ထားသင့်သလဲ။

၂၀ “လောကစနစ် နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲ ရှိနေမယ်” ဆိုတဲ့ ယေရှုရဲ့ နိဂုံးချုပ်စကားဟာ သိပ်အားရှိဖို့ကောင်းတယ်။ (မဿဲ ၂၈:၂၀) ဒီတာဝန် သိပ်ကြီးမှန်း ယေရှု သိတယ်။ ဆန့်ကျင်သူတွေ ရန်လိုတာ တစ်ခါတလေ ခံရမယ်ဆိုတာလည်း သိတယ်။ (လုကာ ၂၁:၁၂) ဒါပေမဲ့ ကြောက်ဖို့ မလိုဘူး။ ကျွန်တော်တို့ကို ခေါင်းဆောင် မကူညီဘဲ မနေဘူး။ ပစ်မထားဘူး။ ကျွန်တော်တို့ တာဝန် ကျေပွန်နိုင်ဖို့ “ကောင်းကင်မှာရော မြေကြီးမှာပါ အခွင့်အာဏာရှိသမျှ” ရထားတဲ့ ယေရှု အတူ ရှိနေမယ်ဆိုတာ သိရတာ အားရှိစရာပဲ။

၂၁ “လောကစနစ် နိဂုံးပိုင်းအထိ” ရာစုနှစ်တွေတစ်လျှောက် အမှုဆောင်လုပ်ငန်းမှာ အတူ ရှိနေပေးမယ်လို့ တပည့်တွေကို ယေရှု အာမခံတယ်။ ဒါကြောင့် အဆုံးရောက်တဲ့အထိ ယေရှု ပေးထားတဲ့ တာဝန် ဆက်ထမ်းဆောင်နေရမယ်။ အရှိန်လျှော့လိုက်လို့ မရဘူး။ ရိတ်သိမ်းစရာတွေ တိုးသည်ထက် တိုးနေတယ်။ တပည့်သစ်တွေ အလုံးအရင်းနဲ့ စုသိမ်းခံနေကြရတာ။ ခရစ်တော် ပေးထားတဲ့ တာဝန်ကြီးကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ဆုံးဖြတ်ထားကြရအောင်။ “သွားပြီး လူတွေကို ကျွန်တော့်တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” ဆိုတဲ့ ခရစ်တော် ပေးတဲ့ တာဝန် ထမ်းဆောင်ဖို့ ကိုယ့်အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ ပေးဆက်ကြရအောင်။

a ခါးပိုက်ဆောင်အိတ်ဆိုတာ ငွေဒင်္ဂါးတွေ ထည့်ဖို့ အိတ် ဖြစ်တယ်။ ရိက္ခာအိတ်ကတော့ နည်းနည်း ပိုကြီးတယ်။ သားရေနဲ့ လုပ်လေ့ရှိတယ်။ စလွယ်သိုင်းပြီး ရိက္ခာ ဒါမှမဟုတ် တခြားပစ္စည်းတွေ ထည့်လို့ ရတယ်။

b ပရောဖက် ဧလိရှဲလည်း အဲဒီလို ညွှန်ကြားဖူးတယ်။ သား သေဆုံးသွားတဲ့ အမျိုးသမီးအိမ် သွားဖို့ နောက်လိုက် ဂေဟာဇိကို လွှတ်လိုက်တုန်းက “လမ်းမှာ တစ်ယောက်ယောက်နဲ့ တွေ့ရင် နှုတ်မဆက်နဲ့” လို့ မှာတယ်။ (၂ ဘုရင်များ ၄:၂၉) တာဝန် သိပ်အရေးကြီးတဲ့အတွက် မလိုအပ်ဘဲ အချိန် နှောင့်နှေးနေလို့ မရဘူး။

c နောက်လိုက်အများစု ဂါလိလဲပြည်မှာ ရှိနေလို့ မဿဲ ၂၈:၁၆-၂၀ မှာ ဖော်ပြထားတဲ့ ဖြစ်ရပ်ဟာ တပည့် “၅၀၀ ကျော်ရှေ့” ယေရှု ကိုယ်ထင်ပြချိန် ဖြစ်နိုင်တယ်။ (၁ ကောရိန္သု ၁၅:၆) ဒါကြောင့် တပည့်ဖြစ်စေခြင်းတာဝန် ပေးချိန်မှာ လူရာချီ ရှိနေတယ်။