မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၈

“အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ”

“အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ”

၁-၄။ (က) ရှမာရိအမျိုးသမီးကို ယေရှု ဘယ်လို ပါးပါးနပ်နပ် သွန်သင်သလဲ။ ဘာရလဒ် ရသလဲ။ (ခ) တမန်တော်တွေ ဘယ်လို တုံ့ပြန်ကြသလဲ။

 ယေရှုနဲ့ တမန်တော်တွေ လမ်းလျှောက်လာတာ နာရီနဲ့ ချီပြီ။ ယုဒပြည်ကနေ ဂါလိလဲပြည်ကို ဦးတည်ပြီး မြောက်ဘက်ကို လျှောက်နေကြတာ။ သုံးရက်လောက်ပဲ ကြာတဲ့ အတိုဆုံးလမ်းကို ရွေးလာလို့ ရှမာရိပြည် ဖြတ်ရတယ်။ မွန်းတည့်အချိန်လောက်မှာ ရှုခါမြို့လေးကို ရောက်လာပြီး ခရီးတစ်ထောက် နားကြတယ်။

တမန်တော်တွေ စားစရာ သွားဝယ်နေတုန်း မြို့ပြင်က ရေတွင်းနားမှာ ယေရှု နားနေတယ်။ အဲဒီအချိန်မှာ အမျိုးသမီးတစ်ယောက် ရေလာခပ်တယ်။ ယေရှု “ခရီးပန်းလာလို့” အဲဒီအမျိုးသမီးကို အရေးမလုပ်ဘဲ နေချင်ရင် နေလို့ ရတယ်။ (ယောဟန် ၄:၆) မျက်စိ အသာလေး မှိတ်ထားပြီး မသိလိုက်မသိဘာသာ နေလို့ ရတယ်။ ဒီစာအုပ် အခန်း ၄ မှာ သိခဲ့တဲ့အတိုင်း ဂျူးတစ်ယောက် ကိုယ့်ကို အဖက်လုပ်မှာ မဟုတ်ဘူးလို့ အမျိုးသမီး တွေးထားပြီးသား ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေရှု စကားလှမ်းပြောတယ်။

အမျိုးသမီးတစ်ယောက်အနေနဲ့ နေ့တိုင်း ရေခပ်ရတယ်။ အခုလည်း ရေလာခပ်တာဆိုတော့ ရေအကြောင်း ပြောပြီး ယေရှု စကားစတယ်။ အမှန်တရား ငတ်မွတ်မှုကို ပြေစေမယ့် အသက်ရေအကြောင်း ပြောတာ။ အမျိုးသမီး ပြန်ပြောတဲ့ စကားတွေက အခန့်မသင့်ရင် အချေအတင် ဖြစ်စရာတွေ များတယ်။ a ဒါပေမဲ့ ယေရှု ပါးပါးနပ်နပ် ရှောင်ပြီး စကားလမ်းကြောင်း ရအောင် တည့်တယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေးအကြောင်း၊ ယေဟောဝါဘုရားအကြောင်း အဓိက ပြောတယ်။ ယေရှုစကားကြောင့် လူတော်တော်များများ အကျိုးရသွားကြတယ်။ အမျိုးသမီး လက်ဆင့်ကမ်းပြောပြတဲ့အတွက် မြို့သားတွေလည်း ယေရှုစကား နားထောင်ချင်လာကြလို့ပဲ။—ယောဟန် ၄:၃-၄၂

ယေရှု သက်သေခံနေတာကို တမန်တော်တွေ ပြန်လာလို့ တွေ့တော့ ဘယ်လိုနေသလဲ။ ဟက်ဟက်ပက်ပက် မရှိကြဘူး။ ယေရှု စကားပြောတာကိုတောင် တအံ့တဩ ဖြစ်နေကြတယ်။ အမျိုးသမီးကို သူတို့ စကားတစ်ခွန်းမှ မပြောကြပုံပဲ။ အမျိုးသမီး ထွက်သွားတော့ သူတို့ ယူလာတဲ့ စားစရာ စားဖို့ ယေရှုကို တိုက်တွန်းကြတယ်။ “ခင်ဗျားတို့ မသိတဲ့ စားစရာ ကျွန်တော့်မှာ ရှိတယ်” လို့ ယေရှု ပြောတော့ တကယ့် စားစရာအကြောင်း ပြောနေတာလို့ ထင်သွားကြတယ်။ ဒါနဲ့ “ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ရဲ့ အလိုတော်ကို ဆောင်တာ၊ သူ ခိုင်းထားတဲ့ အလုပ်ကို ပြီးစီးအောင် လုပ်တာဟာ ကျွန်တော့်အတွက် စားစရာပဲ” လို့ ယေရှု ရှင်းပြတယ်။ (ယောဟန် ၄:၃၂၊ ၃၄) မိမိအတွက် အဓိကအလုပ်ဟာ စားစရာထက် ပိုအရေးကြီးမှန်း သင်ပေးလိုက်တာပဲ။ သူတို့ကိုလည်း အဲဒီလိုပဲ သဘောထားစေချင်တယ်။ အဲဒါ ဘာအလုပ်လဲ။

၅။ ယေရှုရဲ့ အဓိကလုပ်ငန်းက ဘာလဲ။ ဒီအခန်းမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

“ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို . . . ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ” လို့ ယေရှု ပြောဖူးတယ်။ (လုကာ ၄:၄၃) မှန်တယ်၊ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ဟောပြောသွန်သင်ဖို့ ယေရှု စေလွှတ်ခံရတာ။ b ဒီနေ့ခေတ် ယေရှုနောက်လိုက်တွေလည်း ဟောပြောသွန်သင်နေကြတယ်။ ဒါကြောင့် ယေရှု ဟောပြောသွန်သင်တဲ့ အကြောင်းရင်း၊ အကြောင်းအရာ၊ တာဝန်အပေါ် ထားတဲ့ သဘောထားကို သုံးသပ်ဖို့ အရေးကြီးတယ်။

ယေရှု ဟောပြောသွန်သင်တဲ့ အကြောင်းရင်း

၆၊ ၇။ တခြားသူတွေကို သတင်းကောင်း ပြောပြတဲ့အခါ “ဆရာတိုင်း” မှာ ဘယ်သဘောထား ယေရှု ရှိစေချင်သလဲ။ ဥပမာ ပေးပါ။

ဟောပြောသွန်သင်တဲ့ အမှန်တရား၊ ကိုယ်ဟောပြောသွန်သင်တဲ့ လူတွေကို ယေရှု ဘယ်လို သဘောထားသလဲ သုံးသပ်ကြရအောင်။ ယေဟောဝါ သွန်သင်ပေးထားတဲ့ အမှန်တရား တခြားသူတွေကို ပြောပြရတာနဲ့ပတ်သက်ပြီး မိမိသဘောထားကို ဥပမာ သုံးပြီး ယေရှု ပြောတယ်။ “ကောင်းကင်နိုင်ငံအကြောင်း သင်ယူထားတဲ့ ဆရာတိုင်းဟာ ကိုယ့်ဘဏ္ဍာထဲက အသစ်တွေကိုရော အဟောင်းတွေကိုပါ ထုတ်ပြတဲ့ အိမ်ရှင်နဲ့ တူတယ်” လို့ ပြောတယ်။ (မဿဲ ၁၃:၅၂) ဥပမာထဲက အိမ်ရှင်ဟာ ဘဏ္ဍာထဲက အရာတွေကို ဘာကြောင့် ထုတ်ပြသလဲ။

ဥပမာထဲက အိမ်ရှင်ဟာ စည်းစိမ်ဘဏ္ဍာတွေ ထုတ်ကြွားမိလို့ အဖြစ်ဆိုး ကြုံရတဲ့ ဟေဇကိမင်းနဲ့ မတူဘူး။ (၂ ဘုရင်များ ၂၀:၁၃-၂၀) ဒါဆိုရင် ဘာကြောင့် ထုတ်ပြသလဲ။ သိပ်ချစ်ခင်လေးစားရတဲ့ ဆရာတစ်ယောက်အိမ် သွားလည်တယ်လို့ မြင်ယောင်ကြည့်ပါ။ အံဆွဲ ဖွင့်ပြီး စာနှစ်စောင် ဆရာ ထုတ်ပြတယ်။ တစ်စောင်က နှစ်ချို့ပြီး အဝါရောင် သန်းနေပြီ။ နောက်တစ်စောင်က သစ်သေးတယ်။ နှစ်စောင်စလုံး ဖခင်ဆီက ရထားတာ။ တစ်စောင်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ချီ ဆရာ ငယ်ငယ်တုန်းက ရထားတာ ဖြစ်ပြီး နောက်တစ်စောင်ကိုတော့ မကြာသေးခင်ကမှ ရထားတာ။ စာတွေကို ဘယ်လောက် တန်ဖိုးထားတယ်၊ စာမှာ ပါတဲ့ အကြံပေးစကားတွေကြောင့် ဆရာ့ဘဝ ဘယ်လောက် ပြောင်းလဲသွားတယ်၊ သင့်အတွက်လည်း အကျိုးရှိနိုင်တယ်ဆိုတာ ဝမ်းသာအားရ ပြောပြနေချိန် ဆရာ့မျက်လုံးတွေ တောက်ပနေတယ်။ စာတွေကို ဆရာ သိပ်တန်ဖိုးထားမြတ်နိုးတာ ထင်ရှားတယ်။ (လုကာ ၆:၄၅) ကြွားချင်လို့၊ တစ်နည်းနည်းနဲ့ အမြတ်ထုတ်ချင်လို့ ထုတ်ပြတာ မဟုတ်ဘူး။ သင် အကျိုးရဖို့၊ စာတွေရဲ့ တန်ဖိုးကို သိသွားစေဖို့ ထုတ်ပြတာ။

၈။ ကျမ်းစာကနေ သိလာတဲ့ အမှန်တရား မှန်သမျှ ဘာကြောင့် တန်ဖိုးထားမြတ်နိုးသင့်သလဲ။

တခြားသူတွေကို ဘုရားသခင်အကြောင်း အမှန်တရား ပြောပြတဲ့အခါ ကြီးမြတ်တဲ့ ဆရာ ယေရှုမှာ အဲဒီလို သဘောထား ရှိတယ်။ ယေရှုအတွက် အမှန်တရားဟာ အဖိုးမဖြတ်နိုင်တဲ့ ဘဏ္ဍာပဲ။ သိပ်တန်ဖိုးထားမြတ်နိုးတယ်။ တခြားသူတွေကို တအား ပြောပြချင်တယ်။ မိမိနောက်လိုက် “ဆရာတိုင်း” မှာ အဲဒီလို သဘောထား ရှိစေချင်တယ်။ ကျွန်တော်တို့မှာ အဲဒီသဘောထား ရှိသလား။ ကျမ်းစာကနေ သိလာတဲ့ အမှန်တရား မှန်သမျှ တန်ဖိုးထားမြတ်နိုးသင့်တာချည်းပဲ။ နှစ်ပေါင်းများစွာ ခံယူထားတဲ့ ယုံကြည်ချက်ဖြစ်ဖြစ်၊ မကြာသေးခင်က ပြုပြင်ပြောင်းလဲထားတာဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးကြတယ်။ ယေဟောဝါ သွန်သင်ပေးတာတွေ တခြားသူတွေကို ထက်ထက်သန်သန် ပြောပြခြင်း၊ အမြဲ တန်ဖိုးထားခြင်းအားဖြင့် အမှန်တရားကို ယေရှု မြတ်နိုးသလို မြတ်နိုးကြတယ်။

၉။ (က) ကိုယ်ဟောပြောသွန်သင်သူတွေကို ယေရှု ဘယ်လို သဘောထားသလဲ။ (ခ) လူတွေအပေါ် ထားတဲ့ ယေရှုရဲ့ သဘောထားကို ဘယ်လို အတုယူနိုင်သလဲ။

ကိုယ်ဟောပြောသွန်သင်သူတွေကိုလည်း ယေရှု သိပ်ချစ်တယ်။ ဒီအကြောင်း အပိုင်း ၃ မှာ အသေးစိတ် လေ့လာကြမယ်။ “နိမ့်ကျသူတွေ၊ နွမ်းပါးသူတွေကို သနားလိမ့်မယ်” လို့ မေရှိယနဲ့ပတ်သက်ပြီး ကြိုဟောထားတယ်။ (ဆာလံ ၇၂:၁၃) တကယ်လည်း လူတွေကို ယေရှု ဂရုစိုက်တယ်။ သူတို့ရဲ့ အတွေးအခေါ်၊ သဘောထားကို ဂရုစိုက်တယ်။ ဘာတွေကြောင့် ဝန်ပိနေသလဲ၊ အမှန်တရားကို နားမလည်သလဲ စိုးရိမ်ပေးတယ်။ (မဿဲ ၁၁:၂၈။ ၁၆:၁၃။ ၂၃:၁၃၊ ၁၅) ရှမာရိအမျိုးသမီးအကြောင်း ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်အပေါ် ယေရှု စိတ်ဝင်တစား ရှိလို့ စိတ်ထိမိသွားမှာပဲ။ အတွင်းရေး ကိစ္စတွေအထိ ယေရှု ထိုးထွင်းသိနေလို့ ပရောဖက်အဖြစ် လက်ခံသွားတယ်။ ယေရှုအကြောင်း တခြားသူတွေကို ပြောပြတယ်။ (ယောဟန် ၄:၁၆-၁၉၊ ၃၉) ယေရှုရဲ့ နောက်လိုက်တွေကတော့ ကိုယ်ဟောတဲ့သူတွေရဲ့ စိတ်နှလုံးကို မမြင်နိုင်ဘူး။ ဒါပေမဲ့ လူတွေကို ယေရှုလိုပဲ စိတ်ဝင်စားမှု ပြနိုင်တယ်။ ဂရုစိုက်ကြောင်း၊ စိုးရိမ်ကြောင်း ပြနိုင်တယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု၊ အခက်အခဲ၊ လိုအပ်ချက်နဲ့ ကိုက်မယ့် စကားတွေ ပြောနိုင်တယ်။

ယေရှု ဟောတဲ့ အကြောင်းအရာ

၁၀၊ ၁၁။ (က) ယေရှု ဘာအကြောင်း ဟောသလဲ။ (ခ) ဘုရားသခင့်နိုင်ငံတော် ဘာကြောင့် လိုလာသလဲ။

၁၀ ဘာအကြောင်း ယေရှု ဟောသလဲ။ ချာ့ချ်များစွာကတော့ ယေရှု လူ့အခွင့်အရေးဆိုင်ရာ တရားတွေ ဟောခဲ့တယ်လို့ သွန်သင်ကြတယ်။ ဒါမှမဟုတ် ယေရှု အုပ်ချုပ်ရေးစနစ် ပြောင်းပစ်ချင်တယ်၊ ကယ်တင်ခြင်း ရဖို့ အလေးပေး ဟောတယ်လို့ သင် ထင်နိုင်တယ်။ ဒါပေမဲ့ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို . . . ဟောရဦးမယ်” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းမှာ ဘာတွေ ပါသလဲ။

၁၁ ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို စာတန် ဦးဆုံးအကြိမ် အသရေဖျက်ချိန်၊ ဘုရားအုပ်ချုပ်ပုံ မကောင်းဘူးလို့ စွပ်စွဲချိန် ကောင်းကင်မှာ ယေရှု ရှိနေခဲ့တာကို သတိရပါ။ ဖန်ဆင်းရာတွေအပေါ် ကောင်းတာတွေ ထိမ်ချန်ထားတဲ့ မတရားတဲ့ အုပ်စိုးရှင်ဆိုပြီး မိမိရဲ့ ဖြောင့်မတ်တဲ့ ဖခင် စွပ်စွဲခံရလို့ ဘယ်လောက်တောင် စိတ်နာလိုက်မလဲ။ စာတန့်အသရေဖျက်စကားတွေကို လူသားထု တစ်ရပ်လုံးရဲ့ မိဘ ဖြစ်လာမယ့် အာဒံနဲ့ ဧဝ ယုံစားသွားလို့ ဘယ်လောက် စိတ်ထိခိုက်လိုက်မလဲ။ အဲဒီပုန်ကန်မှုကြောင့် လူ့မိသားစုကြီး အပြစ်နဲ့ သေခြင်းတရားအောက် ရောက်သွားတာ ယေရှု မြင်ရတယ်။ (ရောမ ၅:၁၂) ဒါပေမဲ့ တစ်နေ့ကျရင် ပြဿနာအားလုံး ဖခင် ဖြေရှင်းမယ်ဆိုတာ သိရလို့ ဝမ်းသာသွားမှာပဲ။

၁၂၊ ၁၃။ ဘယ်မတရားမှုတွေကို ဘုရားသခင့်နိုင်ငံတော် ဖြေရှင်းပေးမလဲ။ ယေရှု ဘယ်လိုနည်းနဲ့ နိုင်ငံတော်အကြောင်း အဓိက ဟောသလဲ။

၁၂ ဖြေရှင်းဖို့ အလိုအပ်ဆုံး ကိစ္စက ဘာလဲ။ ယေဟောဝါရဲ့ နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့၊ စာတန်နဲ့ စာတန့်ဘက်တော်သားတွေ ဘုရားကို နာမည်ဖျက်ပြီး ပြောထားသမျှ မှားကြောင်း သက်သေထူဖို့ပဲ။ ယေဟောဝါလို့ ပြောလိုက်ရင် ဘယ်လို အုပ်စိုးရှင်လဲဆိုတာ တစ်တွဲတည်း ပါလာတဲ့အတွက် ဘုရားအုပ်ချုပ်ပုံ အကောင်းဆုံးဆိုတာလည်း သက်သေထူဖို့ လိုတယ်။ ဒီအရေးကြီး ကိစ္စတွေအကြောင်း ဘယ်သူ့ထက်မဆို ယေရှု နားလည်တယ်။ ဒါကြောင့် နာမတော် သန့်ရှင်းမြင့်မြတ်ဖို့၊ နိုင်ငံတော် လာဖို့၊ အလိုတော် ကမ္ဘာမြေမှာ ပြည့်စုံဖို့ ဆုတောင်းပါဆိုပြီး နောက်လိုက်တွေကို စံပြဆုတောင်းချက်မှာ သင်ပေးတယ်။ (မဿဲ ၆:၉၊ ၁၀) ခရစ်တော် ယေရှု အုပ်ချုပ်တဲ့ ဘုရားနိုင်ငံတော်က ယိုယွင်းနေတဲ့ စာတန့်လောကကို မကြာခင် ဖျက်ဆီးပစ်မယ်။ ယေဟောဝါသာ အကောင်းဆုံး အုပ်စိုးရှင် ဖြစ်ကြောင်း ထာဝစဉ် သက်သေထူမယ်။—ဒံယေလ ၂:၄၄၊ ၄၅

၁၃ ဘုရားနိုင်ငံတော်ဟာ ယေရှု အဓိက ဟောတဲ့ အကြောင်းအရာပဲ။ နိုင်ငံတော်ဟာ ဘယ်လိုမျိုးလဲ၊ ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ဘယ်လို ပြည့်စုံစေမလဲဆိုတာ ယေရှုရဲ့ အပြော၊ လုပ်ရပ်က သဘောပေါက်စေတယ်။ ဘာအကြောင်းကြောင့်မှ နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းကနေ အာရုံလွဲမသွားဘူး။ ယေရှုခေတ်မှာ အာရုံစိုက်စရာ လူမှုရေး ပြဿနာတွေ၊ မတရားမှုတွေ မရေတွက်နိုင်အောင် များပေမဲ့ ဟောရမယ့် သတင်းတရား၊ ဟောရမယ့် တာဝန်ကိုပဲ ယေရှု အာရုံစိုက်တယ်။ ယေရှု အမြင်ကျဉ်းတဲ့ သဘောလား။ ဟောတဲ့ တရား ပျင်းစရာကောင်းပြီး ဓာတ်ပြားဟောင်း ဖွင့်သလို ဖြစ်နေမလား။ မဖြစ်ဘူး။

၁၄၊ ၁၅။ (က) ယေရှု ဘယ်လိုနည်းနဲ့ “ရှောလမုန်ထက် ပိုကြီးမြတ်” သလဲ။ (ခ) ဟောပြောတဲ့အခါ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

၁၄ ဒီအပိုင်းတစ်ပိုင်းလုံးမှာ တွေ့ရမယ့်အတိုင်း ယေရှု ဟောတဲ့ တရားဟာ စိတ်ဝင်စားစရာ ကောင်းပြီး ပြောင်မြောက်တယ်။ လူတွေရဲ့ စိတ်နှလုံးကို ထိမိတယ်။ စွမ်းအားတော်ကတစ်ဆင့် ယေဟောဝါ လမ်းညွှန်တာတွေ မှတ်တမ်းတင်နိုင်ဖို့ နှစ်သက်ဖွယ် စကားတွေ၊ တိကျမှန်ကန်တဲ့ အမှန်တရားစကားတွေ ရှာတဲ့ ပညာရှိ ဘုရင်ရှောလမုန်ကို သတိရမိနိုင်တယ်။ (ဒေသနာ ၁၂:၁၀) ငှက်အကြောင်း၊ ငါးအကြောင်းကအစ သစ်ပင်အကြောင်း၊ သားရဲအကြောင်းအဆုံး အကုန် ပြောပြနိုင်တဲ့ “သိနားလည်နိုင်စွမ်း” ရှောလမုန်ကို ယေဟောဝါ ပေးတယ်။ ရှောလမုန်ရဲ့ ဉာဏ်ပညာစကားကို နားထောင်ဖို့ လူတွေ ရပ်ဝေးကတောင် လာကြတယ်။ (၁ ဘုရင်များ ၄:၂၉-၃၄) ဒါပေမဲ့ ယေရှုဟာ “ရှောလမုန်ထက် ပိုကြီးမြတ်” တယ်။ (မဿဲ ၁၂:၄၂) “သိနားလည်နိုင်စွမ်း” နဲ့ ပိုပြည့်စုံတယ်။ ထူးကဲတဲ့ ကျမ်းစာအသိပညာသာမက ငှက်၊ တိရစ္ဆာန်၊ ငါး၊ စိုက်ပျိုးရေး၊ ရာသီဥတု၊ လတ်တလော ဖြစ်ရပ်၊ သမိုင်းဖြစ်ရပ်၊ လူမှုရေး အခြေအနေတွေကို အခြေခံပြီး သွန်သင်တယ်။ ဒါပေမဲ့ လူအထင်ကြီးအောင်ဆိုပြီး အသိပညာ ကြွယ်ကြောင်း မပြဘူး။ ရိုးရိုးရှင်းရှင်း သွန်သင်တယ်။ ယေရှု ပြောတာကို လူတွေ သဘောကျပြီး နားထောင်ကြတာ မဆန်းပါဘူး။—မာကု ၁၂:၃၇။ လုကာ ၁၉:၄၈

၁၅ ဒီနေ့ခေတ် ခရစ်ယာန်တွေ ယေရှုကို အတုယူကြတယ်။ ယေရှုလို ဉာဏ်ပညာ၊ အသိပညာ မကြွယ်ပေမဲ့ အထိုက်အလျောက် ရှိထားတဲ့ အသိပညာ၊ အတွေ့အကြုံကို အခြေခံပြီး တခြားသူတွေကို ကျမ်းစာအမှန်တရား ပြောပြကြတယ်။ ဥပမာ၊ ယေဟောဝါရဲ့ မေတ္တာကို ပုံဖော်ဖို့ မိဘတွေဆိုရင် သားသမီး ပြုစုပျိုးထောင်တုန်းက ကိုယ့်အတွေ့အကြုံကို သုံးနိုင်တယ်။ တချို့ကျတော့ အလုပ်၊ ကျောင်းက အတွေ့အကြုံ၊ လူတွေ၊ လတ်တလော ဖြစ်ရပ်တွေ အခြေခံပြီး ဥပမာ ပေးနိုင်တယ်။ ဟောပြောတဲ့အခါ အကြောင်းအရာ တော်တော်များများ ဆွေးနွေးနိုင်ပေမဲ့ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကနေ အာရုံလွဲမသွားဖို့တော့ ဂရုစိုက်ရမယ်။—၁ တိမောသေ ၄:၁၆

ဟောပြောခြင်းလုပ်ငန်းအပေါ် ယေရှုသဘောထား

၁၆၊ ၁၇။ (က) အမှုဆောင်လုပ်ငန်းကို ယေရှု ဘယ်လို သဘောထားသလဲ။ (ခ) အမှုဆောင်လုပ်ငန်းကို အဓိကထားကြောင်း ယေရှု ဘယ်လို ပြသလဲ။

၁၆ ဟောပြောခြင်းလုပ်ငန်းကို အဖိုးတန်ဘဏ္ဍာလို့ ယေရှု သဘောထားတယ်။ ကောင်းကင်ဘုံစံဖခင်အကြောင်း လူတွေ အမှန်အတိုင်း သိအောင်၊ လူတွေ ထွင်ထားတဲ့ အယူဝါဒ၊ ထုံးစံတွေနဲ့ ရောထွေးမသွားအောင်၊ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိအောင်၊ ထာဝရအသက် မျှော်လင့်ချက် ရှိလာအောင် ကူညီပေးရတာ ယေရှု ပျော်တယ်။ ကိုယ်ဟောလိုက်တဲ့ သတင်းကောင်းကြောင့် လူတွေ နှစ်သိမ့်မှု ရသွားရင်၊ ပျော်သွားရင် ဝမ်းသာတယ်။ ယေရှု အဲဒီလို သဘောထားကြောင်း ဘယ်လို ပြသလဲ။ နည်းသုံးနည်းနဲ့ ပြတယ်။

၁၇ ပထမ၊ အမှုဆောင်လုပ်ငန်းကို အဓိကထားခြင်းအားဖြင့်။ နိုင်ငံတော်အကြောင်း ဟောပြောတာ ယေရှုအတွက် အဓိကလုပ်ငန်း၊ အဓိကစိတ်ဝင်စားရာပဲ။ ဒါကြောင့် အခန်း ၅ မှာ တွေ့ခဲ့တဲ့အတိုင်း ဘဝကို ရိုးရိုးရှင်းရှင်း ထားတာ။ ဟောတဲ့အတိုင်း ကိုယ်တိုင် ကျင့်တယ်။ အရေးကြီးဆုံးအရာတွေကို အာရုံစိုက်တယ်။ အကုန်အကျ များမယ့်၊ အချိန်နဲ့အမျှ ထိန်းသိမ်း၊ ပြုပြင်၊ အစားထိုးရမယ့် အရာတွေကြောင့် အာရုံပျံ့မခံဘူး။ အမှုဆောင်လုပ်ငန်းကနေ အာရုံလွဲမသွားစေဖို့ ရိုးရိုးရှင်းရှင်း နေတယ်။—မဿဲ ၆:၂၂။ ၈:၂၀

၁၈။ အမှုဆောင်လုပ်ငန်းမှာ ယေရှု အချိန်၊ ခွန်အား ဘယ်လို သုံးသလဲ။

၁၈ ဒုတိယ၊ အမှုဆောင်လုပ်ငန်းမှာ အချိန်၊ ခွန်အားများစွာ သုံးခြင်းအားဖြင့်။ အမှုဆောင်လုပ်ငန်းမှာ ယေရှု တော်တော်လေး အားစိုက်တယ်။ ပါလက်စတိုင်းတစ်ခွင် မိုင်ပေါင်းရာချီ လမ်းလျှောက်ပြီး သတင်းကောင်း နားထောင်ချင်သူတွေကို ရှာတယ်။ အိမ်၊ ဈေး၊ ရင်ပြင်နဲ့ တခြားနေရာတွေမှာ ဟောတယ်။ အနားယူဖို့၊ စားသောက်ဖို့၊ မိတ်ဆွေတွေနဲ့ နားအေးပါးအေး နေဖို့ လိုတဲ့အချိန်မှာတောင် ဟောတယ်။ သေခါနီးအချိန်မှာတောင် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း ဟောနေတုန်းပဲ။—လုကာ ၂၃:၃၉-၄၃

၁၉၊ ၂၀။ အရေးတကြီး သဘောထားနဲ့ သတင်းကောင်း ဟောဖို့ လိုကြောင်း ယေရှု ဘယ်လို ဥပမာ ပေးသလဲ။

၁၉ တတိယ၊ အရေးတကြီး သဘောထားနဲ့ ဟောပြောခြင်းအားဖြင့်။ ရှုခါမြို့ပြင်က ရေတွင်းမှာ ရှမာရိအမျိုးသမီးနဲ့ ယေရှု စကားပြောတာကို သတိရပါ။ အဲဒီလောက် အရေးတကြီး သဘောထားနဲ့ သတင်းကောင်း ဟောဖို့ လိုမှန်း တမန်တော်တွေ အဲဒီတုန်းက သဘောမပေါက်ကြဘူး။ “ရိတ်သိမ်းချိန် ရောက်ဖို့ လေးလ လိုသေးတယ်လို့ ခင်ဗျားတို့ ပြောတတ်ကြတယ် မဟုတ်လား။ ကျွန်တော် ပြောမယ်။ လယ်ကွင်းကို လှမ်းမျှော်ကြည့်လိုက်ပါ။ ရိတ်စရာစပါးတွေ မှည့်ဝင်းနေပြီ” လို့ ယေရှု ပြောတယ်။—ယောဟန် ၄:၃၅

၂၀ ရာသီအချိန်အခါကို ကြည့်ပြီး အဲဒီဥပမာ ယေရှု ပေးတာ။ အဲဒီအချိန်ဟာ ခိသလုလ (နိုဝင်ဘာ/ဒီဇင်ဘာ) ဖြစ်တယ်။ နောက်လေးလလောက်အကြာ နိသန်လ ၁၄ ရက်၊ ပသခါပွဲဝန်းကျင်ရောက်မှ စပါးရိတ်သိမ်းကြမှာ။ ဒါကြောင့် အဲဒီအချိန်မှာ စပါးရိတ်သိမ်းဖို့ကိစ္စ လယ်သမားတွေ ခေါင်းထဲ မထည့်ကြသေးဘူး။ အချိန်တော်တော် လိုသေးတာကိုး။ ပုံဆောင် ရိတ်သိမ်းခြင်းလုပ်ငန်းကကော။ ကြားနာဖို့၊ သင်ယူဖို့၊ ခရစ်တော်တပည့် ဖြစ်လာဖို့၊ ဘုရားပေး မျှော်လင့်ချက် ရှိလာဖို့ လိုတဲ့ လူတွေမှ အများကြီး။ ပုံဆောင်လယ်ကွင်းကို ယေရှု လှမ်းကြည့်လိုက်တော့ ရိတ်စရာ စပါးတွေ မှည့်ဝင်းနေတာ တွေ့လိုက်ရသလိုပဲ။ အရေးတကြီး ရိတ်သိမ်းဖို့ အချိန်တန်နေပြီ။ ဒါကြောင့် မိမိတို့နဲ့ အတူနေဖို့ မြို့တစ်မြို့က မြို့သားတွေ ယေရှုကို ပြောတဲ့အခါ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြားမြို့ရွာတွေမှာလည်း ဟောရဦးမယ်။ အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ” လို့ ပြန်ပြောတာ။—လုကာ ၄:၄၃

၂၁။ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

၂၁ ဆွေးနွေးခဲ့တဲ့အတိုင်း နည်းသုံးနည်းနဲ့ ယေရှုကို အတုယူနိုင်တယ်။ အမှုဆောင်လုပ်ငန်းကို ဦးစားထားပါ။ မိသားစုတာဝန်၊ အလုပ်တာဝန်တွေ ရှိပေမဲ့ အမှုဆောင်မှာ ထက်ထက်သန်သန် မှန်မှန် ပါဝင်ခြင်းအားဖြင့် ဦးစားထားကြောင်း ပြနိုင်တယ်။ (မဿဲ ၆:၃၃။ ၁ တိမောသေ ၅:၈) အမှုဆောင်လုပ်ငန်းမှာ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ ရက်ရက်ရောရော သုံးပါ။ ကိုယ်ရဲ့ အကောင်းဆုံးကို ပေးခြင်းအားဖြင့် အသုံးတော်ခံနိုင်တယ်။ (လုကာ ၁၃:၂၄) အမှုဆောင်လုပ်ငန်း ဘယ်လောက် အရေးကြီးကြောင်း အမြဲ သတိရပါ။ (၂ တိမောသေ ၄:၂) အရေးကြီး သဘောထား ရှိရင် ဟောခွင့် ကြုံတိုင်း ဟောမှာ ဖြစ်တယ်။

၂၂။ နောက်အခန်းမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။

၂၂ မိမိ သေဆုံးပြီးနောက် ဆက်ဟောပြောသွန်သင်ဖို့ နောက်လိုက်တွေကို တာဝန် ပေးခြင်းအားဖြင့် ဟောပြောခြင်းလုပ်ငန်း အရေးကြီးကြောင်း ယေရှု ဖော်ပြတယ်။ ဒီအကြောင်း နောက်အခန်းမှာ သုံးသပ်ကြမယ်။

a ဥပမာ၊ ဂျူးလူမျိုး ဖြစ်လျက်နဲ့ ရှမာရိလူမျိုးကို ဘာကြောင့် စကားလာပြောသလဲလို့ အမျိုးသမီး မေးတယ်။ လူမျိုးနှစ်မျိုးကြားက ရန်စရှည်ကြီးကို ဆွဲထုတ်လိုက်တာပဲ။ (ယောဟန် ၄:၉) ရှမာရိလူမျိုးဟာ ယာကုပ်ကနေ ဆင်းသက်လာတဲ့အကြောင်းလည်း ပြောတယ်။ ဒါကို တစ်ခေတ်တည်းသား ဂျူးတွေ လုံးဝ လက်မခံကြဘူး။ (ယောဟန် ၄:၁၂) တိုင်းတစ်ပါးလူမျိုးကနေ ရှမာရိလူမျိုး ဆင်းသက်လာတယ်ဆိုတာ ပေါ်စေချင်လို့ ကုသလူမျိုးလို့ ဂျူးတွေ ခေါ်ကြတယ်။

b ဟောပြောတယ်ဆိုတာ သတင်းတစ်ခုခု ပြောပြတာကို ဆိုလိုတယ်။ သွန်သင်တာကျတော့ အဓိပ္ပာယ် ဆင်ပေမဲ့ ပိုပြီး နှိုက်နှိုက်ချွတ်ချွတ်၊ အသေးစိတ်ကျကျ ပြောတာ ဖြစ်တယ်။ သွန်သင်သူကောင်းဟာ သင်သား သိလာတဲ့အတိုင်း လိုက်လုပ်ချင်စိတ် ရှိအောင် ထိမိတဲ့ သွန်သင်နည်းတွေ သုံးတယ်။