မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၆

ကောင်းတာ လုပ်ဖို့ ခက်ရတဲ့အကြောင်းရင်း

ကောင်းတာ လုပ်ဖို့ ခက်ရတဲ့အကြောင်းရင်း

ရှောလု မကောင်းတာတွေ လုပ်ခဲ့​တုန်း​က ဘယ်သူ သဘောကျသလဲ။— စာတန်​မာရ်နတ်ပဲ​ပေါ့။ ဂျူး​ဘာသာရေး ခေါင်းဆောင်တွေလည်း သဘောကျခဲ့​တယ်။ နောက်ပိုင်းမှာ ပေါလု​လို့​ခေါ်တဲ့ ရှောလုဟာ ကြီးမြတ်တဲ့​ဆရာရဲ့ တပည့် ဖြစ်လာတဲ့​အခါ အဲဒီ​ဘာသာရေး ခေါင်းဆောင်တွေ​က သူ့ကို မုန်း​လာတော့​တယ်။ ဒါကြောင့် ယေရှုရဲ့ တပည့်​တစ်ယောက်​အနေနဲ့ ကောင်းတာ​လုပ်ဖို့ ဘာကြောင့် ခက်ခဲတယ်​ဆိုတာ ကလေးတို့ နားလည်​ရဲ့​လား။—

ပေါလုဟာ ကောင်းတာကိုလုပ်လို့ ဘာ​ခံရသလဲ

တစ်ခါတုန်းက အာနနိ​ဆိုတဲ့ ပုရောဟိတ်မင်း​က ပေါလုရဲ့ ပါး​ကို ရိုက်​ဖို့ အမိန့်​ပေးခဲ့တယ်။ ပေါလုကို ထောင်ချဖို့​တောင် ကြိုးစားခဲ့တယ်။ ပေါလုဟာ ယေရှုရဲ့ တပည့် ဖြစ်လာတဲ့​အခါ အတော့်​ကို ဒုက္ခခံ​ခဲ့​ရတယ်။ လူဆိုးတွေ​က ပေါလု​ကို ရိုက်နှက်​တဲ့​အပြင် ကျောက်ခဲတွေ​နဲ့ ပေါက်သတ်ဖို့​အထိ ကြိုးစား​ခဲ့​ကြတယ်။—တမန်တော် ၂၃:၁၊ ၂။ ၂ ကောရိန္သု ၁၁:၂၄၊ ၂၅

လူအများ​က ဘုရားသခင် မကြိုက်တာ​တွေ လုပ်ဖို့ တို့တစ်တွေကို ဆွယ်​ကြ​လိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ– ကောင်းတာကို ငါ ဘယ်လောက်​အထိ ချစ်သလဲ။ လူတွေ မုန်း​ရင်​မုန်းပါ​စေ၊ ကောင်းတာကို​လုပ်မယ် ဆိုတဲ့​အထိ ကောင်းမှုကို တကယ်​ချစ်​ရဲ့​လား။ အဲဒီလို​လုပ်ဖို့​ဆိုတာ သတ္တိ​ရှိရမယ်၊ ဟုတ်တယ် မဟုတ်လား။—

‘ကောင်းတာ လုပ်တာကို လူတွေ ဘာဖြစ်လို့ မုန်းကြတာ​လဲ။ တကယ်​ဆိုရင် ဝမ်းသာ​ရမှာ မဟုတ်လား’ ဆိုပြီး ကလေးတို့ တွေးမိကြမှာပဲ။ တကယ်လည်း ဝမ်းသာသင့်ပါတယ်။ ယေရှု လုပ်တဲ့ ကောင်းမှုတွေကြောင့် လူတွေက ယေရှုကို ချစ်ခင်​ကြတယ်။ တစ်ခါ​က မြို့သား​အားလုံး ယေရှု တည်းခို​တဲ့ အိမ်တံခါး​နား​မှာ စုရုံးလာ​ကြတယ်။ လူနာ​တွေ ရောဂါ​ပျောက်​အောင် ယေရှု ကုပေး​တဲ့​အတွက် ခုလို​လာကြတာ။—မာကု ၁:၃၃

တစ်ခါတလေကျတော့ ယေရှု သင်​ပေးတာကို လူတွေ မကြိုက်ကြဘူး။ အမြဲတမ်း မှန်တာ​တွေ​ပဲ သင်ပေးပေမဲ့ လူတွေ မကြိုက်ကြဘူး။ အမှန်တရား ပြောတဲ့​အတွက် ယေရှုကို သိပ်​မုန်းတဲ့​သူတွေတောင် ရှိတယ်။ တစ်နေ့မှာ ယေရှု ကြီးပြင်း​ရာ​မြို့ နာဇရက်​မှာ အဲဒီလို ဖြစ်ခဲ့တယ်။ ယေရှု​ဟာ ဂျူးတွေ ဘုရားသခင်ကို ဝတ်ပြု​ကိုးကွယ်တဲ့​နေရာ တရားဇရပ်​ကို သွားတယ်။

အဲဒီမှာ ယေရှု​က ကျမ်းစာကနေ အင်မတန်​ကောင်းတဲ့ ဟောပြောချက်​တစ်ခု ဟောပြောတယ်။ ပထမ​တော့ လူတွေက ကြိုက်​ကြတယ်။ ယေရှုရဲ့ ယဉ်ကျေး​သိမ်မွေ့​တဲ့ စကားတွေကြောင့် အံ့သြ​ကြတယ်။ သူတို့​မြို့မှာ​ပဲ ကြီးပြင်းလာ​သူ​ဖြစ်လို့ မယုံနိုင်အောင် ဖြစ်နေကြတယ်။

နောက်တော့ ယေရှု​က တခြား​အကြောင်း ဆက်ပြောတယ်။ ဂျူးလူမျိုး မဟုတ်​သူတွေကို ဘုရားသခင် မျက်နှာသာ​ပေးခဲ့​ချိန်​က အကြောင်း​တွေကို ပြောပြတယ်။ ဒီ​အကြောင်းလည်း ပြော​ရော တရားဇရပ်မှာ ရှိသူတွေ ဒေါသ​ထွက်ကြ​တယ်။ ဘာကြောင့်လဲ သိသလား။— သူတို့​ပဲ ဘုရား​မျက်နှာသာ​ရတဲ့ လူမျိုး ဖြစ်တယ်လို့ ထင်ကြ​လို့​ပဲ​ပေါ့။ တခြား​လူမျိုး​တွေ​ထက် သူတို့ မြင့်မြတ်တယ်လို့ ထင်နေတယ်လေ။ ယေရှုရဲ့​စကား​ကြောင့် ယေရှုကို မုန်း​ကြတယ်။ ပြီးတော့ ယေရှုကို ဘာလုပ်ဖို့​တောင် ကြိုးစားသလဲ သိလား။—

‘ယေရှုကို မြို့ပြင် ဆွဲထုတ်​သွားကြတယ်။ ပြီးတော့ မြို့​တည်ရာ တောင်ထိပ်​စွန်း​ကနေ တွန်း​ချဖို့ လုပ်တဲ့​အခါ ယေရှု​က လူအုပ်​ကြားထဲ​ကနေ ရှောင်ထွက်​သွားတယ်’ လို့ ကျမ်းစာမှာ ဆိုထားတယ်။—လုကာ ၄:၁၆-၃၀

ဒီ​လူတွေ ဘာဖြစ်လို့ ယေရှုကို သတ်ချင်​တာလဲ

ကလေးတို့သာ ဒီလိုမျိုး ကြုံတွေ့ရ​ရင် အဲဒီ​လူတွေ​ဆီ ပြန်သွားပြီး ဘုရားသခင်​အကြောင်း ပြောပြ​ဦး​မလား။— ဒီလို​လုပ်ဖို့​ဆိုတာ သတ္တိ​ရှိရမယ်၊ ဟုတ်တယ် မဟုတ်လား။— ယေရှု​ကတော့ တစ်နှစ်​ကြာပြီးတဲ့နောက် နာဇရက်​မြို့ကို ပြန်​သွားတယ်။ “တရားဇရပ်မှာ သွန်သင်တယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။ ဘုရားသခင်ကို မချစ်တဲ့ လူတွေကို ကြောက်လို့ အမှန်တရားကို မဟောဘဲ​နေတာမျိုး မ​လုပ်ခဲ့ဘူး။—မဿဲ ၁၃:၅၄

ဥပုသ်​နေ့တစ်နေ့မှာ ယေရှု တရားဇရပ်​ထဲ ဝင်​သွားတဲ့အခါ လက်တစ်ဖက်​သေ​သူကို တွေ့တယ်။ ဒီ​လူကို ကျန်းမာ​စေဖို့ ယေရှုမှာ ဘုရား​ပေးတဲ့​တန်ခိုး ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ ရှိနေ​သူတချို့​က ယေရှုကို ပြဿနာ​ရှာ​ချင်တယ်။ ကြီးမြတ်တဲ့​ဆရာ ဘာ​လုပ်သလဲ။— “ခင်ဗျားတို့မှာ သိုး​တစ်ကောင် ရှိတယ်​ဆိုပါစို့။ အဲဒီ​သိုး ဥပုသ်​နေ့မှာ တွင်း​ထဲ ကျသွား​ရင် မ​ဆွဲတင်​ဘဲ​နေတဲ့​သူ ရှိသလား” ဆိုပြီး အရင်ဆုံး မေးလိုက်တယ်။

ဟုတ်တာပေါ့၊ သူတို့ အလုပ်​နား​ရမယ့် ဥပုသ်​နေ့​ဖြစ်နေရင်​လည်း သိုးကို ဆွဲတင်​ကြမှာပဲ။ ဒါကြောင့် ယေရှု​က ‘လူဟာ သိုး​ထက် အများကြီး တန်ဖိုး​ရှိတယ်။ ဒါကြောင့် ဥပုသ်​နေ့မှာ လူကို ကောင်းမှု ပြုသင့်​တယ်’ ဆိုပြီး ပြော​လိုက်တယ်။ ယေရှု​အနေနဲ့ ဒီ​လူကို ကျန်းမာ​စေပြီး ကျေးဇူးပြုသင့်တယ်​ဆိုတာ ရှင်းရှင်းလင်းလင်း ပြ​လိုက်တယ်။

ယေရှု​က အဲဒီ​လူကို လက်​ဆန့်​ခိုင်းတယ်။ လက်​က ချက်ချင်းပဲ ကောင်း​သွားတယ်။ အဲဒီ​လူ ဘယ်လောက် ပျော်လိုက်မလဲ​နော်။ ဒါပေမဲ့ တခြား​လူတွေက​ကော။ ဝမ်းသာ​ကြသလား။— ဝမ်းမသာ​ကြဘူး။ ယေရှုကို ပိုပြီး မုန်း​လာတယ်။ ထွက်သွား​ပြီး ယေရှုကို သတ်ဖို့ အကြံ​ထုတ်​ကြတယ်။—မဿဲ ၁၂:၉-၁၄

အခုခေတ်မှာ​လည်း ဒီလို​ပါပဲ။ တို့တစ်တွေ ဘာပဲ​လုပ်​လုပ် လူတိုင်း စိတ်​ကျေနပ်​အောင် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တို့တစ်တွေ​အနေနဲ့ ဘယ်သူ့​စိတ်ကြိုက် ဖြစ်စေချင်သလဲ​ဆိုတာ ဆုံးဖြတ်​ရမယ်။ ယေဟောဝါ​ဘုရားနဲ့ သားတော် ယေရှု​ခရစ်​တို့ စိတ်ကြိုက် ဖြစ်စေချင်ရင် သူတို့သင်ပေးတဲ့​အတိုင်း အမြဲတမ်း လိုက်နာ​ရမယ်။ ဒါပေမဲ့ ဒီလိုလုပ်​မယ်​ဆိုရင် တို့တစ်​တွေကို ဘယ်သူက မုန်း​မလဲ။ ကောင်းတာကို​လုပ်ဖို့ ခက်ခဲ​အောင် ဘယ်သူက​လုပ်မလဲ။—

စာတန်​မာရ်နတ် လုပ်​လိမ့်မယ်။ တခြား ဘယ်သူတွေ ရှိသေးသလဲ။— မှားတာ​တွေကို ယုံကြည်​အောင် မာရ်နတ် လှည့်စား​ထားတဲ့​သူတွေလည်း လုပ်​လိမ့်မယ်။ ယေရှု​က သူ့​ခေတ်​က ဘာသာရေး ခေါင်းဆောင်တွေ​ကို “ခင်ဗျားတို့ရဲ့​အဖဟာ မာရ်နတ်ပဲ။ သူ့​ဆန္ဒ​အတိုင်း ခင်ဗျားတို့ လုပ်ချင်ကြတာ” ဆိုပြီး ပြောခဲ့တယ်။—ယောဟန် ၈:၄၄

မာရ်နတ် ကြိုက်​တဲ့​လူတွေ အများကြီး ရှိတယ်။ သူတို့ကို ယေရှု​က “လောက” လို့​ခေါ်တယ်။ ယေရှု ပြောနေတဲ့ “လောက” ဆိုတာ ဘာဖြစ်မယ် ထင်သလဲ။— ကောင်းပြီ၊ ယောဟန် အခန်းကြီး ၁၅၊ အခန်းငယ် ၁၉ ကို ဖွင့်​ကြည့်ရအောင်။ အဲဒီမှာ ယေရှုရဲ့​စကားကို ဒီလို​ဖတ်ရ​တယ်– “ခင်ဗျားတို့ဟာ ဒီ​လောက​နဲ့​ပတ်သက်​နေရင် လောကက သူ့​လူတွေ ဖြစ်နေတဲ့ ခင်ဗျားတို့ကို ချစ်​လိမ့်မယ်။ အခုတော့ ခင်ဗျားတို့​က ဒီ​လောက​နဲ့ ဘာမှ မပတ်သက်​တဲ့​အပြင် ဒီ​လောက​ထဲ ကျွန်တော် ရွေးချယ်​ထားသူတွေ ဖြစ်နေတဲ့​အတွက် လောကက ခင်ဗျားတို့ကို မုန်းတယ်။”

ဒါကြောင့် ယေရှုရဲ့ တပည့်​တွေကို မုန်းတဲ့ လောက​ဆိုတာ ယေရှုရဲ့​နောက်လိုက် မဟုတ်​သူတွေ ပါဝင်တယ်။ ဒီ​လောက,က ယေရှုရဲ့ တပည့်​တွေကို ဘာဖြစ်လို့ မုန်းသလဲ။— ဒီအချက်ကို စဉ်းစား​ကြည့်ပါ။ ဒီ​လောကရဲ့​မင်းဟာ ဘယ်သူ​လဲ။— ‘တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ဩဇာ​အောက်မှာ ရှိနေတယ်’ လို့​ကျမ်းစာက ဆိုတယ်။ အဲဒီ​ဆိုးညစ်သူ​က စာတန်​ပဲ​ပေါ့။—၁ ယောဟန် ၅:၁၉

ကဲ၊ ကောင်းတာ လုပ်ဖို့ ဘာကြောင့် ဒီလောက် ခက်​မှန်း သိပြီ မဟုတ်လား။— စာတန်နဲ့ သူ့​လောကက ခက်​အောင် လုပ်​နေတာ။ နောက်​အကြောင်း​တစ်ခု ရှိသေးတယ်။ အဲဒါက​ဘာလဲ မှတ်မိသလား။— ဒီ​စာအုပ် အခန်း ၂၃ မှာ​တုန်း​က တို့​အားလုံးဟာ အပြစ်နဲ့ မွေးလာ​သူတွေ ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်။ အပြစ်​တရား​ရယ်၊ မာရ်နတ်​ရယ်၊ ဒီ​လောက​ရယ် မရှိတော့ဘူး​ဆိုရင် သိပ်​ကောင်းမယ် မဟုတ်လား။—

ဒီ​လောက ကွယ်ပျောက်​တဲ့အခါ ကောင်းတာ​လုပ်တဲ့​သူတွေ​အတွက် ဘာ​ဖြစ်လာမလဲ

‘ဒီ​လောက ရွေ့​သွား​ကွယ်ပျောက်​နေတယ်’ လို့ ကျမ်းစာက ဆိုထားတယ်။ ဆိုလိုတာ​က ကြီးမြတ်တဲ့​ဆရာရဲ့ နောက်လိုက် မဟုတ်​သူ​အားလုံး ရှိတော့မှာ မဟုတ်ဘူး။ ထာဝစဉ် အသက်ရှင်ခွင့် ရ​ကြ​မှာ မဟုတ်ဘူး။ ဘယ်သူတွေ ထာဝ​စဉ် အသက်ရှင်​မယ်​ဆိုတာ သိသလား။— “ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်​သူကတော့ အမြဲ​တည်​တယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။ (၁ ယောဟန် ၂:၁၇) ဟုတ်​ပါတယ်၊ ကောင်းတာကို လုပ်တဲ့​သူတွေ၊ ‘ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်ရွက်​သူတွေ’ ပဲ ဘုရားရဲ့ ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်​ရမှာ။ ဒါကြောင့် ဘယ်လောက်​ဘဲ ခက်​ပါစေ ကောင်းတာကို​ပဲ တို့တစ်တွေ လုပ်ချင်ကြတယ်၊ ဟုတ်တယ် မဟုတ်လား။—

ကောင်းတာကို လုပ်ဖို့ ဘာကြောင့် မလွယ်​ရတဲ့​အကြောင်း ဖော်ပြတဲ့ ဒီ​ကျမ်းချက်တွေကို အတူတူ ဖတ်ရ​အောင်– မဿဲ ၇:၁၃၊ ၁၄။ လုကာ ၁၃:၂၃၊ ၂၄။ တမန်တော် ၁၄:၂၁၊ ၂၂