အခန်း ၁၈
ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ သတိရသလား
ကလေးတို့ ဒီနေ့ ထမင်းစားပြီးပြီလား။— ဘယ်သူ ချက်ကျွေးသလဲ၊ သိသလား။—ကလေးတို့မေမေ ဒါမှမဟုတ် တခြား တစ်ယောက်ယောက် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ အဲဒီအတွက် ဘုရားသခင်ကို ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။— စားစရာတွေ ဖြစ်ထွန်းအောင် လုပ်ပေးတဲ့သူဟာ ဘုရားသခင်မို့လို့ပါ။ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးတဲ့ သူကိုလည်း ကျေးဇူးတင်သင့်တာပေါ့။
တစ်ခါတလေ သူတစ်ပါးက ကောင်းတာ လုပ်ပေးတာကို ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မေ့တတ်ကြတယ် မဟုတ်လား။ ကြီးမြတ်တဲ့ဆရာ ကမ္ဘာပေါ်မှာရှိတုန်းက အနာကြီးရောဂါသည်တချို့ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မေ့ခဲ့ကြတယ်။
အနာကြီးရောဂါသည်ဆိုတာ ဘာလဲ သိသလား။— နူနာရောဂါစွဲနေသူ ဖြစ်တယ်။ အဲဒီရောဂါ ဖြစ်ရင် အသားတွေတောင် ပဲ့ကျတတ်တယ်။ ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက အနာကြီးရောဂါသည်တွေဟာ လူတွေနဲ့ သီးသန့်ခွဲနေရတယ်။ လူတစ်ယောက် လာနေတာကို မြင်ရင် သူတို့အနား မလာဖို့ အော်ပြီး သတိပေးရတယ်။ သူတို့နဲ့ နီးနီးကပ်ကပ် နေရင် လူတွေ ရောဂါကူးသွားမှာ စိုးလို့ပေါ့။
ယေရှုဟာ အနာကြီးရောဂါသည်တွေကို သနားကြင်နာတယ်။ တစ်နေ့မှာ ယေရှုဟာ ဂျေရုဆလင်မြို့ကို အသွား မြို့ကလေးတစ်မြို့ကို ဖြတ်ရတယ်။ အဲဒီမြို့နား ရောက်တဲ့အခါ အနာကြီးရောဂါသည် ဆယ်ယောက်က ယေရှုကို ထွက်တွေ့ကြတယ်။ ယေရှုဟာ ရောဂါအမျိုးမျိုး ပျောက်ကင်းစေနိုင်တဲ့တန်ခိုး ဘုရားဆီက ရထားတယ်လို့ သူတို့ ကြားထားတယ်။
အနာကြီးရောဂါသည်တွေဟာ ယေရှုနားကို မလာကြဘူး။ ခပ်လှမ်းလှမ်းမှာပဲ ရပ်နေကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရောဂါကို ယေရှု ပျောက်စေနိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် ကြီးမြတ်တဲ့ဆရာကိုလည်း တွေ့ရော ‘ဆရာယေရှု၊ ကျွန်တော်တို့ကို သနားပါဦး’ ဆိုပြီး အော်ကြတယ်။
ဖျားနာတဲ့လူတွေကို ကလေးတို့ သနားကြသလား။— ယေရှုက သနားတတ်တယ်။ အနာကြီးရောဂါသည် ဖြစ်ရတာ ဘယ်လောက် စိတ်ဆင်းရဲစရာ ကောင်းမှန်း ယေရှု နားလည်တယ်။ ဒါကြောင့် သူတို့ကို “ပုရောဟိတ်တွေဆီ ကိုယ်ကို သွားပြကြ” လို့ ပြောလိုက်တယ်။—ယေရှု ဘာကြောင့် အဲဒီလို ပြခိုင်းတာလဲ။ အနာကြီးရောဂါသည်နဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ပညတ်ကြောင့်ပါပဲ။ အဲဒီပညတ်အရ ပုရောဟိတ်ဟာ အနာကြီးရောဂါသည်ရဲ့ အသားအရေကို စစ်ဆေးရမယ်။ ရောဂါ ရှင်းရှင်း ပျောက်သွားပြီဆိုရင် ပျောက်ပြီဆိုတာ ပြောပြရမယ်။ အဲဒီရောဂါစွဲသူဟာ ရောဂါပျောက်မှ ကျန်းမာတဲ့ လူတွေတောထဲ ပြန်နေလို့ရမှာ။—ဝတ်ပြုရာ ၁၃:၁၆၊ ၁၇။
အခု ဒီအနာကြီးရောဂါသည်တွေကတော့ ရောဂါ မပျောက်သေးဘူး။ ဒီတော့ ယေရှု ခိုင်းတဲ့အတိုင်း ပုရောဟိတ်ဆီ သွားကြသလား။— ဟုတ်တယ်၊ ချက်ချင်း သွားကြတယ်။ ရောဂါ
ပျောက်ကင်းအောင် ယေရှု လုပ်ပေးမယ်ဆိုတာ ယုံကြည်လို့ ဖြစ်ရမယ်။ ဘာဆက်ဖြစ်သလဲ။ပုရောဟိတ်ဆီအသွား လမ်းခုလတ်မှာတင် သူတို့ရောဂါ ပျောက်သွားပါလေရော။ အသားအရေတွေ ပြန်ကောင်းလာတယ်။ ကျန်းမာရေး ကောင်းသွားကြပြီလေ။ ယေရှုရဲ့ တန်ခိုးကို ယုံကြည်တဲ့အတိုင်း ဖြစ်လာပြီ။ ဘယ်လောက်တောင် ပျော်လိုက်ကြမလဲနော်။ အခု ကျေးဇူးတင်တဲ့အနေနဲ့ သူတို့ ဘာလုပ်သင့်သလဲ။ ကလေးတို့သာ ဆိုရင် ဘာလုပ်ကြမလဲ။—
ရောဂါ ပျောက်သွားတဲ့ လူတွေထဲက တစ်ယောက် ယေရှုဆီ ပြန်လာတယ်။ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲ။ ဘာကြောင့်လဲဆိုတော့ ရောဂါ ပျောက်ကင်းသွားတာ ဘုရားရဲ့ တန်ခိုးကြောင့်ပဲ။ အဲဒီလူဟာ ကြီးမြတ်တဲ့ဆရာရဲ့ ခြေရင်းမှာ ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောရှာတယ်ကွဲ့။ ရောဂါ ပျောက်ကင်းအောင် လုပ်ပေးတဲ့အတွက် ယေရှုကို ကျေးဇူးတင်မဆုံး ဖြစ်မိတာပေါ့။
ဒါပေမဲ့ ကျန်တဲ့လူ ကိုးယောက်ကော။ ယေရှုက ‘ဆယ်ယောက်စလုံး ရောဂါပျောက် သွားတာ မဟုတ်လား။ ကျန်တဲ့ကိုးယောက်က ဘယ်မှာလဲ။ တစ်ယောက်ပဲ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းဖို့ ပြန်လာတာလား’ ဆိုပြီး မေးလိုက်တယ်။
ဟုတ်ပါတယ်။ ဆယ်ယောက်ထဲကတစ်ယောက်ပဲ ဘုရားသခင်ကို ဂုဏ်တင် ချီးမွမ်းခဲ့တယ်။ ယေရှုဆီ ပြန်လာပြီး ကျေးဇူးတင်စကား ပြောခဲ့တယ်။ အဲဒီ လုကာ ၁၇:၁၅-၁၉။
တစ်ယောက်ဟာလည်း ရှမာရိလူမျိုး၊ တိုင်းတစ်ပါးသား ဖြစ်တယ်ကွဲ့။ ကျန်တဲ့ ကိုးယောက်ကတော့ ဘုရားရဲ့ ကျေးဇူးကိုလည်း မချီးမွမ်းဘူး၊ ယေရှုကိုလည်း ကျေးဇူးမတင်ကြဘူးကွဲ့။—ကလေးတို့ အဲဒီလူတွေထဲမှာ ဘယ်သူနဲ့ တူသလဲ။ တို့တစ်တွေ ရှမာရိလူနဲ့ တူချင်ကြတယ်၊ ဟုတ်တယ် မဟုတ်လား။— ဒီတော့ တစ်ယောက်ယောက်က ကျေးဇူးပြုရင် ဘာလုပ်ဖို့ သတိရသင့်သလဲ။— ကျေးဇူးတင်ကြောင်း ပြောရမယ်ကွဲ့။ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ လူတွေ မေ့တတ်ကြတယ်။ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောတာ ကောင်းတယ်။ အဲဒီလိုပြောတာကို ယေဟောဝါနဲ့ သားတော် ယေရှုတို့လည်း နှစ်သက်ကြတယ်။
စဉ်းစားကြည့်ရင် ကိုယ့်အတွက် သူများ လုပ်ပေးခဲ့တာတွေ အများကြီးဆိုတာ သတိရလာမှာပါ။ ဥပမာ၊ ကလေးတို့ ဖျားဖူးသလား။—အနာကြီးရောဂါသည် ဆယ်ယောက်လောက် အခြေအနေမဆိုးပေမဲ့ အအေးမိတာ၊ ဗိုက်နာတာတို့တော့ ဖြစ်ဖူးကြမယ်။ တစ်ယောက်ယောက်က ကလေးတို့ကို ပြုစုစောင့်ရှောက်တယ် မဟုတ်လား။— ကလေးတို့ကို ဆေးတိုက်မယ်၊ လိုအပ်တာတွေ လုပ်ပေးမှာပဲ။ နေပြန်ကောင်းလာအောင် ကူညီပေးလို့ ဝမ်းမသာဘူးလား။—
ရှမာရိလူက နေပြန်ကောင်းလာအောင် လုပ်ပေးလို့ ကျေးဇူးတင်ကြောင်း ပြောတဲ့အခါ ယေရှု ဝမ်းသာတယ်။ ကလေးတို့မေမေ၊ ဖေဖေက ကလေးတို့အတွက် တစ်ခုခု လုပ်ပေးတဲ့အခါ ကျေးဇူးတင်ပါတယ်လို့ ပြောမယ်ဆိုရင် သူတို့ ဝမ်းသာမယ် ထင်သလား။— ဝမ်းသာတာပေါ့။
တချို့လူတွေက ကလေးတို့အတွက် နေ့တိုင်း၊ အပတ်တိုင်း အလုပ်လုပ်ပေးကြတယ်။ ဒီလိုလုပ်ရတာဟာ သူတို့ရဲ့အလုပ် ဖြစ်ချင်လည်းဖြစ်မယ်။ ဒီလိုလုပ်ပေးရတာ ပျော်တာလည်း ဖြစ်မယ်။
ဒါပေမဲ့ ကလေးတို့က ကျေးဇူးတင်ပါတယ် ပြောဖို့ မေ့ချင်မေ့နေမယ်။ ဆရာမက ကလေးတို့ ပညာတတ်အောင် စာသင်ပေးမယ်။ ဒါက သူ့အလုပ်ပဲ။ ဒါပေမဲ့ ပညာတတ်အောင် ခုလို သင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်ဆိုရင် ဆရာမ ဝမ်းသာမှာပေါ့။တစ်ခါတလေကျတော့ ကလေးတို့အတွက် အသေးအဖွဲလေးတွေ လုပ်ပေးကြမယ်။ ကလေးတို့အတွက် တစ်ယောက်ယောက်က တံခါးဖွင့်ပေးဖူးသလား။ ထမင်းစားချိန်မှာ ဟင်းခွက် လှမ်းပေးဖူးသလား။ ဒီလိုမျိုးလေးတွေ ကူညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ပြောတာ ကောင်းတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ သတိရမယ်ဆိုရင် ကောင်းကင်ပေါ်က ဖခင်ကို ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ ပိုသတိရကြမယ်။ ကောင်းကင်ဘုံစံဖခင် ယေဟောဝါကို ကျေးဇူးတင်စရာတွေ အများကြီးပဲ။ တို့တစ်တွေကို အသက်ပေးတဲ့အပြင် ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နိုင်အောင် လိုအပ်တာမှန်သမျှ ပေးထားတယ်။ ဒါကြောင့် ဘုရားသခင် ကောင်းမြတ်တဲ့ အကြောင်းတွေကို ပြောဖို့၊ ဂုဏ်တင်ချီးမွမ်းဖို့အကြောင်းတွေ အများကြီးပါပဲ။
ကျေးဇူးတင်ခြင်းနဲ့ ပတ်သက်ပြီး ဆာလံ ၉၂:၁။ ဧဖက် ၅:၂၀။ ကောလောသဲ ၃:၁၇။ ၁ သက်သာလောနိတ် ၅:၁၈ တို့ကို ဖတ်ပါ။