အခန်း ၃၀
ကြောက်စိတ်ကို အောင်နိုင်ဖို့ အကူအညီ
ယေဟောဝါကို ဝတ်ပြုရတာ လွယ်တယ်လို့ ထင်သလား။— ကြီးမြတ်တဲ့ဆရာက လွယ်မယ်လို့ မပြောခဲ့ဘူးကွဲ့။ အသတ်မခံရခင် ညမှာ ယေရှုက “ဒီလောကက ခင်ဗျားတို့ကို မုန်းရင် ခင်ဗျားတို့ကို မမုန်းခင်ကတည်းက ကျွန်တော့်ကို မုန်းတယ်ဆိုတာ သိမှတ်ကြပါ” လို့ တမန်တော်တွေကို ပြောပြခဲ့တယ်။—ယောဟန် ၁၅:၁၈။
ပေတရုက ယေရှုကို ဘယ်တော့မှ မစွန့်ဘူးလို့ ကြွားခဲ့ပေမဲ့ အဲဒီညမှာပဲ ယေရှုကို မသိဘူးလို့ သုံးကြိမ်တိုင်တိုင် ငြင်းလိမ့်မယ်လို့ ယေရှု ပြောလိုက်တယ်။ ပြောတဲ့အတိုင်းပဲ ပေတရု ငြင်းခဲ့တယ်။ (မဿဲ ၂၆:၃၁-၃၅၊ ၆၉-၇၅) ဘယ်လို ဖြစ်သွားရတာလဲ။— ပေတရုဟာ ကျန်တဲ့တမန်တော်တွေလိုပဲ ကြောက်စိတ် ဝင်လာတဲ့အတွက် ခုလိုဖြစ်သွားရတာပါ။
တမန်တော်တွေ ဘာဖြစ်လို့ ကြောက်စိတ် ဝင်လာသလဲ သိကြသလား။— အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုကို လုပ်ဖို့ သူတို့ ပျက်ကွက်ခဲ့ကြလို့ပဲ။ အဲဒီအကြောင်းကို သိထားမယ်ဆိုရင် တို့တစ်တွေကို လူတွေ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ယေဟောဝါကို ဆက်ဝတ်ပြုနိုင်လိမ့်မယ်။ ဒါပေမဲ့ တမန်တော်တွေနဲ့ ယေရှု အတူတူရှိခဲ့တဲ့ နောက်ဆုံးညမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်ရအောင်။
ပထမဦးဆုံး သူတို့ ပသခါပွဲကို အတူတူ ကျင်းပကြတယ်။ ပသခါပွဲဆိုတာ အီဂျစ်ပြည် ကျွန်ဘဝကနေ လွတ်မြောက်ခဲ့ပုံကို ဘုရားရဲ့လူမျိုး သတိရစေဖို့ နှစ်တိုင်း ကျင်းပရတဲ့ အထူးညစာစားပွဲ ဖြစ်တယ်။ အဲဒီနောက်မှာ ယေရှုက ညစာစားပွဲ နောက်တစ်ခုကို စတင်ကျင်းပတယ်။ အဲဒီအကြောင်းကို နောက်ပိုင်းကျမှ ဆွေးနွေးမယ်။ အဲဒီညစာစားပွဲက ယေရှုကို ဘယ်လို သတိရစေသလဲဆိုတာလည်း ရှင်းပြမယ်။ ညစာ စားပြီး၊ တမန်တော်တွေကို အားပေးစကား ပြောပြီးတဲ့နောက်မှာ ယေရှုက သူတို့ကို ဂေသရှေမန်ဥယျာဉ်ကို ခေါ်သွားတယ်။ ဒီဥယျာဉ်ဟာ သူတို့ သိပ်ကြိုက်လို့ ခဏခဏ သွားတဲ့နေရာ ဖြစ်တယ်။
မဿဲ ၂၆:၃၆-၄၇) ဒီလိုအချိန်မှာ သူတို့ ဘာကြောင့် နိုးနိုးကြားကြားရှိပြီး ဆုတောင်းနေသင့်သလဲ သိသလား။— ကြည့်ရအောင်။
ဥယျာဉ်ထဲ ရောက်တော့ ယေရှုဟာ တစ်နေရာ သွားပြီး တစ်ယောက်တည်း ဆုတောင်းတယ်။ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုလည်း ဆုတောင်းဖို့ မှာသွားတယ်။ ဒါပေမဲ့ သူတို့ အိပ်ပျော်သွားကြတယ်။ ယေရှုဟာ ခပ်လှမ်းလှမ်း သွားပြီး သုံးခါ ဆုတောင်းတယ်။ ပြန်လာတဲ့အခါတိုင်း ပေတရုနဲ့ တမန်တော်တွေ အိပ်ပျော်နေတာကို တွေ့ရတယ်။ (အဲဒီညနေ စောစောပိုင်း ပသခါပွဲမှာ ယုဒရှကာရုတ်ဟာ ယေရှုအပါအဝင် ကျန်တမန်တော်တွေနဲ့အတူ ရှိနေခဲ့တယ်။ ယုဒ သူခိုး ဖြစ်သွားတာကို မှတ်မိဦးမှာပေါ့နော်။ အခုတော့ ယုဒဟာ သစ္စာဖောက်တစ်ယောက် ဖြစ်သွားပြီလေ။ ဂေသရှေမန်ဥယျာဉ်မှာ ယေရှုနဲ့ တမန်တော်တွေ မကြာခဏ တွေ့ဆုံတဲ့နေရာကို သူသိထားတယ်။ ဒါကြောင့် ယေရှုကို ဖမ်းဖို့ အဲဒီနေရာကို စစ်သားတွေ ခေါ်လာတယ်။ သူတို့ ရောက်လာတော့ ယေရှုက “ဘယ်သူ့ကို ရှာနေတာလဲ” ဆိုပြီး မေးလိုက်တယ်။
စစ်သည်တွေက “ယေရှုကို ရှာနေတာ” လို့ပြောတော့ ယေရှုက “ကျွန်တော်ဟာ ယေရှုပဲ” ဆိုပြီး မကြောက်မရွံ့ ပြောလိုက်တယ်။ ယေရှုရဲ့ သတ္တိကြောင့် စစ်သည်တွေ အံ့သြလွန်းလို့ နောက်ဆုတ်သွားပြီး လဲကျကုန်တယ်။ ဒါနဲ့ ယေရှုက “ကျွန်တော့်ကို ရှာနေတာဆိုရင် သူတို့တွေ သွားပါစေ” လို့ပြောတယ်။—ယောဟန် ၁၈:၁-၉။
စစ်သည်တွေက ယေရှုကို ဖမ်းပြီး လက်ကို ကြိုးတုတ်တဲ့အခါ တမန်တော်တွေ ကြောက်လို့ ထွက်ပြေးကြပါလေရော။ ဒါပေမဲ့ ပေတရုနဲ့ ယောဟန်တို့ကတော့ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်လို့ ခပ်လှမ်းလှမ်းကနေ လိုက်သွားကြတယ်။ ယေရှုကို ပုရောဟိတ်မင်း ကယာဖရဲ့ အိမ်ကို ခေါ်သွားကြတယ်။ ယောဟန်ဟာ ပုရောဟိတ်မင်းရဲ့ အသိဖြစ်နေလို့ တံခါးစောင့်က သူနဲ့ ပေတရုကို အိမ်ခြံဝင်းထဲ ဝင်ခွင့်ပေးလိုက်တယ်။
ပုရောဟိတ်တွေက ယေရှုကို စစ်ဆေးမေးမြန်းဖို့ ကယာဖရဲ့ အိမ်မှာ စုရုံးရောက်ရှိနေကြပြီ။ သူတို့က ယေရှုကို သတ်ပစ်ချင်နေကြတာ။ ဒါကြောင့် ယေရှုကို မဟုတ်မမှန် စွပ်စွဲဖို့ သက်သေတွေ ခေါ်လာကြတယ်။ လူတွေက ယေရှုကို လက်သီးနဲ့ ထိုးတယ်၊ ပါးရိုက်တယ်။ ဒါတွေဖြစ်နေချိန်မှာ ပေတရုဟာ အနီးအနားမှာ ရှိနေတယ်။
မဿဲ ၂၆:၅၇-၇၅။ လုကာ ၂၂:၅၄-၆၂။ ယောဟန် ၁၈:၁၅-၂၇။
ပေတရုနဲ့ ယောဟန်တို့ကို ခြံဝင်းထဲ ဝင်ခွင့်ပေးတဲ့ တံခါးစောင့် အစေခံမလေးက ပေတရုကို သတိထားမိတယ်။ ဒါနဲ့ “ရှင်ဟာ ယေရှုနဲ့ တစ်ဖွဲ့တည်းပဲ” လို့ပြောတယ်။ ဒါပေမဲ့ ပေတရုက ယေရှုကို သိတောင်မသိဘူးလို့ ငြင်းလိုက်တယ်။ ခဏကြာတော့ အစေခံမလေး နောက်တစ်ယောက်က ပေတရုကို မှတ်မိသွားပြီး အနားမှာ ရပ်နေတဲ့ လူတွေကို “ဒီလူဟာ ယေရှုနဲ့ တစ်ဖွဲ့တည်းပဲ” လို့ပြောတယ်။ ပေတရုက ယေရှုကို မသိဘူးလို့ ငြင်းပြန်တယ်။ ခဏကြာတော့ အဲဒီမှာ ရပ်နေသူတစ်စုက ပေတရုကို “တကယ်တော့ ခင်ဗျားလည်း သူတို့နဲ့ တစ်ဖွဲ့တည်းပဲ” လို့ ပြောကြတယ်။ ပေတရုက “သူ့ကို ကျွန်တော် မသိဘူး” ဆိုပြီး တတိယအကြိမ် ငြင်းလိုက်တယ်။ တကယ်ပြောတာပါဆိုပြီး ကျိန်ပြောလိုက်သေးတယ်။ အဲဒီအချိန်မှာ ယေရှုက ပေတရုကို လှည့်ကြည့်တယ်။—ပေတရု ဘာလို့ ညာလိုက်သလဲ သိလား။— ဟုတ်တယ်၊ ကြောက်လို့ပေါ့။ ဘာကြောင့် ကြောက်တာလဲ။ ဘာကြောင့် သတ္တိမရှိခဲ့တာလဲ။ ဒီအချက်ကို စဉ်းစားကြည့်။ သတ္တိရှိဖို့ ယေရှု ဘာလုပ်ခဲ့သလဲ။— ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဘုရားသခင်ကလည်း သတ္တိရှိအောင် ကူညီပေးခဲ့တယ်။ ယေရှုက ပေတရုကို ဆုတောင်းပါ၊ နိုးနိုးကြားကြား ရှိပါ၊ စောင့်နေပါဆိုပြီး သုံးကြိမ်တောင် မှာခဲ့တာကို သတိရကြပါ။ ဒါပေမဲ့ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။—
ယေရှု ပြန်လာတဲ့အခါတိုင်း ပေတရု အိပ်ပျော်နေခဲ့တယ်။ ဆုမတောင်းဘူး၊ စောင့်မနေခဲ့ဘူး။ ဒါကြောင့် ယေရှု အဖမ်းခံရတဲ့အခါ အငိုက်မိသွားတာပေါ့။ နောက်ပိုင်း စစ်ဆေးမေးမြန်းတဲ့အခါ၊ ယေရှုကို ရိုက်ပြီး အသေသတ်ဖို့ ကြံစည်ကြတာကို မြင်တော့ ပေတရု ပိုကြောက်လာတယ်။ ဒါပေမဲ့ အဲဒီလိုမဖြစ်ခင် နာရီအနည်းငယ်က တမန်တော်တွေ ဘာမျှော်လင့်ထားရမယ်လို့ ယေရှု ပြောခဲ့သလဲ။— လောကသားတွေက ယေရှုကို မုန်းရင် တပည့်တွေလည်း အမုန်းခံရမယ်လို့ ပြောခဲ့တယ်။
ပေတရု ဖြစ်ခဲ့သလိုမျိုး တို့တစ်တွေမှာလည်း ဖြစ်နိုင်တာတွေကို စဉ်းစားကြည့်ရအောင်။ ကလေးတို့ရဲ့ အတန်းထဲမှာ ကျောင်းသားတချို့က အလံ အလေးမပြုတဲ့သူ၊ ဒါမှမဟုတ် ခရစ္စမတ်ပွဲ မကျင်းပတဲ့သူတွေအကြောင်း မကောင်းပြောနေကြတယ် ဆိုပါစို့။
တစ်ယောက်က ကလေးတို့ဘက် လှည့်ပြီး “မင်းတို့ အလံ အလေးမပြုဘူးဆိုတာ ဟုတ်သလား” ဆိုပြီး မေးလာရင်ကော။ ဒါမှမဟုတ် “မင်းတို့က ခရစ္စမတ်ပွဲတောင် မလုပ်ကြဘူးဆို” လို့ ပြောမယ်ဆိုရင်ကော။ အမှန်ကိုပြောရဲမလား။— ပေတရု လိုမျိုး လိမ်ပြောမိမလား။—ပေတရုဟာ ယေရှုကို မသိဘူးလို့ ငြင်းခဲ့မိတဲ့အတွက် တအား ဝမ်းနည်းသွားတယ်။ သူမှားသွားမှန်း သိတဲ့အခါ အပြင်ထွက်ပြီး ငိုခဲ့တယ်။ ဟုတ်ပါတယ်၊ ယေရှုဆီ ပြန်လှည့်လာတယ်။ (လုကာ ၂၂:၃၂) အခု ဒီအချက်ကို စဉ်းစားကြည့်ရအောင်။ ပေတရုလိုမျိုး တို့တစ်တွေလည်း ကြောက်ကြောက်နဲ့ မပြောမိအောင် ဘာက အကူအညီ ပေးနိုင်သလဲ။— ဆုတောင်းဖို့၊ သတိနဲ့စောင့်နေဖို့ ပေတရု ပျက်ကွက်ခဲ့တာကို သတိရကြပါ။ ဒီတော့ ကြီးမြတ်တဲ့ဆရာရဲ့ နောက်လိုက်တစ်ယောက်ဖြစ်ဖို့ တို့တစ်တွေ ဘာလုပ်ဖို့လိုတယ်လို့ ကလေးတို့ ပြောမလဲ။—
ယေဟောဝါဆီက အကူအညီ ရဖို့ မဖြစ်မနေ ဆုတောင်းဖို့ လိုတယ်။ ယေရှု ဆုတောင်းတဲ့အခါ ဘုရားသခင် ဘာလုပ်ပေးတယ်ဆိုတာ ကလေးတို့ သိကြသလား။— ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ပြီး ယေရှုကို အားပေးခဲ့တယ်။ (လုကာ ၂၂:၄၃) ဘုရားရဲ့ ကောင်းကင်တမန်တွေက တို့တစ်တွေကိုကော ကူညီပေးနိုင်သလား။— “ယေဟောဝါကို ကြောက်ရွံ့သူတွေရဲ့ ပတ်လည်မှာ ကောင်းကင်တမန် ခြံရံနေတယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။ (ဆာလံ ၃၄:၇) ဒါပေမဲ့ ဘုရားဆီက အကူအညီ ရဖို့ဆိုရင် ဆုတောင်းတာထက်မက လုပ်ဖို့ လိုတယ်။ ဘာလုပ်ရဦးမလဲဆိုတာ ကလေးတို့ သိကြသလား။— ယေရှုက နောက်လိုက်တွေကို နိုးနိုးကြားကြား ရှိဖို့၊ သတိနဲ့ စောင့်နေဖို့ မှာခဲ့တယ်။ ဘာက ကူညီပေးမယ် ထင်သလဲ။—
ခရစ်ယာန် အစည်းအဝေးတွေမှာ သေသေချာချာ နားထောင်ဖို့၊ ကျမ်းစာက ဖတ်ရတာတွေကို အာရုံစိုက်ဖို့ လိုတယ်။ ဘုရားသခင်ကို ဝတ်ပြုရာမှာ အကူအညီပေးဖို့ ယေဟောဝါဆီ မှန်မှန် ဆုတောင်းဖို့လည်း လိုတယ်။ ဒါဆိုရင် ကြောက်စိတ်ကို အောင်နိုင်ဖို့ အကူအညီရမှာ ဖြစ်တယ်။ ဒါဆိုရင် ကြီးမြတ်တဲ့ဆရာနဲ့ သူ့ဖခင်အကြောင်း သူများကိုပြောပြဖို့ အခွင့်အရေး ရတဲ့အခါ တို့တစ်တွေ ဝမ်းသာကြမှာပဲ။
လူတွေကိုကြောက်လို့ မှန်တာ မလုပ်ရဲတာမျိုး လုံးဝ မဖြစ်ရအောင် ဒီကျမ်းချက်တွေက တို့တစ်တွေကို ကူညီပေးနိုင်တယ်– ပညာအလိမ္မာ ၂၉:၂၅။ ယေရမိ ၂၆:၁၂-၁၅၊ ၂၀-၂၄။ ယောဟန် ၁၂:၄၂၊ ၄၃။