မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၃

တို့တစ်တွေကို ယေရှု ကာကွယ်ပေးနိုင်တယ်

ယေရှုကို ကလေးတို့ ဘယ်လို သဘောထားသလဲ— တန်ခိုး​ကြီးတဲ့ ရှင်ဘုရင်​အနေနဲ့​လား၊ ဘာမှ​မ​လုပ်နိုင်တဲ့ ကလေးလေး​အနေနဲ့​လား

တို့တစ်တွေကို ယေရှု ကာကွယ်ပေးနိုင်တယ်

ယေရှု ကြီးလာ​တော့ ကလေး​ဘဝက ကာကွယ်​ခံရ​ပုံ​အကြောင်း သိရတဲ့အခါ ယေဟောဝါ​ဆီ ဆုတောင်းပြီး ကျေးဇူးတင်​တယ်လို့ ပြောမယ်​ထင်သလား။— သူ့ကို ကာကွယ်​တဲ့​အနေနဲ့ အီဂျစ်​ပြည်​ကို ခေါ်သွား​တဲ့​အကြောင်း နောက်ပိုင်း သိရတဲ့အခါ မာရိနဲ့ ယောသပ်​တို့​ကို ယေရှု ဘာ​ပြောမယ် ထင်သလဲ။—

အခု ယေရှုဟာ ကလေးလေး မဟုတ်တော့ဘူး။ အရင်ကလို ကမ္ဘာပေါ်မှာ​လည်း မနေ​တော့​ဘူး။ ဒါပေမဲ့ အခုခေတ် လူ​တချို့က ယေရှုကို နွား​စား​ခွက်​ထဲမှာရှိတဲ့ ကလေးလေး​လို သဘောထား​နေတုန်း​ဆိုတာ ကလေးတို့ သတိထား​မိသလား။— အထူးသဖြင့် ခရစ္စမတ်​ရာသီ​ရောက်ရင် ကလေးလေး ယေရှုရဲ့ ပုံတွေကို နေရာ​အတော်များများမှာ တွေ့ရ​တယ်။

ယေရှု ကမ္ဘာပေါ် မနေ​တော့​ပေမဲ့ အသက်​ရှင်​နေတယ်​ဆိုတာ ကလေးတို့ ယုံကြည်သလား။— ဟုတ်​ပါတယ်၊ ယေရှု​ဟာ သေ​ရာ​ကနေ အသက်ပြန်ရှင်​ပြီးနောက် အခု​ဆိုရင် ကောင်းကင်ဘုံမှာ တန်ခိုးကြီး ဘုရင်​တစ်ပါး ဖြစ်နေပြီ။ သူ့​နောက်လိုက်​တွေကို ကာကွယ်ဖို့ ယေရှု ဘာလုပ်​ပေးနိုင်​တယ်လို့ ကလေးတို့ ထင်သလဲ။— ယေရှု ကမ္ဘာပေါ် ရှိတုန်းက သူ့ကို ချစ်တဲ့​သူတွေကို ဘယ်လို ကာကွယ်ပေး​နိုင်တယ်ဆိုတာ ပြခဲ့တယ်။ တပည့်​တွေ​နဲ့ လှေ​စီး​သွားတဲ့​တစ်နေ့မှာ ဘယ်လို ကာကွယ်ပေး​ခဲ့​တယ်​ဆိုတာ ကြည့်ရအောင်။

တစ်ခါ​က ယေရှုဟာ ဂါလိလဲ​အိုင်​နား​မှာ တစ်​နေ​ကုန် သွန်သင်​ခဲ့​တယ်။ ဂါလိလဲအိုင်ဟာ အလျား ၁၃ မိုင်၊ အနံ ၇.၅ မိုင် ကျယ်ဝန်း​တဲ့ အိုင်​ကြီး​ဖြစ်တယ်။ ညနေစောင်း​တဲ့အခါ ယေရှု​က “အိုင်​တစ်ဖက်​ကမ်း​ကို ကူး​ရအောင်” လို့ တပည့်​တွေကို ပြောတယ်။ ဒါနဲ့ လှေပေါ်​တက်ပြီး အိုင်​တစ်ဖက်​ကို ရွက်လွှင့်​သွားကြတယ်။ ယေရှု​က သိပ်​ပင်ပန်း​နေလို့ လှေ​ပဲ့ပိုင်း​မှာ ခေါင်းအုံး အုံးပြီး လှဲ​အိပ်လိုက်တယ်။ မကြာခင် အိပ်မောကျ​သွားတယ်။

လှိုင်း​နဲ့ လေကို ယေရှု ဘာ​ပြော​နေသလဲ

တပည့်​တွေ​ကတော့ ဦးတည်ရာ​လမ်းကြောင်း​အတိုင်း လှေ​ကို ထိန်း​သွားကြတယ်။ အစပိုင်းမှာ လှိုင်း​လေ ငြိမ်​လို့ အဆင်ပြေ​နေပေမဲ့ မကြာခင်မှာ​ဘဲ လေပြင်း တိုက်ခတ်​လာတယ်။ လေ​က ပြင်းသည်ထက် ပြင်း​လာပြီး လှိုင်းလုံး​က​လည်း ကြီးသည်ထက် ကြီးလာ​တယ်။ လှိုင်းလုံး​ရိုက်ခတ်​လို့ လှေ​ထဲ ရေ​ဝင်​ကုန်​တာပေါ့။

လှေ​နစ်​သွားမှာကို တပည့်​တွေ ကြောက်ကြတာ​ပေါ့။ ယေရှု​ကတော့ မကြောက်​ဘူးကွဲ့။ လှေ​ပဲ့ပိုင်း​မှာ အိပ်ပျော်​နေတုန်းပဲ။ နောက်ဆုံး​တော့ တပည့်​တွေ​က ယေရှုကို နှိုး​ပြီး ‘ဆရာ၊ ဆရာ၊ ကယ်ပါဦး။ မုန်တိုင်း​ကြောင့် ကျွန်တော်တို့ သေတော့​မယ်’ ဆိုပြီး ပြော​ကြတယ်။ ဒါနဲ့ ယေရှု​က ထပြီး လှိုင်း​နဲ့ လေကို ‘တိတ်ဆိတ်​ငြိမ်သက်​စေ’ ဆိုပြီး အမိန့်​ပေး​လိုက်တယ်။

ချက်ချင်းပဲ လှိုင်း​လေ ငြိမ်​သွားတယ်။ တပည့်တွေလည်း အံ့သြသွား​ကြတယ်။​ ဒါမျိုး တစ်ခါ​မှ မမြင်ဖူး​တော့ “ဘယ်လို လူ​ပါလိမ့်။ လှိုင်း​နဲ့ လေ​တောင် သူ့​စကားကို နားထောင်ပါ​လား” ဆိုပြီး အချင်းချင်း ပြော​ကြတယ်။—လုကာ ၈:၂၂-၂၅။ မာကု ၄:၃၅-၄၁

ယေရှု ဘယ်သူ​လဲ​ဆိုတာ သိသလား။— ကြီးမားတဲ့​တန်ခိုးကို ဘယ်က ရတယ် ဆိုတာ​ကော သိသလား။— ယေရှုဟာ သာမန်​လူတစ်ယောက် မဟုတ်တဲ့​အတွက် ယေရှုနဲ့အတူ ရှိနေ​ချိန်မှာ တပည့်​တွေ ဘာမှ ကြောက်စရာ မလိုဘူး။ တခြား​လူတွေ မ​လုပ်နိုင်တဲ့ အံ့ဖွယ်ရာတွေကို ယေရှု လုပ်​နိုင်တယ်။ တစ်ခါတုန်းက မုန်တိုင်းထန်​တဲ့ ရေပြင်​ပေါ် လုပ်ခဲ့တဲ့​အရာ နောက်​တစ်ခု​အကြောင်း ပြောပြမယ်နော်။

အဲဒီ​နောက်ပိုင်း တစ်နေ့မှာ ဖြစ်တယ်။ ညနေစောင်း​တဲ့အခါ ယေရှု​က တပည့်​တွေကို လှေပေါ် တက်​ခိုင်း​ပြီး အိုင်​တစ်ဖက်​ကမ်း​ကို ကူး​နှင့်​ခိုင်းတယ်။ အဲဒီနောက် တစ်ယောက်တည်း တောင်ပေါ် တက်​သွားတယ်။ အဲဒီ​နေရာဟာ ဆိတ်ငြိမ်​တဲ့​အတွက် သူ့​ဖေဖေ ယေဟောဝါ​ဘုရားဆီ ကောင်းကောင်း ဆုတောင်း​နိုင်တာပေါ့။

တပည့်တွေလည်း လှေပေါ်​တက်ပြီး တစ်ဖက်​ကမ်း​ကို ရွက်လွှင့်​သွားကြတယ်။ သိပ်​မကြာခင် လေပြင်း တိုက်ခတ်​လာတော့​တယ်။ တဖြည်းဖြည်းနဲ့ လေ​က ပြင်းသည်ထက် ပြင်းထန်​လာတယ်။ ည​အချိန်​ကြီး​လည်း ဖြစ်နေတယ်။ ရွက်​ကို ချပြီး ခတ်​တက်​နဲ့ လှော်ခတ်​ကြတယ်။ ဒါပေမဲ့ လေပြင်း​ကို ဆန်​ပြီး လှော်ခတ်​ရလို့ တော်​တော်​နဲ့ ခရီး​မ​ပေါက်​နိုင်ဘူး။ လှေ​က လှိုင်းလုံး​ကြီး​တွေ​ကြားမှာ ပုခက်လွှဲသလို လွှဲ​နေတဲ့​အပြင် လှေ​ထဲ​ကို ရေ​တွေ ဝင်​နေပြီ။ ကမ်း​စပ်​ရောက်​ဖို့ ကြိုးစားပမ်းစား လှော်ခတ်​ကြပေမဲ့ ကမ်း​ကို မ​ရောက်​နိုင်ဘူး။

ယေရှု​ကတော့ တောင်ပေါ်မှာ တစ်ယောက်တည်း ရှိနေတုန်းပဲ။ အဲဒီမှာ အတော်​ကြာ​သွားတယ်။ ဒါပေမဲ့ လှိုင်းလုံး​ကြီး​တွေ​ကြား တပည့်​တွေ ဒုက္ခရောက်​နေတာကိုလည်း တွေ့ရော ချက်ချင်း တောင်ပေါ်​က ဆင်း​ပြီး ကမ်း​စပ်​ကို သွားတယ်။ တပည့်​တွေကို ကူညီ​ပေးချင်​ဇော​နဲ့ လှိုင်း​လေထန်​နေတဲ့ ရေပြင်​ပေါ် လမ်းလျှောက်​ပြီး သူတို့ဆီ သွားတယ်။

ကလေးတို့ ရေပေါ်​မှာ လမ်းလျှောက်​မယ်​ဆိုရင် ဘာဖြစ်​မလဲ။— ရေ​ထဲ နစ်​သွားမယ်၊ ရေနစ်​ပြီး သေ​နိုင်တယ်။ ဒါပေမဲ့ ယေရှု​ကျတော့ တို့နဲ့ မတူဘူး။ သူ့မှာ ထူးခြားတဲ့​တန်ခိုး ရှိတယ်။ လှေ​ဆီ​ကို ရောက်​ဖို့ အတော်ဝေးဝေး လျှောက်​သွားရတယ်။ ဒါကြောင့် ယေရှု ရေပေါ် လမ်းလျှောက်​ပြီး သူတို့ဆီ လာနေတာကို တပည့်​တွေ မြင်ရ​ချိန်မှာ မိုးလင်း​ခါနီး​နေပြီ။ ဒါပေမဲ့ သူတို့​မြင်ရတာ​ကို မယုံနိုင်​ကြဘူး။ ကြောက်​ကြောက်​နဲ့ အလန့်တကြား အော်​ကြပါ​လေ​ရော။ ဒါနဲ့ ယေရှု​က ‘မကြောက်​ကြနဲ့။ ကျွန်တော်​ပါ’ လို့ ပြော​လိုက်တယ်။

ယေရှု ဘာဖြစ်လို့ အံ့သြစရာတွေ လုပ်ပြခဲ့သလဲ

ယေရှုလည်း လှေပေါ်​ကို ရောက်​သွား​ရော မုန်တိုင်း ငြိမ်​သွားတော့တယ်။ တပည့်​တွေ အံ့သြ​ရ​ပြန်တာ​ပေါ့။ ယေရှုကို ဦးညွှတ်​ပြီး “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့ သားပါ” ဆိုပြီး ပြော​ကြတယ်။—မဿဲ ၁၄:၂၂-၃၃။ ယောဟန် ၆:၁၆-၂၁

ယေရှု​ခေတ်မှာ အသက်ရှင်ပြီး အဲဒီလို အံ့ဖွယ်​လုပ်ရပ်တွေကို မြင်ရ​ရင် သိပ်​ကောင်းမှာ​ပဲ မဟုတ်လား။— အဲဒီလို​အံ့သြစရာတွေ​ကို ယေရှု ဘာဖြစ်လို့ လုပ်တာ​လဲ သိသ​လား။— တပည့်​တွေကို ချစ်လို့၊ သူတို့ကို ကူညီ​ပေးချင်လို့​ပေါ့။ ပြီးတော့ သူ့မှာ​ရှိတဲ့ ကြီးမားတဲ့​တန်ခိုးကို ဘုရား​နိုင်ငံတော်​ဘုရင် ဖြစ်လာ​ရင် ဘယ်လို အသုံးပြုမယ်​ဆိုတာ ပြ​ချင်​လို့ လုပ်ပြ​ခဲ့​တာ​ဖြစ်တယ်။

အခု​အချိန်မှာ နောက်လိုက်​တွေကို ယေရှု ဘယ်လို ကာကွယ်ပေးသလဲ

အခု​အချိန်မှာလည်း ယေရှုဟာ နောက်လိုက်​တွေကို  ကာကွယ်ဖို့ သူ့​တန်ခိုးကို မကြာခဏ  သုံး​နေပါ​တယ်။  ဘုရား​နိုင်ငံတော်​အ​ကြောင်း လူတွေကို ပြောပြတဲ့​အခါ သူတို့ကို စာတန် မ​ဟန့်တား​နိုင်အောင် ကာကွယ်​ပေးတယ်။ ဒါပေမဲ့ တပည့်​တွေ မ​ဖျား​မနာ​ရအောင်၊ ဖျားနာတဲ့​အခါ ရောဂါ​ပျောက်​အောင်​တော့ သူ့​တန်ခိုးကို မ​သုံး​ဘူး။ ယေရှုရဲ့ တမန်တော်​အားလုံးလည်း နောက်ဆုံး​တော့ သေသွား​ကြ​တာ​ပဲ။ ယောဟန်ရဲ့​အစ်ကို ယာကုပ်​ဆိုရင် အသတ်​ခံရတယ်၊ ယောဟန်လည်း ထောင်ချ​ခံရ​တာ​ပဲ။—တမန်တော် ၁၂:၂။ ဗျာဒိတ် ၁:၉

ဒီနေ့မှာ​လည်း အတူတူ​ပါပဲ။ ယေဟောဝါကို ဝတ်ပြုသူ​ဖြစ်စေ၊ ဝတ်​မပြု​သူ​ဖြစ်စေ အားလုံး ဖျားနာ​ရ၊ သေရ​ကြတယ်။ ဒါပေမဲ့ မကြာခင် ဘုရားသခင့်​နိုင်ငံတော် ဘုရင်​အနေနဲ့ ယေရှု အုပ်ချုပ်တဲ့​အခါ အခြေအနေ​တွေ တစ်မျိုး​ပြောင်းလဲ​သွားမှာ။ အဲဒီ​အချိန်ကျရင် ယေရှုဟာ သူ့​စကား နားထောင်သူ မှန်သမျှ​အတွက် သူ့​တန်ခိုးကို အသုံးပြု​မှာ​ဖြစ်လို့ ဘာကိုမှ ကြောက်စရာ မလို​တော့​ဘူး။—ဟေရှာယ ၉:၆၊ ၇

ဘုရား​နိုင်ငံတော်​ဘုရင် ယေရှု​တန်ခိုးကြီး​မား​ကြောင်း ဖော်ပြတဲ့ တခြား​ကျမ်းချက်တွေ​ကတော့ ဒံယေလ ၇:၁၃၊ ၁၄။ မဿဲ ၂၈:၁၈။ ဧဖက် ၁:၂၀-၂၂ တို့ ဖြစ်ပါတယ်။