မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၂

တို့တစ်တွေ ဆုတောင်းဖို့ ယေရှု သင်ပေးတယ်

တို့တစ်တွေ ဆုတောင်းဖို့ ယေရှု သင်ပေးတယ်

ကလေးတို့ ယေ​ဟော​ဝါ​ဘုရား​နဲ့ စကားပြော​ကြသလား။— ဘုရားသခင်​က ကလေးတို့​ကို စကားပြော​စေချင်တယ်။ ဘုရား​နဲ့ စကား​ပြောတာ​ကို ဆုတောင်း​တယ်လို့ ခေါ်တယ်။ ယေရှုဟာ ကောင်းကင်ဘုံစံ ဖခင်​နဲ့ မကြာခဏ စကား​ပြောတယ်။ တစ်ခါတလေ ဘုရားသခင်​နဲ့ စကား​ပြော​ချိန်မှာ တစ်ယောက်တည်း ရှိနေ​ချင်​တယ်။ တစ်ခါတုန်းက ယေရှုဟာ “ဆုတောင်း​ဖို့ တောင်ပေါ်ကို တစ်ယောက်​တည်း တက်​သွားတယ်။ ည​နက်​လာ​ချိန်​အထိ တစ်ယောက်တည်း ရှိနေတယ်” လို့ ကျမ်းစာက ဆို​တယ်။—မဿဲ ၁၄:၂၃

ကလေးတို့ တစ်ယောက်တည်း ဘယ်​ကို သွား​ပြီး ယေ​ဟော​ဝါ​ဆီ ဆုတောင်း​မလဲ။— ညအိပ်​ရာ ​မဝင်​ခင် ဘုရားသခင်​ဆီ နှစ်ကိုယ်ကြား စကား​ပြော​နိုင်တယ်။ ယေရှု​က “ဆုတောင်းတဲ့အခါ အခန်း​ထဲ ဝင်၊ တံခါးပိတ်​ပြီး မမြင်နိုင်တဲ့​အရပ်မှာ စံမြန်းတဲ့ အဖ​ဘုရားဆီ ဆုတောင်း​ကြ​ပါ” လို့ ပြောခဲ့တယ်။ (မဿဲ ၆:၆) ညတိုင်း အိပ်ရာ​မဝင်​ခင် ယေ​ဟော​ဝါ​ဆီ ဆုတောင်းသလား။— ဆုတောင်းသင့်​တယ်​ကွဲ့။

ယေရှုဟာ တစ်ယောက်တည်း ရှိ​နေချိန်​မှာ​ကော . . . တခြား​သူတွေနဲ့ ရှိနေ​ချိန်မှာပါ ဆုတောင်း​ခဲ့

ယေရှုဟာ တခြား​သူတွေနဲ့ ရှိ​နေချိန်​မှာ​လည်း ဆုတောင်း​တယ်။ မိတ်ဆွေ​လာဇရု  ဆုံး​သွားတဲ့အခါ လာဇရု​ကို သင်္ဂြိုဟ်​ထားတဲ့​နေရာမှာ တခြား​သူ​တွေ​နဲ့​အတူ ဆုတောင်း​ခဲ့​တယ်။ (ယောဟန် ၁၁:၄၁၊ ၄၂) တပည့်​တွေ​နဲ့ အစည်းအဝေး လုပ်တဲ့​အခါမှာ​လည်း ဆုတောင်း​တယ်။ ဆုတောင်းချက်​တွေ​နဲ့ ကျင်းပတဲ့ အစည်းအဝေး​တွေကို ကလေးတို့ သွား​ကြသလား။— အစည်းအဝေးတွေမှာ လူကြီး​တစ်ယောက် ဆုတောင်း​လေ့​ရှိ​တယ်။ သူ​ဟာ ကလေးတို့​ကိုယ်စား ဘုရားနဲ့ စကားပြော​ပေး​နေတာ ဖြစ်လို့ သေသေချာချာ နားထောင်​ရမယ်။ ဒါမှ “အာမင်” လို့ ပြောနိုင်​မှာ။ ဆုတောင်း​ချက် အဆုံး​မှာ “အာမင်” လို့​ပြောတာ ဘာ​အဓိပ္ပာယ်​လဲ သိသလား။— ဆုတောင်းချက်ကို ကြိုက်တယ်၊ သဘောတူတယ်၊ ကိုယ့်​ဆုတောင်းချက်​လို ဖြစ်စေချင်တယ်​ဆို​တဲ့ အဓိပ္ပာယ်​ပဲ။

အစည်းအဝေးတွေမှာ ဆုတောင်းတဲ့အခါ ဘာဖြစ်လို့ သေသေချာချာ နားထောင်​ရမလဲ

ယေရှုဟာ အစာစား​ချိန်မှာလည်း ဆုတောင်း​တယ်။ အစားအစာ​အတွက် ယေ​ဟော​ဝါ​ကို​ ကျေးဇူး​တင်​ကြောင်း ပြော​တယ်။ ကလေးတို့​ကော အစာ​မစား​ခင် ဆုတောင်း​ရဲ့​လား။— အစာ​မစား​ခင် ယေ​ဟော​ဝါ​ကို ကျေးဇူးတင်​ကြောင်း ပြောသင့်တယ်။ အတူတူ စားတဲ့​အခါမှာ တစ်ယောက်ယောက်​က ဆုတောင်း​မှာ​ပဲ။ ဒါပေမဲ့ တစ်ယောက်တည်း စား​တဲ့အခါ၊ ဒါမှမဟုတ် ယေဟော​ဝါကို ကျေးဇူး​မတင်​တဲ့ လူတွေ​နဲ့​အတူ အစာစား​တဲ့အခါ​မှာ​ကော။— အဲလို​အခါမျိုးမှာ ကိုယ့်ဘာသာကိုယ် ဆုတောင်း​ရမယ်။

အမြဲတမ်း အသံထွက် ဆုတောင်း​ရမှာ​လား။ အသံ​မ​ထွက်​ဘဲ ဆုတောင်း​ရင်​ကော ယေ​ဟော​ဝါ ကြား​နိုင်သလား။— နေဟမိရဲ့ အဖြစ်အပျက်က​နေ အဖြေ​ရ​နိုင်တယ်။ ယေဟောဝါကို ကိုးကွယ်သူ နေဟမိ​ဟာ ပါးရှား​ဘုရင် အာတဇေရဇ်​ရဲ့ နန်းတော်မှာ အမှုထမ်း​တယ်။ တစ်နေ့ နေဟမိ​ဟာ သူ့​လူမျိုးရဲ့ မြို့တော် ဂျေရုဆလင်​မြို့ရိုး ပြိုပျက်​နေတဲ့ သတင်း​ကို ကြား​ရလို့ ဝမ်းနည်း​ပက်လက် ဖြစ်နေတယ်။

ဘယ်​လို​အချိန်တွေမှာ နေဟမိ​လို အသံတိတ် ဆုတောင်း​နိုင်သလဲ

မင်းကြီး​က ဘာဖြစ်လို့ ဝမ်းနည်း​နေ​တာလဲ​လို့ မေး​တော့ နေဟမိ​က အရင်ဆုံး အသံတိတ် ဆုတောင်း​လိုက်တယ်။ အဲဒီနောက် ဝမ်းနည်း​စိတ်ညစ်​နေ​ရတဲ့​အကြောင်းရင်း​ကို ပြောပြ​ပြီး မြို့ရိုး​တွေကို ပြန်​တည်ဆောက်​ဖို့ ဂျေရုဆလင်​မြို့​ကို သွား​ခွင့်ပြု​နိုင်မလားလို့ ခွင့်​တောင်း​တယ်။ ဘာ​ဆက်​ဖြစ်သလဲ။—

နေဟမိရဲ့ ဆုတောင်းချက်ကို ဘုရားသခင် ဖြေကြား​ခဲ့​တယ်။ ​ဘုရင်​က သွား​ခွင့်ပြု​လိုက်တယ်။ မြို့ရိုး​တည်ဆောက်​ဖို့ လိုအပ်​တဲ့ သစ်​တွေ အများကြီး​ကို​ပါ ​ပေးလိုက်​သေးတယ်။ ဒါကြောင့် တို့​တစ်​တွေရဲ့ အသံတိတ် ဆုတောင်းချက်တွေကို​လည်း ဘုရား ဖြေကြား​နိုင်တယ်။​—နေဟမိ ၁:၂၊ ၃။ ၂:၄-၈

ကဲ၊ စဉ်းစား​ကြည့်​နော်။ ဆု​တောင်း​တဲ့​အခါ ခေါင်းငုံ့​ရ​မလား။ ဒူးထောက်​ရ​မလား။ ကလေးတို့ ဘယ်လို​ထင်သလဲ။— ယေရှု ဆု​တောင်း​တဲ့​အခါ တစ်ခါတလေ ဒူးထောက်​တယ်။ မတ်တတ်​ရပ်​တဲ့အခါ​လည်း ရှိ​တယ်။ တစ်ခါ​တလေ​ကျ​တော့ လာဇရု​အတွက် ဆုတောင်း​ပေးတုန်း​က​လို ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်း​တတ်တယ်။

ဒီ​အချက်​ကနေ ဘာသိ​ရသ​လဲ။— ဟုတ်​တယ်၊ ကိုယ်​နေ​ကိုယ်ဟန်​က အရေး​မကြီး​ဘူးဆို​တာ သိရ​တယ်။ တစ်ခါတလေ ခေါင်းငုံ့ မျက်စိ​မှိတ်​ပြီး ဆုတောင်း​တာ ကောင်းတယ်။ တစ်ခါတလေကျတော့ ယေရှု​လို ဒူးထောက်ပြီး ဆုတောင်း​ချင်စိတ် ပေါ်​ချင်​ပေါ်လာ​မယ်။ ဒါပေမဲ့ မှတ်ထား​ရမှာက နေ့​ဖြစ်ဖြစ်၊ ည​ဖြစ်ဖြစ် ​အချိန်မရွေး ဘုရားသခင်​ဆီ ဆုတောင်း​နိုင်တယ်။ ဘုရားက​လည်း နားထောင်​ပေးမယ်။ ဆုတောင်း​ခြင်းနဲ့​ပတ်သက်ပြီး အရေးကြီးတဲ့​အချက်​က ယေ​ဟော​ဝါ နားထောင်​နေ​တယ်​ဆိုတာ တကယ်​ယုံကြည်ဖို့​ပဲ။ ကလေးတို့​ရဲ့ ဆုတောင်းချက်ကို ယေ​ဟော​ဝါ ကြား​တယ်​ဆိုတာ ယုံသလား။—

ဘုရားသခင်ကို ဘာ​အကြောင်း​တွေ ဆုတောင်း​ပြောပြ​နိုင်သလဲ

ယေ​ဟော​ဝါ​ဆီ ဆုတောင်းတဲ့အခါ ဘာတွေ ပြော​ရ​မ​လဲ။— ပြော​ကြည့်ပါ​ဦး– ကလေးတို့​ ဆုတောင်းတဲ့အခါ ဘုရားသခင်ကို ဘာ​အကြောင်း​တွေ ပြောသ​လဲ။— ယေဟောဝါ​က တို့​တစ်​တွေကို ကောင်းတဲ့အရာ​အမျိုး​မျိုး ပေးထားတယ်​ဆို​တော့ ကျေးဇူးတင်​ဖို့ ကောင်းတယ် မဟုတ်လား။— အစား​အစာ​အတွက် ဘုရားကို ကျေးဇူးတင်​နိုင်တယ်။ ပြာလဲ့လဲ့ မိုးကောင်းကင်၊ မြစိမ်း​ရောင် သစ်ပင်​တွေ၊ ပန်း​လှလှလေးတွေ​အတွက်​ကော ကျေးဇူး​တင်​ဖူးသလား။— ဒါတွေ​အားလုံးကိုလည်း ဘုရား ဖန်ဆင်း​ထားတာ။

ဆုတောင်းနည်း သင်​ပေးပါလို့ ယေရှုကို တပည့်​တွေ တောင်းဆို​ဖူး​တယ်။ ဒါကြောင့် ကြီးမြတ်​တဲ့​ဆရာ​က ဆုတောင်း​ဖို့ အရေး​အကြီးဆုံး အချက်တွေကို ပြောပြပြီး ဆုတောင်းနည်း သင်ပေးတယ်။ ဘာတွေလဲ​ဆို​တာ ကလေးတို့ သိ​ကြသလား။—​ကျမ်းစာ ယူပြီး မဿဲ အခန်းကြီး ၆ ကို ဖွင့်လိုက်​ပါ။ အခန်းငယ် ၉ က​နေ ၁၃ မှာ သခင့်​ဆုတောင်း​ချက်​ကို တွေ့ရတယ်။ အတူတူ ဖတ်​ကြည့်​ရအောင်။

ဒီမှာ ယေရှု​က ဘုရားရဲ့ နာမည်​အတွက် ဆုတောင်း​ခိုင်း​တာ တွေ့ရတယ်။ နာမတော် သန့်ရှင်း​မြင့်မြတ်​ပါစေ​လို့ ဆုတောင်း​ပါတဲ့။ ဘုရားသခင်​နာမည် ဘယ်လို ခေါ်သလဲ။— ဟုတ်​တယ်၊ ယေဟောဝါ​ဖြစ်တယ်။ ဒီ​နာမည်ကို တို့​တစ်​တွေ မြတ်နိုး​ရမယ်။

ဒုတိယ​အနေနဲ့ နိုင်ငံတော် လာပါစေလို့ ယေရှု ဆုတောင်း​ခိုင်းတယ်။ ဘုရား​နိုင်ငံ​တော်​က ကမ္ဘာကြီး ငြိမ်းချမ်းသာယာ​အောင်၊ ပရဒိသု​ဖြစ်အောင် လုပ်​ပေးမှာမို့​လို့ ဒီ​နိုင်ငံတော် သိပ်​အရေးပါ​တယ်။

တတိယ​အနေနဲ့ ကြီးမြတ်​တဲ့​ဆရာ​က ဘုရားအလိုတော် ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာ​လည်း ပြည့်စုံ​ဖို့ ဆုတောင်း​ခိုင်း​တယ်။ အဲဒီလို ဆုတောင်းမယ်​ဆိုရင် ဘုရားသခင် အလိုရှိ​တဲ့​အတိုင်း လုပ်ဆောင်ကြ​ရမယ်။

အဲဒီနောက် တစ်နေ့စာ လိုအပ်တဲ့ အစားအစာ ပေးသနား​ပါလို့ ဆုတောင်းပါ​တဲ့။ ပြီးတော့ အမှား လုပ်မိ​တဲ့အခါ ဘုရားသခင်​ဆီ ဝန်ချ​တောင်းပန်​ဖို့၊ ခွင့်လွှတ်​ပေးဖို့ ဆုတောင်း​ရမယ်။ ဒါပေမဲ့ ဘုရားရဲ့ ခွင့်လွှတ်မှု မ​တောင်းခံ​ခင် တို့​တစ်​တွေ​အပေါ် သူများ လုပ်မိတဲ့​အမှား​ကို အရင် ခွင့်လွှတ်​ရမယ်တဲ့။ ကလေးတို့ ခွင့်လွှတ်​ရတာ လွယ်သလား။—

နောက်ဆုံး​အနေနဲ့ ဆိုးညစ်သူ စာတန်​မာရ်နတ်​လက်​က​နေ တို့​တစ်​တွေကို ကာကွယ်​ပေးဖို့ ဆုတောင်း​ရမယ်လို့ ယေရှု ပြော​တယ်။ ဒါတွေ​အားလုံး​ဟာ ဘုရားသခင်​ဆီ ဆုတောင်း​ဖို့ ကောင်းတဲ့ အချက်​တွေ​ချည်း​ပါပဲ။

တို့​တစ်​တွေ​ရဲ့ ဆုတောင်းသံ​ကို ယေ​ဟော​ဝါ ကြား​တယ်​ဆိုတာ ယုံကြည်​ရမယ်။ တို့​တစ်​တွေကို ကူညီမစ​ဖို့ တောင်း​လျှောက်​ရုံ​မ​က ယေဟောဝါကို ကျေးဇူးတင်​ကြောင်း​လည်း အမြဲ ပြောရမယ်။ စိတ်ရင်း​အမှန်​နဲ့ ဆုတောင်း​မယ်၊ တောင်းသင့်​တာတွေကို တောင်း​မယ်​ဆိုရင် ဘုရားသခင် စိတ်ပျော်​ရွှင်​မယ်။ တို့​တစ်​တွေ တောင်း​တဲ့​အတိုင်း ပေး​မှာ​ပဲ။ ကလေးတို့ ဒါကို ယုံသလား။—

ရောမ ၁၂:၁၂။ ၁ ပေတရု ၃:၁၂။ ၁ ယောဟန် ၅:၁၄ တို့​မှာ ဆုတောင်းခြင်းနဲ့​ပတ်သက်တဲ့ အကြံ​ကောင်း​တွေ ထပ်​တွေ့နိုင်တယ်။