မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၃

တို့တစ်တွေရဲ့ ညီအစ်ကို ညီအစ်မတွေဟာ ဘယ်သူတွေလဲ

တို့တစ်တွေရဲ့ ညီအစ်ကို ညီအစ်မတွေဟာ ဘယ်သူတွေလဲ

တစ်ခါတုန်းက ကြီးမြတ်တဲ့​ဆရာက အံ့သြစရာ​ကောင်းတဲ့ မေးခွန်း​တစ်ခု မေးခဲ့တယ်။ “ကျွန်တော့်​အမေ၊ ကျွန်တော့်​ညီ​တွေ​ဆိုတာ ဘယ်သူတွေလဲ” ဆိုတဲ့​မေးခွန်း ဖြစ်တယ်။ (မဿဲ ၁၂:၄၈) အဲဒီ​မေးခွန်း​ကို ကလေးတို့ ဖြေနိုင်သလား။— ယေရှုရဲ့​အမေ​ဟာ မာရိ​ဆိုတာ ကလေးတို့ သိ​ကြ​မှာ​ပေါ့။ ယေရှု​ညီ​တွေရဲ့ နာမည်​တွေကို​ကော သိကြသလား။— ယေရှုမှာ ညီမတွေလည်း ရှိသလား။—

ကျမ်းစာက ယေရှုရဲ့ ညီတွေဟာ “ယာကုပ်၊ ယော​သပ်၊ ရှိမုန်နဲ့ ယုဒ” လို့​ခေါ်တယ်​လို့ ဆိုထားတယ်။ ပြီးတော့ ယေရှု​မှာ ညီမတွေလည်း ရှိတယ်။ ယေရှု​က သားဦး​ဆိုတော့ ကျန်တဲ့​သူတွေ​အားလုံးဟာ ညီ​တွေ၊ ညီမ​တွေ​ပေါ့။—မဿဲ ၁၃:၅၅၊ ၅၆။ လုကာ ၁:၃၄၊ ၃၅

ယေရှုရဲ့ ညီ​တွေ​လည်း တပည့်​တွေ ဖြစ်​ကြသလား။— အစမှာ​တော့ သူတို့ဟာ ‘ယုံကြည်သက်ဝင်မှု မရှိကြဘူး’ လို့ ကျမ်းစာက ဆိုတယ်။ (ယောဟန် ၇:၅) ဒါပေမဲ့ နောက်ပိုင်းကျတော့ ယာကုပ်နဲ့ ယုဒ​တို့ဟာ တပည့်​တွေ ဖြစ်လာ​ကြ​တဲ့​အပြင် ကျမ်းစာထဲက ကျမ်းစောင်​နှစ်စောင်​ကိုတောင် ရေးခဲ့ကြတယ်။ သူတို့​ရေးခဲ့တဲ့ ကျမ်းစောင်တွေဟာ ဘယ်​ကျမ်းတွေ​လည်း သိသလား။— ဟုတ်​ပါတယ်၊ ယာကုပ်နဲ့ ယုဒ​တို့ ဖြစ်တယ်။

ကျမ်းစာမှာ ယေရှုရဲ့ ညီမတွေရဲ့ နာမည်​တွေကို ဖော်ပြ​မထား​ပေမဲ့ ယေရှုမှာ အနည်းဆုံး ညီမ​နှစ်ယောက် ရှိတယ်ဆိုတာ သိရတယ်။ နှစ်ယောက်​ထက်မက​လည်း ရှိ​နိုင်တယ်။ ဒီ​ညီမတွေလည်း ယေရှုရဲ့​နောက်လိုက်​တွေ ဖြစ်လာ​ကြသလား။— ကျမ်းစာက ဘာမှ ပြော​မထားတဲ့​အတွက် ဒီ​အကြောင်းကို မသိရဘူး။ ဒါပေမဲ့ “ကျွန်တော့်​အမေ၊ ကျွန်တော့်​ညီ​တွေ​ဆိုတာ ဘယ်သူတွေလဲ” ဆိုတဲ့​မေးခွန်း​ကို ယေရှု ဘာကြောင့် မေးခဲ့သလဲ၊ ကလေးတို့ သိကြသလား။— အဖြေကို ရှာကြည့်​ရအောင်။

တပည့်​တွေကို ယေရှု သွန်သင်​နေတဲ့​အချိန်မှာ လူတစ်ယောက်က ကြားဖြတ်​ပြီး “ဆရာ့​အမေနဲ့ ညီ​တွေ စကားပြော​ချင်​လို့ အပြင်မှာ ရပ်​စောင့်နေတယ်” ဆိုပြီး လာ​ပြောတယ်။ ဒါနဲ့ ယေရှု​က အဲဒီ​အခွင့်အရေး​ကို ယူပြီး “ကျွန်တော့်​အမေ၊ ကျွန်တော့်​ညီ​တွေ​ဆိုတာ ဘယ်သူတွေလဲ” ဆိုတဲ့ အံ့သြစရာ​ကောင်းတဲ့ မေးခွန်း​ကို မေး​ပြီးတဲ့နောက် အရေးကြီးတဲ့ သင်ခန်းစာ​တစ်ခု သင်ပေးခဲ့တယ်။ တပည့်​တွေကို လက်နဲ့ ညွှန်ပြပြီး ‘သူတို့ဟာ ကျွန်တော့်​အမေ၊ ကျွန်တော့်​ညီအစ်ကို​တွေ​ပဲ’ ဆိုပြီး ပြန်​ပြော​လိုက်တယ်။

အဲဒီနောက် ယေရှု​က ဘာကို ဆိုလိုတယ်​ဆိုတာ ဒီလို​ရှင်းပြတယ်– “ကောင်းကင်မှာ စံမြန်းတဲ့ အဖ​ဘုရားရဲ့ အလိုတော်ကို ဆောင်တဲ့​သူတိုင်းဟာ ကျွန်တော့်​အမေ၊ ကျွန်တော့် ညီအစ်ကို​မောင်နှမ​တွေ​ပဲ။” (မဿဲ ၁၂:၄၇-၅၀) ဒီ​အချက်​က တပည့်​တွေကို ယေရှု ဘယ်လောက် ချစ်တယ်​ဆိုတာ ပြတယ်။ ယေရှု​က တပည့်တွေဟာ သူ့​အမြင်မှာ ညီအစ်ကို၊ ညီအစ်မ၊ မိခင် အရင်း​အ​ချာ​တွေ​လို ရင်းနှီးတယ်​ဆိုပြီး သင်ပေး​နေတာ။

ယေရှု ရှင်းပြချက်​အရ​ဆိုရင် ဘယ်သူတွေဟာ ယေရှုရဲ့ ညီအစ်ကို ညီအစ်မ​တွေ ဖြစ်​ကြသလဲ

အဲဒီတုန်းက ယေရှုရဲ့ ညီ​အရင်း​တွေ​ဖြစ်တဲ့ ယာကုပ်၊ ယော​သပ်၊ ရှိမုန်၊ ယုဒ​တို့ဟာ ယေရှုကို ဘုရားရဲ့ သားတော်​အဖြစ် မယုံကြည်ကြဘူး။ ကောင်းကင်တမန် ဂါဗြေလ​က သူတို့​မိခင်​ကို ပြောခဲ့တဲ့​စကားကို မယုံကြည်​ကြ​လို့ ဖြစ်မှာပေါ့။ (လုကာ ၁:၃၀-၃၃) ဒါကြောင့် ယေရှု​ပေါ်မှာ အကြင်နာတရား ထားချင်​မှ ထားခဲ့​မယ်။ ဒီလိုလုပ်​တဲ့​လူဟာ ညီအစ်ကို၊ ညီအစ်မ အစစ်အမှန် ဖြစ်မှာ မဟုတ်ဘူး။ ကိုယ့်ညီအစ်ကို ညီအစ်မ​ပေါ်မှာ အကြင်နာတရား မထား​ခဲ့​တဲ့​သူကို ကလေးတို့ သိသလား။—

ကျမ်းစာထဲမှာ ဧသော​နဲ့ ယာကုပ်​အကြောင်း ပြော​ထားတယ်။ ပြီးတော့ ဧသော အရမ်း ဒေါသ​ထွက်​လို့ “ယာကုပ်​ကို သတ်ပစ်​မယ်” ဆိုပြီး ပြောခဲ့တဲ့​အကြောင်းလည်း ပြော​ထားတယ်။ သူတို့ရဲ့​မိခင် ရေဗက္ကာဟာ အရမ်း​စိုးရိမ်လို့ ယာကုပ်​ကို ဧသော မသတ်​နိုင်အောင် ဟို​အဝေးကြီး​ကို ပို့​လိုက်တယ်။ (ကမ္ဘာဦး ၂၇:၄၁-၄၆) ဒါပေမဲ့ နှစ်ပေါင်းများစွာ​ကြာ​တော့ ဧသော ပြောင်းလဲ​သွားတယ်။ ယာကုပ်နဲ့ ပြန်တွေ့​တဲ့အခါ ယာကုပ်​ကို ဖက်ပြီး နမ်း​ခဲ့​တယ်။—ကမ္ဘာဦး ၃၃:၄

နောက်တော့ ယာကုပ်​မှာ သား ၁၂ ယောက် ရလာတယ်။ ဒါပေမဲ့ ယာကုပ်ရဲ့ သား​အကြီး​တွေဟာ ညီ ယောသပ်​ကို မချစ်ကြဘူး​ကွဲ့။ ယောသပ်ဟာ အဖေရဲ့ အချစ်ဆုံးသား​ဖြစ်လို့ သူတို့က မနာလို​ဖြစ်ကြတယ်။ ဒါနဲ့ အီဂျစ်​ပြည်​ကို​သွားတဲ့ ကျွန်ကုန်သည်​တွေ လက်ထဲ ညီ​ကို ရောင်းစား​လိုက်ကြတယ်။ ပြီးတော့ ယောသပ်​ကို သားရဲတိရစ္ဆာန် ကိုက်သတ်​လို့ သေ​ပြီဆို​ပြီး အဖေ​ကို ပြန်​ပြော​ကြတယ်။ (ကမ္ဘာဦး ၃၇:၂၃-၃၆) သိပ်​ကြောက်စရာ ကောင်းတယ်​မဟုတ်လား။—

နောက်ပိုင်းကျတော့ ယောသပ်ရဲ့ အစ်ကို​တွေဟာ လုပ်ခဲ့တာ​တွေ​အတွက် နောင်တရ​ကြတယ်။ ဒါကြောင့် သူတို့ကို ယောသပ် ခွင့်လွှတ်ခဲ့​တယ်။ ယောသပ်ဟာ ယေရှုနဲ့ ဘယ်လောက်တောင် တူတယ်ဆိုတာ သဘောပေါက်သလား။— ယေရှု ဒုက္ခရောက်​တုန်း​က တမန်တော်တွေဟာ ထွက်ပြေးကြ​တယ်၊ ပေတရု​ဆိုရင် ယေရှုကို မသိ​ဘူးလို့​တောင် ငြင်းဆိုခဲ့တယ်။ ဒါတောင်မှ ယေရှုဟာ ယောသပ်​လို​ပဲ သူတို့ အားလုံး​ကို ခွင့်လွှတ်ခဲ့​တယ်။

အာဗေလ​အပေါ် ကာအိန ပြုမူ​ဆက်ဆံ​ခဲ့​ပုံ​ကနေ တို့တစ်တွေ ဘာသင်ခန်းစာ ယူသင့်သလဲ

ကာအိန​နဲ့ အာဗေလ ညီအစ်ကို​နှစ်ယောက်​လည်း ရှိသေးတယ်။ သူတို့​အကြောင်း​ကနေ​လည်း သင်ခန်းစာ ယူ​နိုင်တယ်။ ကာအိန သူ့​ညီ​ကို တကယ်​မချစ်​မှန်း ဘုရားသခင် သိတယ်။ ဒါကြောင့် ဘုရားသခင်က သူ့​စိတ်ထား​ကို ပြောင်းလဲ​ခိုင်းတယ်။ ကာအိနသာ ဘုရားသခင်ကို တကယ်​ချစ်​ရင် ဘုရားသခင့်​စကားကို နားထောင်​မှာ​ပဲ။ သူဟာ ဘုရားသခင်ကို ချစ်​မှ မချစ်​ပဲ​ကိုး။ တစ်နေ့ကျတော့ ကာအိန​က ‘လယ်ထဲ​ကို သွား​ကြရအောင်’ ဆိုပြီး ပြောတယ်။ လယ်​မှာ နှစ်ယောက်​တည်း ရှိနေတဲ့​အခါမှာ ကာအိနဟာ သူ့​ညီ​ကို တအားကုန်​ရိုက်​ပြီး သတ်ပစ်​လိုက်တယ်။—ကမ္ဘာဦး ၄:၂-၈

တို့တစ်တွေ ဒီကနေ အထူးသင်ခန်းစာ​တစ်ခု သင်ယူဖို့ ကျမ်းစာက ပြော​ထားတယ်။ ဘာသင်ခန်းစာ​လဲ သိသလား။— “အချင်းချင်း ချစ်ကြပါ​ဆိုတဲ့ စကားကို အစ​ကတည်းက ခင်ဗျားတို့ ကြားနာ​ခဲ့​ရတယ်။ ဆိုးညစ်သူရဲ့ ဘက်တော်သား​ဖြစ်ပြီး ကိုယ့်​ညီ​ကို သတ်ခဲ့​တဲ့ ကာအိန​လို မဖြစ်​ကြပါ​နဲ့။” ဒါကြောင့် ညီအစ်ကို ညီအစ်မ​တွေဟာ တစ်ယောက်ကို​တစ်ယောက် ချစ်​ရကြမယ်။ ကာအိန​လို မဖြစ်သင့်ဘူး။—၁ ယောဟန် ၃:၁၁၊ ၁၂

တို့တစ်တွေ ကာအိန​လို ဘာကြောင့် မဖြစ်ချင်​ကြသလဲ။— သူဟာ စာတန်​မာရ်နတ်ရဲ့ “ဘက်တော်သား” လို့ ကျမ်းစာက ဆို​ထားလို့​ပဲ။ ကာအိနဟာ မာရ်နတ်​လုပ်သလို လိုက်လုပ်​တဲ့​အတွက် မာရ်နတ်ဟာ သူ့​အဖေလို ဖြစ်သွား​တာပေါ့။

ကိုယ့်ညီအစ်ကို ညီအစ်မ​တွေကို​ချစ်​ဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတာ သဘောပေါက်​ပြီလား။— သူတို့ကို မချစ်​ဘူးဆိုရင် ဘယ်သူ့သားသမီးကို အတု​ယူတာ​နဲ့ တူ​သွားမလဲ။— မာရ်နတ်ရဲ့ သားသမီးတွေ​ပဲ​ပေါ့။ အဲဒီလိုမျိုး ဖြစ်ချင်​ပါ့မလား။— ဒီလို​ဆိုရင် ဘုရားရဲ့ သားသမီး ဖြစ်တယ်ဆိုတာ ဘယ်လို ပြ​မလဲ။— ကိုယ့်ညီအစ်ကို ညီအစ်မ​တွေကို တကယ့်​စိတ်ရင်းမှန်နဲ့ ချစ်ခြင်းအားဖြင့် ဖြစ်တယ်။

ဒါပေမဲ့ ချစ်ခြင်း​မေတ္တာ​ဆိုတာ ဘာလဲ။— ချစ်ခြင်း​မေတ္တာ​ဆိုတာ တခြား​လူတွေ​အတွက် ကောင်းမှု​လုပ်ပေးချင်​တဲ့ ရင်ထဲ​က ခံစားချက် ဖြစ်တယ်။ သူတစ်ပါး​အပေါ် စိတ်​ကောင်း​စေတနာ​ကောင်း ထားပြီးတော့ ကောင်းမှု ပြု​ပေးတယ်​ဆိုရင် သူတို့ကို ချစ်တယ်​ဆိုတာ ပြတာပဲ။ တို့တစ်တွေ ချစ်​ရမယ့် ညီအစ်ကို ညီအစ်မ​တွေဟာ ဘယ်သူတွေလဲ။— သူတို့ဟာ ခရစ်ယာန် မိသားစုကြီး​ထဲမှာ ပါဝင်တဲ့​သူတွေ ဖြစ်တယ်​ဆိုပြီး ယေရှု သင်​ပေးခဲ့တာကို မမေ့ပါနဲ့​နော်။

ကိုယ့်ညီအစ်ကို​ကို ချစ်တယ်​ဆိုတာ ကလေးတို့ ဘယ်လို ပြ​နိုင်သလဲ

ဒီ​ခရစ်ယာန် ညီအစ်ကို ညီအစ်မ​တွေကို​ချစ်​ဖို့ ဘယ်လောက်တောင် အရေးကြီးသလဲ။— “မြင်​နေရတဲ့ ညီအစ်ကို​ကို မချစ်​ရင် မမြင်​ရတဲ့ ဘုရားသခင်ကို မချစ်​နိုင်ဘူး” ဆိုပြီး ကျမ်းစာက ဆိုထားတယ်။ (၁ ယောဟန် ၄:၂၀) ဒါကြောင့် တို့တစ်တွေဟာ ခရစ်ယာန် မိသားစု​ထဲ​က လက်တစ်ဆုပ်​စာ​လောက်​ကိုပဲ ချစ်လို့ မဖြစ်​ဘူး။ အားလုံးကို ချစ်​ရမယ်။ ယေရှု​က “အချင်းချင်း ချစ်မယ်​ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်​တပည့်​တွေ​ပဲ​ဆိုတာ လူတွေ​သိ​လိမ့်မယ်” ဆိုပြီး ပြောခဲ့တယ်။ (ယောဟန် ၁၃:၃၅) ညီအစ်ကို ညီအစ်မ အားလုံးကို ကလေးတို့ ချစ်သလား။— မချစ်​ဘူးဆိုရင် ဘုရားသခင်ကို အမှန်တကယ် ချစ်​နိုင်မှာ မဟုတ်ဘူးဆိုတာ မမေ့နဲ့​နော်။

ညီအစ်ကို ညီအစ်မ​တွေကို တကယ်​ချစ်တယ်​ဆိုတာ ဘယ်လို ပြ​နိုင်သလဲ။— သူတို့ကို​ချစ်​ရင် သူတို့ကို စကား​မပြော​ချင်​လို့ ရှောင်ဖယ်​ရှောင်ဖယ် လုပ်မှာ မဟုတ်ဘူး။ သူတို့​အားလုံး​နဲ့ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ ပေါင်း​မှာ​ပဲ။ သူတို့​အတွက် ကောင်းတာတွေကို အမြဲ​လုပ်ပေးမယ့်​အပြင် မျှဝေ​ခံစား​လို​စိတ်လည်း ရှိမှာပဲ။ တကယ်လို့ သူတို့ ဒုက္ခ​ရောက်နေ​ရင် အတတ်နိုင်ဆုံး ကူညီ​ပေးမှာ​ပဲ။ တို့တစ်တွေဟာ တကယ့်​မိသားစုကြီး​တစ်ခု ဖြစ်လို့ပါပဲ။

ကိုယ့်ညီအစ်ကို ညီအစ်မ အားလုံးကို တကယ်တမ်း ချစ်တယ်​ဆိုရင် ဒါက ဘာကို သက်သေ​ပြသလဲ။— တို့တစ်တွေဟာ ကြီးမြတ်တဲ့​ဆရာ ယေရှုရဲ့ တပည့်​တွေ ဖြစ်တယ်ဆိုတာ သက်သေပြ​တာ​ပဲ။ တို့တစ်တွေလည်း အဲဒီလိုပဲ ဖြစ်ချင်တယ် မဟုတ်လား။—

ကိုယ့်ညီအစ်ကို ညီအစ်မ​တွေကို မေတ္တာပြ​ရမယ့်​အကြောင်း ဂလာတိ ၆:၁၀ နဲ့ ၁ ယောဟန် ၄:၈၊ ၂၁ မှာလည်း ဆွေးနွေး​ထားတယ်။ ဒီ​ကျမ်းချက်တွေကို ကလေးတို့​ရဲ့ ကျမ်းစာမှာ ဖွင့်ဖတ်​ကြည့်ပါ​လား။