မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၅

တို့တစ်တွေ သေခြင်းကနေ ပြန်နိုးလာနိုင်တယ်

တို့တစ်တွေ သေခြင်းကနေ ပြန်နိုးလာနိုင်တယ်

တို့တစ်တွေ သေသွား​ရင် ဘုရားသခင်က အသက်ပြန်ရှင်​စေချင်တဲ့ ဆန္ဒ​ရှိသလား၊ ရှင်ပြန်​ထမြောက်​စေ​ချင်​ပါ့မလား။— ဘုရား ဆန္ဒရှိ​တယ်လို့ သူတော်ကောင်း ယောဘ ယုံတယ်။ ဒါကြောင့် သေတော့​မယ်​လို့ ထင်တဲ့​အခါမှာ ယောဘ​က “ကိုယ်တော် ခေါ်တဲ့​အခါ ပြန်ထူး​ပါ့​မယ်” လို့ ပြောခဲ့တယ်။ ယေဟောဝါ​ဘုရားဟာ သူ့ကို ရှင်ပြန်​ထမြောက်​ပေးချင်တဲ့​စိတ်၊ ပြန်မြင်​ချင်စိတ် ပြင်းပြ​နေလိမ့်မယ်​လို့ ယောဘ​က ပြောတယ်။—ယောဘ ၁၄:၁၄၊ ၁၅

ယေရှုလည်း သူ့​ဖခင် ယေဟောဝါ​ဘုရား​လို​ပါပဲ တို့တစ်တွေကို ကူညီ​ပေးဖို့ ဆန္ဒ​ရှိတယ်။ အနာကြီး​ရောဂါသည်​တစ်ယောက်က “သခင်၊ ဆန္ဒ​ရှိရင် ကျွန်တော့်​ကို သန့်ရှင်း​သွား​အောင် လုပ်ပေး​ပါလား” လို့​အသနားခံ​တဲ့အခါ ယေရှု​က “ဆန္ဒ​ရှိတာပေါ့” လို့ ပြောခဲ့တယ်။ ပြီးတော့ အနာကြီး​ရောဂါ​ပျောက်​အောင် ကုပေး​လိုက်တယ်။—မာကု ၁:၄၀-၄၂

ကလေးတွေကို ယေဟောဝါ ချစ်တယ်​ဆိုတာ ဘယ်လို ပြခဲ့သလဲ

ယေရှုဟာ ကလေးတွေကို ချစ်တတ်​ဖို့ ဖခင်​ဆီက သင်ယူ​ခဲ့​တယ်။ ရှေး​တုန်း​က​လည်း ယေဟောဝါ​က ပရောဖက်​တွေကို သုံးပြီး ကလေး​နှစ်ယောက် ရှင်ပြန်ထမြောက်​အောင် လုပ်ပေးခဲ့တယ်။ ဧည့်ဝတ်​ကျေပွန်​တဲ့ အမျိုး​သမီး​တစ်ယောက်ရဲ့သား အသက်ပြန်ရှင်​စေဖို့ ယေဟောဝါကို ဧလိယ တောင်းပန်​ခဲ့​တယ်။ ယေဟောဝါလည်း လုပ်ပေးခဲ့တယ်။ ဒါ့အပြင် ပရောဖက် ဧလိရှဲ​ကို သုံးပြီး ကလေး​တစ်ယောက် အသက်ပြန်ရှင်​အောင် လုပ်ပေးခဲ့တယ်။—၁ ဘုရင်များ ၁၇:၁၇-၂၄။ ၂ ဘုရင်များ ၄:၃၂-၃၇

တို့တစ်တွေကို ယေဟောဝါ ဘယ်လောက်​ချစ်​မှန်း သိရလို့ ဝမ်းမသာ​ဘူး​လား။— ဘုရားက တို့တစ်တွေကို အသက်ရှင်နေ​ချိန်မှာ​ပဲ သတိရ​တာ မဟုတ်ဘူး။ သေသွား​ရင်​လည်း သတိရ​နေတယ်။ အဖ​ဘုရားဟာ ချစ်​ရတဲ့ သေလွန်သူတွေကို အသက်ရှင်နေ​တယ်လို့ သဘောထားကြောင်း ယေရှု ပြောခဲ့တယ်။ (လုကာ ၂၀:၃၈) ကျမ်းစာက ‘သေခြင်း​ဖြစ်စေ၊ ရှင်ခြင်း​ဖြစ်စေ၊ လက်ရှိ​အရာ​ဖြစ်စေ၊ နောင်လာမယ့်​အရာ​ဖြစ်စေ ဘုရားသခင်ရဲ့​မေတ္တာကို မခံစားရ​အောင် ဘယ်​အရာက​မှ မတားဆီး​နိုင်’ ဆိုပြီး ပြော​ထားတယ်။—ရောမ ၈:၃၈-၃၉

ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက ကလေးလေးတွေကို ယေဟောဝါ ဂရုစိုက်​တဲ့​အကြောင်း ပြသ​ခဲ့​တယ်။ ယေရှုဟာ ကလေးတွေကို အချိန်​ပေးပြီး ဘုရားသခင်​အကြောင်း ပြောပြ​ခဲ့တာကို မှတ်မိမှာပေါ့​နော်။ ကလေးလေးတွေကို သေ​ရာ​ကနေ ပြန်ရှင်​အောင် လုပ်ပေးဖို့ ယေရှုကို ဘုရား တန်ခိုး​ပေးတဲ့​အကြောင်းကို​ကော ကလေးတို့ သိကြသလား။— ယာအိရု​ဆိုတဲ့​လူရဲ့ ၁၂ နှစ်အရွယ် သမီးလေးကို ယေရှု ရှင်ပြန်ထမြောက်​စေတဲ့​အကြောင်း ကြည့်ကြရအောင်။

ယာအိရု​တို့ ဇနီးမောင်နှံဟာ သူတို့ရဲ့ တစ်ဦးတည်းသောသမီးနဲ့​အတူ ဂါလိလဲ​အိုင်​နား​မှာ နေထိုင်​ကြတယ်။ တစ်နေ့ ကလေး​မ​လေး အသည်းအသန် ဖျား​တော့ အခြေအနေ မကောင်း​မှန်း ယာအိရု ရိပ်မိတယ်။ ဒါနဲ့ အနာ​ရောဂါတွေ ကုသ​ပေးနိုင်စွမ်း​ရှိတဲ့ ယေရှုကို သူသတိရ​လိုက်တယ်။ ဒါကြောင့် ယေရှုကို ချက်ချင်း သွား​ရှာတယ်။ ဂါလိလဲ​အိုင်​ကမ်းခြေ​မှာ လူအများကြီးကို ယေရှု သွန်သင်​နေတာကို သွား​တွေ့တယ်။

ယာအိရု​ဟာ လူအုပ်​ကြား​က တိုး​ပြီး ယေရှု​ရှေ့ ဒူးထောက်ပြီး ‘ကျွန်တော့်သမီးလေး အသည်းအသန် ဖျား​နေပါ​တယ်။ ဆရာ လိုက်​လာပြီး သမီးကို ကူညီပေး​ပါ​ဦး။ အနူးအညွတ် တောင်းပန်ပါ​တယ်’ ဆိုပြီး ပြော​ရှာတယ်။ ယေရှုလည်း ချက်ချင်းပဲ ယာအိရု​နဲ့ လိုက်​သွားတယ်။ ကြီးမြတ်တဲ့​ဆရာ​ဆီ​ကို လာတဲ့ လူအုပ်​လည်း လိုက်သွား​ကြတယ်။ ခရီး အတော်လေး​ရောက်တော့ ယာအိရု​အိမ်က လူတချို့ ရောက်လာကြပြီး “သမီးလေး ဆုံးသွား​ပါပြီ။ ဆရာ့​ကို ဒုက္ခ​မပေး​ပါ​နဲ့​တော့” လို့​ပြောတယ်။

ဒါကို ယေရှု နား​စွန်​နား​ဖျား ကြားလိုက်တယ်။ တစ်ဦးတည်းသော သမီး ဆုံးသွားလို့  ယာအိရု​ခမျာ  ဘယ်လောက်​ ဝမ်းနည်း​မလဲ​ဆိုတာ ယေရှု​သိတယ်။ ဒါကြောင့် ယာအိရု​ကို ‘ဘာမှ မစိုးရိမ်ပါနဲ့။ ဘုရားသခင်ပေါ် ယုံကြည်ခြင်းသာ ရှိပါ။ သမီးလေး အသက်ရှင်​လာ​မှာပါ’ လို့​ပြောတယ်။ ဒီလိုနဲ့ ယာအိရု​အိမ်ကို ရောက်​သွားကြတယ်။ အဲဒီမှာ သူတို့ရဲ့ မိတ်ဆွေ​သူငယ်ချင်းတွေ ငို​နေကြ​တယ်။ မိန်းကလေး ဆုံးသွားလို့ ဝမ်းနည်း​နေကြ​တယ်။ ဒါပေမဲ့ ယေရှု​က ‘မ​ငို​ကြနဲ့​တော့။ ဒီ​မိန်းကလေး သေ​တာ​မှ မဟုတ်​ပဲ။ အိပ်ပျော်​နေတာ’ ဆိုပြီး ပြော​လိုက်တယ်။

ယေရှု ဒီလို​ပြောတဲ့အခါ လူတွေ ရယ်​ကြတယ်။ မိန်းကလေး ဆုံးသွား​မှန်း သိထားကြတာ​ကိုး။ ဒါဆိုရင် မိန်းကလေး အိပ်​နေတာ​လို့ ယေရှု ဘာကြောင့် ပြောတယ် ထင်သလဲ။— လူတွေကို ဘာသင်ခန်းစာ ပေးချင်တယ်​လို့ ထင်သလဲ။— သေ​တာ​ဟာ အိပ်မောကျ​တာ​နဲ့ တူတယ်ဆိုတာ လူတွေကို သိစေချင်တယ်။ အိပ်​နေတဲ့​လူကို တို့တစ်တွေ နှိုး​လို့​ရသလို သူလည်း ဘုရားပေး တန်ခိုး​နဲ့ လူသေကို အသက်ပြန်ရှင်​အောင် လုပ်ပေး​နိုင်တယ်ဆိုတာ သင်​ပေးချင်လို့​ပဲ။

ယာအိရု​ရဲ့သမီးကို ယေရှု အသက်ပြန်ရှင်​စေတဲ့ အဖြစ်ကနေ တို့တစ်တွေ ဘာ​သိရသလဲ

ယေရှု​က တမန်တော် ပေတရု၊ ယာကုပ်၊ ယောဟန်နဲ့ မိန်းကလေးရဲ့ ဖေဖေ၊ မေမေ​က​လွဲလို့ ကျန်တဲ့လူ​တွေကို အိမ်ပြင် ထွက်​ခိုင်း​လိုက်တယ်။ အဲဒီနောက် မိန်းကလေး ရှိတဲ့ အခန်း​ထဲ​ကို ဝင်​သွားကြတယ်။ မိန်းကလေးရဲ့ လက်ကို ကိုင်ပြီး ‘မိန်းကလေး၊ ထပါ’ ဆိုပြီး ပြော​လိုက်တယ်။ အဲဒီ​မိန်းကလေးဟာ ချက်ချင်းပဲ ထပြီး လမ်းလျှောက်​တယ်​ကွဲ့။ သူ့​ဖေဖေနဲ့ မေမေ​တို့ဟာ ဝမ်းသာ​လုံး​ဆို့​သွားကြတယ်။—မာကု ၅:၂၁-၂၄၊ ၃၅-၄၃။ လုကာ ၈:၄၀-၄၂၊ ၄၉-၅၆

စဉ်းစား​ကြည့်။ ယေရှု​က အဲဒီ​မိန်းကလေး အသက်ပြန်ရှင်​အောင် လုပ်ပေး​နိုင်​ရင် တခြား​သူတွေကို​ကော မလုပ်ပေးနိုင်ဘူး​လား။— တကယ်​လုပ်​ပေးမယ်လို့​ကော ထင်သလား။— လုပ်ပေး​မှာ​ပေါ့။ ယေရှု​က “သင်္ချိုင်းဂူ​တွေ​မှာ ရှိနေ​သူ​အားလုံး [ကျွန်တော့်] အသံကို ကြား​ပြီး ထွက်လာ​မယ့်​အချိန် ရောက်လာတော့မယ်” ဆိုပြီး ပြောခဲ့တယ်။—ယောဟန် ၅:၂၈၊ ၂၉

ယေရှုမှာ လူတွေကို ရှင်ပြန်ထမြောက်​ပေးချင်တဲ့ ဆန္ဒရှိ​တယ်လို့ ကလေးတို့ ထင်သလား။— ကျမ်းစာထဲက နောက်​ဥပမာ​တစ်ခုကို ကြည့်ရင် အဖြေ​ရနိုင်တယ်။ တစ်နေ့ နာအိန​မြို့နားက အသုဘ​ဖြစ်ရပ်​မှာ ဝမ်းနည်းပူဆွေး​နေသူတွေကို ယေရှု ဘယ်လောက် စာနာတတ်တယ်​ဆိုတာ သိနိုင်တယ်။

သားရဲ့ အသုဘ​ကို လိုက်​ပို့​တဲ့​လူတွေ နာ​အိ​န​မြို့က ထွက်လာတဲ့​အခါမှာ မိခင်​အမျိုးသမီးကြီး​လည်း ပါလာတယ်။ အဲဒီ​မတိုင်ခင် သူ့​ယောက်ျား ဆုံးသွားတယ်၊ အခု​တစ်ခါ တစ်ဦးတည်းသောသား သေသွား​ပြန်တယ်။ သူ့​ခမျာ ဘယ်လောက်တောင် ဝမ်းနည်း​လိုက်မလဲ​နော်။ သားရဲ့​အလောင်းကို မြို့ပြင် ထမ်း​ထုတ်​လာတဲ့အခါ နာ​အိ​န​မြို့သူ​မြို့သားတွေ လိုက်​ပို့​ကြတယ်။ မိခင်​အမျိုးသမီးကြီး ငိုကြွေး​နေတယ်။ သူ့ကို နှစ်သိမ့်​အားပေးဖို့ ဘယ်သူမှ မတတ်​နိုင်ဘူး။

အဲဒီ​နေ့မှာပဲ ယေရှုနဲ့ တပည့်​တွေ နာ​အိ​န​မြို့ကို လာ​နေကြ​တယ်။ မြို့တံခါး​နား​ရောက်တော့ အဲဒီ​မုဆိုးမရဲ့ သားကို သင်္ဂြိုဟ်​ဖို့ ထွက်လာတဲ့ လူအုပ်နဲ့ သွား​ဆုံတယ်။ ယေရှုဟာ ငိုကြွေး​နေတဲ့ အမျိုးသမီးကြီး​ကို မြင်တဲ့အခါ သနား​တဲ့​စိတ် ပေါ်လာတယ်။ အဲဒီ​အမျိုးသမီး ဝမ်းနည်းပူဆွေး​နေတာကို တွေ့ရလို့ ရင်​နင့်​အောင် ခံစား​လိုက်ရတယ်။ အကူအညီ ပေးချင်တဲ့​စိတ် ပေါ်လာတယ်။

ဒါနဲ့ ယေရှု​က အဲဒီ​အမျိုးသမီးကို ကြင်နာ​ပြတ်သားတဲ့ လေသံနဲ့ “မ​ငို​ပါ​နဲ့​တော့” လို့ ပြောတယ်။ ယေရှုရဲ့ ပြုမူ​ပြောဆိုပုံ​ကြောင့် လူတွေက စိတ်ဝင်တစား​နဲ့ ကြည့်နေ​ကြတယ်။ အလောင်း​စင်​နား ယေရှု တိုး​သွားတဲ့အခါ သူ ဘာများ​လုပ်မလဲ​ဆိုပြီး သိချင်ကြမှာပဲ။ ယေရှု​က “လူ​လေး၊ ကျွန်တော်​ပြောမယ်။ ထပါ” ဆိုပြီး ပြော​လိုက်တယ်။ ချက်ချင်းပဲ အဲဒီ​လူငယ် ထ​ထိုင်ပြီး စကားပြော​တော့​တယ်။—လုကာ ၇:၁၁-၁၇

အဲဒီ​အမျိုးသမီးကြီး ဘယ်လောက် ဝမ်းသာ​လိုက်မလဲ​ဆိုတာ စဉ်းစား​ကြည့်။ သေသွားတဲ့ ချစ်ခင်​ရသူ​တစ်ဦး ပြန်ရှင်​လာ​ရင် ကလေးတို့​စိတ်ထဲ ဘယ်လို​ခံစား​ရမလဲ။— ဒီ​အဖြစ်အပျက်က ယေရှုဟာ လူတွေကို တကယ်​ချစ်တယ်၊ သူတို့ကို အကူအညီ​ပေးချင်တဲ့ ဆန္ဒရှိ​တယ်​ဆိုတာ ပြမနေဘူးလား။— ဘုရားသခင့် ကမ္ဘာသစ်မှာ အသက်ပြန်ရှင်​လာတဲ့ သူတွေကို ကြိုဆို​ရတဲ့အခါ ဘယ်လောက် ပျော်စရာ​ကောင်းမလဲ​ဆိုတာ စဉ်းစားသာ ကြည့်​ပေ​တော့။—၂ ပေတရု ၃:၁၃။ ဗျာဒိတ် ၂၁:၃၊ ၄

ဒီ​အမျိုးသမီးရဲ့ တစ်ဦးတည်းသောသား ရှင်ပြန်ထမြောက်ခြင်း​က ဘာကို ဖော်ပြသလဲ

အဲဒီ​အချိန်ကျရင် အသက်ပြန်ရှင်​လာ​သူ တချို့ဟာ တို့တစ်တွေရဲ့ အသိ​တွေ ဖြစ်မယ်၊ ကလေးတွေလည်း ပါ​မယ်။ ယာအိရု​ရဲ့သမီးကို ယေရှု ရှင်ပြန်ထမြောက်​ပေး​တုန်း​က ယာအိရု​က သူ့သမီးကို မှတ်မိသလိုပဲ ရှင်ပြန်​ထမြောက်လာ​သူတွေကို တို့တစ်တွေ မှတ်မိ​ကြမယ်။ လွန်ခဲ့တဲ့​နှစ်​ရာနဲ့ချီ ဒါမှမဟုတ် လွန်ခဲ့တဲ့​နှစ် ထောင်ပေါင်း​များစွာက သေဆုံး​ခဲ့​တဲ့​သူတွေလည်း ပါ​မယ်။ ဟို​ရှေးရှေးတုန်းက အသက်ရှင်ခဲ့​ကြ​သူတွေ ဖြစ်လို့ သူတို့ကို ဘုရား မေ့ထား​မှာ မဟုတ်ဘူး။

ယေဟောဝါ ဘုရားနဲ့ သားတော်​ယေရှု​တို့ဟာ တို့တစ်တွေကို ဘယ်လောက် ချစ်​မှန်း သိရ​တဲ့​အတွက် ဝမ်းသာစရာ မကောင်း​ဘူး​လား။— သူတို့က တို့တစ်တွေကို နှစ်​အနည်းငယ်သာ မဟုတ်ဘဲ ထာဝစဉ် အသက်ရှင်​စေ​ချင်​ကြတယ်ကွဲ့။

သေသွားတဲ့​သူတွေ​အတွက် အံ့ဖွယ်​မျှော်လင့်ချက်ကို ဟေရှာယ ၂၅:၈။ တမန်တော် ၂၄:၁၅။ ၁ ကော​ရိန္သု ၁၅:၂၀-၂၂ တို့မှာ ဖတ်ကြည့်ပါ။