မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၀

နတ်ဆိုးတွေကို နိုင်တဲ့ ယေရှုရဲ့ တန်ခိုး

နတ်ဆိုးတွေကို နိုင်တဲ့ ယေရှုရဲ့ တန်ခိုး

ဘုရားသခင်ရဲ့ ကောင်းကင်တမန်​တစ်ပါး ဘာကြောင့် စာတန်​မာရ်နတ် ဖြစ်သွား​တယ်​ဆိုတာ မှတ်မိ​သေး​သလား။— ကိုးကွယ်ခံ​ချင်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့​စိတ်​ကြောင့် ဘုရားသခင်ကို အံတု​ခဲ့​တာ​လေ။ တခြား​ကောင်းကင်​တမန်တွေ​လည်း စာတန်ရဲ့ နောက်လိုက်​တွေ ဖြစ်သွား​ကြသလား။— ဖြစ်သွား​ကြ​တယ်။ ကျမ်းစာက သူတို့ကို ‘စာတန်ရဲ့ တမန်တွေ၊’ နတ်ဆိုး​တွေ​လို့ ခေါ်ထားတယ်။​—ဗျာဒိတ် ၁၂:၉

ဒီ​ကောင်းကင်တမန်ဆိုးတွေ၊ နတ်ဆိုး​တွေ ဘုရားသခင်ကို ယုံကြည်​ကြသလား။— ‘ဘုရားသခင် ရှိတာကို နတ်ဆိုး​တွေ ယုံ​တယ်’ ဆို​ပြီး ကျမ်းစာ​က ဆို​တယ်။ (ယာကုပ် ၂:၁၉) ဒါပေမဲ့ အခုတော့ သူတို့ ကြောက်​နေကြ​ပြီ။ သူတို့​လုပ်ခဲ့တဲ့ မကောင်းမှုတွေ​အတွက် ဘုရားသခင် အပြစ်ပေး​တော့​မယ်​ဆို​တာ​ကို သိထားကြ​လို့​ပဲ။ သူတို့ ဘာ​အမှားတွေ လုပ်ခဲ့ကြသလဲ။—

အဲဒီ​ကောင်းကင်တမန်တွေဟာ​ ကောင်း​ကင်ဘုံ​က မူလ​နေရာ​ကို စွန့်ပြီး ကမ္ဘာ​ပေါ်​မှာ လူ​အနေနဲ့ လာ​နေထိုင်​ကြ​တယ်လို့ ကျမ်းစာက ဆို​တယ်။ ဒါဟာ ကမ္ဘာ​ပေါ်က မိန်းမ​ချော မိန်းမ​လှ​လေး​တွေ​နဲ့ လိင်ဆက်ဆံ​ချင်​လို့ ဖြစ်တယ်။ (ကမ္ဘာဦး ၆:၁၊ ၂။ ယုဒ ၆) လိင်ဆက်ဆံ​တာ​နဲ့​ပတ်သက်ပြီး ကလေး​တို့ ဘာ​သိထားကြသလဲ။—

လိင်ဆက်ဆံ​တယ်​ဆိုတာ ယောက်ျား​တစ်ယောက်နဲ့ မိန်းမ​တစ်ယောက် ထူးခြားတဲ့​နည်းနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်း​တာ​ကို ပြောတာ။ အဲဒီ​နောက်မှာ အမေ​ဗိုက်​ထဲမှာ ကလေးလေး​တစ်ယောက် ကြီးပြင်း​လာတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တွေ​အဖို့ လိင်ဆက်ဆံ​တာ မှားတယ်။ လက်ထပ်​ထားတဲ့ ယောက်ျား​နဲ့ မိန်း​မတို့သာ လိင်ဆက်ဆံ​ဖို့ ဘုရားသခင် လိုလား​တယ်။ အဲဒီနည်းနဲ့ ကလေး​တစ်ယောက် မွေးဖွား​လာ​ရင် လင်​ရော မယား​ပါ ဒီ​ကလေးကို ကြည့်ရှု​စောင့်ရှောက်​နိုင်မှာ​ပေါ့။

ဒီကောင်းကင်တမန်တွေ ဘာမကောင်းမှု လုပ်ခဲ့ကြသလဲ

ကောင်းကင်တမန်တွေ​က လူ့​ခန္ဓာ​ကို ယူဆောင်​ပြီး ကမ္ဘာ​ပေါ်က မိန်းမတွေနဲ့ လိင်ဆက်ဆံ​လို့ ရလာတဲ့ ကလေးတွေဟာ လူ့​ဘီလူးကြီး​တွေ ဖြစ်လာကြတယ်။ အင်မတန် ရက်စက်​ကြတယ်။ လူတွေကို ဒုက္ခ​ပေး​ကြတယ်။ ဒါနဲ့ ဘုရားသခင်​က အဲဒီ လူ့​ဘီလူးကြီး​တွေ​နဲ့ လူဆိုးတွေ​အားလုံးကို ဖျက်ဆီး​ဖို့ ရေလွှမ်းမိုး​ဘေး​ကြီး ဖြစ်စေတယ်။ ဒါပေမဲ့ ဘုရားသခင်​က မှန်​တာ​ကို လုပ်တဲ့ လူ​နည်းနည်းလေး​ကို ကယ်တင်​ဖို့ နောဧကို သင်္ဘော​ကြီး​တစ်ခု ဆောက်​ခိုင်း​တယ်။ ကြီးမြတ်​တဲ့​ဆရာ​က ရေလွှမ်းမိုး​တုန်း​က ဖြစ်ပျက်ခဲ့တာ​တွေကို သတိ​ရဖို့ အရေးကြီးတယ်လို့ ပြောခဲ့တယ်။—ကမ္ဘာဦး ၆:၃၊ ၄၊ ၁၃၊ ၁၄။ လုကာ ၁၇:၂၆၊ ၂၇

ရေလွှမ်းမိုး​လာတဲ့အခါ​မှာ  ကောင်းကင်တမန်ဆိုးတွေ ဘာဖြစ်​သွား​ကြသလဲ၊ သိသလား။— သူတို့ ဖန်တီး​ထားတဲ့ လူ့​ခန္ဓာ​ကိုယ်​ကို ဆက်​မ​သုံး​တော့​ဘဲ ကောင်းကင်ဘုံ​ကို ပြန်သွား​ကြ​တယ်။ ဒါပေမဲ့ သူတို့ဟာ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ မဖြစ်​နိုင်ကြ​တော့​ဘူး။ ဒါနဲ့ စာတန်ရဲ့ တမန်တွေ၊ နတ်ဆိုး​တွေ ဖြစ်သွား​ကြ​တယ်။ သူတို့ရဲ့ သားတွေ လူ့​ဘီလူးကြီး​တွေ​ကော ဘာဖြစ်​သွား​ကြသလဲ။— ရေလွှမ်းမိုး​ဘေး​ကြီး​မှာ သေ​ကုန်​ကြ​တယ်။ ပြီးတော့ ဘုရားသခင်ကို မနာခံတဲ့ တခြား​လူတွေ​လည်း အကုန်လုံး သေသွား​ကြ​တယ်။

အခု​အချိန်မှာ ဘာကြောင့် အရင်ကထက် ဒုက္ခ​တွေ ပို​များ​လာသလဲ

ရေလွှမ်းမိုး​ဘေး​ကြီး ပြီး​က​တည်း​က ဘုရားသခင်​က နတ်ဆိုးတွေကို လူနဲ့​တူ​အောင် နောက်ထပ်​လုပ်​ခွင့် မပေး​တော့​ဘူး။ နတ်ဆိုးတွေကို မမြင်နိုင်​ပေ​မဲ့ လူတွေကို အင်မတန်​ဆိုး​တဲ့ အရာတွေ လုပ်ဖို့ ဆက်ကြိုးစား​နေကြ​တုန်း​ပဲ။ အရင်ကထက် ပို​ဒုက္ခများ​အောင် လုပ်​နေကြ​တယ်။ သူတို့ဟာ ကောင်းကင်​က​နေ မြေကြီး​ပေါ်ကို ပစ်ချ​ခံ​လိုက်ရ​ပြီ​ဖြစ်လို့ ခု​လို လုပ်​နေတာ။

နတ်ဆိုးတွေကို တို့​တစ်​တွေ ဘာဖြစ်လို့ မမြင်​နိုင်တာလဲ သိသလား။— မျက်စိ​နဲ့ မမြင်နိုင်တဲ့ နာမ်ဝိညာဉ်​တွေ ဖြစ်လို့ပဲ။ ဒါပေမဲ့ သူတို့ အသက်ရှင်နေ​တယ်​ဆိုတာ သေသေချာချာ ​ပြော​နိုင်တယ်။ စာတန်​ဟာ ‘တစ်လောက​လုံး​ရှိ လူတွေကို လှည့်စား​နေတယ်၊’ နတ်ဆိုးတွေက သူ့ကို ကူညီပေး​နေတယ်လို့ ကျမ်းစာက ဆို​တယ်။—ဗျာဒိတ် ၁၂:၉၊ ၁၂

မာရ်နတ်​နဲ့ နတ်ဆိုးတွေက တို့​တစ်​တွေကို​ရော လှည့်စား​နိုင်သလား။— တို့​တစ်​တွေ သတိ​မထားဘူးဆို​ရင် လှည့်​စားနိုင်​တာ​ပေါ့။ ဒါပေမဲ့ ကြောက်စရာ​တော့ မလို​ပါ​ဘူး။ ကြီးမြတ်​တဲ့​ဆရာ​က ‘မာရ်နတ် ကျွန်တော့်ကို မ​ချုပ်ကိုင်​နိုင်​ပါ​ဘူး’ လို့​ပြောခဲ့တယ်။ တို့​ကသာ ဘုရားသခင်​နဲ့ ရင်းရင်းနှီးနှီး နေမယ်​ဆိုရင် ဘုရားသခင်​က မာရ်နတ်​နဲ့ နတ်ဆိုး​တွေ​ဘေးရန်​က​နေ ကာကွယ်ပေး​မှာ​ပါ။—ယောဟန် ၁၄:၃၀

နတ်ဆိုးတွေက တို့​တစ်​တွေကို လုပ်​ခိုင်းစေ​ချင်တဲ့ မကောင်းမှုတွေ​ကို သိထား​ဖို့ သိပ်​အရေးကြီးတယ်။ ဒါကြောင့် စဉ်းစား​ကြည့်ပါ။ ကမ္ဘာ​ပေါ် ရောက်လာ​ကြ​တုန်း​က နတ်ဆိုး​တွေ ဘာ​မ​ကောင်းမှုတွေ​ လုပ်ခဲ့ကြသလဲ။— ရေ​မလွှမ်းမိုး​ခင်​က မိန်းမတွေနဲ့ လိင်ဆက်ဆံ​ခဲ့​တယ်။ ဒါဟာ ကောင်းကင်​တမန်တွေ မ​လုပ်သင့်တဲ့​အရာ ​ဖြစ်တယ်။ ဒီ​က​နေ့​လည်း လိင်​ဆက်ဆံခြင်း​နဲ့ ပတ်သက်တဲ့ ဘုရားသခင့် ပညတ်ကို လူတွေ နားမထောင်​ကြ​တာ​ကို နတ်ဆိုး​တွေ သိပ်သဘောကျ​တယ်။ ကဲ၊ ကလေး​တို့​ကို မေး​မယ်၊ ဘယ်သူတွေသာ လိင်ဆက်ဆံသင့်သလဲ။— ကလေးတို့​ရဲ့ အဖြေ မှန်​တယ်​ကွဲ့၊ လက်ထပ်​ထားတဲ့ အိမ်ထောင်သည်​တွေသာ ဖြစ်တယ်။

ခုခေတ်​မှာ တချို့ ယောက်ျားလေး​တွေ​နဲ့ မိန်းကလေးတွေက လိင်ဆက်ဆံ​ကြ​တယ်။ တကယ်​ဆို​ရင် အဲဒါ မှား​တယ်​ကွဲ့။ ကျမ်းစာက ယောက်ျား ‘လိင်​အင်္ဂါ၊’ ဒါမှမဟုတ် လိင်​တံ​အကြောင်း ပြော​ထားတယ်။ (ဝတ်ပြုရာ ၁၅:၁-၃) မိန်းမ လိင်​အင်္ဂါ​ကို​တော့ အင်္ဂါ​ဇာတ်​လို့ ခေါ်တယ်။ ကိုယ်ခန္ဓာ​ရဲ့ အဲဒီ​အင်္ဂါ အစိတ်အပိုင်း​တွေကို ယေ​ဟော​ဝါ ဖန်ဆင်း​ပေး​ထားတာဟာ အိမ်ထောင်သည်​တွေသာ သာယာ​ကြည်နူးမှု ယူဖို့​ဆို​တဲ့ အထူး​ရည်ရွယ်ချက်​အတွက် ဖြစ်တယ်။ မလုပ်ရဘူး​လို့ ယေ​ဟော​ဝါ တားမြစ်​ထားတာတွေကို လူတွေ လုပ်တဲ့​အခါ​မှာ နတ်ဆိုး​တွေ ပျော်​ကြ​တယ်။ ဥပမာ၊ ယောက်ျားလေး​တစ်ယောက်နဲ့ မိန်းကလေး​တစ်ယောက်က အချင်းချင်း​ရဲ့ လိင်​တံ၊ အင်္ဂါ​ဇာတ်​ကို ဆော့​ကစား​ကြ​မယ်​ဆိုရင် နတ်ဆိုး​တွေ သဘောကျ​ကြ​တယ်။ နတ်ဆိုး​တွေ ပျော်​တာ​ကို တို့ မလိုချင်​ဘူး၊ မဟုတ်ဘူး​လား။—

နတ်ဆိုး​တွေ ကြိုက်​ပေ​မဲ့ ယေ​ဟော​ဝါ မုန်း​တဲ့ တခြား​အရာ​လည်း ရှိသေးတယ်။ ဘာလဲ​ဆို​တာ သိသလား။​— အကြမ်းဖက်မှု​ပဲ။ (ဆာလံ ၁၁:၅) အကြမ်းဖက်မှု​ဆို​တာ တခြား​လူတွေ​ကို ရက်ရက်စက်စက် အနာတရ​ဖြစ်အောင် လုပ်တာကို ပြောတာ။ နတ်ဆိုး​တွေရဲ့ သား လူ့​ဘီလူးကြီး​တွေ​က အဲဒီ​လိုပဲ လုပ်ခဲ့ကြ​တယ်​ဆိုတာ မမေ့နဲ့​နော်။

နတ်ဆိုးတွေက လူတွေကို ကြောက်​အောင်​လည်း ခြောက်လှန့်​ကြ​တယ်။ တစ်ခါတလေ သေသွားတဲ့​လူတွေ​လို အယောင်ဆောင်​တတ်တယ်။ သေသွားတဲ့​လူတွေရဲ့ အသံ​နဲ့ တူ​အောင်​တောင် လုပ်ရင်​လုပ်​မယ်။ အဲဒီနည်းနဲ့ နတ်ဆိုးတွေက သေသွားတဲ့​လူတွေ အသက်ရှင်​နေကြ​တယ်၊ ရှင်​နေတဲ့​လူ​တွေ​နဲ့ စကား​ပြော​နိုင်တယ်​ဆို​ပြီး လူ​အများ ယုံကြည်​အောင် လှည့်စား​ထားတယ်။ ဟုတ်​တယ်၊ နတ်ဆိုးတွေက တစ္ဆေသရဲ ရှိတယ်​ဆို​ပြီး လူ​တွေ​ကို ယုံကြည်​အောင် လုပ်​ထားတယ်။

ဒါကြောင့် စာတန်​နဲ့ နတ်ဆိုး​တွေ လှည့်စားတာ မခံရ​အောင် တို့​တစ်​တွေ သတိရှိ​ရမယ်။ ‘စာတန်​တောင်မှ ကောင်းတဲ့​ကောင်းကင်တမန် ဖြစ်ယောင်ဆောင်​သေး​တာ​ပဲ။ စာတန်ရဲ့ နောက်လိုက်​တွေ​လည်း အလားတူ ဖြစ်​ယောင်​ဆောင်​ကြ​တယ်’ ဆို​ပြီး ကျမ်းစာက သတိပေး​တယ်။ (၂ ကောရိန္သု ၁၁:၁၄၊ ၁၅) ဒါပေမဲ့ တကယ်​ဆို​ရင် နတ်ဆိုးတွေဟာ တကယ်​ဆိုး​ကြ​တယ်။ တို့​တစ်​တွေကို သူတို့​လို​ဖြစ်အောင် ဘယ်လို ကြိုးစား​တယ်​ဆိုတာ ကြည့်ရအောင်။

အကြမ်းဖက်မှု၊ မ​လျော်​ကန်​တဲ့ လိင်​ကိစ္စ၊ တစ္ဆေသရဲ​အကြောင်း​တွေကို လူတွေ ဘယ်​က​နေ အများဆုံး သိလာ​ကြသ​သဲ။— တချို့ တီဗီ​အစီအစဉ်​တွေ၊ ရုပ်ရှင်တွေ၊ ကွန်ပျူတာ၊ ဗွီဒီယို​ဂိမ်းတွေ၊ အင်တာနက်၊ ရုပ်​ပြ​စာအုပ်တွေ ဖတ်တာ​ကြည့်တာ​က​နေ သိလာ​ကြ​တယ် မဟုတ်လား။ အဲဒါတွေက တို့​ကို ဘုရားသခင်​နဲ့ ပို​ရင်းနှီး​စေသလား၊ ဒါမှမဟုတ် မာရ်နတ်​နဲ့ နတ်ဆိုး​တွေ​နဲ့ ပို​ရင်းနှီး​စေသလား။ ကလေးတို့ ဘယ်လို ထင်သလဲ။—

အကြမ်းဖက်​ဇာတ်​ကား​တွေကို ကြည့်​ရင် ဘာဖြစ်​နိုင်သလဲ

မကောင်းတာတွေ နားထောင်​ဖို့၊ ကြည့်ဖို့ ဘယ်သူ လိုချင်​တယ်လို့ ထင်သလဲ။— ဟုတ်​တာ​ပေါ့၊ စာတန်​နဲ့ နတ်ဆိုး​တွေ​ပဲ​ပေါ့။ ဒီလို​ဆို​ရင် ကလေးတို့​နဲ့ တို့​တစ်​တွေ ဘာ​လုပ်ဖို့ လိုသလဲ။— တို့အတွက် ကောင်းကျိုးပြု​တဲ့​အရာတွေ၊ ယေ​ဟော​ဝါ​ကို ဝတ်ပြုရာမှာ ကူညီ​ပေးတဲ့​အရာတွေကို ဖတ်ရှု​ဖို့၊ နားထောင်​ဖို့၊ ကြည့်ရှု​ဖို့ လိုတယ်။ တို့​တစ်​တွေ လုပ်နိုင်တဲ့ ကောင်းတဲ့အရာ​တချို့ကို စဉ်းစား​ကြည့်​နိုင်မလား။—

အကျိုး​ရှိတဲ့ ဘယ်အရာကို တို့​တစ်​တွေ လုပ်​နိုင်သလဲ

ကောင်းတာ လုပ်မယ်ဆိုရင် နတ်ဆိုးတွေကို ကြောက်စရာ​အကြောင်း ဘာမှ မရှိဘူး။ ယေရှုဟာ နတ်ဆိုးတွေထက် ခွန်အားကြီး​လို့ နတ်ဆိုးတွေက ယေရှုကို ကြောက်​ကြတယ်။ တစ်နေ့​မှာ နတ်ဆိုးတွေက ယေရှုကို “ကျုပ်​တို့​ကို ဖျက်ဆီး​ဖို့ လာတာ​လား” ဆို​ပြီး အော်ပြော​ခဲ့​ကြ​တယ်။ (မာကု ၁:၂၄) စာတန်​နဲ့ နတ်ဆိုးတွေကို ဖျက်ဆီး​မယ့်​အချိန် ရောက်လာ​ရင် တို့​တစ်​တွေ ပျော်​ကြ​မယ် မဟုတ်ဘူး​လား။— ဒီ​ကြားကာလမှာ ယေရှုနဲ့ ယေရှုရဲ့ ကောင်းကင်ဘုံစံ ဖခင်​နဲ့ ရင်းရင်းနှီးနှီး နေမယ်​ဆိုရင် တို့​ကို ယေရှု ကာကွယ်​ပေးမယ်​ဆိုတာ စိတ်ချ​နိုင်တယ်။

တို့​တစ်​တွေ ဘာ​လုပ်ဖို့ လိုသလဲ ဆို​တဲ့​အကြောင်း ၁ ပေတရု ၅:၈၊ ၉ နဲ့ ယာကုပ် ၄:၇၊ ၈ တို့​မှာ ဖတ်​ကြည့်ရအောင်။