မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၇

နာခံမှုက ကာကွယ်ပေးတယ်

နာခံမှုက ကာကွယ်ပေးတယ်

ကလေးတို့ ကိုယ်​လုပ်ချင်​တာ လုပ်​ရ​ရင် သဘောမကျ​ဘူး​လား။ ဘာလုပ်​ရမယ်​ဆို​ပြီး ပြော​မယ့်​သူ တစ်ယောက်​မှ မရှိရင် သိပ်​ကောင်း​မှာ​ပဲ​လို့ တွေးမိ​တဲ့အခါ​မျိုးကော ရှိသလား။ ကဲ၊ မှန်မှန်​ပြော​ကြ​ရ​အောင်။ ဘယ်လို ထင်သလဲ။—

လူကြီး​စကားကို ဘာကြောင့် နားထောင်သင့်သလဲ

ဒါပေမဲ့ ကလေးတို့​အတွက် ဘယ်ဟာ​က ပို​ကောင်းသလဲ။ ကိုယ်​လုပ်ချင်ရာ လုပ်တာ​က တကယ်​ကောင်း​ပါ့​မလား။ ဖေဖေ မေမေ​ရဲ့ စကားကို နားထောင်​တာ​က ပို​ကောင်းသလား။— ကလေးတို့ မိဘ​စကား နားထောင်​ရမယ်လို့ ဘုရားသခင် ပြော​ထားတာ အကြောင်းကောင်း ရှိ​ရမယ်။ ဘာလဲ​ဆို​တာ ကြည့်ရအောင်။

ကလေးတို့​အသက်  ဘယ်လောက်​ရှိပြီ​လဲ။— ​ကလေးတို့ ဖေဖေ​ရဲ့​အသက်​ကော ဘယ်လောက်​ရှိပြီ​လဲ၊ သိသလား။​— ကလေးတို့ မေမေ​ရဲ့ အသက်​ကော။ ဘိုးဘိုး၊ ဘွားဘွား​ရဲ့ အသက်​ကော ဘယ်လောက်​ရှိပြီ​လဲ။— သူတို့ဟာ ကလေးတို့​ထက် အများ​ကြီး အသက်ကြီး​တယ်။ အသက်ကြီး​လေ​လေ ပို​သိ​လေ​လေ​ပဲ။ ကြား​တာ၊ မြင်​တာ၊ သိ​တာ၊ တတ်တာ​လည်း ပို​များတယ်။ ဒါကြောင့် ငယ်ရွယ်သူ​တွေ​ဟာ အသက်​ကြီးသူတွေ​ဆီက ပညာ အများကြီး ရနိုင်တာပေါ့။

ကိုယ့်ထက် ငယ်​တဲ့​သူ တစ်ယောက်​ယောက်​ကို သိသလား။— ကလေးတို့​ဟာ သူ့​ထက် ပို​သိ​တယ် မဟုတ်လား။— ဘာကြောင့် ပို​သိသ​လဲ။— အသက် ပို​ကြီး​လို့​ပေါ့။ ငယ်​တဲ့​သူ​ထက် သင်ယူ​ရတဲ့​အချိန် ပို​ရ​ခဲ့​တယ်​လေ။

ကလေးတို့​နဲ့ တို့​ထက်၊ ဘယ်သူ​ထက်​မဆို ပို​အသက်ကြီးတဲ့ ပုဂ္ဂိုလ်​ဟာ ဘယ်သူ​လဲ။— ​ယေဟော​ဝါ​ဘုရား​ပဲ​ပေါ့။ ဘုရားသခင်​ဟာ ကလေးတို့​ထက်​ကော၊ တို့​ထက်​ကော ပို​သိတယ်။ ဘုရားသခင်​က တို့​တစ်​တွေကို တစ်ခုခု လုပ်​ခိုင်း​ရင် ခက်ခဲ​ရင်​တောင်မှ လုပ်သင့်လုပ်ထိုက်​တဲ့​အလုပ် ဖြစ်တယ်​ဆို​တာ စိတ်ချ​နိုင်တယ်။ တစ်ခါတုန်းက ကြီးမြတ်​တဲ့​ဆရာ​တောင်မှ နာခံဖို့ အခက်​ကြုံခဲ့ရ​တယ်​ဆိုတာ ကလေးတို့ သိသလား။—

တစ်ခါ​က ယေရှုကို သိပ်​ခက်​တဲ့​အလုပ်​တစ်ခု ဘုရားသခင်​က လုပ်​ခိုင်း​တယ်။ ဒီ​ပုံ​မှာ တွေ့ရ​တဲ့​အတိုင်း အဲဒါနဲ့​ပတ်သက်ပြီး ယေရှု ဆုတောင်း​ခဲ့​တယ်။ “အဖ၊ အလိုရှိ​မယ်​ဆိုရင် ဒီ​ခွက်​ကို လွှဲဖယ်​ပေးပါ” ဆို​ပြီး ဆုတောင်း​တယ်။ ဒီလို ဆုတောင်း​ခဲ့​တာ​ကို ကြည့်ရင် ဘုရားအလိုတော် ဆောင်​ရတာ အမြဲ မလွယ်ဘူးဆိုတာကို ယေရှု ပြခဲ့တယ်။ ဒါပေမဲ့ ဆုတောင်းချက်ကို ယေရှု ဘယ်လို အဆုံးသတ်သလဲ။ သိ​ကြသလား။—

ယေရှုရဲ့ ဆုတောင်းချက်​က​နေ ဘာ​သိရသလဲ

ယေရှု​က “ဒါပေမဲ့ ကျွန်တော့်​ဆန္ဒ​အတိုင်း မဖြစ်ပါစေ​နဲ့။ အဖ​ရဲ့​ဆန္ဒ​အတိုင်းသာ ဖြစ်​ပါ​စေ” ဆိုပြီး အဆုံးသတ်​ခဲ့​တယ်။ (လုကာ ၂၂:၄၁၊ ၄၂) ဟုတ်​တယ်​ကွဲ့၊ ယေရှုဟာ ကိုယ့်​အလိုဆန္ဒ​အတိုင်း မဟုတ်ဘဲ ဘုရား​အလိုတော်အတိုင်း ဖြစ်စေချင်တယ်။ အကောင်းဆုံး​လို့ ကိုယ်​ထင်တာ​ကို လုပ်​မယ့်​အစား ဘုရားသခင် အလိုရှိတာ​ကို​ပဲ ဆက်လုပ်​ခဲ့​တယ်။

ဒီ​အကြောင်း​က​နေ ဘာ​သိရသလဲ။— ဘုရားသခင် ပြောတဲ့​အတိုင်း လုပ်ဆောင်​တာ မလွယ်ကူ​ပေ​မဲ့ အဲဒီအတိုင်း လုပ်တာ ​အမြဲ​မှန်ကန်​တယ်​ဆိုတာ သိရတယ်။ နောက်​တစ်ခု​လည်း သိရ​သေးတယ်။ ဘာလဲ​ဆို​တာ သိသလား။— တချို့လူတွေ ပြောသလို ဘုရားသခင်​နဲ့ ယေရှု​ဟာ ပုဂ္ဂိုလ်​တစ်ပါးတည်း မဟုတ်ဘူး။ ယေဟောဝါ​ဘုရား​ဟာ သားတော် ယေရှု​ထက် ပို​အသက်ကြီး​တယ်၊ ပို​လည်း သိတယ်။

ဘုရားသခင်ကို နာခံ​မယ်​ဆိုရင် ဘုရားသခင်ကို ချစ်​တယ်​ဆိုတာ ပြတာ​ပဲ။ “ဘုရားသခင်ကို ချစ်​တယ်​ဆိုတာ ပညတ်ချက်​တွေ လိုက်နာ​တာ​ကို ဆိုလိုတယ်” လို့ ကျမ်းစာက ဆို​ထား​တယ်​ကွဲ့။ (၁ ယောဟန် ၅:၃) ဒါကြောင့် တို့အားလုံး ဘုရားသခင်ကို နာခံဖို့ လို​တယ်​ဆိုတာ နားလည်​ရတယ်။ ကလေးတို့ ဘုရားသခင့်​စကားကို နားမထောင်​ချင်​ကြ​ဘူး​လား။—

ဘုရားသခင်​က ကလေးတို့​ကို ဘာ​လုပ်​ခိုင်းသလဲ​ဆို​တာ သိရ​အောင် ကျမ်းစာကို ဖွင့်ဖတ်​ကြည့်​မယ်။ ဧဖက် အခန်းကြီး ၆၊ အခန်းငယ် ၁၊ ၂ တို့​မှာ ကျမ်းစာ ပြော​ထားတာကို ဖတ်​ကြ​မယ်။ ဒီလို​ဆို​ထား​တယ်​ကွဲ့– “သားသမီး​တို့၊ ဘုရားသခင့် အလိုတော်​နဲ့​အညီ မိဘ​ကို နာခံကြပါ။ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာ ဖြောင့်မှန်တယ်။ ‘မိဘ​ကို ရိုသေ​ပါ’ ဆို​တဲ့ ပညတ်​ဟာ ကတိတော်​နဲ့ ဒွန်တွဲ​နေတဲ့ ပထမဆုံး​ပညတ်​ပဲ။ ‘ဒါမှသာ ကောင်းစား​လိမ့်မယ်၊ ကမ္ဘာမြေပေါ်မှာ အသက်ရှည်ရှည် နေနိုင်​လိမ့်မယ်’ ဆို​တဲ့ ကတိ ဖြစ်တယ်။”

တွေ့​တယ် မဟုတ်လား။ မိဘ​စကား နားထောင်​ရမယ်လို့ ကလေးတို့​ကို ပြောတဲ့ ပုဂ္ဂိုလ်​ဟာ ယေဟောဝါ​ဘုရားကိုယ်​တိုင် ဖြစ်တယ်။ မိဘ​တို့​ကို “ရိုသေ​ပါ” ဆို​တာ ဘာကို ဆိုလိုသလဲ။ သူတို့ကို လေးလေးစားစား ဆက်ဆံ​တာ​ကို ပြောတာ။ မိဘ​စကား နားထောင်​ရင် “ကောင်းစား” မယ်လို့လည်း ဘုရားသခင် ကတိ​ပေးထားတယ်။

နာခံတဲ့​အတွက် အသက်ဘေး​က လွတ်မြောက်​ခဲ့​သူတွေ​အကြောင်း ပြောပြမယ်နော်။ အဲဒီ​လူတွေဟာ ဟို​ရှေး​ရှေး​တုန်း​က ဂျေရုဆလင်​ဆို​တဲ့ မြို့ကြီး​တစ်ခုမှာ နေထိုင်​ကြ​တယ်။ အဲဒီမြို့သား အများစုက ဘုရားသခင်​စကားကို နားမထောင်​ကြ​ဘူး​လေ။ ဒါနဲ့ ယေရှု​က ဂျေရုဆလင်​မြို့​ကို ဘုရားသခင် ဖျက်ဆီး​ပစ်​မယ်​လို့ သတိ​ပေးခဲ့တယ်။ ပြီးတော့ မှန်​တာ​ကို ချစ်မြတ်နိုး​ရင် အသက်ဘေး​က​နေ ဘယ်လို လွတ်မြောက်​နိုင်တယ်​ဆို​တာ​ကို​ပါ ပြောပြ​ခဲ့​တယ်။ ‘ဂျေရုဆလင်​မြို့​ကို စစ်တပ် ဝိုင်းရံ​ထားတာ ခင်ဗျားတို့ မြင်ရတဲ့အခါ ဒီ​မြို့ ပျက်စီး​တော့​မယ်​ဆို​တာ သိလိုက်ပါ။ အဲဒီ​အချိန်​ရောက်​ရင် ဂျေ​ရု​ဆ​လင်​မြို့ကနေ ထွက်​ပြီး တောင်ပေါ်ကို ပြေး​ရမယ့်​အချိန် ဖြစ်တယ်’ လို့ ပြောခဲ့တယ်။—လုကာ ၂၁:၂၀-၂၂

ယေရှုရဲ့ အမိန့်​ကို နာခံ​လို့ ဒီလူတွေ ဘယ်လို အသက် ချမ်းသာ​ရာ ရခဲ့ကြသလဲ

ယေရှု ပြောခဲ့တဲ့​အတိုင်း​ပဲ စစ်တပ်​က ဂျေရုဆလင်​မြို့​ကို လာ​တိုက်​ပါ​လေ​ရော။ ရောမ စစ်တပ်​က မြို့​ကို ဝိုင်း​ပြီး စခန်းချ​လိုက်တယ်။ နောက်တော့ အကြောင်း​တစ်ခုခု​ကြောင့် စစ်သားတွေ ပြန်​ဆုတ်​သွား​ကြ​တယ်။ လူအများစုက အန္တရာယ်ကင်း​ပြီ​လို့ ထင်ကြ​တာပေါ့။ ဒါနဲ့ မြို့ထဲ​မှာ​ပဲ ဆက်​နေကြ​တယ်။ ဒါပေမဲ့ ယေရှု​က ဘာလုပ်သင့်​တယ်လို့ ပြောခဲ့သလဲ။— ကလေးတို့သာ ဂျေရုဆလင်​မြို့မှာ ရှိခဲ့​ကြ​မယ်​ဆိုရင် ဘာ​လုပ်ကြ​မ​လဲ။— ယေရှုကို တကယ် ယုံကြည်​တဲ့​လူတွေဟာ အိုးအိမ်​တွေ စွန့်ခွာ​ပြီး ဂျေရုဆလင်​မြို့​နဲ့​ဝေးရာ တောင်ပေါ်ကို ထွက်ပြေး​ကြ​တယ်။

တစ်နှစ်လုံးလုံး ကုန်လွန်​သွားခဲ့တယ်၊ ဂျေရုဆလင်​မြို့ ဘာမှ ဖြစ်​မသွား​ဘူး။ ဒုတိယ​နှစ်မှာ​လည်း ဘာမှ မဖြစ်​ဘူး။ တတိယ​နှစ်မှာ​လည်း ဘာမှ ဖြစ်မလာ​ဘူး။ မြို့ကနေ ထွက်ပြေး​သွား​သူတွေကို လူ​မိုက်​တွေ​လို့ တချို့ ထင်​ရင်​ထင်​မယ်။ ဒါပေမဲ့ စတုတ္ထ​နှစ်​ကျ​တော့ ရောမ စစ်တပ်​တွေ ပြန်ရောက်​လာပြီ​လေ။ ဂျေရုဆလင်​မြို့​ကို ပတ်ပတ်လည် ဝိုင်းရံ​ပြီး စခန်းချ​လိုက်​ကြ​တယ်။ အခုတော့ ထွက်ပြေး​ဖို့ အချိန်​နှောင်း​သွား​ပြီ​လေ။ ဒီ​တစ်​ချီ​တော့ စစ်တပ်​က မြို့​ကို ဖျက်ဆီး​လိုက်တယ်။ မြို့​ထဲ​က လူ​အများစုဟာ အသတ်​ခံရတယ်၊ ကျန်​တဲ့​လူ​တွေ​ကျတော့ အကျဉ်းသား​များ​အဖြစ် ဖမ်းသွား​ခံရကြ​တယ်​လေ။

ဒါပေမဲ့ ယေရှု​စကား နားထောင်​ခဲ့​တဲ့​လူတွေ​ကော ဘာဖြစ်​သွားသလဲ။— ဘေးမ​သီ ရန်​မ​ခ ရှိခဲ့​ကြတယ်။ သူတို့က ဂျေရုဆလင်​မြို့​နဲ့ အဝေးကြီး​မှာ။ ဒါကြောင့် ဘာမှ မဖြစ်​ဘူး​ပေါ့။ စကား​နားထောင်​တဲ့​အတွက် ကာကွယ်​ခံရကြ​တယ်။

ကလေးတို့​လည်း တကယ်​လို့ စကား​နားထောင်​ရင် အကာအကွယ် ရမှာ​လား။— လမ်းပေါ်မှာ ဘယ်တော့မှ မကစား​နဲ့​လို့ မိဘတွေက ပြော​ရင်​ပြောမယ်။ ဘာကြောင့် ​ဒီလို​ပြောသလဲ။— ကလေးတို့ ကား​တိုက်ခံ​ရမှာ စိုး​လို့​ပေါ့။ ဒါပေမဲ့ တစ်နေ့​ကျ​ရင် ကလေးတို့​က ‘အခု ကား မရှိဘူး။ ဘာမှ ​မဖြစ်ပါဘူး။ တခြား​ကလေးတွေလည်း လမ်းပေါ်မှာ ကစား​နေကြတာပဲ။ ဘာမှ​လည်း ဖြစ်တာ မတွေ့ရဘူး’ ဆို​ပြီး ထင်​ချင်​ထင်​မယ်။

ဘာ​အန္တရာယ်​မှ မ​တွေ့ရ​ရင်တောင် ဘာကြောင့် နာခံဖို့ လိုသလဲ

ဂျေရုဆလင်​မြို့​ထဲ​က လူတွေ​လည်း အဲဒီလိုပဲ ထင်​ခဲ့​ကြ​တယ်။ ရောမ​စစ်တပ်​တွေ ဆုတ်​ခွာ​သွား​ပြီးတဲ့နောက် ဘာ​အန္တရာယ်​မှ မရှိတော့သလိုပဲ။ သူများ​တွေ​လည်း မြို့ထဲမှာ နေကြတာပဲ​ဆို​ပြီး သူတို့​လည်း နေ​လိုက်​ကြ​တာပေါ့။ သတိပေး​ရက်သား​နဲ့ နားမထောင်​ကြ​ဘူး​လေ။ နောက်ဆုံး​တော့ အသက်ဆုံး​ရ​ကြ​တယ်။

နောက်​ဥပမာတစ်ခု ကြည့်ရအောင်။ မီးခြစ်နဲ့ ကစား​ဖူးသလား။— မီးခြစ် ခြ​စ်​လိုက်တဲ့အခါ မီး​တော​က်​လေး​ကို ကြည့်​ရတာ ပျော်စရာ​ကောင်းသလို​လို ဖြစ်မယ်။ ဒါပေမဲ့ မီးခြစ်နဲ့ က​စားတာ​ဟာ အန္တရာယ်ကြီး​တယ်​ကွဲ့။ တစ်အိမ်​လုံး မီးလောင်​ပြာ​ကျ​သွား​နိုင်တယ်၊ ကလေးတို့​လည်း သေသွား​နိုင်တယ်ကွဲ့။

တစ်ခါတလေ နားထောင်​ရုံ​နဲ့ မလုံလောက်​ဘူးဆို​တာ မှတ်ထား​ရမယ်။ အမြဲ နားထောင်​မယ်​ဆိုရင် အကာအကွယ်​ရမယ်ကွဲ့။ ‘သားသမီး​တို့၊ မိဘ​စကားကို နားထောင်​ကြ’ ဆို​ပြီး ကလေးတို့​ကို ပြောတဲ့​ပုဂ္ဂိုလ်​ဟာ ဘယ်သူ​လဲ။— ဘုရားသခင်​ပေါ့။ ကလေးတို့​ကို တကယ်​ချစ်​လို့ ပြောတယ်​ဆို​တာ​ကို​လည်း မှတ်ထားပါ။

နာခံမှု​ရဲ့ အရေးကြီးပုံကို တင်ပြ​ထားတဲ့ ဒီ​ကျမ်းချက်တွေ ဖတ်ကြည့်ပါ– ပညာအလိမ္မာ ၂၃:၂၂။ ဒေသနာ ၁၂:၁၃။ ဟေရှာယ ၄၈:၁၇၊ ၁၈။ ကောလောသဲ ၃:၂၀