အခန်း ၁၇
ပျော်ရွှင်ဖို့ နည်းလမ်း
တို့အားလုံး ပျော်ရွှင်ချင်ကြတယ်၊ ဟုတ်တယ် မဟုတ်လား။— ဒါပေမဲ့ လူအများဟာ တကယ် မပျော်ရွှင်ကြဘူး။ ဘာကြောင့်လဲ သိသလား။— ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို မသိလို့ပဲ။ သူတို့က ပစ္စည်းဥစ္စာ များများရှိရင် ပျော်မယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ပစ္စည်းဥစ္စာ ရှိလာတော့လည်း ကြာကြာ မပျော်နိုင်ကြဘူးကွဲ့။
အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်။ ကြီးမြတ်တဲ့ဆရာက “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” လို့ ပြောခဲ့တယ်။ (တမန်တော် ၂၀:၃၅) ဒီတော့ ပျော်ရွှင်မှု ရနိုင်တဲ့နည်းက ဘာလဲ။— ဟုတ်တယ်၊ သူများကို ပေးကမ်းခြင်း၊ သူများအတွက် လုပ်ဆောင်ပေးခြင်း ဖြစ်တယ်။ ဒါကို ကလေးတို့ သိသလား။—
ဒီအချက်ကို ထပ်ပြီး စဉ်းစားကြရအောင်။ လက်ဆောင်ရတဲ့သူဟာ မပျော်ရွှင်ဘူးလို့ ယေရှု ပြောနေတာလား။— မဟုတ်ဘူးကွဲ့၊ ယေရှု အဲဒီလို မပြောဘူး။ ကလေးတို့လည်း လက်ဆောင်တွေ ရချင်ကြတယ် မဟုတ်လား။— လူတိုင်း ရချင်ကြတာချည်းပဲ။ ကောင်းတာတွေ ရတဲ့အခါ တို့တစ်တွေ ပျော်ရွှင်ကြတယ်။
ဒါပေမဲ့ ပေးကမ်းရင် ပိုပျော်ရွှင်ရတယ်လို့ ယေရှု ပြောနေတာ။ ဒါဆိုရင် လူတွေကို အမျိုးမျိုး ပေးကမ်းတဲ့သူဟာ ဘယ်သူ ဖြစ်မယ် ထင်သလဲ။— ဟုတ်တယ်၊ ယေဟောဝါဘုရားပဲပေါ့။
ဘုရားသခင်ဟာ “လူအားလုံးကို အသက်နဲ့ ထွက်သက်ဝင်သက်ကို ပေးတဲ့အရှင်၊ အရာခပ်သိမ်းကို ပေးသနားတဲ့အရှင်” ဖြစ်တယ်လို့ ကျမ်းစာ ဆိုတယ်။ မိုးရေနဲ့ နေရောင်ခြည်ကိုလည်း ပေးတဲ့အတွက် အပင်တွေ ကြီးထွားရှင်သန်လို့ တို့တစ်တွေ စားဖို့ အစားအစာတွေ ရရှိတာပေါ့။ (တမန်တော် ၁၄:၁၇။ ၁၇:၂၅) ဒါကြောင့်မို့လို့ ယေဟောဝါကို “ပျော်ရွှင်တဲ့ ဘုရားသခင်” လို့ ကျမ်းစာက ခေါ်ထားတာကိုး။ (၁ တိမောသေ ၁:၁၁) သူတစ်ပါးကို ပေးကမ်းခြင်းဟာ ဘုရားကို ပျော်ရွှင်စေတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။ တို့တစ်တွေလည်း ပေးကမ်းမယ်ဆိုရင် ပျော်ရွှင်မှာ အမှန်ပဲ။
ဒါဆိုရင် သူတစ်ပါးကို ဘာတွေ ပေးကမ်းနိုင်သလဲ။ ပြောကြည့်ပါဦး။— တစ်ခါတလေ လက်ဆောင် ပေးဖို့ဆိုတာ ငွေရှိဖို့ လိုတယ်။ ဆိုင်ကနေ ဝယ်ရမယ်ဆိုရင် ပိုက်ဆံပေးရမယ်။ ဒါကြောင့် ဒီလိုလက်ဆောင်မျိုး ပေးချင်ရင်တော့ ဝယ်နိုင်ဖို့ ငွေစုရတော့မှာပေါ့။
ဒါပေမဲ့ လက်ဆောင်မှန်သမျှ ဆိုင်က ဝယ်မှ ရနိုင်တာ မဟုတ်ပါဘူး။ ဥပမာ၊ နေပူတဲ့နေ့ တစ်နေ့မှာ ရေအေးအေးလေး တစ်ခွက်ဟာ လူကို လန်းဆန်းစေနိုင်တယ်။ ဒါကြောင့် ရေဆာနေတဲ့ လူတစ်ယောက်ကို အဲဒီလက်ဆောင်လေး ပေးလိုက်ရင် ကလေးတို့ ပျော်ရွှင်မှု ခံစားနိုင်တာပဲ။
တစ်ရက်ရက်မှာ ကလေးတို့ မေမေနဲ့အတူ မုန့်လုပ်စားတယ် ဆိုပါတော့။ ပျော်စရာ ကောင်းမှာပဲနော်။ ဒါပေမဲ့ အဲဒီမုန့်ကို တစ်ယောက်တည်း အကုန် စားပစ်မဲ့အစား ပိုပျော်ရွှင်ချင်ရင် ဘာလုပ်ရင် ကောင်းမလဲ။— ဟုတ်တယ်၊ မုန့်တချို့ကို သူငယ်ချင်း တစ်ယောက်ယောက်ကို လက်ဆောင်ပေးနိုင်တယ်။ တစ်ခါတလေ အဲဒီလို မလုပ်ချင်ဘူးလား။—
ပေးကမ်းရင် ပျော်ရမယ်ဆိုတာကို ကြီးမြတ်တဲ့ဆရာနဲ့ တမန်တော်တွေအားလုံး သိကြတယ်။ သူတစ်ပါးကို သူတို့ ဘာတွေ ပေးသလဲ သိသလား။— ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာပါပဲ။ ဘုရားသခင်နဲ့ ပတ်သက်တဲ့ အမှန်တရားကို သူတို့ သိထားကြတယ်။ အဲဒီသတင်းကောင်းကို တခြားသူတွေ သိအောင် ဝမ်းမြောက်ဝမ်းသာ ပြောပြကြတယ်။ အဲဒီလိုပြောပြရလို့ အခကြေးငွေလည်း မယူကြဘူးကွဲ့။
တစ်နေ့မှာ တမန်တော်ပေါလုနဲ့ သူ့မိတ်ဆွေကောင်း တပည့်တော် လုကာတို့ဟာ ပေးကမ်းခြင်းကြောင့် ပျော်ရွှင်မှု ခံစားချင်တဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့တယ်။ မြစ်ကမ်းရိုးတစ်နေရာမှာ အဲဒီအမျိုးသမီးနဲ့ တွေ့တယ်လေ။ အဲဒီမှာ ဆုတောင်းတဲ့နေရာ ရှိတယ် ကြားလို့ ပေါလုနဲ့ လုကာ အဲဒီကို သွားကြတာလေ။ ထင်တဲ့အတိုင်းဘဲ သူတို့ ရောက်သွားတော့ အမျိုးသမီးတချို့ ဆုတောင်းနေတာကို တွေ့လိုက်ရတယ်။
ပေါလုက အဲဒီအမျိုးသမီးတွေကို ယေဟောဝါဘုရားနဲ့ ဘုရားနိုင်ငံတော် သတင်းကောင်းကို စပြီး ပြောပြတယ်။ လုဒိလို့ခေါ်တဲ့ အမျိုးသမီးဟာ ကောင်းကောင်း အာရုံစိုက် နားထောင်တယ်။ အဲဒီနောက် လုဒိက ကြားရတဲ့ သတင်းကောင်းကို တကယ် ကြိုက်နှစ်သက်ကြောင်း ပြတဲ့အနေနဲ့ တစ်ခုခု လုပ်ပေးချင်စိတ် ပေါ်လာတယ်။ ဒါနဲ့ “ကျွန်မဟာ ယေဟောဝါဘုရားအပေါ် သစ္စာရှိသူပါလို့ ညီအစ်ကိုတို့ ယူဆတယ်ဆိုရင် ကျွန်မအိမ်မှာ လာတည်းခိုကြပါ” ဆိုပြီး ပေါလုနဲ့ လုကာကို တိုက်တွန်းတယ်။ သူ့အိမ်ကို လာဖို့ မရရအောင် ဖိတ်ခေါ်ခဲ့တယ်။—တမန်တော် ၁၆:၁၃-၁၅။
လုဒိဟာ ဘုရားအမှုဆောင်နေတဲ့ လူတွေ အိမ်ကို လာလို့ သိပ်ဝမ်းသာတယ်။ ယေဟောဝါနဲ့ ယေရှုအကြောင်း၊ ထာဝရအသက်ရှင်နိုင်ပုံအကြောင်း သင်ပေးတဲ့အတွက် သူတို့ကို ချစ်ခင်လေးစားတယ်။ ပေါလုနဲ့ လုကာတို့ စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ စီစဉ်ပေးရလို့ လုဒိ ဝမ်းသာနေတာ။ ဒါကြောင့် ပေးချင်ကမ်းချင်တဲ့ စေတနာစိတ်နဲ့ ပေးတာဖြစ်လို့ လုဒိကို ပျော်ရွှင်စေတယ်။ ဒါကို မြဲမြဲ မှတ်ထားရမယ်နော်။ လက်ဆောင် ပေးရမယ်လို့ တစ်ယောက်ယောက်က တောင်းတယ်ဆိုပါတော့။ ဒါပေမဲ့ ကိုယ် တကယ် မပေးချင်ဘဲ ပေးလိုက်ရတယ်ဆိုရင် ပျော်ရွှင်မှာ မဟုတ်ဘူး။
ဥပမာ၊ ကလေးတို့မှာ ကိုယ်သိပ်ကြိုက်တဲ့ သကြားလုံးတချို့ ရှိတယ်ဆိုပါစို့။ တခြားတစ်ယောက်ကို နည်းနည်း ပေးလိုက်ပါလို့ ပြောရင် ကလေးတို့ ကျေကျေနပ်နပ် ပေးပါ့မလား။—
ဒါပေမဲ့ ကိုယ်သိပ်ခင်တဲ့ သူငယ်ချင်းနဲ့ တွေ့တယ် ဆိုပါစို့။ ကိုယ့်သဘောနဲ့ကိုယ် သူငယ်ချင်းကို သကြားလုံး နည်းနည်းပေးလိုက်တဲ့အခါ ပျော်တယ် မဟုတ်လား။—လူတစ်ယောက်ကို သိပ်ချစ်ခင်တဲ့အခါ ကိုယ့်အတွက် ဘာမှ မချန်ဘဲ ရှိတာအကုန်လုံး ပေးချင်စိတ် ရှိကြတယ်။ ဘုရားသခင်ကို ချစ်တဲ့မေတ္တာ တိုးလာတဲ့အခါ အဲဒီလိုစိတ်သဘောမျိုး ရှိသင့်တယ်။
အဲဒီလို စိတ်သဘောမျိုးရှိသူ ဆင်းရဲတဲ့ အမျိုးသမီးတစ်ယောက်ကို ကြီးမြတ်တဲ့ဆရာ သိခဲ့တယ်။ သူ့ကို ဂျေရုဆလင်မြို့ ဗိမာန်တော်မှာ ယေရှု တွေ့ခဲ့တာ။ သူ့မှာ ဒင်္ဂါးလေး နှစ်ပြားပဲ ရှိတယ်။ ရှိစုမဲ့စု အကုန်ပဲ။ ဒါပေမဲ့ နှစ်ပြားစလုံးကို ဗိမာန်တော် အလှူငွေပုံးထဲ ထည့်လိုက်တယ်။ ဘယ်သူမှ သူ့ကို ထည့်ခိုင်းတာ မဟုတ်ဘူး။ သူထည့်လိုက်တာကို အဲဒီမှာ ရှိတဲ့လူတွေ သိတောင် မသိလိုက်ဘူး။ ထည့်ချင်တဲ့စိတ် ရှိလို့၊ ယေဟောဝါကို တကယ်ချစ်လို့ ခုလို ထည့်လိုက်တာ။ ခုလိုပေးနိုင်တာကိုပဲ သူပျော်ရွှင်တယ်။—လုကာ ၂၁:၁-၄။
ပေးကမ်းနိုင်တဲ့နည်းတွေ အများကြီး ရှိတယ်။ နည်းတချို့ကို ပြောကြည့်ပါလား။— စိတ်ရင်းစေတနာနဲ့ ပေးရင် ပျော်ရွှင်နိုင်မှာ။ ဒါကြောင့် ကြီးမြတ်တဲ့ဆရာက ‘ပေးကမ်းတတ်တဲ့အကျင့် လုပ်ပါ’ ဆိုပြီး မှာခဲ့တာလေ။ (လုကာ ၆:၃၈) ဒါဆိုရင် တခြားသူတွေကို ပျော်ရွှင်စေမယ်။ ကိုယ်တိုင်လည်း အပျော်ရွှင်ဆုံးလူတွေ ဖြစ်ကြမှာကွဲ့။
ပေးကမ်းခြင်းက ဘယ်လို ပျော်ရွှင်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပိုသိရအောင် မဿဲ ၆:၁-၄။ လုကာ ၁၄:၁၂-၁၄။ ၂ ကောရိန္သု ၉:၇ တို့ကို ဖတ်ကြစို့။