မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၁

ဘုရားသခင့် ကောင်းကင်တမန်တွေဆီက အကူအညီ

ဘုရားသခင့် ကောင်းကင်တမန်တွေဆီက အကူအညီ

လူ​တချို့​က မျက်စိ​နဲ့ မြင်ရ​မှ ယုံ​တယ်လို့ ပြော​ကြ​တယ်။ ဒါဟာ မိုက်မဲ​ရာ​ကျ​တယ်။ တို့တစ်​တွေ မမြင်​ဖူး​တဲ့ တကယ့်​အရာတွေ အများကြီး ရှိတယ်။ တစ်ခုလောက် ပြောနိုင်မလား။—

တို့​တစ်​တွေ ရှူ​နေတဲ့ လေ​ကော။ လေ​ကို ထိတွေ့​လို့ ရသလား။— လက်​ပေါ်​ကို လေ မှုတ်​ကြည့်လိုက်။ ထိတွေ့မှု​တစ်မျိုး ခံစားရသလား။— ခံစား​ရတာပေါ့။ ဒါပေမဲ့ လေ​ကို မမြင်​ရ​ဘူး မဟုတ်လား။—

မမြင်နိုင်တဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်​တွေ​အကြောင်း သိခဲ့​ရ​ပြီးပြီ။ တချို့က ကောင်းတယ်၊ တချို့က ဆိုး​တယ်​ဆိုတာ​လည်း သိခဲ့ရတယ်။ မမြင်နိုင်တဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်​ကောင်း တချို့ကို ပြောပြပါ​လား။— ဟုတ်​တယ်၊ ယေဟောဝါ​ဘုရား ရှိတယ်။ ယေရှု ရှိတယ်။ ကောင်းတဲ့ ကောင်းကင်တမန်တွေ ရှိတယ်။ ဆိုး​တဲ့ ကောင်းကင်တမန်တွေ​ကော ရှိသလား။— ရှိတယ်လို့ ကျမ်းစာ ဆိုတယ်။ သူတို့​အကြောင်း ဘာတွေ သိထားသလဲ ပြောပြပါ​လား။—

သိရတာ​တစ်ခု​က ကောင်းတဲ့ ကောင်းကင်တမန်​ရော၊ ဆိုး​တဲ့ ကောင်းကင်တမန်​ပါ တို့​တစ်​တွေ​ထက် ခွန်အားကြီး​တယ် ဆို​တာ​ပဲ။ ကြီးမြတ်​တဲ့​ဆရာ​ဟာ ကောင်းကင်တမန်​အကြောင်း အများကြီး သိတယ်။ ကမ္ဘာ​ပေါ်မှာ ကလေးလေး တစ်ဦး​အဖြစ် မမွေးခင် ကောင်းကင်တမန်​တစ်ပါး ဖြစ်ခဲ့​လို့​ပါပဲ။ ကောင်းကင်ဘုံမှာ တခြား ကောင်းကင်တမန်တွေနဲ့​အတူ နေ​ခဲ့​ဖူး​တယ်​လေ။ ကောင်းကင်​တမန် သန်းပေါင်း​များစွာ​ကိုလည်း ​သိထားတယ်။ အဲဒီ​ကောင်းကင်တမန်တွေ​မှာ နာမည် ရှိကြသလား။—

ကြယ်​တွေကို ဘုရားသခင် နာမည် ပေးထား​မှန်း သိခဲ့​ရ​ပြီးပြီ။ ဒီတော့ ကောင်းကင်တမန် အားလုံးမှာလည်း နာမည် ရှိမယ်​ဆို​တာ သေချာ​တယ်။ ကျမ်းစာက “ကောင်းကင်တမန် ဘာသာစကား” အကြောင်း ပြော​ထားလို့ ကောင်းကင်တမန် အချင်းချင်း စကား​ပြောနိုင်​တယ်​ဆိုတာ သိရတယ်။ (၁ ကောရိန္သု ၁၃:၁) သူတို့ ဘာ​အကြောင်း ပြော​ကြ​မယ် ထင်သလဲ။ ကမ္ဘာ​ပေါ်မှာ​ရှိတဲ့ တို့​တစ်​တွေ​အကြောင်း ပြော​ကြသလား။—

စာတန်ရဲ့ တမန် နတ်ဆိုးတွေဟာ တို့​တစ်​တွေ ယေ​ဟော​ဝါ​စကား နားမထောင်​အောင် ကြိုးစား​နေကြ​တယ်။ ဒီတော့ ဘယ်လို ကြိုးစား​ကြည့်မယ်​ဆိုတာ သူတို့ ပြော​ကြ​မှာ​ပဲ။ တို့​တစ်​တွေကို သူတို့​လို​ပဲ ဖြစ်စေချင်​တာ၊ ဒါမှ ယေ​ဟော​ဝါ မကြိုက်​မှာ​လေ။ ဘုရားသခင်ရဲ့ သစ္စာရှိ ကောင်းကင်တမန်တွေ​ကော။ သူတို့​လည်း တို့​အကြောင်း ပြော​ကြ​မယ် ထင်သလား။— ပြော​ကြ​တာပေါ့။ သူတို့​ကျတော့ တို့​ကို ကူညီ​ပေးချင်​ကြ​တယ်။ ယေ​ဟော​ဝါ​ကို ​ချစ်​ပြီး ဝတ်ပြု​သူတွေကို ကောင်းကင်တမန်​တချို့ ဘယ်လို ကူညီ​ပေးခဲ့တဲ့​အကြောင်း ပြောပြမယ်နော်။

ဗာဗုလုန်ပြည်​မှာ ဒံယေလ​လို့​ခေါ်တဲ့ လူတစ်ယောက် ရှိခဲ့တယ်။ အဲဒီ​တိုင်းပြည်​က လူတွေ​ဟာ ယေ​ဟော​ဝါ​ကို မချစ်​ကြ​ဘူး။ ယေဟောဝါ​ဘုရား​ဆီ ဆုတောင်း​သူ မှန်သမျှကို ပြစ်ဒဏ်​စီရင်​ဖို့ ဥပဒေ​တောင် ထုတ်ပြန်​ကြတယ်။ ဒါပေမဲ့ ဒံယေလဟာ ယေ​ဟော​ဝါ​ဆီ ဆုတောင်း မပျက်​ခဲ့​ဘူး။ ဒံယေလ​ကို သူတို့ ဘယ်လို လုပ်လိုက်​ကြသလဲ သိလား။—

ဟုတ်​တယ်၊ လူဆိုးတွေ​က ဒံယေလ​ကို ခြင်္သေ့တွင်း​ထဲ ပစ်ချ​လိုက်​ကြ​တယ်။ ဒံယေလ​ခမျာ ဆာလောင်​နေတဲ့ ခြင်္သေ့​ကြားထဲ ရောက်နေ​တော့​တယ်။ အဲဒီ​နောက် ဘာဖြစ်သလဲ သိသလား။— “ဘုရားက ကောင်းကင်တမန်​ကို လွှတ်​ပြီး ခြင်္သေ့​တွေ​ရဲ့ ပါးစပ်​ကို ပိတ်​ထား” တယ်လို့ ဒံယေလ ​ပြော​တယ်။ ထိခိုက်​ဒဏ်ရာ တစ်ခု​မှ မရခဲ့​ဘူး။ ကောင်းကင်တမန်တွေဟာ ယေ​ဟော​ဝါ​ကို ဝတ်ပြု​သူတွေ​အတွက် ထူးဆန်းတာ​တွေ လုပ်ပေး​နိုင်တယ်။—ဒံယေလ ၆:၁၈-၂၂

ဒံယေလ​ကို ကယ်​ဖို့ ဘုရားသခင် ဘာလုပ်ခဲ့သလဲ

တစ်ခေါက်​ကျ​တော့ ပေတရု ထောင်ချ​ခံရတယ်။ ပေတရု​ဟာ ကြီးမြတ်​တဲ့​ဆရာ ယေရှု​ခရစ်​ရဲ့ မိတ်ဆွေ​တစ်ယောက်​ဆို​တာ မှတ်မိမှာပေါ့။ ယေရှုဟာ ဘုရားရဲ့ သားတော် ဖြစ်တယ်လို့ ပေတရု ပြောတာကို လူတချို့ မကြိုက်​ကြ​ဘူး။ ဒါနဲ့ ပေတရု​ကို ထောင်ချ​လိုက်​ကြ​တယ်။ ပြီးတော့ ပေတရု လွတ်မြောက်သွား​မှာ စိုးလို့ စစ်သည်တွေကို အစောင့်​ချထားတယ်။ ပေတရု​ကို ကူညီပေး​နိုင်မယ့်သူ ရှိ​ပါ့​မလား။—

ပေတရု​ဟာ အစောင့်​နှစ်ယောက် ​ကြားမှာ အိပ်​ပျော်​နေတယ်။ ​လက်​မှာလည်း သံကြိုး​တွေ​နဲ့။ ဒါပေမဲ့ ‘ယေ​ဟော​ဝါ​ရဲ့ ကောင်းကင်တမန် ပေါ်လာပြီး ထောင်​ခန်း​တစ်ခုလုံး လင်း​ထိန်​သွားတယ်။ ကောင်းကင်တမန်​က ပေတရု​ရဲ့ နံဘေး​ကို ပု​တ်​ပြီး “မြန်မြန်​ထ​ပါ” လို့ နှိုး​တယ်’ ဆို​ပြီး ကျမ်းစာ​ ဆို​တယ်။

ပေတရု ထောင်​ထဲ​က လွတ်မြောက်​အောင် ကောင်းကင်တမန်​တစ်ပါး ဘယ်လို ကူညီ​ခဲ့သလဲ

အဲဒီအချိန်မှာ ပေတရု လက်​က​နေ သံကြိုးတွေ ကျွတ်ကျ​သွားတယ်။ ကောင်းကင်တမန်​က ‘အဝတ်​ကို အသေအချာ ဝတ်၊ ဖိနပ် စီး​ပြီး လိုက်ခဲ့’ လို့ ပေတရု​ကို ပြောတယ်။ ကောင်းကင်တမန်​က ပေတရု​ကို ကူညီပေး​နေတာမို့​လို့ အစောင့်​တွေ မတား​နိုင်ကြဘူး။ သူတို့ သံ​တံခါး​နား​ကို ရောက်တဲ့အခါ ထူးဆန်း​တာ​တစ်ခု ဖြစ်လာတယ်။ တံခါးကြီး အလိုလို ပွင့်​သွားတယ်။ ကောင်းကင်​တမန် ကယ်ထုတ်​လိုက်လို့ ပေတရု ဆက်​ဟောပြော​နိုင်ခဲ့တယ်။—တမန်တော် ၁၂:၃-၁၁

တို့​တစ်​တွေကို​ကော ကောင်းကင်တမန်တွေ ကူညီ​ပေးနိုင်သလား။— ကူညီ​ပေးနိုင်တာပေါ့။ တို့တစ်​တွေ အနာတရ မဖြစ်အောင် စောင့်ရှောက်​ပေးမယ်လို့ ဆိုလိုတာ​လား။— မဟုတ်​ဘူးကွဲ့၊ မိုက်ရူး​ရဲ လုပ်ရင်​တော့ ထိခိုက်​ဒဏ်ရာ မရအောင် ကောင်းကင်တမန်တွေ ကာကွယ်​ပေးမှာ ​မဟုတ်ဘူး။ ဒါပေမဲ့ မိုက်​ရူး​ရဲ​လုပ်ရပ်တွေ မ​လုပ်ရင်​တောင် ထိခိုက်​ဒဏ်ရာတွေ ရနိုင်တယ်။ အဲဒီလို ​မဖြစ်​ရ​အောင် ကာကွယ်​ပေးဖို့ ကောင်းကင်တမန်တွေကို မ​မှာ​ထား​ဘူး။ ဘုရားသခင်​က ကောင်းကင်တမန်တွေကို အထူး​တာဝန် ပေးထားတယ်။

ဘုရားသခင်ကို ကိုးကွယ်​ကြ​ပါလို့ အရပ်ရပ်​မှာ​ရှိတဲ့ လူတွေကို လိုက်​ပြော​နေတဲ့ ကောင်းကင်တမန်​တစ်ပါး​အကြောင်း ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ (ဗျာဒိတ် ၁၄:၆၊ ၇) လူတွေ​ကို ဘယ်လို လိုက်​ပြောသလဲ။ လူတိုင်း ကြား​နိုင်အောင် ကောင်းကင်​က​နေ အော်ပြောသလား။— မဟုတ်ဘူး၊ ယေရှုရဲ့ နောက်လိုက်​တွေ ကမ္ဘာပေါ်မှာ ဘုရားသခင်​အကြောင်း လိုက်​ပြောပြ​တဲ့အခါ ကောင်းကင်တမန်တွေ​က လမ်းညွှန်​ပေးနေ​တယ်။ ဘုရားသခင်​အကြောင်း တကယ် သိချင်​သူတွေ ကြားသိ​ခွင့်​ရ​အောင် ကောင်းကင်တမန်တွေ ဖန်တီး​ပေး​ကြတယ်။ ဒီ​ဟောပြောခြင်း လုပ်ငန်းမှာ တို့​တစ်​တွေ ပါဝင်​နိုင်တယ်။ ဒါဆိုရင် ကောင်းကင်တမန်တွေ​က ကူညီပေး​ကြ​မှာ။

ဒါပေမဲ့ ဘုရားသခင်ကို မချစ်တဲ့​သူတွေက အနှောင့်အယှက် ပေး​လာ​ရင်​ကော။ တို့​ကို ထောင်ချ​လိုက်​ရင်​ကော။ ကောင်းကင်တမန်တွေ လာ​လွှတ်​ပေးမှာ​လား။— လွှတ်​ပေးနိုင်တာပေါ့။ ဒါပေမဲ့ အမြဲတမ်း အဲဒီလို​တော့ မ​လုပ်ပေး​ဘူး။

ကောင်းကင်တမန်​က ပေါလုကို ဘာ​ပြော​နေသလဲ

တစ်ခါ​က ယေရှုရဲ့ နောက်လိုက် ပေါလုဟာ အကျဉ်းသား​ဘဝ ရောက်နေတယ်။ လေပြင်း​မုန်တိုင်း တိုက်​ခတ်​နေချိန်မှာ သူ​ဟာ သင်္ဘော​တစ်စင်း​ပေါ်လိုက်ပါ​လာတယ်။ ဒါပေမဲ့ ကောင်းကင်​တမန်တွေ​က သူ လွတ်မြောက်​အောင် ချက်ချင်း မ​လုပ်ပေး​ဘူး။ ဘုရားသခင်​အကြောင်း ကြားသိ​ဖို့​လို​တဲ့ လူတွေ ရှိနေ​သေး​လို့​ပဲ။ ကောင်းကင်တမန်​တစ်ပါး​က “ပေါလု၊ မကြောက်​ပါ​နဲ့။ ဆီဇာ​ရှေ့မှောက်​ကို မင်း ရောက်​ရ​လိမ့်မယ်” လို့​ပြောတယ်။ ဟုတ်​တယ်၊ ပေါလုဟာ ကမ္ဘာ့​အုပ်စိုးရှင် ဆီဇာ​ရှေ့ကို ရောက်​သွားမယ်။ ဒါမှလည်း ဆီဇာ​ကို ဟော​ပြောနိုင်​မှာ​ပေါ့။ ကောင်းကင်တမန်တွေ​က ပေါလု​ ဘယ်​ရောက်နေ​တယ်​ဆိုတာ အမြဲ သိ​ပြီး ကူညီပေး​ကြတယ်။ တို့​တစ်​တွေ​လည်း ဘုရားသခင်ကို ဝတ်ပြု​သူ မှန်​ရင် ကူညီပေး​ကြ​မှာပါ။—တမန်တော် ၂၇:၂၃-၂၅

ကောင်းကင်တမန်တွေ​မှာ အရေးကြီးတဲ့ အလုပ်​တစ်ခု ရှိသေးတယ်။ မကြာခင် အဲဒီ​အလုပ်ကို သူတို့ လုပ်​တော့​မယ်။ လူဆိုး​တွေကို ဘုရား ဖျက်ဆီး​မယ့်​အချိန် သိပ်​နီး​နေ​ပြီ။ စစ်မှန်တဲ့ ဘုရားသခင်ကို မကိုးကွယ်​သူ​အားလုံး ဖျက်ဆီး​ခံရ​တော့​မယ်။ ကောင်းကင်တမန်တွေကို မမြင်​ရလို့ မယုံ​ဘူးလို့ ပြောတဲ့​သူတွေ အမှား​ကြီး မှားသွား​မှန်း သိရ​တော့​မယ်။—၂ သက်သာလောနိတ် ၁:၆-၈

ဒါဟာ တို့​အတွက် ဘယ်လို အဓိပ္ပာယ် ရှိ​မ​လဲ။— တို့​တစ်​တွေသာ ဘုရားရဲ့ ကောင်းကင်တမန်တွေ​ဘက်မှာ ရှိမယ်ဆိုရင် သူတို့ ကူညီပေး​ကြ​မှာ။ တို့​တစ်​တွေ သူတို့​ဘက်မှာ ရှိကြ​ရဲ့​လား။— ယေဟော​ဝါ​ကို ဝတ်ပြု​သူ မှန်​ရင် သူတို့​ဘက်မှာ ရှိတာ​ပေါ့ ။ ယေ​ဟော​ဝါ​ကို ဝတ်ပြု​သူ​ဆိုရင် တခြားသူတွေ​ကို​လည်း ယေ​ဟော​ဝါ​ကို ဝတ်ပြု​ဖို့ ပြောပြ​မှာ​ပဲ။

လူတွေရဲ့ အသက်တာ​ပေါ် ကောင်းကင်တမန်တွေ အကျိုးသက်ရောက်​ပုံကို  ထပ်​သိရ​အောင် ဆာလံ ၃၄:၇။ မဿဲ ၄:၁၁။ ၁၈:၁၀။ လုကာ ၂၂:၄၃။ တမန်တော် ၈:၂၆-၃၁ တို့​ကို ဖတ်ပါ။