အခန်း ၂
မေတ္တာရှင် ဘုရားသခင်ဆီက စာတစ်စောင်
စာအုပ်အားလုံးထဲမှာ ဘယ်စာအုပ်ကို ကလေးတို့ အကြိုက်ဆုံးလဲ၊ ပြောပြပါ။— တချို့က တိရစ္ဆာန်အကြောင်း စာအုပ်ကို ရွေးကြမယ်။ တချို့ကျတော့ ရုပ်ပုံများများပါတဲ့ စာအုပ်ကို ရွေးကြမယ်။ ဒီလိုစာအုပ်တွေဟာ ဖတ်ရတာ ပျော်စရာ ကောင်းပါတယ်။
ဒါပေမဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာအုပ်တွေကတော့ ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း ရေးထားတဲ့ စာအုပ်တွေပါပဲ။ အဲဒီထဲကမှ တစ်အုပ်ဟာ တခြားစာအုပ်တွေထက် အဖိုးတန်တယ်။ ဘယ်စာအုပ်လဲ၊ သိသလား။— သမ္မာကျမ်းစာပဲကွဲ့။
ကျမ်းစာဟာ ဘာကြောင့် သိပ်အရေးကြီးသလဲ။— ဘုရားသခင်ဆီက ဖြစ်လို့ပေါ့။ ဒီစာအုပ်မှာ ဘုရားသခင်အကြောင်း၊ တို့အတွက် ဘုရားသခင် လုပ်ပေးမယ့် ကောင်းတဲ့အရာတွေအကြောင်း ပါတယ်။ ဘုရားသခင် စိတ်ပျော်အောင် တို့တစ်တွေ ဘာလုပ်ရမယ် ဆိုတာတွေလည်း ပါတယ်။ ဘုရားသခင်ဆီက လာတဲ့ စာတစ်စောင်နဲ့ တူတာပေါ့။
ကျမ်းစာတစ်အုပ်လုံးကို ဘုရားကိုယ်တိုင် ကောင်းကင်ဘုံမှာ ရေးပြီးမှ လူတွေကို ပေးရင်လည်း ရတာပဲ။ ဒါပေမဲ့ အဲဒီလို မလုပ်ခဲ့ဘူး။ အကြောင်းအရာတွေဟာ ဘုရားသခင်ဆီက ဖြစ်ပေမဲ့ အားလုံးလိုလိုကို ကမ္ဘာပေါ်မှာရှိတဲ့ မိမိရဲ့ကျေးကျွန်တွေကို ရေးခိုင်းခဲ့တယ်။
ဘုရားသခင် ဘယ်လို ရေးခိုင်းခဲ့သလဲ။— ဒါကို နားလည်ဖို့ ဒီဥပမာကို စဉ်းစားကြည့်ပါ။ ရေဒီယိုကနေ တစ်ယောက်ယောက်ရဲ့ အသံကို ကြားရတဲ့အခါမှာ အဝေးကြီးမှာရှိတဲ့ လူတစ်ယောက်ရဲ့ အသံ ဖြစ်နိုင်တယ်။ တီဗီ ကြည့်တဲ့အခါမှာ တခြားတိုင်းပြည်က လူတွေရဲ့ ပုံတွေ မြင်နိုင်တဲ့အပြင် အသံကိုလည်း ကြားနိုင်တယ်။
လူသားတွေဟာ လကမ္ဘာအထိတောင် အာကာသယာဉ်နဲ့ ခရီးသွားပြီး အဲဒီကနေ ကမ္ဘာဆီကို သတင်း ပို့နိုင်သေးတာပဲ။ အဲဒီအကြောင်း သိတယ် မဟုတ်လား။— လူတွေတောင် ဒီလောက်လုပ်နိုင်ရင် ဘုရားသခင်ကော၊ ကောင်းကင်ကနေ သတင်း မပို့ပေးနိုင်ဘူးလား။— ပို့ပေးနိုင်တာပေါ့။ လူတွေမှာ ရေဒီယိုတို့၊ တီဗီတို့ မရှိခင် ဟိုရှေးရှေးကတည်းက ဘုရားသခင်က အဲဒီလို သတင်းပို့ပေးခဲ့တယ်ကွဲ့။
မောရှေဟာ ကျမ်းစာထဲက ပထမ ကျမ်းငါးစောင်ကို ရေးသားခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာ ရေးခဲ့တာ မောရှေ တစ်ယောက်တည်းတော့ မဟုတ်ဘူး။ ကျမ်းစာရဲ့ အစိတ်အပိုင်းတွေကို ရေးသားဖို့ လူ ၄၀ လောက်ကို ဘုရားသခင် သုံးခဲ့တယ်။ အဲဒီလူတွေဟာ ဟိုရှေးရှေးတုန်းက အသက်ရှင်ခဲ့ကြ
တယ်။ ပြီးတော့ ကျမ်းစာကို အပြီးရေးဖို့ နှစ်အများကြီး ကြာခဲ့တယ်။ ဟုတ်တယ်၊ နှစ်ပေါင်း ၁,၆၀၀ လောက်တောင် အချိန်ယူခဲ့ရတယ်။ အံ့သြစရာကောင်းတာက အဲဒီလူတချို့ဟာ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါမှ မတွေ့ဖူးတာတောင် သူတို့ ရေးခဲ့တာတွေဟာ သဘောချင်း အပြည့်အဝ တိုက်ဆိုင်ကြတယ်။ကျမ်းစာ ရေးဖို့ ဘုရားသခင် သုံးခဲ့တဲ့သူတချို့ဟာ ထင်ရှားတဲ့သူတွေ။ မောရှေဟာ သိုးထိန်းဖြစ်ခဲ့ပေမဲ့ အစ္စရေးလူမျိုးရဲ့ ခေါင်းဆောင် ဖြစ်လာတယ်။ ရှောလမုန်ဆိုရင် ရှင်ဘုရင်လည်း ဖြစ်တယ်၊ ကမ္ဘာပေါ်မှာ ပညာအရှိဆုံးနဲ့ အချမ်းသာဆုံးလည်း ဖြစ်တယ်။ တခြားကျမ်းရေးသူတွေကတော့ အဲဒီလောက် မထင်ပေါ်ကြဘူး။ အာမုတ်ဆိုရင် သဖန်းပိုးစာပင် ပြုစုသူ ဖြစ်တယ်။
ဒီ့ပြင် ကျမ်းစာရေးသူတစ်ယောက်က ဆရာဝန်။ သူ့နာမည်ကို သိသလား။— လုကာပေါ့။ နောက်တစ်ယောက်ကတော့ အခွန်ကောက်တဲ့သူ ဖြစ်တယ်။ သူ့နာမည်က မဿဲတဲ့။ နောက်ထပ် တစ်ယောက်ကတော့ ဂျူးဘာသာရဲ့ ပညတ်တရားတွေကို ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်ကြီး တစ်ယောက်ပေါ့။ တခြားကျမ်းစာရေးသူတွေထက် သမ္မာကျမ်းစာရဲ့ ကျမ်းစောင်တွေကို ပိုရေးခဲ့တယ်။ သူ့နာမည်ကိုကော သိသလား။— ပေါလုပဲလေ။ ပြီးတော့ ယေရှုရဲ့တပည့် ပေတရုနဲ့ ယောဟန်တို့လည်း ကျမ်းစာကို ရေးခဲ့ကြတယ်။ သူတို့ကတော့ တံငါသည်တွေ။
ကျမ်းစာရေးသူ အတော်များများက နောင်အနာဂတ်မှာ ဘုရားသခင် လုပ်မယ့်အရာတွေအကြောင်း ရေးကြတယ်။ မဖြစ်သေးတဲ့ အကြောင်းအရာတွေကို ဘယ်လို သိကြသလဲ။— ဘုရားသခင်က အသိပေးထားလို့ပေါ့။ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် အရာတွေအကြောင်း သူတို့ကို ပြောပြတယ်လေ။
ကြီးမြတ်တဲ့ဆရာ ယေရှု ကမ္ဘာပေါ်ကို ရောက်လာတဲ့အချိန်ကျတော့ ကျမ်းစောင် အတော်များများ ရေးသားလို့ ပြီးသွားပြီ။ ကြီးမြတ်တဲ့ဆရာဟာ ကောင်းကင်ဘုံမှာ နေခဲ့ဖူးတယ်ဆိုတာ မမေ့နဲ့နော်။ ဘုရားသခင် လုပ်ခဲ့တာတွေကို ယေရှု သိတယ်။ ကျမ်းစာဟာ ဘုရားသခင်ဆီက လာတယ်ဆိုတာ ယေရှု ယုံကြည်ရဲ့လား။— ယုံကြည်တာပေါ့။
ဘုရားသခင်ရဲ့ လုပ်ငန်းတွေအကြောင်း လူတွေကို ယေရှု ပြောပြတဲ့အခါမှာ ကျမ်းစာထဲကနေ ဖတ်ပြတယ်။ တစ်ခါတလေကျတော့ ကျမ်းစာမှာပါတဲ့ စကားတွေကို အလွတ်ပြောပြတယ်။ ယေရှုဟာ ဘုရားသခင်ဆီကနေ တခြားအကြောင်းတွေ အများကြီးလည်း ယူဆောင်လာခဲ့တယ်။ “ကျွန်တော်လည်း သူ့ဆီက ကြားခဲ့တာတွေကိုပဲ ဒီလောကမှာ ပြန်ပြောတယ်” လို့ ယေရှု ပြောခဲ့တယ်။ ယောဟန် ၈:၂၆) ယေရှုဟာ ဘုရားသခင်နဲ့အတူ ကောင်းကင်ဘုံမှာ နေခဲ့ဖူးလို့ ဘုရားသခင် ပြောတာ အများကြီး ကြားခဲ့ရတယ်။ ယေရှု ပြောခဲ့တဲ့ အဲဒီအကြောင်းတွေကို ဘယ်မှာ ဖတ်လို့ရမလဲ။— သမ္မာကျမ်းစာမှာပေါ့။ တို့တစ်တွေ ဖတ်ဖို့ ဒါတွေအားလုံးကို ရေးထားခဲ့တာ။
(ဘုရားသခင်က လူတွေကို ကျမ်းစာ ရေးခိုင်းတဲ့အခါ မှာ သူတို့က နေ့စဉ်သုံးစကားနဲ့ ရေးကြတယ်။ ဒါကြောင့် ကျမ်းစာအပိုင်း အများစုကို ဟီဘရူးလို၊ တချို့အပိုင်းကို အာရမိတ်လို၊ အတော်များများကို ဂရိလို ရေးခဲ့ကြတယ်။ အခုခေတ် လူအများစုဟာ အဲဒီ စကားတွေကို မဖတ်တတ်ကြတဲ့အတွက် ကျမ်းစာကို တခြားဘာသာစကားနဲ့ ပြန်ဆိုခဲ့ကြတယ်။ ဒီကနေ့ဆိုရင် ကျမ်းစာရဲ့ အစိတ်အပိုင်းတွေကို ဘာသာစကားပေါင်း ၂,၈၀၀ ကျော်နဲ့ ဖတ်လို့ရနေပြီ။ ဒီတစ်ချက်တည်းကိုပဲ စဉ်းစားကြည့်။ သမ္မာကျမ်းစာဟာ နေရာတိုင်းက လူအားလုံးအတွက် ဘုရားသခင်ဆီက လာတဲ့ စာပဲပေါ့။ ဒါကြောင့် သမ္မာကျမ်းစာကို ဘာသာစကား ဘယ်လောက်များများနဲ့ပဲ ပြန်ဆိုပြန်ဆို သတင်းစကားကတော့ ဘုရားသခင်ဆီက လာတာပါပဲ။
သမ္မာကျမ်းစာ ပြောတာတွေဟာ တို့အတွက် အရေးကြီးတယ်။ ကျမ်းစာဟာ ဟိုရှေး
ရှေးတုန်းက ရေးခဲ့တာ ဆိုပေမဲ့ ဒီကနေ့ ဖြစ်နေတဲ့ အကြောင်းတွေလည်း ပြောထားတယ်။ နောင်သိပ်မကြာမီမှာ ဘုရားသခင် လုပ်မယ့်အရာတွေ အကြောင်းတွေကိုလည်း ပြောပြတယ်။ ပြောထားတဲ့ အကြောင်းတွေဟာ စိတ်လှုပ်ရှားစရာ သိပ်ကောင်းတယ်။ တို့တစ်တွေအတွက် အံ့သြစရာ မျှော်လင့်ချက် ပေးထားတယ်။ဘုရားသခင်က တို့တစ်တွေကို ဘယ်လို နေထိုင်စေချင်တယ်ဆိုတဲ့ အကြောင်းလည်း ကျမ်းစာမှာ ပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြတယ်။ ဒါကို ကလေးတို့ သိဖို့ လိုသလို တို့လည်း သိဖို့ လိုတယ်။ မကောင်းတာ လုပ်တဲ့လူတွေအကြောင်း၊ သူတို့ ဘာဆိုးကျိုး ခံရတဲ့အကြောင်းလည်း ပါတဲ့အတွက် သူတို့ တွေ့ကြုံရတဲ့ ပြဿနာတွေကို တို့တစ်တွေ ရှောင်နိုင်တာပေါ့။ ပြီးတော့ မှန်တာကို လုပ်လို့ ကောင်းကျိုးရတဲ့ လူတွေအကြောင်းလည်း ပါသေးတယ်။ ဒါတွေအားလုံးဟာ တို့ကောင်းကျိုးအတွက် ရေးထားတာကွဲ့။
ဒါပေမဲ့ ကျမ်းစာကနေ အကျိုးအများဆုံး ရချင်ရင်တော့ မေးခွန်းတစ်ခုရဲ့ အဖြေကို သိဖို့ လိုတယ်။ အဲဒီမေးခွန်းကတော့ ဘယ်သူက တို့တစ်တွေကို သမ္မာကျမ်းစာ ပေးခဲ့သလဲ။ ကလေးတို့ ဘယ်လို ဖြေမလဲ။— မှန်တယ်၊ ကျမ်းစာတစ်အုပ်လုံးဟာ ဘုရားသခင်ဆီက လာတာကွဲ့။ ဒီလိုဆိုရင် တို့တစ်တွေ တကယ်ပဲ ပညာရှိတယ်ဆိုတာ ဘယ်လို ပြနိုင်သလဲ။— ဘုရားသခင့်စကားကို နားထောင်ပြီး ခိုင်းတဲ့အတိုင်း လုပ်ရမှာပေါ့။
ဒါကြောင့် အချိန်ယူပြီး သမ္မာကျမ်းစာကို အတူဖတ်ရမယ်။ သိပ်ချစ်တဲ့ လူတစ်ယောက်ဆီက စာရရင် တို့တစ်တွေ ထပ်ခါတလဲလဲ ဖတ်တတ်ကြတယ်။ အဲဒီစာဟာ တို့တစ်တွေအတွက် သိပ်အဖိုးတန်တယ်။ ကျမ်းစာကိုလည်း အဲဒီလို သဘောထားရမယ်။ ဘာကြောင့်လဲဆိုတော့ ကျမ်းစာဟာ တို့တစ်တွေကို အချစ်ဆုံး ပုဂ္ဂိုလ်ဆီက လာတဲ့စာ ဖြစ်လို့လေ။ မေတ္တာရှင် ဘုရားသခင်ဆီက လာတဲ့စာပေါ့။
သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ တရားစကား အမှန်ဖြစ်ပြီး တို့အကျိုးအတွက် ရေးထားတယ်ဆိုတာ တင်ပြတဲ့ ဒီကျမ်းချက်တွေကို နောက်ထပ်အချိန် နည်းနည်းယူပြီး ဖတ်ရှုပါ– ရောမ ၁၅:၄။ ၂ တိမောသေ ၃:၁၆၊ ၁၇။ ၂ ပေတရု ၁:၂၀၊ ၂၁။