မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၄၈

ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်မှာ နေထိုင်နိုင်တယ်

ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်မှာ နေထိုင်နိုင်တယ်

ဘုရားသခင်ဟာ အာဒံနဲ့ ဧဝတို့ကို ဧဒင်ဥယျာဉ်​ထဲမှာ နေရာချ​ပေးခဲ့တယ်။ သူတို့တစ်တွေ စကား​နားမထောင်လို့ သေသွားပေမဲ့ ဘုရားသခင်ဟာ တို့တစ်တွေ အပါအဝင် သူတို့ရဲ့ သားသမီးတွေကို ပရဒိသု​ဘုံမှာ ထာဝစဉ်​နေ​နိုင်ဖို့ အစီအစဉ် လုပ်ပေးခဲ့တယ်။ ကျမ်းစာမှာ ဒီလို​ကတိ​ပေးထားတယ်– “ဖြောင့်မတ်​သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်​ပြီး ထာဝစဉ် နေထိုင်​ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉

ကျမ်းစာမှာ “ကောင်းကင်သစ်” နဲ့ “မြေကြီးသစ်” အကြောင်း ပြော​ထားတယ်။ (ဟေရှာယ ၆၅:၁၇။ ၂ ပေတရု ၃:၁၃) အခု​လက်ရှိ “ကောင်းကင်” ဟာ ဒီ​က​နေ့ အုပ်ချုပ်နေတဲ့ လူ့​အစိုးရများ​နဲ့ ဖွဲ့စည်း​ထားတယ်။ ဒါပေမဲ့ ယေရှု​ခရစ်​နဲ့ သူနဲ့အတူ ကောင်းကင်ဘုံ​ကနေ အုပ်ချုပ်မယ့်​သူတွေဟာ “ကောင်းကင်သစ်” အဖြစ် ဖွဲ့စည်း​မှာ ဖြစ်တယ်။ ငြိမ်းချမ်းရေး ဆောင်ကြဉ်း​ပေးမယ့် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ အစိုးရ​ဖြစ်တဲ့ ဒီ​ကောင်းကင်သစ်​က ကမ္ဘာ​တစ်ခုလုံးကို အုပ်ချုပ်တဲ့​အခါ​ကျရင် ဘယ်လောက်တောင် ပျော်စရာ​ကောင်းလိုက်မလဲ။

ဒီလို​ဆိုရင် “မြေကြီးသစ်” ဆိုတာ ဘာလဲ။— မြေကြီးသစ်​ဆိုတာ ယေဟောဝါကို ချစ်တဲ့​လူကောင်းတွေကို ပြောတာ။ ကျမ်းစာက “မြေကြီး” လို့​ပြောတဲ့အခါ တစ်ခါတလေမှာ ကမ္ဘာမြေကို မဟုတ်ဘဲ မြေကြီး​ပေါ်မှာ​နေထိုင်တဲ့ လူတွေကို ဆိုလိုတယ်။ (ကမ္ဘာဦး ၁၁:၁။ ဆာလံ ၆၆:၄။ ၉၆:၁) ဒါကြောင့် မြေကြီးသစ်​အဖြစ် ဖွဲ့စည်း​တဲ့​လူတွေဟာ ဒီ​ကမ္ဘာမြေကြီး​ပေါ်မှာပဲ နေထိုင်​ကြမယ်။

အဲဒီ​အချိန်ကျရင် ဆိုးညစ်​တဲ့​လူတွေနဲ့ ဖွဲ့စည်းထားတဲ့ အခု​လက်ရှိ​လောက ရှိတော့မှာ မဟုတ်ဘူး။ နောဧ​လက်ထက်​က ရေလွှမ်းမိုး​ဘေး​ကြီး​မှာ ဆိုးညစ်​တဲ့​လူတွေနဲ့ ဖွဲ့စည်းထားတဲ့​လောက​ကို ဖျက်ဆီး​ခဲ့​တာ သတိရပါ။ အခု​လက်ရှိ ဆိုးညစ်​တဲ့​လောက​လည်း လာမယ့် အာမဂေဒုန်​မှာ ဖျက်ဆီး​ခံရမယ်ဆို​တာ တို့တစ်တွေ သိခဲ့ရတယ်။ အာမဂေဒုန်​ပြီးတဲ့နောက် ဘုရားသခင်ရဲ့ ကမ္ဘာသစ်မှာ အသက်ရှင်​ရတာဟာ ဘယ်လို နေမယ်​ဆိုတာ ကြည့်ကြရအောင်။

ဘုရားသခင်ရဲ့ ငြိမ်းချမ်း​တဲ့ ကမ္ဘာသစ်မှာ​ရှိတဲ့ ပရဒိသု​ဘုံမှာ ကလေးတို့ ထာဝစဉ် နေထိုင်​ချင်သလား။— ထာဝစဉ် အသက်ရှင်​အောင် ဘယ်​ဆရာဝန်​မှ မလုပ်ပေးနိုင်ဘူး။ မသေ​အောင် တားဆီး​ပေး​နိုင်တဲ့ ဆေး​လည်း မရှိပါဘူး။ ထာဝစဉ် အသက်ရှင်​နိုင်တဲ့ နည်း​တစ်နည်း​တည်း​ကတော့ ဘုရားသခင်​ဆီ ချဉ်းကပ်​ခြင်း​ပဲ ဖြစ်တယ်။ ကြီးမြတ်တဲ့​ဆရာက ဘုရားသခင်​ဆီ ချဉ်းကပ်​တဲ့​နည်းကို ပြောပြ​ထားတယ်။

ကဲ၊ ကျမ်းစာ​ယူပြီး ယောဟန် အခန်းကြီး ၁၇၊ အခန်းငယ် ၃ ကို ဖွင့်ကြ​ရအောင်။ အဲဒီမှာ ကြီးမြတ်​တဲ့​ဆရာ သင်ပေးတဲ့​စကားကို တွေ့ရတယ်– “ထာဝရ​အသက် ရနိုင်ဖို့​ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ ဘုရားသခင်ကိုရော အဖ​စေလွှတ်​လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်း​ကြရမယ်။”

အဲဒီတော့ ယေရှု​က ထာဝစဉ် အသက်ရှင်ဖို့ ဘာလုပ်​ရမယ်လို့ ပြောသလဲ။— ဦးဆုံး​အနေနဲ့ ကောင်းကင်ဖခင် ယေဟောဝါနဲ့ တို့တစ်တွေ​အတွက် အသက်​စွန့်ခဲ့​တဲ့ ဘုရားရဲ့ သားတော်​တို့ကို သိကျွမ်း​အောင် လုပ်ရမယ်။ ဆိုလိုတာ​က ကျမ်းစာကို ဖတ်ရှု​လေ့လာ​ရမယ်။ ကြီးမြတ်သော​ဆရာထံမှ သင်ယူပါ ဆိုတဲ့​ဒီ​စာအုပ်​က ကျမ်းစာကို လေ့လာ​နိုင်အောင် ကူညီ​ပေးတယ်။

ဒါပေမဲ့ ယေဟောဝါ​အကြောင်း သင်ယူတာ​က ထာဝစဉ် အသက်ရှင်​နိုင်အောင် ဘယ်လို ကူညီ​ပေးသလဲ။— တို့တစ်တွေ နေ့တိုင်း အစာ​စားဖို့ လိုသလို ယေဟောဝါ​အကြောင်းကို နေ့တိုင်း ဆည်းပူးသင်ယူဖို့ လိုတယ်။ ‘လူဟာ အစားအစာနဲ့ပဲ အသက်ရှင်​ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်​စကား​မှန်သမျှနဲ့ အသက်ရှင်​ရမယ်’ လို့ ကျမ်းစာက ဆိုထားတယ်။​—မဿဲ ၄:၄

တို့တစ်တွေ ယေရှု​ခရစ်ကို​လည်း သိကျွမ်းဖို့ လိုတယ်။ လူတွေရဲ့ အပြစ်ကို ဖယ်ရှား​ဖို့​အတွက် ဘုရားသခင်က သားတော်ကို စေလွှတ်​လိုက်လို့​ပေါ့။ ‘သူက​လွဲလို့ ဘယ်သူမှ ကျွန်တော်တို့ကို မကယ်​တင်​နိုင်ဘူး’ လို့ ကျမ်းစာမှာ ဆိုထားတယ်။ ပြီးတော့ “ဘုရားရဲ့သားကို ယုံကြည်သက်ဝင်​သူဟာ ထာဝရ​အသက် ရလိမ့်မယ်” လို့​လည်း ဆိုထားတယ်။ (တမန်တော် ၄:၁၂။ ယောဟန် ၃:၃၆) ယေရှုကို ‘ယုံကြည်သက်ဝင်’ တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။— ယေရှု မပါရင် တို့တစ်တွေ ထာဝရ​အသက် မရနိုင်ဘူး​ဆိုတဲ့ အသိစိတ်နဲ့ ယေရှုကို တကယ်​ယုံကြည်တာ​ကို ဆိုလိုတယ်။ ကလေးတို့​မှာ အဲဒီလို​ယုံကြည်ခြင်း​မျိုး ရှိသလား။— ရှိတယ်ဆိုရင် ကြီးမြတ်တဲ့​ဆရာ​ဆီက နေ့စဉ်​နေ့တိုင်း အဆက်မပြတ် သင်ယူပြီး မှာ​ထားတဲ့​အတိုင်း လုပ်ဆောင်​ရမယ်။

ကြီးမြတ်တဲ့​ဆရာ​ဆီက သင်ယူနိုင်တဲ့ နည်းကောင်း​တစ်နည်း​ကတော့ ဒီ​စာအုပ်ကို​ အခေါက်​ခေါက် အခါခါ ဖတ်ဖို့ ဖြစ်တယ်။ ဖတ်တဲ့အခါ​မှာ ပုံ​အားလုံးကို သေသေချာချာ ကြည့်ပြီး စဉ်းစား​ရမယ်။ ရုပ်ပုံ​နဲ့​တွဲ​နေတဲ့ မေးခွန်းတွေကို ဖြေနိုင်​မဖြေနိုင် စမ်းကြည့်ပါ။ ပြီးတော့ ကလေးတို့​ ဖေဖေ ဒါမှမဟုတ် မေမေ​နဲ့ အတူ​ဖတ်ပါ။ တကယ်လို့ မိဘတွေ​မရှိရင် တခြား​လူကြီး​နဲ့​ဖြစ်ဖြစ် တခြား​ကလေးနဲ့​ဖြစ်ဖြစ် အတူတူ​ဖတ်ပါ။ တခြား​လူတွေကို ကြီးမြတ်တဲ့​ဆရာ​ဆီက သင်ယူ​ဆည်းပူး​ပြီး ဘုရားသခင်ရဲ့ ကမ္ဘာသစ်မှာ ထာဝစဉ် အသက်ရှင်ဖို့ ဘာတွေ လုပ်ရမယ်​ဆိုတာ သိအောင် ကူညီပေး​နိုင်မယ်​ဆိုရင် သိပ်​ကောင်းမှာပဲနော်၊ ဟုတ်တယ် မဟုတ်လား။—

ကျမ်းစာက ‘ဒီ​လောက ရွေ့​သွား​ကွယ်ပျောက်​နေတယ်’ လို့ ဆိုထားတယ်။ အဲဒီနောက် ဘုရားသခင်ရဲ့ ကမ္ဘာသစ်​ထဲမှာ ဘယ်လို အသက်ရှင်​နိုင်တယ်ဆိုတာ ဆက်​ရှင်းပြ​ထားတယ်။ “ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့​သူကတော့ အမြဲ​တည်​တယ်” ဆိုပြီး ပြော​ထားတယ်။ (၁ ယောဟန် ၂:၁၇) ဒီလို​ဆိုရင် ဘုရားသခင်ရဲ့ ကမ္ဘာသစ်မှာ ဘယ်လို ထာဝစဉ် အသက်ရှင်​နိုင်မလဲ။— ဟုတ်​ပါတယ်၊ ယေဟောဝါ​ဘုရားနဲ့ ချစ်သားတော် ယေရှု​တို့ကို သိကျွမ်းခြင်း​အားဖြင့် ဖြစ်တယ်။ ဒါပေမဲ့ သင်ယူ​သိရှိ​တဲ့​အရာကို လက်တွေ့​ကျင့်သုံးဖို့​လည်း လိုတယ်။ ဒါတွေ​အားလုံး လုပ်နိုင်ဖို့ လေ့လာ​နေတဲ့ ဒီ​စာအုပ်​က ကလေးတို့ကို ကူညီ​ပေးနိုင်ပါ​စေ။