မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၄

ဘယ်တော့မှ သူခိုး မဖြစ်ပါစေနဲ့

ဘယ်တော့မှ သူခိုး မဖြစ်ပါစေနဲ့

ကလေးတို့​ဆီက ပစ္စည်း​တစ်ခုခုကို တစ်ယောက်ယောက် ခိုး​ဖူးသလား။— ကလေးတို့ ဘယ်လို ခံစား​ရသလဲ။— ခိုး​တဲ့​လူဟာ သူခိုး​ပေါ့။ သူခိုး​ဆို ဘယ်သူမှ မကြိုက်ဘူး။ လူတစ်ယောက် ဘယ်လိုလုပ်ပြီး သူခိုး​ဖြစ်သွား​တယ်လို့ ကလေးတို့ ထင်သလဲ။ အဲဒီ​လူဟာ ခိုး​ချင်တဲ့​စိတ်နဲ့ မွေး​လာတာ​လား။—

လူတွေ အပြစ်နဲ့ မွေး​လာတဲ့​အကြောင်းကို တို့တစ်တွေ သိခဲ့​ရ​ပြီးပြီ။ ဒါကြောင့် တို့​အားလုံးဟာ ပြီးပြည့်စုံ​လင်​သူတွေ မဟုတ်​ကြဘူး။ ဒါပေမဲ့ ဘယ်သူကမှ သူခိုး​အဖြစ် မွေး​လာတာ​တော့ မဟုတ်ဘူး။ သူခိုး​တစ်ယောက်ဟာ အကျင့်​စာရိတ္တ​ကောင်းတဲ့ မိသားစုက​နေ လာတာ ဖြစ်နိုင်တယ်။ သူ့​မိဘ၊ ညီအစ်ကို​မောင်နှမ​တွေဟာ ရိုးသား​ဖြောင့်မတ်သူတွေ ဖြစ်ချင်​ဖြစ်မယ်။ ဒါပေမဲ့ ငွေ​ရယ်၊ ငွေနဲ့​ဝယ်​လို့​ရတဲ့ အရာတွေ​ရယ် အဲဒါတွေကို လိုချင်​တပ်မက်​တဲ့​စိတ်ကြောင့် သူခိုး​ဖြစ်သွား​နိုင်တယ်။

ပထမဆုံး​သူခိုး​ဟာ ဘယ်သူ ဖြစ်တယ်လို့ ပြောမလဲ။— စဉ်းစား​ကြည့်ရအောင်။ ကြီးမြတ်တဲ့​ဆရာ ကောင်းကင်ဘုံမှာ ရှိတုန်းက အဲဒီ​ပုဂ္ဂိုလ်​ကို သိခဲ့တယ်။ အဲဒီ​သူခိုး​ဟာ ကောင်းကင်တမန် တစ်ပါး ဖြစ်ခဲ့တယ်။ ကောင်းကင်တမန်​အားလုံးကို စုံလင်​အောင် ဘုရား ဖန်ဆင်း​ထားပါ​လျက်​နဲ့ အဲဒီ​ကောင်းကင်တမန်​က သူခိုး ဘယ်လို ဖြစ်သွား​တာလဲ။— ဒီ​စာအုပ် အခန်း ၈ မှာ တို့တစ်တွေ သိခဲ့ရတဲ့​အတိုင်း​ပါပဲ။ သူဟာ ကိုယ်​မပိုင်တဲ့​အရာကို လိုချင်​တပ်မက်​ခဲ့​တယ်။ အဲဒီ​အရာက ဘာလဲ​ဆိုတာ ကလေးတို့ မှတ်မိသေးလား။—

ပထမ ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း​ပြီးနောက် အဲဒီ​ကောင်းကင်တမန်​က သူ့ကို အာဒံနဲ့ ဧဝ ကိုးကွယ်တာ လိုချင်ခဲ့တယ်။ သူတို့ရဲ့ ကိုးကွယ်မှု​ကို သူ မရထိုက်ဘူး။ ဘုရားသခင်ပဲ ရထိုက်တယ်။ ဒါပေမဲ့ အဲဒါကို သူ ခိုးယူ​ခဲ့​တယ်။ အဲဒီ​ကောင်းကင်တမန်ဟာ သူ့ကို အာဒံနဲ့ ဧဝ ကိုးကွယ်​လာ​အောင် လုပ်လိုက်တယ်။ ဒီ​နည်းနဲ့ သူဟာ သူခိုး​ဖြစ်သွားတယ်။ စာတန် မာရ်နတ် ဖြစ်သွားတယ်။

ဘာက ပုဂ္ဂိုလ်​တစ်ဦးကို သူခိုး​ဖြစ်သွား​စေသလဲ။— ကိုယ်​မပိုင်​တာ​ကို လိုချင်​တပ်မက်​တဲ့​စိတ်​ပေါ့။ တပ်မက်​တဲ့​စိတ် သိပ်​ပြင်းပြ​လာ​ရင် လူကောင်း​တွေ​တောင် မကောင်းမှုတွေ လုပ်မိ​နိုင်တယ်။ တစ်ခါတလေ သူခိုး​ဖြစ်သွား​သူတွေဟာ ပြန်လှည့်​လာပြီး ကောင်းတာကို ပြန်​မ​လုပ်ကြ​တော့​ဘူး။ ယေရှုရဲ့ တမန်တော်​တစ်ပါးလည်း အဲဒီလိုလူ​တွေ​ထဲမှာ ပါတယ်။ သူ့​နာမည်က​တော့ ယုဒရှကာရုတ် ပါပဲ။

ယုဒဟာ ငယ်စဉ်ကတည်းက ဘုရားရဲ့ ပညတ်တော်​တွေ သင်ကြား​ခံခဲ့ရတဲ့​အတွက် မခိုး​ရ​ဘူးဆို​တာ သူ ကောင်းကောင်း​သိတယ်။ တစ်ခါတုန်းက ဘုရားသခင်ဟာ ကောင်းကင်​ကနေ သူ့​လူမျိုးကို “မခိုး​နဲ့” လို့ မိန့်မှာ​ခဲ့​ဖူး​မှန်း​လည်း သူသိ​တာ​ပဲ။ (ထွက်မြောက်ရာ ၂၀:၁၅) ယုဒ ကြီးလာ​တဲ့​အခါ ကြီးမြတ်တဲ့​ဆရာနဲ့ တွေ့ပြီး တပည့်ဖြစ်​လာတယ်။ နောက်ပိုင်းကျတော့ တမန်တော် ၁၂ ယောက်​ထဲ​က တစ်ယောက်​အနေနဲ့​တောင် သူ့ကို ယေရှု ရွေးချယ်ခဲ့တယ်။

ယေရှုနဲ့ တမန်တော်တွေ အတူတူ ခရီးသွား​ကြတယ်။ အတူတူ စားသောက်​ကြတယ်။ သူတို့ရဲ့​ငွေ အားလုံးကို သေတ္တာ​တစ်ခု​ထဲမှာ ထည့်ထားတယ်။ ယေရှု​က အဲဒီ​သေတ္တာ​ကို ထိန်းသိမ်းဖို့ ယုဒ​ကို အပ်​ထားတယ်။ အဲဒီ​ငွေတွေ​ဟာ ယုဒ ပိုင်​တာ​တော့ ဘယ်​ဟုတ်​မလဲ။ ဒါပေမဲ့ မကြာခင်မှာ ယုဒ ဘာ​လုပ်သလဲ ကလေးတို့ သိသလား။—

ယုဒ ဘာဖြစ်လို့ ခိုးတာ​လဲ

ယုဒဟာ မယူ​ခိုင်း​ဘဲ​နဲ့ သေတ္တာ​ထဲ​က​ငွေကို ယူ​သုံး​လာတယ်။ သူများတွေ မ​တွေ့​တဲ့အခါ ယူသုံး​တဲ့​အပြင် ငွေပို​ရအောင် အကြံ​ထုတ်​လာတယ်။ ဒီလိုနဲ့ ငွေ​အကြောင်းကိုပဲ တစ်ချိန်လုံး စဉ်းစား​လာတယ်။ ကြီးမြတ်တဲ့​ဆရာ အသတ်​မခံရ​ခင် ရက်​အနည်းငယ်​လောက်​မှာ သူ့ရဲ့​မှားယွင်းတဲ့ တပ်မက်မှု​ကြောင့် ဘာလုပ်ခဲ့​တယ်​ဆိုတာ ကြည့်ကြရအောင်။

ယေရှုရဲ့​မိတ်ဆွေ လာဇရုရဲ့ အစ်မ မာရိက အင်မတန်​ကောင်းတဲ့ ဆီမွှေး​ကို ယူ​ခဲ့​ပြီး ယေရှုရဲ့ ခြေထောက်ကို လိမ်းပေး​တယ်။ ဒါကို ယုဒ​က အပြစ်​တင်တယ်။ ဘာကြောင့်လဲ သိသလား။— အဲဒီ​ဆီမွှေး​ကို ရောင်းပြီး ဆင်းရဲသားတွေကို ပေးသင့်တယ်​တဲ့။ တကယ်တော့ သေတ္တာ​ထဲမှာ ငွေ​များများ ရှိစေချင်တယ်၊ ဒါမှ ခိုးလို့​ရမှာ​လေ။—ယောဟန် ၁၂:၁-၆

ယေရှု​က သဘော​ကောင်းတဲ့​မာရိ​ကို စိတ်​အနှောင့်အယှက် မပေးပါနဲ့လို့ ယုဒ​ကို ပြော​လိုက်တယ်။ အဲဒီလို ပြော​ခံရ​တာ​ကို ယုဒ မကျေနပ်​ဖြစ်ပြီး ယေရှုရဲ့ ရန်သူ ပုရောဟိတ်ကြီးတွေ​ဆီ သွားတယ်။ သူတို့က ယေရှုကို ဖမ်း​ချင်​နေကြ​တယ်။ ဒါပေမဲ့ လူတွေ မမြင်​အောင် ညဘက်မှာပဲ ဖမ်း​ချင်ကြတယ်။

ယုဒ​က ပုရောဟိတ်တွေကို ‘ခင်ဗျားတို့ ငွေပေး​မယ်​ဆိုရင် ယေရှုကို ဖမ်း​နိုင်တဲ့​နည်း ပြောပြမယ်။ ဘယ်လောက်​ပေး​မလဲ’ ဆိုပြီး မေးတယ်။

ပုရောဟိတ်တွေ​က ‘ငွေ​စ သုံး​ဆယ် ပေးမယ်’ လို့​ပြောတယ်။—မဿဲ ၂၆:၁၄-၁၆

ယုဒ​က ငွေကို လက်ခံ​လိုက်တယ်။ ကြီးမြတ်တဲ့​ဆရာ​ကို အဲဒီ​လူတွေ​လက်ထဲ ရောင်းစား​လိုက်တဲ့ သဘော​ပဲ။ ဒီလောက်​ဆိုးတဲ့ အလုပ်​မျိုး လုပ်​သူကို ကလေးတို့ စဉ်းစားလို့ ရနိုင်သလား။— ဒီလို​ပါပဲ၊ လူတစ်ယောက်ဟာ သူခိုး​ဖြစ်လာပြီး ငွေကို​ခိုး​လာပြီ​ဆိုရင် အဲဒီလိုပဲ လုပ်​တတ်တယ်။ ဒီလို​လူဟာ တခြား​လူတွေ​ထက်၊ ဘုရားသခင်​ထက်​တောင် ငွေကို ပို​ချစ်လို့ပါပဲ။

‘ကျွန်တော်ကတော့ ဘုရားသခင်​ထက် ဘယ်အရာကို​မှ မချစ်​ဘူး’ လို့ ကလေးတို့ ပြောရင်​ပြောမယ်။ ဒီလို သဘော​မျိုး​ရှိတာ သိပ်​ကောင်းတယ်။ ယုဒ​ကို တမန်တော်​အဖြစ် ယေရှု ရွေးချယ်​တုန်း​က ယုဒ​လည်း ဒီလိုသဘော​မျိုး ရှိခဲ့မှာပဲ။ သူခိုး​ဖြစ်သွားတဲ့ လူတွေလည်း ဒီလိုသဘော​မျိုး ရှိခဲ့ကြမှာပဲ။ သူတို့​ထဲ​က တချို့​အကြောင်း ကြည့်ရအောင်။

အာခန်​နဲ့ ဒါဝိဒ်​တို့ ဘာတွေ မကောင်း​ကြံစည်​ကြသလဲ

တစ်ယောက်ကတော့  အာခန်​လို့​ခေါ်တဲ့ ဘုရားသခင်ရဲ့ အစေခံကျွန်​တစ်​ယောက် ဖြစ်တယ်။ သူဟာ ကြီးမြတ်တဲ့​ဆရာ မမွေးခင် ဟို​ရှေးရှေးတုန်းက အသက်ရှင်ခဲ့​တဲ့​သူပါ။ အာခန်​ဟာ လှပတဲ့​ဝတ်လုံ တစ်ထည်၊ ရွှေ​ချောင်း တစ်ချောင်း​နဲ့ ငွေ​ဒင်္ဂါး​တချို့ကို တွေ့တယ်။ ဒီ​ပစ္စည်း​တွေဟာ သူ​ပိုင်​တာ မဟုတ်ဘူး။ ဘုရား​လူမျိုးရဲ့ ရန်သူတွေ​ဆီက သိမ်းယူ​ထားတာ​ဖြစ်လို့ ဒါတွေကို ယေဟော​ဝါ ပိုင်တယ်​လို့ ကျမ်းစာက ဆိုတယ်။ ဒါပေမဲ့ အာခန်​က ဒါတွေကို လိုချင်​လွန်း​လို့ ခိုးယူ​ထား​လိုက်တယ်။—ယောရှု ၆:၁၉။ ၇:၁၁၊ ၂၀-၂၂

နမူနာ​တစ်ခု ရှိသေးတယ်။ ဟို​ရှေးရှေးတုန်းက ယေဟောဝါဟာ ဒါဝိဒ်​ကို အစ္စရေး​ဘုရင်အဖြစ် ရွေးချယ်ခဲ့တယ်။ တစ်နေ့​မှာ ဒါဝိဒ်ဟာ သိပ်​လှတဲ့​အမျိုးသမီး ဗာသရှေဘ​ကို လှမ်း​တွေ့​လိုက်တယ်။ သူဟာ ဗာသရှေဘ​ကို ကြည့်ရင်း​ကြည့်ရင်း​နဲ့ ဗာသရှေဘ​ကို မယား​အဖြစ် သိမ်းပိုက်​ဖို့ ကြံ​စည်​လာတယ်။ ဒါပေမဲ့ ဗာသရှေဘ​ဟာ ဥရိယ​ရဲ့​မယား ဖြစ်နေတယ်။ ဒါဝိဒ်​အနေနဲ့ ဘာလုပ်ရင် ကောင်းမလဲ။—

ဒါဝိဒ်​အနေနဲ့ ဗာသရှေဘ​ကို သိမ်းပိုက်​မယ့်​အကြံ​ကို ရပ်​တန်း​က ရပ်​လိုက်​ဖို့ ကောင်းတယ်။ ဒါပေမဲ့ မရပ်ပစ်ခဲ့ဘူး။ ဒါနဲ့ ဗာသရှေဘ​ကို နန်းတော်​ထဲ ခေါ်ခဲ့တယ်။ ပြီးတော့ ဥရိယ အသတ်​ခံရ​အောင် စီစဉ်ခဲ့​တယ်။ ဒီ​မကောင်းမှုတွေကို ဒါဝိဒ် ဘာဖြစ်လို့ လုပ်ခဲ့တာလဲ။— သူများ​မိန်းမကို လိုချင်တဲ့​စိတ်​ကို မတားဆီး​ခဲ့လို့ ဖြစ်တာ။—၂ ရှမွေလ ၁၁:၂-၂၇

အဗရှလုံ​ဟာ ဘယ်နည်းနဲ့ သူခိုး​ဖြစ်သွားသလဲ

ဒါဝိဒ် နောင်တ​ရခဲ့လို့ ယေဟောဝါ​က ဆက်​အသက်ရှင်ခွင့် ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီ​အချိန်​က​စပြီး ဒါဝိဒ်​ခမျာ ပြဿနာ တစ်ပုံတစ်ခေါင်း​ကြုံခဲ့​ရတယ်။ သားတော် အဗရှလုံ​က ဒါဝိဒ်ရဲ့ ထီးနန်း အရိုက်အရာကို လိုချင်​လာတယ်။ ဒါနဲ့ ဒါဝိဒ်​ဆီ လာတဲ့ ပြည်သူပြည်သား​တွေကို အဗရှလုံ​က သိုင်းဖက်ပြီး နမ်း​လေ့​ရှိတယ်။ “အဗရှလုံ​က အစ္စရေးတွေကို သူ့​ဘက်​ပါ​လာ​အောင် သိမ်းသွင်း​တော့​တယ်” ဆိုပြီး ကျမ်းစာက ဆိုထားတယ်။ ဒါဝိဒ်ရဲ့​နေရာမှာ သူ့ကို ဘုရင်​တင်မြှောက်​ချင်စိတ် ပေါ်လာ​အောင် ပြည်သူတွေ​ကို အယုံသွင်း​နိုင်ခဲ့တယ်။—၂ ရှမွေလ ၁၅:၁-၁၂

အာခန်၊ ဒါဝိဒ်၊ အဗရှလုံ​တို့​လို အရာတစ်ခု​ခု​ကို တအား လိုချင်တဲ့​စိတ် ဖြစ်ပေါ်​ဖူးသလား။— တကယ်လို့ အဲဒီ​အရာဟာ တခြားသူ ပိုင်ဆိုင်တာ ဖြစ်ပြီး အဲဒါကို အခွင့်​မရှိဘဲ ယူမယ်​ဆိုရင် ခိုး​ရာ​ကျ​မှာ​ပေါ့။ ပထမဦးဆုံး​သူခိုး၊ စာတန်​က ဘာကို လိုချင်ခဲ့တယ်​ဆိုတာ မှတ်မိ​သေးသလား။— ဘုရားသခင်ကို ကိုးကွယ်မယ့်​အစား သူ့ကို ကိုးကွယ်​စေချင်တယ်။ ဒါကြောင့် အာဒံနဲ့ ဧဝတို့ကို သူ့​စကား နားထောင်​လာ​အောင် လုပ်လိုက်တာ​ဟာ ခိုးတာ​နဲ့ အတူတူပဲ။

ပစ္စည်း​တစ်ခုကို ပိုင်တဲ့​သူက အဲဒီ​ပစ္စည်း​ကို ဘယ်သူ​သုံးနိုင်​တယ်​ဆိုတာ ပြောပိုင်ခွင့် ရှိတယ်။ ဥပမာ​အနေနဲ့ ကလေးတို့ သူငယ်ချင်းတွေ အိမ်မှာ သွား​ကစား​မယ်။ အဲဒီ​အိမ်က ပစ္စည်း​တစ်ခုခုကို ကိုယ့်​အိမ် ပြန်ယူ​လာမယ်​ဆိုရင် ကောင်း​ပါ့မလား။— အဲဒီ​အိမ်က သူငယ်ချင်း​ရဲ့​အဖေ၊ အမေက အခွင့်မပေး​ဘူးဆိုရင် ဘယ်​ကောင်းမလဲ။ သူတို့ဆီက အခွင့်​မ​တောင်း​ဘဲ ကိုယ့်​အိမ်ကို တစ်ခုခု ယူလာ​မယ်​ဆိုရင် အဲဒါ ခိုးတာပါပဲ။

ကလေးတို့ ဘာကြောင့် ခိုးချင်စိတ် ပေါ်လာ​နိုင်သလဲ။— ကိုယ်​မပိုင်တဲ့ ပစ္စည်း​ကို လိုချင်တဲ့​အတွက်​ကြောင့် ဖြစ်တယ်။ ကလေးတို့ ယူတာ​ကို ဘယ်သူမှ မမြင်ရင်တောင်​မှ ဘယ်သူ မြင်သလဲ။— ယေဟောဝါ​ဘုရား မြင်တယ်။ ခိုးတာ​ကို ဘုရားသခင် မကြိုက်ဘူး​ဆိုတာ တို့တစ်တွေ မှတ်ထား​ရမယ်။ ဒါကြောင့် ဘုရားသခင်ကို ချစ်တဲ့​စိတ်၊ လူလူချင်းကို ချစ်တဲ့​စိတ် ရှိမယ်ဆိုရင် ကလေးတို့ ဘယ်တော့မှ သူခိုး​ဖြစ်လာမှာ မဟုတ်ဘူး။

ခိုးတာ မှားတယ်​ဆိုတာ ကျမ်းစာမှာ ရှင်းရှင်း​လေး ဖော်ပြ​ထားတယ်။ မာကု ၁၀:၁၇-၁၉။ ရောမ ၁၃:၉။ ဧဖက် ၄:၂၈ တို့ကို ဖတ်ကြည့်ပါ။