မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၈

ယေရှုကို ချစ်သင့်တဲ့ အကြောင်းရင်း

ယေရှုကို ချစ်သင့်တဲ့ အကြောင်းရင်း

တဖြည်းဖြည်း နစ်မြုပ်​နေတဲ့ သင်္ဘော​တစ်စင်းပေါ်​မှာ ကလေးတို့ ရှိ​နေတယ်လို့ စိတ်ကူး​ကြည့်ပါ။ ကလေးတို့ကို တစ်ယောက်ယောက် လာ​ကယ်​စေ​ချင်သလား။— လာ​ကယ်​ရင်း​နဲ့ တစ်ယောက်ယောက် သေသွား​ရင် ဘယ်လို ခံစား​ရမလဲ။— တကယ်တော့ ယေရှု​ခရစ် အဲဒီလိုပဲ အသက်စွန့်​ခဲ့​တယ်။ အခန်း ၃၇ မှာ သိခဲ့ရတဲ့​အတိုင်း တို့တစ်တွေ ကယ်တင်​ခံရဖို့ ရွေးဖိုး​အဖြစ် ယေရှု အသက်စွန့်​ခဲ့​တယ်။

ယေရှုဟာ တို့တစ်တွေကို ရေနစ်​ရာ​ကနေ ကယ်တင်​တာ​တော့ မဟုတ်ပါဘူး။ ဘယ်​ကနေ ကယ်တင်​တာလဲ။ မှတ်မိ​သေးသလား။— အာဒံ​ဆီက တို့အားလုံး အမွေ​ရခဲ့တဲ့ အပြစ်နဲ့ သေခြင်းကနေ ကယ်တင်​တာ။ တချို့က အင်မတန်​ဆိုး​တာတွေကို လုပ်ခဲ့ကြ​ပေမဲ့ သူတို့​အတွက်လည်း ယေရှု အသေ​ခံခဲ့တယ်။ ကလေးတို့သာ​ဆိုရင် အဲဒီလို​ဆိုးတဲ့ လူတွေကို ကယ်ဖို့ ကိုယ့်​အသက်ကို စွန့်​ပါ့မလား။—

“ဖြောင့်မတ်သူ​အတွက် အသေခံ​မယ့်​သူ သိပ်​ရှားတယ်။ သူတော်ကောင်း​အတွက်တော့ အသေခံ​ဝံ့​သူ ရှိ​ကောင်း​ရှိ​နိုင်တယ်” လို့ ကျမ်းစာက ဆိုတယ်။ ဒါပေမဲ့ ယေရှု​က “ဘုရား​တရားမဲ့​သူတွေ​အတွက် အသေ​ခံခဲ့တယ်။” အဲဒီ​ထဲမှာ ဘုရားသခင်ကို ဝတ်​မပြုတဲ့​သူတွေတောင် ပါဝင်တယ်။ “ခရစ်တော်​ကတော့ ကျွန်တော်တို့ အပြစ်​ရှိသူတွေ ဖြစ်နေတာ​တောင် [မကောင်းတာတွေ လုပ်​နေတာ​တောင်] အသေခံ​ပေးခဲ့တယ်” လို့ ကျမ်းစာက ဆိုတယ်။—ရောမ ၅:၆-၈

မကောင်းမှုတွေ လုပ်ခဲ့ဖူး​တဲ့ တမန်တော်​တစ်ပါး​ကို မှတ်မိသလား။— အဲဒီ​တမန်တော်​က ‘အပြစ်​ရှိသူတွေကို ကယ်တင်ဖို့ ဒီ​လောက​ကို ခရစ်တော်​ယေရှု ဆင်းလာတယ်။ အပြစ်ရှိ​သူတွေထဲမှာ ငါဟာ အပြစ်​အများဆုံး​ပဲ’ လို့​ရေးခဲ့တယ်။ အဲဒီ​တမန်တော်​ကတော့ ပေါလု​ပါပဲ။ သူဟာ “တစ်ချိန်​တုန်း​က အသိတရား​မရှိသူ၊” “မကောင်းမှု ကျူးလွန်​သူ” ဖြစ်ခဲ့တယ်​လို့ ပြောခဲ့တယ်။—၁ တိမောသေ ၁:၁၅။ တိတု ၃:၃

အဲဒီလိုလူ​တွေ​အတွက် အသေခံဖို့ သားတော်ကို စေလွှတ်တဲ့​နေရာမှာ ဘုရားရဲ့ မေတ္တာ ဘယ်လောက်​ကြီးမားတယ်​ဆိုတာ စဉ်းစား​ကြည့်လိုက်ပါ။ ကျမ်းစာ ထုတ်ပြီး ဒီ​အကြောင်းကို ယောဟန် အခန်းကြီး ၃၊ အခန်းငယ် ၁၆ မှာ ဖတ်ကြည့်ပါ​လား။ ဒီလို​ဆိုထားတယ်– “ဘုရားသခင်က လူ့​လောက​ကို အလွန်​ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်​သူ​တိုင်း ဖျက်ဆီး​မခံရ​ဘဲ ထာဝရ​အသက်​ရနိုင်ဖို့ အဲဒီ​တစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့​တယ်။”

တို့တစ်တွေ​အတွက် အသက်စွန့်​တဲ့အခါ​မှာ ယေရှု​ ဘယ်လို ဒုက္ခ​ဝေဒနာ​တွေ ခံစားခဲ့​ရသလဲ

ယေရှုလည်း တို့တစ်တွေကို သူ့​ဖခင် ချစ်သလို ချစ်တယ်​ဆိုတာ ပြခဲ့တယ်။ ဒီ​စာအုပ် အခန်း ၃၀ မှာ အဖမ်းခံရ​တဲ့​ည​က ယေရှု ခံစား​ရတဲ့ ဆင်းရဲဒုက္ခ​အကြောင်း ဖတ်ခဲ့ရ​တယ်။ ပုရောဟိတ်မင်း ကယာဖ​အိမ်ကို ခေါ်သွားကြ​ပြီး အဲဒီမှာ ယေရှုကို စစ်ဆေး​မေးမြန်းတယ်။ ယေရှုနဲ့​ပတ်သက်ပြီး မဟုတ်မမှန်​စွပ်စွဲ​တဲ့ သက်သေတွေကို ခေါ်လာ​ကြ​တဲ့​အပြင် လူတွေက ယေရှုကို လက်သီး​နဲ့ ထိုး​ကြတယ်။ အဲဒီအချိန်မှာ​ပေါ့ ယေရှုကို မသိ​ဘူးလို့ ပေတရု ငြင်းခဲ့​တာ။ အခု တို့တစ်တွေ အဲဒီ​နေရာကို ရောက်နေပြီး အဖြစ်အပျက်တွေကို မြင်​နေရတယ်လို့ မြင်ယောင်​ကြည့်ပါ။

မိုးလင်း​လာပြီ။ ယေရှု တစ်ညလုံး မ​အိပ်​ရ​ဘူး။ ည​ပိုင်း စစ်ဆေး​စီရင်​တာ​ဟာ ဥပဒေ​နဲ့ မညီ​မှန်း​သိတော့ ပုရောဟိတ်တွေ​က ဂျူး​တရားရုံးချုပ်​ကို ချက်ချင်း ဆင့်ခေါ်ပြီး နောက်​တစ်ခါ ကြားနာစစ်ဆေး​ပြန်တယ်။ အဲဒီမှာလည်း ဘုရားသခင်ကို ပြစ်မှားတယ်​လို့ ယေရှုကို ထပ်​ပြီး စွပ်စွဲ​ပြန်တယ်။

အဲဒီနောက် ပုရောဟိတ်တွေ​က ယေရှုကို ချည်နှောင်​ပြီး ရောမ​ဘုရင်ခံ ပိလတ်မင်း​ဆီ ခေါ်သွား​ကြတယ်။ ပြီးတော့ ‘ယေရှုဟာ အစိုးရကို ဆန့်ကျင်တယ်။ သေဒဏ်​ပေးရမယ်’ ဆိုပြီး ပိလတ်မင်းကို ပြော​ကြတယ်။ ဒါပေမဲ့ ပိလတ်မင်း​က ပုရောဟိတ်တွေ လိမ်ပြော​နေမှန်း သိတာပေါ့။ ဒါကြောင့် ‘ဒီ​လူမှာ ဘာ​အပြစ်​မှ ငါ​မ​တွေ့​ဘူး။ သူ့ကို လွှတ်​လိုက်မယ်’ လို့​ပြောတယ်။ ဒါပေမဲ့ ပုရောဟိတ်တွေနဲ့ လူတွေက ‘မလွှတ်​နဲ့။ သူ့ကို သတ်ပစ်လိုက်’ ဆိုပြီး အော်ကြတယ်။

ပိလတ်မင်း​က ယေရှုကို လွှတ်​မယ်​ဆိုပြီး လူတွေကို နောက်​တစ်ခါ ပြန်​ပြော​ကြည့်တယ်။ ဒါပေမဲ့ ပုရောဟိတ်တွေ သွေးထိုး​လှုံ့ဆော်​ထားလို့ လူထု​က ‘သူ့ကို လွှတ်​ရင် မင်းကြီးလည်း အစိုးရကို ဆန့်ကျင်​ပုန်ကန်သူ​ပဲ။ သူ့ကို သတ်ပစ်’ ဆိုပြီး အော်ပြော​ကြတယ်။ လူထု အရမ်း​ဆူပူ​လာတော့ ပိလတ်မင်း ဘာ​လုပ်သလဲ သိသလား။—

အလျှော့ပေး​လိုက်တယ်။ ဦးဆုံး ယေရှုကို ကျာပွတ်နဲ့ ရိုက်​ခိုင်းတယ်။ ပြီးတော့ ယေရှုကို ကွပ်မျက်​ဖို့ စစ်သည်တွေ​လက်ထဲ အပ်​လိုက်တယ်။ စစ်သည်တွေ​က ယေရှုကို ဆူး​ခက်သရဖူ​ကို ဆောင်း​ပေးပြီး ရှေ့မှာ ဒူးထောက်၊ လှောင်ပြောင်​ကြတယ်။ အဲဒီနောက် သစ်တိုင်​ကြီး ထမ်း​ခိုင်း​ပြီး မြို့ပြင်​က ဦးခေါင်းခွံ​အရပ်​ကို ခေါ်ထုတ်​သွားကြတယ်။ အဲဒီမှာ ယေရှုရဲ့ ခြေလက်​တွေကို သစ်တိုင်​မှာ ကပ်ပြီး သံနဲ့ ရိုက်တယ်။ သစ်တိုင်​ကို ထူလိုက်​တဲ့အခါ ယေရှုကို တွဲလောင်း​ဆွဲ​ထားပြီးသား ဖြစ်သွားတယ်။ ခြေလက်​တွေ​ကနေ သွေး​တွေ စီး​လာတယ်။ နာလိုက်တာ မပြော​နဲ့​တော့။

ယေရှု ချက်ချင်း မသေ​ဘူး။ သစ်တိုင်​ပေါ်မှာ တွဲလောင်း​ကြီး နေရ​ရှာတယ်။ ပုရောဟိတ်ကြီးတွေက ယေရှုကို လှောင်ပြောင်​ကြတယ်။ ဖြတ်သန်း​သွားလာ​သူတွေကလည်း “ဘုရားသခင်ရဲ့သား မှန်​ရင် သစ်တိုင်​ပေါ်ကနေ ဆင်း​လေ” ဆိုပြီး ကဲ့ရဲ့​ကြတယ်။ ဒါပေမဲ့ ယေရှု​ကတော့ သူ့​ဖခင် ဘာ​အတွက် စေလွှတ်ခဲ့တယ်​ဆိုတာ သိထားတယ်။ တို့တစ်တွေ ထာဝရ​အသက်​ရနိုင်ဖို့ သူ့ရဲ့ စုံလင်တဲ့​အသက်ကို စွန့်​ရမယ်ဆိုတာ ယေရှု​သိတယ်။ နောက်ဆုံး​တော့ ညနေ​သုံးနာရီ​လောက်​မှာ ယေရှုဟာ ဖခင်​ဆီ အကျယ်ကြီး အော်​ပြီးတဲ့နောက် အသက်​ထွက်သွားတယ်။—မဿဲ ၂၆:၃၆–၂၇:၅၀။ မာကု ၁၅:၁။ လုကာ ၂၂:၃၉–၂၃:၄၆။ ယောဟန် ၁၈:၁–၁၉:၃၀

ယေရှုဟာ အာဒံနဲ့ ဘယ်လောက် ကွာခြား​လိုက်သလဲ။ အာဒံဟာ ဘုရားသခင်ကို မချစ်​ဘူး။ ဘုရားသခင့်​စကားကို နားမထောင်ခဲ့ဘူး။ တို့တစ်တွေကို​လည်း မချစ်​ဘူး။ သူ​အပြစ်​လုပ်လို့ တို့အားလုံး အပြစ်နဲ့ မွေးလာ​ရတယ်။ ယေရှု​ကျတော့ ဘုရားသခင်ကိုရော၊ တို့တစ်တွေကို​ပါ ချစ်တယ်။ ဘုရားသခင်ကို အမြဲ​နာခံတယ်။ အာဒံ​ကြောင့်​ဖြစ်ရတဲ့ ထိခိုက်​နစ်နာမှု​တွေကို ဖယ်ရှား​ဖို့​အတွက် သူ့​အသက်ကိုတောင် စွန့်ခဲ့တယ်။

ယေရှုကို ချစ်တယ်​ဆိုတာ တို့တစ်တွေ ဘယ်လို​ပြ​နိုင်သလဲ

ယေရှု လုပ်​ပေးခဲ့တဲ့ အံ့သြစရာတွေ​ အတွက် ကလေးတို့ ကျေးဇူးတင်သလား။— ဆုတောင်းတဲ့အခါ​မှာ​ကော တို့တစ်တွေ​အတွက် သားတော်ကို ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူး​မတင်​ဘူး​လား။— တမန်တော်​ပေါလုက သူ့​အတွက် ခရစ်တော် လုပ်​ပေးခဲ့​တာတွေကို ကျေးဇူးတင်​ခဲ့​တယ်။ ဘုရားသခင်ရဲ့ သားတော်ဟာ “ကျွန်တော့်ကို ချစ်​ပြီး ကျွန်တော့်​အတွက် အသက်​စွန့်ခဲ့” တယ်လို့ ရေးခဲ့တယ်။ (ဂလာတိ ၂:၂၀) ယေရှုဟာ ကလေးတို့အတွက်​ကော၊ တို့အတွက်​ပါ အသေ​ခံခဲ့တယ်။ တို့တစ်တွေ ထာဝရ​အသက် ရနိုင်ဖို့ သူ့ရဲ့ စုံလင်တဲ့​အသက်ကို ပေးခဲ့တယ်။ ဒီ​အချက်ဟာ တို့တစ်တွေ ယေရှုကို ချစ်သင့်တဲ့​အကြောင်း​ပဲ​ပေါ့။

‘ခရစ်တော်ရဲ့ ချစ်ခြင်း​မေတ္တာက ကျွန်တော်တို့ကို တွန်းအား​ပေးတယ်’ လို့ ကောရိန္သုမြို့မှာ​ရှိတဲ့ ခရစ်ယာန်တွေဆီ တမန်တော်​ပေါလု ရေးခဲ့တယ်။ ခရစ်တော်ရဲ့ မေတ္တာက တို့တစ်တွေကို ဘာလုပ်ဖို့ တွန်းအားပေးသလဲ။ ကလေးတို့ ဘယ်လို ထင်သလဲ။— ပေါလုရဲ့​အဖြေကို အာရုံစိုက်ပါ– ‘လူအားလုံး​အတွက် အသေခံ​တဲ့​သူဟာ ခရစ်တော်​ပဲ။ ဒါကြောင့် ကိုယ့်​အတွက် အသက်မရှင်​တော့ဘဲ ကိုယ့်​အတွက် အသေခံပြီး အသက်ပြန်ရှင်​လာတဲ့ ခရစ်တော်​အတွက် အသက်ရှင်သင့်တယ်။’၂ ကောရိန္သု ၅:၁၄၊ ၁၅

ခရစ်တော်ရဲ့ အလိုကျ အသက်ရှင်​ကြောင်း ဘယ်လို​နည်းတွေနဲ့ ပြ​နိုင်တယ်လို့ ထင်သလဲ။— တစ်နည်း​ကတော့ ခရစ်တော်​နဲ့​ပတ်သက်ပြီး ကိုယ်​သိထားတာတွေကို တခြား​လူတွေကို ပြောပြတာ ဖြစ်တယ်။ ဒါမှမဟုတ် ကလေးတို့ တစ်ယောက်တည်း ရှိနေတယ် ဆိုပါတော့။ ကလေးတို့ ဘာလုပ်​နေတယ်​ဆိုတာကို ဖေဖေ၊ မေမေ​တို့ မ​တွေ့​နိုင်ဘူး၊ တခြား​ဘယ်သူမှ​လည်း မ​တွေ့​နိုင်ဘူး​ဆိုပါတော့။ ယေရှု​ကြိုက်​မှာ မဟုတ်မှန်း သိထားတဲ့ တီဗွီ​အစီအစဉ်​တို့၊ အင်တာနက် ပြကွက်​တို့ကို ကလေးတို့ ကြည့်​မလား။— ယေရှုဟာ အခု အသက်ရှင်​နေတဲ့​အပြင် တို့တစ်တွေ လုပ်သမျှကို မြင်နိုင်တယ်​ဆိုတာ မမေ့​ကြနဲ့။

တို့​လုပ်သမျှကို ဘယ်သူ မြင်နိုင်သလဲ

ယေရှုကို ချစ်​ရတဲ့ နောက်​အကြောင်း​တစ်ခုကတော့ တို့တစ်တွေ ယေဟောဝါကို အတုယူ​ချင်​လို့​ပဲ။ “အဖ​ဘုရားက ကျွန်တော့်ကို ချစ်တယ်” လို့ ယေရှု ပြောခဲ့တယ်။ ယေရှုကို ဘုရားသခင် ဘာကြောင့်​ချစ်သလဲ၊ တို့တစ်တွေလည်း ယေရှုကို ဘာကြောင့် ချစ်သင့်သလဲ သိသလား။—ယေရှု​ဟာ ဘုရားရဲ့ အလိုတော်​ပြည့်စုံဖို့ သူ့​အသက်ကို စိတ်လိုကိုယ်လျောက် စွန့်ခဲ့လို့​ပါပဲ။ (ယောဟန် ၁၀:၁၇) ဒါကြောင့် “ခင်ဗျားတို့ဟာ ဘုရားသခင်​ချစ်​ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့​အတွက် ဘုရားသခင်ကို အတုယူ​ကြပါ။ မေတ္တာ​လမ်းစဉ်​မှာ လျှောက်လှမ်း​နေကြပါ။ ခရစ်တော်​က ကျွန်တော်တို့ကို ချစ်လို့ ကျွန်တော်တို့​အတွက် . . . သူ့ကိုယ်သူ ဘုရားသခင်​ဆီ ဆက်သ​ခဲ့သလိုပဲ​ပေါ့” ဆိုပြီး ကျမ်းစာ ဆို​ထားတဲ့​အတိုင်း လုပ်ကြ​ရအောင်။—ဧဖက် ၅:၁၊ ၂

တို့တစ်တွေ​အတွက် ယေရှု လုပ်​ပေးခဲ့​တာတွေကို ကျေးဇူးတင်စိတ် တိုး​စေဖို့ ယောဟန် ၃:၃၅။ ၁၅:၉၊ ၁၀။ ၁ ယောဟန် ၅:၁၁၊ ၁၂ တို့ကို ဖတ်ပါ။