မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၁၉

ရန်ဖြစ်တာ ကောင်းသလား

ရန်ဖြစ်တာ ကောင်းသလား

ဟိတ်ကြီးဟန်ကြီး​နဲ့ ကြမ်းကြမ်းရမ်းရမ်း ပြုမူ​တတ်တဲ့ ယောက်ျားလေး၊ မိန်းကလေးတွေကို ကလေးတို့ သိသလား။— သူတို့နဲ့ ပေါင်း​ချင်သလား။ ဒါမှမဟုတ် သနား​ကြင်နာတတ်သူ၊ အေးအေးဆေးဆေး နေတတ်​သူနဲ့ ပေါင်း​ချင်သလား။— ကြီးမြတ်တဲ့​ဆရာက “ငြိမ်သက်မှု​ရှိအောင် လုပ်ဆောင်​သူတွေ ပျော်ရွှင်​ချမ်းမြေ့တယ်။ ဘုရားသခင်ရဲ့ သားတွေ​လို့ အခေါ်​ခံရလိမ့်မယ်” ဆိုပြီး ပြောခဲ့တယ်။—မဿဲ ၅:၉

တစ်ခါတလေကျတော့ တို့တစ်တွေ စိတ်ဆိုး​အောင် လူတွေ လုပ်တတ်​ကြတယ်။ ဟုတ်တယ် မဟုတ်လား။— အဲဒီတော့ လက်စားချေ​ချင်တဲ့​စိတ် ပေါ်လာ​မှာ​ပဲ။ တစ်ခါတုန်းက ယေရှု​ရဲ့ တပည့်​တွေ ယေရှုနဲ့အတူ ဂျေရုဆလင်​မြို့ကို ခရီးသွား​နေတုန်း အဲဒီလို ဖြစ်ခဲ့ဖူးတယ်။ ဒီအကြောင်းကို ပြောပြမယ်နော်။

ခရီး တော်တော်လေး ရောက်တဲ့အခါ ယေရှု​က တပည့်​တချို့ကို ရှမာရိ ရွာ​တစ်ရွာ​ဆီ ကြို​လွှတ်လိုက်တယ်။ အနားယူဖို့​နေရာ တွေ့​မလားလို့​ပေါ့။ ဒါပေမဲ့ ဘာသာ မတူတဲ့ ရှမာရိ​လူမျိုး ရွာသားတွေက သူတို့ကို မကြိုဆို​ကြဘူး။ ဘုရားဝတ်​ပြု​ဖို့ ဂျေရုဆလင်​မြို့ကို သွားတဲ့​သူတွေကို သူတို့ မ​ကြည်​ကြဘူး။

ယာကုပ်နဲ့ ယောဟန်တို့က ရှမာရိတွေကို ဘယ်လို လက်တုံ့ပြန်​ချင်​ကြသလဲ

ကလေးတို့ကို အဲဒီလိုမျိုး​လုပ်ရင် ဘာလုပ်မလဲ။ စိတ်ဆိုး​မှာ​လား။ လက်တုံ့ပြန်​ချင်စိတ် ပေါ်လာ​မှာ​လား။— ယေရှု​တပည့် ယာကုပ်နဲ့ ယောဟန်တို့က အဲဒီလို လုပ်ချင်ကြတယ်။ ‘ကောင်းကင်​ကနေ မီးကျစေပြီး သူတို့ကို ဖျက်ဆီး​လိုက်ရ​မလား’ ဆိုပြီး ယေရှုကို မေးကြ​တယ်။ ဒါကြောင့် သူတို့ကို မိုးကြိုးသားတွေ​လို့ ယေရှု ခေါ်​ခဲ့​တာ မဆန်းပါဘူး။ ဒါပေမဲ့ ယေရှု​က သူများ​ကို အဲဒီလို မဆက်ဆံသင့်​ဘူးဆိုပြီး ဆုံးမတယ်။—လုကာ ၉:၅၁-၅၆။ မာကု ၃:၁၇

တစ်ခါတလေ လူတွေက တို့​အပေါ်မှာ မကောင်းတာ​မျိုး ရှိတတ်တယ်။ တချို့က​လေး​တွေ​က ကစား​တဲ့အခါ တို့တစ်တွေကို မပါ​စေချင်ဘူး။ “မင်းတို့နဲ့ မ​ပေါင်း​ချင်ဘူး” လို့​တောင် ပြောရင်​ပြောမယ်။ ဒီလိုမျိုး ဖြစ်လာ​ရင် စိတ်မကောင်း ဖြစ်မိ​တယ်၊ ဟုတ်တယ် မဟုတ်လား။ လက်တုံ့ပြန်​ချင်စိတ် ပေါ်လာ​မှာ​ပဲ။ ဒါပေမဲ့ အဲဒီလို လုပ်သင့်သလား။—

ကလေးတို့​ရဲ့ ကျမ်းစာကို ယူပါ။ ပညာအလိမ္မာ အခန်းကြီး ၂၄၊ အခန်းငယ် ၂၉ ကို ဖွင့်ကြ​ရအောင်။ ဒီလို​ဖတ်ရ​တယ်– “‘သူ​လုပ်ခဲ့သလို ငါ​ပြန်​လုပ်မယ်။ သူ့​လုပ်ရပ်​အတွက် ငါ​လက်တုံ့ပြန်​မယ်’ လို့ မပြော​နဲ့” တဲ့။

ဒီ​ကျမ်းချက်​က ဘာကို ပြော​နေတာလဲ။— လက်တုံ့မပြန်​ရ​ဘူးလို့ ပြောနေတာကွဲ့။ လူတစ်ယောက်က ကိုယ့်​အပေါ် မကောင်း​လို့ သူ့​အပေါ် ပြန်​မကောင်းတာ​မျိုး မဖြစ်သင့်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်​က ရန်စ​လာ​ရင်​ကော။ အမျိုးမျိုး ပြောပြီး ဒေါသ​ထွက်​အောင် လုပ်မယ်။ သတ္တိ​ကြောင်တဲ့ကောင်​လို့ မခံ​ချင်​အောင် လှောင်ပြောင်​မယ်။ ငကြောက်လို့ ခေါ်မယ်​ဆိုပါတော့။ ဘယ်လို​လုပ်သင့်သလဲ။ ရန်​တုံ့ပြန်​မလား။—

ကျမ်းစာက ဘာ​ပြောသလဲ​ဆိုတာ ကြည့်ရအောင်။ မဿဲ အခန်းကြီး ၅၊ အခန်းငယ် ၃၉ ကို ဖွင့်လိုက်ပါ။ ဒီမှာ ယေရှု​က “လူဆိုး​ကို အတိုက်အခံ မလုပ်ပါနဲ့။ တစ်ယောက်ယောက်​က ခင်ဗျားရဲ့ ညာဘက်​ပါး​ကို ရိုက်​ရင် ဘယ်ဘက်ပါး​ကိုလည်း လှည့်​ပေးလိုက်ပါ” ဆိုပြီး ပြော​ထားတယ်။ ယေရှု ဘာကို ပြော​ချင်သလဲ။ လူတစ်ယောက်က ကလေးတို့​ရဲ့ ပါးတစ်ဖက်​ကို လက်သီး​နဲ့ ထိုး​ရင် နောက်တစ်ဖက်ကိုပါ ထိုးခိုင်း​ရမယ်လို့ ဆိုလို​တာလား။—

မဟုတ်ဘူး။ ယေရှု အဲဒါကို ပြော​နေတာ မဟုတ်ဘူး။ ပါးရိုက်တာဟာ လက်သီး​နဲ့ ထိုး​တာ​နဲ့ မတူဘူး။ တွန်းသလို၊ တိုက်သလိုမျိုး လုပ်တာ။ ပါး​ရိုက်တယ်​ဆိုတာ ရန်စတာပဲ။ စိတ်ဆိုး​အောင် လုပ်တာ။ တို့တစ်တွေ​ဘက်ကလည်း စိတ်ဆိုး​ပြီး ပြန်​တွန်း​မယ်၊ တိုက်မယ်​ဆိုရင် ဘာဖြစ်​လာမလဲ။— ရန်ပွဲ ဖြစ်လာမှာ​ပဲ။

ဒါပေမဲ့ ယေရှု​က သူ့​နောက်လိုက်​တွေကို ရန်မဖြစ်စေချင်​ဘူးကွဲ့။ ဒါကြောင့် လူတစ်ယောက်က တို့တစ်တွေကို ပါးရိုက်​ရင် သူ့​ပါး​ကို ပြန်​မ​ရိုက်သင့်​ဘူး။ စိတ်ဆိုး​ပြီး ရန်​မဖြစ်သင့်ဘူး။ ဖြစ်ရင် ရန်စ​တဲ့​လူနဲ့ အတူတူ ဖြစ်သွားမှာပေါ့။

ပြဿနာ စ​လာ​ရင် အကောင်းဆုံး​က ဘာဖြစ်မယ် ထင်သလဲ။— ရှောင်​ထွက်သွား​တာ အကောင်းဆုံးပါပဲ။ တစ်ဖက်​ကတော့ တွန်း​ဦး၊ တိုက်​ဦး​မှာ​ပဲ။ ဒါပေမဲ့ ဒီလောက်ပဲ သူတတ်​နိုင်မှာပါ။ ရှောင်ထွက်တာဟာ ပျော့ညံ့တာ မဟုတ်ဘူး။ မှန်တာကို လုပ်​ရဲ​တဲ့သတ္တိ ရှိတာ ဖြစ်တယ်။

တစ်ယောက်ယောက်​က ရန်စ​ရင် ဘာ​လုပ်သင့်သလဲ

ဒီလို​မဟုတ်ဘဲ ရန်ပွဲ​ဖြစ်ပြီး အနိုင်ရ​လိုက်တယ် ဆိုရင်ကော။ ဘာဆက်​ဖြစ်လာနိုင်သလဲ။— ရှုံးသွားတဲ့​သူဟာ သူ့​သူငယ်ချင်း​တချို့​နဲ့ ပြန်လာ​နိုင်တယ်။ တုတ်တို့၊ ဓားတို့နဲ့ ကလေးတို့ အနာတရ ဖြစ်အောင်​တောင် လုပ်​လာနိုင်တယ်။ ဒါကြောင့် ယေရှု​က ဘာကြောင့် ရန်မဖြစ်စေချင်သလဲ​ဆိုတာ ကလေးတို့ သဘောပေါက်သလား။—

သူများတွေ ရန်ဖြစ်​နေတာ မြင်ရင်​ကော ဘာ​လုပ်သင့်သလဲ။ တစ်ဖက်​ဘက်မှာ ဝင်ပါသင့်သလား။— ကျမ်းစာက လုပ်သင့်တာကို ပြောပြ​ထားတယ်။ ပညာအလိမ္မာ အခန်းကြီး ၂၆၊ အခန်းငယ် ၁၇ ကို ဖွင့်လိုက်ပါ။ ဒီလို​ပြော​ထားတယ်– “လမ်း​သွား​ရင်း ကိုယ်​နဲ့ မဆိုင်တဲ့ ရန်ပွဲ​ကြောင့် ဒေါသ​ထွက်​တဲ့​သူဟာ ခွေး​နားရွက်​ကို ဆွဲတဲ့သူနဲ့ တူတယ်။”

သူများ ရန်ဖြစ်တဲ့​အခါ ဝင်ပါရင် ခွေး​နားရွက် ဆွဲ​တာ​နဲ့ ဘယ်လို​တူသလဲ။ ဒုက္ခရောက်​နိုင်တယ်၊ ဒါကြောင့် ဝင်​မပါ​ပါ​နဲ့

ခွေး​နားရွက်​ကို သွား​ဆွဲ​ရင် ဘာဖြစ်​မလဲ။ ခွေး​က​နာ​တော့ ကလေးတို့ကို ဆတ်ခနဲ ကိုက်လိုက်မှာပေါ့၊ ဟုတ်တယ် မဟုတ်လား။ ခွေး​က ရုန်းလေလေ၊ ကလေးတို့​က သူ့​နားရွက်​ကို တင်းတင်း ဆုပ်ကိုင်​ထား​လေ​လေ၊ ခွေး​က ပို​စိတ်ဆိုး​လေ​လေ ဖြစ်လာမယ်။ လွှတ်လိုက်ရင်​တော့ ကလေးတို့ကို တအား ကိုက်​လိုက်​မှာ​ပဲ။ ဒီအတိုင်း ရပ်​ပြီး ခွေး​နားရွက်​ကို တစ်သက်လုံး ကိုင်ထား​နိုင်မလား။—

အေး၊ သူများတွေ ရန်ဖြစ်တဲ့​အခါ ဝင်စွက်​မယ်​ဆိုရင် ဒီလိုမျိုး​ဒုက္ခ တွေ့ရမယ်။ ဘယ်သူက ရန်စ​လို့ ဘာ​အတွက် ရန်ဖြစ်​ကြတယ်ဆိုတာ တို့တစ်တွေ သိချင်​မှ သိ​မှာ။ လူတစ်ယောက် အရိုက်ခံ​နေရတာ သူများ​ပစ္စည်း တစ်ခုခု ခိုးလို့ ဖြစ်ချင်​ဖြစ်နိုင်တယ်။ အဲဒီ​လူကို သွား​ကူညီ​ရင် သူခိုး​ကို ကူညီရာ​ရောက်မှာပေါ့။ ဒါဆိုရင်​တော့ မကောင်း​ဘူး။ ဟုတ်တယ် မဟုတ်လား။

ဒီတော့ ရန်ဖြစ်​နေတာ မြင်ရင် ဘာ​လုပ်သင့်သလဲ။— ကျောင်းမှာ​ဆိုရင် ဆရာ့​ကို ချက်ချင်း သွား​တိုင်​နိုင်တယ်။ ကျောင်း​အပြင်မှာ​ဆိုရင် ဖေဖေ မေမေကို​ဖြစ်ဖြစ်၊ ရဲ​ကို​ဖြစ်ဖြစ် ခေါ်​နိုင်တယ်။ ဟုတ်​ပါတယ်၊ တခြားသူတွေ ရန်ဖြစ်​ချင်​ရင်တောင်​မှ တို့တစ်တွေက ကျေအေး​အောင် ဖျန်ဖြေပေး​ရမယ်ကွဲ့။

ရန်ဖြစ်တာ တွေ့​ရင် ဘာ​လုပ်သင့်သလဲ

ယေရှုရဲ့ တပည့်စစ်​တွေဟာ ရန်​မဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ကြတယ်။ ဒီ​နည်းနဲ့ မှန်တာကို လုပ်​ရဲ​တဲ့သတ္တိ ရှိတယ်ဆိုတာ ပြ​ကြတယ်။ ယေရှုရဲ့ တပည့်​ဟာ “ခိုက်ရန်​ဖြစ်စရာ မလိုဘူး။ လူအားလုံးနဲ့ ပြောဆို​ဆက်ဆံ​တဲ့အခါ သိမ်မွေ့တဲ့သူ . . . ဖြစ်ရမယ်” လို့ ကျမ်းစာက ဆိုထားတယ်။—၂ တိမောသေ ၂:၂၄

ရန်ဖြစ်တာကို ရှောင်နိုင်​အောင် အကူအညီ​ပေးတဲ့ အကြံဉာဏ်​ကောင်းတွေကို ရောမ ၁၂:၁၇-၂၁။ ၁ ပေတရု ၃:၁၀၊ ၁၁ တို့မှာ ဖတ်ကြည့်​ကြရအောင်။