မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၃၉

သားတော်ကို ဘုရားသခင် သတိရတဲ့အကြောင်း

သားတော်ကို ဘုရားသခင် သတိရတဲ့အကြောင်း

ယေရှုဟာ မိတ်ဆွေ လာဇရု သေဆုံး​တုန်း​က ငို​ခဲ့​တယ်။ ယေဟောဝါလည်း ယေရှု​ဝေဒနာ​ခံ​ပြီး သေဆုံး​ချိန်မှာ ဘယ်လောက် ခံစား​နေရမယ်​ဆိုတာ ကလေးတို့ သိသ​လား။— ဘုရားသခင် “စိတ်ထိခိုက်” တဲ့အခါ၊ “စိတ်နာ” တဲ့အခါ​မျိုး​တောင် ရှိတယ်လို့ ကျမ်းစာမှာ ဆိုတယ်။—ဆာလံ ၇၈:၄၀၊ ၄၁။ ယောဟန် ၁၁:၃၅

ချစ်တဲ့သားတော် အသေခံ​တာ​ကို ကြည့်ပြီး ယေဟောဝါ ဘယ်လောက်တောင် စိတ်နာ​ကျင်​မလဲ​ဆိုတာ စဉ်းစား​ကြည့်​နိုင်သလား။— သူ့ကို ဘုရားသခင် မေ့​မှာ မဟုတ်ဘူးဆိုတာ ယေရှု စိတ်ချ​ယုံကြည်တယ်။ ဒါကြောင့်မို့လည်း သေခါနီး​မှာ ‘အဖ၊ ကျွန်တော့်ရဲ့ အသက်ကို အဖ​လက်ထဲ အပ်​ပါတယ်’ ဆိုပြီး နောက်ဆုံး ပြော​သွားခဲ့တယ်​လေ။—လုကာ ၂၃:၄၆

ယေရှု​အနေနဲ့ သူ ရှင်ပြန်ထမြောက်​မယ်၊ “မရဏာ​နိုင်ငံ” ဒါမှမဟုတ် သင်္ချိုင်း​မှာ ပစ်ထား​မှာ မဟုတ်ဘူးဆိုတာ စိတ်ချ​ယုံကြည်တယ်။ ယေရှု အသက်ပြန်ရှင်​ပြီးနောက် တမန်တော်​ပေတရု​က ယေရှုနဲ့​ပတ်သက်တဲ့ ကျမ်းချက်ကို ကိုးကား​ပြီး “ခရစ်တော်ဟာ သင်္ချိုင်း​မှာ စွန့်ပစ်​ခံရမှာ မဟုတ်ဘူး။ ခန္ဓာကိုယ်​လည်း ပုပ်ပျက်​မှာ မဟုတ်ဘူး” လို့ ပြောခဲ့တယ်။ (တမန်တော် ၂:၃၁။ ဆာလံ ၁၆:၁၀) ယေရှုရဲ့ ကိုယ်ခန္ဓာ​ဟာ သင်္ချိုင်း​မှာ ပုပ်ပျက်​ဖို့၊ အ​ပုပ်​နံ့​ထွက်​ဖို့​တောင် အချိန်​မရ​လိုက်ပါ​ဘူး။

ယေရှု ကမ္ဘာပေါ် ရှိတုန်းက သူ​ကြာကြာ သေနေ​မှာ မဟုတ်​ကြောင်း တပည့်​တွေကို​တောင် ပြောပြ​ခဲ့​သေးတယ်။ “အသတ်ခံရ​ပြီး သုံးရက်​မြောက်​နေ့မှာ အသက်ပြန်ရှင်​လာမယ်” ဆိုပြီး ရှင်းပြခဲ့တယ်။ (လုကာ ၉:၂၂) ဒါကြောင့်မို့လို့ ယေရှု ရှင်ပြန်ထမြောက်​တဲ့အခါ တပည့်​တွေ​အနေနဲ့ မအံ့သြသင့်​ဘူး။ ဒါပေမဲ့ သူတို့ အံ့သြ​ခဲ့​ကြသလား။— ကြည့်ရအောင်။

ကြီးမြတ်တဲ့​ဆရာ သစ်တိုင်​ပေါ် သေဆုံးချိန်​ဟာ သောကြာ​နေ့ မွန်းလွဲပိုင်း သုံးနာရီ​လောက် ဖြစ်တယ်။ ဂျူး​တရားရုံးချုပ် အဖွဲ့ဝင်၊ သူဌေးကြီး ယောသပ်ဟာ ယေရှုကို တိတ်​တိတ်​ပုန်း ယုံကြည်သူ ဖြစ်တယ်။ ယေရှု​သေ​ပြီဆို​တာ​ကို ကြား​တော့ ရောမ​ဘုရင်ခံ ပိလတ်မင်း​ဆီ သွားတယ်။ ယေရှု​အလောင်းကို သစ်တိုင်​ပေါ်​က ချပြီး သင်္ဂြိုဟ်​ဖို့ ခွင့်​တောင်းတယ်။ အဲဒီနောက် ယောသပ်ဟာ ယေရှုရဲ့​အလောင်းကို ဥယျာဉ်​တစ်ခု​ဆီ သယ်သွား​တယ်။ အဲဒီ​ဥယျာဉ်​ထဲမှာ လူသေ​အလောင်း​တွေ ထားတဲ့​နေရာ သင်္ချိုင်းဂူ​တစ်ခု ရှိတယ်။

အလောင်းကို သင်္ချိုင်းဂူ​ထဲ ထည့်​ပြီးတော့ ကျောက်တုံး​ကြီး​ကို လှိမ့်​ပြီး ဂူဝကို ပိတ်​ထား​လိုက်တယ်။ သုံးရက်​မြောက်​နေ့ ဖြစ်တဲ့ တနင်္ဂနွေ​နေ့ ရောက်လာတယ်။ နေ​မ​ထွက်​သေး​လို့ မိုး​မ​လင်း​သေး​ဘူး။ အစောင့်​တွေ​က သင်္ချိုင်းဂူ​ကို စောင့်နေကြတယ်။ ပုရောဟိတ်ကြီးတွေက သူတို့ကို စောင့်​ခိုင်း​ထားတာ။ ဘာကြောင့်လဲ သိသလား။—

ယေရှု ရှင်ပြန်ထမြောက်​မယ်​လို့ ပြောခဲ့တာကို ပုရောဟိတ်တွေလည်း ကြား​ထားတယ်။ ဒါကြောင့် ယေရှု​တပည့်​တွေ အလောင်းကို လာ​ခိုး​ပြီး ယေရှု အသက်ပြန်ရှင်​ပြီလို့ လျှောက်​ပြောမှာ​စိုး​တဲ့​အတွက် ပုရောဟိတ်တွေ​က အခုလို အစောင့်​တပ်သားတွေ ချထား​တာ​ကွဲ့။ ရုတ်တရက်​ကြီး မြေငလျင် လှုပ်​လာတယ်။ အမှောင်ထု​ထဲမှာ အလင်းရောင်​တစ်ခု လင်းလက်​သွားတယ်။ အဲဒါ ယေဟောဝါရဲ့ ကောင်းကင်တမန်​ပဲ​ပေါ့။ အစောင့်​စစ်သည်တွေ ကြောက်လွန်းလို့ ကြက်သေသေ​နေကြ​တယ်။ ကောင်းကင်တမန်​က သင်္ချိုင်း​ဂူဝမှာ ပိတ်​နေတဲ့ ကျောက်တုံး​ကြီး​ကို လှိမ့်ဖယ်​လိုက်တယ်။ သင်္ချိုင်းဂူ​ထဲမှာ ရုပ်​အလောင်း မရှိတော့​ဘူးကွဲ့။

ဒီသင်္ချိုင်းဂူ​ထဲမှာ ယေရှုရဲ့​အလောင်း ဘာကြောင့် မရှိတော့​တာလဲ။ ဘာများ ဖြစ်ခဲ့​လို့​လဲ

ဟုတ်​ပါတယ်၊ နောက်ပိုင်းမှာ တမန်တော်​ပေတရု ပြောခဲ့သလို​ပါပဲ “အဲဒီ​ယေရှုကို ဘုရားသခင် ရှင်ပြန်ထမြောက်​စေပြီ။” (တမန်တော် ၂:၃၂) ဘုရားသခင်က ယေရှုကို ကမ္ဘာပေါ် မလာခင်​က ကိုယ်ခန္ဓာ​မျိုးနဲ့ ပြန်​အသက်ရှင်​စေခဲ့တယ်။ ယေရှုဟာ ကောင်းကင်တမန်တွေ​လို နာမ်ဝိညာဉ်​ခန္ဓာ​မျိုးနဲ့ ရှင်ပြန်ထမြောက်​ခဲ့​တယ်။ (၁ ပေတရု ၃:၁၈) ဒါကြောင့် ယေရှုကို လူတွေ မြင်နိုင်ဖို့​ဆိုရင် ယေရှုဟာ အသွေးအသား​ခန္ဓာ​ကို ယူ​ရမယ်။ ယေရှု အဲဒီလိုပဲ လုပ်ခဲ့သလား။— ကြည့်ရအောင်။

အခု နေ​ထွက်​လာပြီ။ အစောင့်​စစ်သည်တွေ​လည်း ပြန်​ကုန်​ကြပြီ။ မာဂဒလ မာရိနဲ့ ယေရှုရဲ့​တပည့် အမျိုးသမီးတွေ​က သင်္ချိုင်းဂူ​ကို သွား​နေကြ​တယ်။ “ကျောက်တုံး​ကို ဘယ်သူ လှိမ့်​ပေးမှာ​လဲ” ဆိုပြီး အချင်းချင်း ပြော​နေကြ​တယ်။ (မာကု ၁၆:၃) ဒါပေမဲ့ သင်္ချိုင်းဂူ​ကို ရောက်တော့ ကျောက်တုံး​ကြီး​ကို လှိမ့်ဖယ်​ထားမှန်း တွေ့​လိုက်ရတယ်။ ဂူ​ထဲမှာ​လည်း အလောင်း မရှိတော့ဘူး။ ယေရှုရဲ့ ရုပ်​အလောင်း​လည်း ပျောက်​သွားပြီ။ ဒါနဲ့ မာဂဒလ မာရိဟာ ချက်ချင်း ပြေး​ပြီး ယေရှုရဲ့ တမန်တော်တွေကို သွား​ရှာ​တော့​တယ်။

ကျန်တဲ့​အမျိုးသမီးတွေ​ကတော့ ဂူ​အနားမှာ နေရစ်​ကြတယ်။ ‘ယေရှုရဲ့​အလောင်း ဘယ်​ရောက်​သွားပါ​လိမ့်’ ဆိုပြီး သိချင်​နေကြ​တယ်။ တောက်ပတဲ့​ဝတ်ရုံ ဝတ်ဆင်​ထားသူ နှစ်ယောက် ဗြုန်းစားကြီး ပေါ်လာတယ်။ ကောင်းကင်တမန်တွေ​ပဲ​ပေါ့။ သူတို့က ‘ယေရှုကို ဘာလို့ ဒီမှာ လာ​ရှာ​ကြတာလဲ။ သူ အသက်ပြန်ရှင်​လာပြီ။ တပည့်​တွေကို အမြန်​သွား​ပြော​ကြ’ ဆိုပြီး ပြောတယ်။ အဲဒီ​အမျိုးသမီးတွေ ဘယ်လောက်​မြန်မြန် ပြေးကြ​မလဲ​ဆိုတာ စဉ်းစား​ကြည့်​တော့။ ခရီးတစ်ထောက်​မှာ လူတစ်ယောက်ကို တွေ့ကြတယ်။ ဘယ်သူ​လဲ သိသလား။—

အသွေးအသား​ခန္ဓာ ယူဆောင်​ထားတဲ့ ယေရှု​ပဲ​ပေါ့။ ယေရှုကလည်း ‘ကျွန်တော့် တပည့်​တွေကို သွား​ပြောလိုက်ပါ’ လို့​ပြောတယ်။ အဲဒီ​မိန်းမ​တွေ​က စိတ်လှုပ်ရှား​နေကြ​တယ်။ သူတို့က တပည့်​တွေကို သွား​ရှာပြီး ‘ယေရှု အသက်ရှင်​လာပြီ။ ကျွန်မတို့ တွေ့ခဲ့​တယ်’ လို့ ပြောပြ​ကြတယ်။ ဂူ​ထဲမှာ ဘာမှ​မရှိတော့တဲ့​အကြောင်း မာရိက ပေတရုနဲ့ ယောဟန်တို့ကို ပြောပြ​ထားပြီးပြီ။ ဒါကြောင့် သူတို့​ကိုယ်တိုင် သင်္ချိုင်းဂူ​ဆီ သွား​ကြည့်တာ​ကို ပုံ​မှာ မြင်နိုင်တယ်။ ယေရှု​ကိုယ်ကို​ပတ်​တဲ့ ပိတ်ထည်​တွေကို ကြည့်ပြီး သူတို့ တွေး​မရအောင် ဖြစ်နေတယ်။ ယေရှု အသက်ပြန်ရှင်​ပြီဆို​တာ​ကို ယုံချင်ပေမဲ့ အံ့သြစရာ​ကောင်း​လွန်း​လို့ မယုံနိုင်အောင် ဖြစ်နေကြတယ်။

ပေတရုနဲ့ ယောဟန် ဘာတွေ​စဉ်းစား​နေတာ ဖြစ်မလဲ

အဲဒီ​တနင်္ဂနွေ​နေ့မှာ ယေရှု​က ဧမောက်​ရွာကို ခရီးသွား​နေတဲ့ တပည့်​နှစ်ယောက်ကို ကိုယ်ထင်ပြ​တယ်။ ယေရှုဟာ အရင်က သွေးသား​ခန္ဓာကိုယ်​နဲ့ မဟုတ်တဲ့​အတွက် အတူ​လမ်းလျှောက်​ရင်း စကားပြော​သွား​ပေမဲ့ ယေရှု​မှန်း သူတို့ မသိကြဘူး။ သူတို့နဲ့အတူ အစာ​စားဖို့ ဆုတောင်းတဲ့အခါ​ကျ​မှ ယေရှု ဖြစ်မှန်း မှတ်မိ​ကြတော့တယ်။ တပည့်တွေဟာ ဝမ်းသာလွန်းလို့ မိုင်​အတော်​ဝေး​တဲ့ ဂျေရုဆလင်​မြို့ကို ချက်ချင်း ထ​ပြန်​ကြတယ်။ ဒီလို​ဖြစ်ပြီး မကြာခင်​လေးမှာ​ပဲ ယေရှု​က သူ​အသက်ရှင်​ပြီ ဆိုတာကို အသိ​ပေးဖို့ ပေတရု​ကို ကိုယ်ထင်ပြ​ခဲ့​တယ်။

အဲဒီ​တနင်္ဂနွေ​နေ့ ည​ဦး​ပိုင်း​မှာ တပည့်​အတော်များများဟာ အခန်း​တစ်ခန်း​မှာ အိမ်တံခါး​ပိတ်​ပြီး စုဝေး​နေကြ​တယ်။ ဗြုန်းကနဲ သူတို့​အလယ်မှာ ယေရှု ရောက်လာတယ်။ အခုတော့ ကြီးမြတ်တဲ့​ဆရာ တကယ် အသက်ပြန်ရှင်​ပြီဆို​တာ သိသွား​ကြပြီ။ သူတို့ ဘယ်လောက် ပျော်လိုက်မလဲ မြင်ယောင်​ကြည့်ပါ။—မဿဲ ၂၈:၁-၁၅။ လုကာ ၂၄:၁-၄၉။ ယောဟန် ၁၉:၃၈–၂၀:၂၁

ရက်​ပေါင်း ၄၀ အတွင်း ယေရှုဟာ သူ​အသက်ရှင်​ပြီဆို​တာ​ကို ကိုယ်ခန္ဓာ​အမျိုးမျိုးနဲ့ တပည့်​တွေကို ကိုယ်ထင်ပြ​တယ်။ အဲဒီနောက် ကမ္ဘာ​ကနေ ထွက်ခွာ​ပြီး ကောင်းကင်ဘုံမှာ​ရှိတဲ့ ဖခင်​ဆီ​ကို ပြန်​သွားတယ်။ (တမန်တော် ၁:၉-၁၁) ချက်ချင်းပဲ တပည့်တွေလည်း ယေရှုကို ဘုရားသခင် ထမြောက်​စေပြီ​ဆိုတဲ့​အကြောင်း လူတိုင်းကို လိုက်​ပြောပြတယ်။ ပုရောဟိတ်တွေ​က သူတို့ကို ရိုက်တယ်၊ တချို့ကို သတ်ပစ်​တဲ့​အထိပဲ။ ဒါတောင်မှ သူတို့ ဆက်​ဟော​ကြတယ်။ သေသွား​ရင်​လည်း ဘုရားသခင်က ယေရှုကို သတိရသလို သူတို့ကိုလည်း သတိရ​မယ်​ဆိုတာ သိကြတယ်။

ယေရှု ရှင်ပြန်ထမြောက်​တဲ့ နှစ်ပတ်လည် အခါသမယ​မှာ လူအများ​က ဘာ​အကြောင်းကို စဉ်းစား​ကြသလဲ။ ကလေးတို့​ကော ဘာ​အကြောင်း စဉ်းစားသလဲ

ယေရှုရဲ့ အစောပိုင်း တပည့်တွေဟာ အခုခေတ် လူအများ​နဲ့ ဘယ်လောက်တောင် ကွာ​လိုက်သလဲ။ အခုခေတ် လူတွေက ယေရှု ရှင်ပြန်ထမြောက်​တဲ့ နှစ်ပတ်လည် အခါသမယ​မှာ အီစတာ ယုန်​လေး​တွေ၊ အီစတာ ကြက်​ဥ​တွေ​လောက်သာ စိတ်ဝင်စားကြ​တယ်။ ဒါပေမဲ့ ကျမ်းစာထဲမှာ အီစတာ ယုန်​ကလေးနဲ့ ကြက်​ဥ​တွေ​အကြောင်း ဘာမှ မပြော​ထားဘူး။ ဘုရားသခင်ကို ဝတ်ပြုဖို့​အကြောင်း​ပဲ ရေးထားတယ်။

တို့တစ်တွေလည်း ယေရှုရဲ့ တပည့်​တွေကို အတုယူ​နိုင်တယ်။ ယေရှုကို ဘုရားသခင် ရှင်ပြန်ထမြောက်​စေတဲ့​အခါ အံ့သြစရာ လုပ်ခဲ့တဲ့​အကြောင်း လူတွေကို ပြောပြ နိုင်တယ်။ သတ်​မယ်​လို့ ပြော​ကြ​ရင်​လည်း ကြောက်စရာ​မလိုဘူး။ သေသွား​ရင်​လည်း တို့တစ်တွေကို ယေဟောဝါ သတိ​ရပြီး ရှင်ပြန်ထမြောက်​စေမှာ​ပါ၊ ယေရှုကို ရှင်ပြန်​ထမြောက်​စေခဲ့သလိုပဲ​ပေါ့။

ဘုရားသခင်ဟာ သူ့ကို​ဝတ်ပြုတဲ့​သူတွေကို သတိရ​တဲ့​အပြင် သေ​ရာ​ကနေ​တောင် အသက်ပြန်ရှင်​စေမယ်​ဆိုတာ သိရ​တော့ ဝမ်းမသာ​ဘူး​လား။— ဒါတွေကို သိထားတော့ ဘုရားသခင် စိတ်ပျော်​အောင် ဘယ်လို လုပ်ရမလဲ​ဆိုတာ သိချင်စိတ် ဖြစ်ပေါ်သင့်တယ်။ ဘုရားသခင် စိတ်ပျော်​အောင် တို့တစ်တွေ တကယ် လုပ်နိုင်​တယ်လို့​ကော ထင်သလား။— ဒီ​အကြောင်းကို နောက်​အခန်းကျ​မှ ပြောကြရအောင်။

ယေရှု ရှင်ပြန်ထမြောက်​တာ​ကို ယုံရင် တို့တစ်တွေရဲ့ မျှော်လင့်ခြင်း​နဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့​စေနိုင်တယ်။ တမန်တော် ၂:၂၂-၃၆။ ၄:၁၈-၂၀။ ၁ ကောရိန္သု ၁၅:၃-၈၊ ၂၀-၂၃ တို့ကို ဖတ်ပါ။