အခန်း ၆
ကြီးမြတ်တဲ့ဆရာ သူတစ်ပါးအကျိုး ဆောင်ခဲ့တယ်
တစ်ယောက်ယောက်က ကလေးတို့အတွက် ကောင်းတာတစ်ခုခု လုပ်ပေးရင် ကြိုက်သလား။— ကောင်းတာတစ်ခုခု လုပ်ပေးရင် တခြားလူတွေလည်း ကြိုက်ကြတာပါပဲ။ တို့အားလုံး ကြိုက်ကြတယ်။ ဒါကို ကြီးမြတ်တဲ့ဆရာက သိထားလို့ လူတွေအတွက် ကောင်းတာတွေ အမြဲလုပ်ပေးခဲ့တယ်။ ယေရှုက ‘သူတစ်ပါးကို စေခိုင်းဖို့ လာတာ မဟုတ်ဘူး။ သူတစ်ပါးအစေကို ခံဖို့ ရောက်လာတာ’ ဆိုပြီး ပြောခဲ့တယ်။—မဿဲ ၂၀:၂၈။
ဒါကြောင့် ကြီးမြတ်တဲ့ဆရာနဲ့ တူချင်ရင် ဘာလုပ်ရမလဲ။— သူတစ်ပါးအကျိုး ဆောင်ရမယ်။ သူတို့အတွက် ကောင်းမှု ပြုရမယ်။ လူအများ အဲဒီလို မလုပ်ကြတာ မှန်တယ်။ အမှန်ပြောရရင် ကိုယ့်အတွက် လုပ်ပေးတာကိုပဲ လူတွေ အမြဲလိုချင်ကြတယ်။ တစ်ခါတုန်းက ယေရှုရဲ့ နောက်လိုက်တွေတောင်မှ အဲဒီလိုစိတ်မျိုး ရှိခဲ့ကြတယ်။ တစ်ယောက်စီဟာ အကြီးမြတ်ဆုံး၊ အရေးပါဆုံး ဖြစ်ချင်ကြတယ်။
တစ်နေ့ ယေရှုဟာ တပည့်နောက်လိုက်တွေနဲ့ ခရီးသွားနေတယ်။ ဂါလိလဲအိုင်နားက ကပေရနောင်မြို့ကို ရောက်တော့ အိမ်တစ်အိမ်ထဲ ဝင်သွားတယ်။ အိမ်ထဲ ရောက်တော့ ယေရှုက “ခင်ဗျားတို့ လမ်းမှာ ဘာတွေ ငြင်းခုံနေကြတာလဲ” ဆိုပြီး သူတို့ကို မေးတယ်။ သူတို့ တိတ်တိတ်လေး နေကြတယ်ကွဲ့။ ဘာကြောင့်လဲဆိုတော့ ဘယ်သူ ပိုကြီးမြတ်သလဲဆိုတာ လမ်းမှာ ငြင်းခုံခဲ့ကြလို့လေ။—မာကု ၉:၃၃၊ ၃၄။
ဒီစာအုပ်ရဲ့ ပထမအခန်းတုန်းက သိခဲ့ရတဲ့အတိုင်း ယေရှုက ကလေးတစ်ယောက်ကို သူတို့အလယ်မှာ ရပ်ခိုင်းပြီးတော့ တပည့်တွေကို ဒီကလေးလို စိတ်နှိမ့်ချရမယ်လို့ ပြောခဲ့တာပေါ့ကွယ်။ ဒါပေမဲ့ သူတို့ မသင်ယူခဲ့ကြဘူး။ ဒါကြောင့် ယေရှု မသေဆုံးခင်လေးမှာ တပည့်တွေ ဘယ်တော့မှ မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုကို သင်ပေးခဲ့တယ်။ ယေရှု ဘာလုပ်ခဲ့သလဲ။—
တပည့်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အကြီးမြတ်ဆုံး ဖြစ်တယ်လို့ ထင်နေကြတာ မသင့်တော်မှန်း ယေရှု သိတယ်။ ဒါကြောင့်အားလုံး အစာစားနေတဲ့အချိန်မှာ ယေရှု စားပွဲက ထပြီး ဝတ်ရုံကို ချွတ်လိုက်တယ်။ ပဝါ ယူပြီး ခါးမှာ စည်းလိုက်တယ်။ ပြီးတော့ ဇလုံ ယူပြီး ရေထည့်တယ်။ ယေရှု ဘာလုပ်မလို့လဲဆိုတာ တပည့်တွေ သိချင်ကြမှာပဲ။ သူတို့ ကြည့်နေတုန်းမှာပဲ ယေရှုက သူတို့အနားကို သွားပြီး ခြေထောက်ကို ဆေးပေးတယ်။ ပြီးတော့ ပဝါနဲ့ သုတ်ပေးတယ်။ ကဲ၊ စဉ်းစားကြည့်။ ကလေးတို့သာ အဲဒီမှာရှိနေမယ်ဆိုရင် ဘယ်လို ခံစားရမလဲ။—
ယေရှုရဲ့ နောက်လိုက်တွေက ကြီးမြတ်တဲ့ဆရာအနေနဲ့ သူတို့အတွက် ဒီလိုလုပ်ပေးတာဟာ မသင့်တော်ဘူးလို့ ယူဆကြတယ်။ နေရခက်ကြတာပေါ့။ အောက်ကျနောက်ကျတဲ့ ဒီအလုပ်မျိုး ယေရှု လုပ်ပေးတာကို ပေတရုက လက်မခံချင်ဘူး။ ဒါပေမဲ့ ယေရှုက ဒီလိုလုပ်ဖို့ အရေးကြီးတယ်လို့ ဆိုတယ်။
အခုခေတ်မှာ တစ်ယောက်ကို တစ်ယောက် ခြေဆေးပေးတဲ့ အလေ့အထမျိုး မရှိဘူး။ ဒါပေမဲ့ ယေရှု ကမ္ဘာပေါ်မှာ ရှိတုန်းက ဒီလိုထုံးစံ ရှိတယ်၊ ဘာကြောင့်လဲ၊ သိလား။— ယေရှုနဲ့ နောက်လိုက်တွေ နေထိုင်တဲ့ပြည်မှာ ခြေစွပ်မဝတ်ဘဲ ကြိုးသိုင်းဖိနပ်တွေ စီးကြတယ်။ ဖုန်ထူတဲ့လမ်းပေါ်မှာ သွားလာတဲ့အခါ ခြေထောက်မှာ ဖုန်အလိမ်းလိမ်း ကပ်ပါလာတာပေါ့။ ကိုယ့်အိမ် အလည်လာတဲ့ လူတစ်ယောက်ရဲ့ ခြေထောက်ကို ဆေးပေးတာဟာ ကျေးဇူးပြုခြင်း တစ်မျိုးပါပဲ။
ဒါပေမဲ့ ဒီတစ်ခါတော့ ယေရှုရဲ့ တပည့် တစ်ယောက်ကမှ တခြားလူတွေရဲ့ ခြေကို မဆေးပေးကြဘူး။ ဒါနဲ့ ယေရှုကိုယ်တိုင် ထလုပ်ရတာပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် နောက်လိုက်တွေကို အရေးကြီးတဲ့ သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်။ ဒီသင်ခန်းစာကို သူတို့ ယူဖို့ လိုနေတယ်။ ဒီနေ့ တို့တစ်တွေလည်း ဒီသင်ခန်းစာ ယူဖို့ လိုတယ်။
ဘာသင်ခန်းစာလဲ၊ သိသလား။— ယေရှု အပေါ်ဝတ်ရုံ ပြန်ဝတ်၊ စားပွဲနားက သူ့နေရာမှာ ပြန်ထိုင်ပြီးတဲ့နောက် ဒီလိုရှင်းပြတယ်– “ကျွန်တော် ဘာလို့ ဒီလိုလုပ်တယ်ဆိုတာ နားလည်ကြသလား။ ကျွန်တော့်ကို ‘ဆရာ၊’ ‘သခင်’ ဆိုပြီး ခင်ဗျားတို့ ခေါ်တယ်။ ခေါ်တဲ့အတိုင်း ဟုတ်နေတော့ ခင်ဗျားတို့ အဲဒီလိုခေါ်တာ မမှားပါဘူး။ သခင်လည်း ဖြစ်၊ ဆရာလည်း ဖြစ်တဲ့ ကျွန်တော်တောင်မှ ခင်ဗျားတို့ရဲ့ ခြေကို ဆေးပေးတယ်ဆိုရင် ခင်ဗျားတို့လည်း အချင်းချင်းရဲ့ ခြေကို ဆေးပေးရမယ်။”—ဒီနေရာမှာ ကြီးမြတ်တဲ့ဆရာက နောက်လိုက်တွေ အချင်းချင်းရဲ့ အကျိုးကို ဆောင်ပေးစေချင်တယ်ဆိုတာ သင်ပေးနေတာလေ။ ကိုယ်ကျိုးအတွက်ပဲ မစဉ်းစားစေချင်ဘူး။ သိပ်အရေးပါတဲ့သူဖြစ်လို့ ကိုယ့်ကို လူတွေ အမြဲအကျိုးဆောင်ပေးရမယ်ဆိုတဲ့ အတွေးမျိုး မရှိစေချင်ဘူး။ သူတစ်ပါးအတွက် လိုလိုလားလားနဲ့ အကျိုးဆောင်ပေးချင်စိတ် ရှိစေချင်တယ်။
ဒါဟာ ကောင်းတဲ့သင်ခန်းစာပဲ မဟုတ်လား။— ကလေးတို့လည်း ကြီးမြတ်တဲ့ဆရာလို သူတစ်ပါးအတွက် အကျိုးဆောင်ပေးချင်သလား။— တို့အားလုံး သူတစ်ပါးအတွက် လုပ်ဆောင်ပေးနိုင်တယ်။ ဒါဆိုရင် သူတို့ ပျော်ကြမယ်။ ဒါပေမဲ့ အဓိကတော့ ယေရှုနဲ့ ယေရှုရဲ့ ဖေဖေတို့ ပျော်ကြမှာကွဲ့။
သူများအကျိုး ဆောင်ပေးရတာ ဘာမှ မခက်ဘူး။ သတိထားကြည့်ရင် သူများအတွက် လုပ်ပေးစရာတွေ အများကြီး တွေ့ရလိမ့်မယ်။ အခုကိုပဲ စဉ်းစားကြည့်– ကလေးတို့ မေမေအတွက် ဘာကူလုပ်ပေးနိုင်သလဲ။ ကလေးတို့အတွက်၊ တစ်အိမ်သားလုံးအတွက် မေမေ အလုပ်ဘယ်လောက်များမှန်း ကလေးတို့ သိကြတယ်။ မေမေ့ကို ကူညီပေးနိုင်မလား။— မေမေ့ကို မေးကြည့်ပါလား။
မိသားစု ထမင်းစားခါနီးမှာ ထမင်းပွဲ ဝိုင်းပြင်ပေးနိုင်တယ်။ စားပြီးတဲ့အခါ ပန်းကန်တွေ သိမ်းပေးနိုင်တယ်။ တချို့ကလေးတွေဆိုရင် နေ့တိုင်း အမှိုက်သွန်ပေးကြတယ်။ ဘာပဲ လုပ်ရလုပ်ရ ယေရှု လုပ်ခဲ့သလို သူတစ်ပါးအတွက် အကျိုးဆောင်နေတာပဲကွဲ့။
ကလေးတို့ အကျိုးဆောင်ပေးနိုင်တဲ့ ညီလေး၊ ညီမလေးတွေ ရှိသလား။ ကြီးမြတ်တဲ့ဆရာ ယေရှုဟာ နောက်လိုက်တွေအတွက်တောင် အကျိုးဆောင်ပေးခဲ့တာကို သတိရပါ။ ကလေးတို့ရဲ့ ညီလေး၊ ညီမလေးတွေအတွက် တစ်ခုခု လုပ်ပေးရင် ယေရှုကို အတုယူရာ ကျတာပေါ့။ သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲ။— ကစားစရာတွေကို ကစားပြီးရင် သူ့
နေရာနဲ့သူ ပြန်ထားဖို့ သင်ပေးနိုင်တယ်။ အဝတ် ကူဝတ်ပေးနိုင်တယ်။ အိပ်ရာ သိမ်းပေးနိုင်တယ်။ သူတို့အတွက် လုပ်ပေးနိုင်တာ တခြား ဘာရှိသေးသလဲဆိုတာ စဉ်းစားလို့ ရသလား။— ဒါဆိုရင် သူတို့လေးတွေ မင်းတို့ကို ချစ်ခင်လာမယ်၊ ယေရှုကို သူ့နောက်လိုက်တွေ ချစ်ခင်သလိုပေါ့။ကျောင်းမှာလည်း သူတစ်ပါးအကျိုး ဆောင်ပေးနိုင်တယ်။ အတန်းဖော်တို့၊ ဆရာဆရာမတို့အတွက် အကျိုးဆောင်ပေးနိုင်တယ်။ တစ်ယောက်ယောက်ရဲ့ စာအုပ်တွေ အောက်ကျသွားတဲ့အခါ ဝိုင်းကောက်ပေးရင် ကြင်နာမှု ပြရာရောက်တယ်။ ဆရာအတွက် သင်ပုန်း ဖျက်ပေးနိုင်တယ်၊ ဒါမှမဟုတ် တစ်ခုခု လုပ်ပေးနိုင်တယ်။ တစ်ယောက်ယောက်အတွက် တံခါးဖွင့်ပြီး ကိုင်ထားပေးတာလည်း ကြင်နာတဲ့လုပ်ရပ်ပဲ။
တစ်ခါတလေ လူတွေက အကျိုးဆောင်ပေးတာကို ကျေးဇူးမတင်တတ်ကြဘူး။ ဒီအတွက်နဲ့ ကောင်းတဲ့အလုပ်ကို ရပ်လိုက်ရတော့မလား။— မရပ်သင့်ဘူးကွဲ့။ လူအများက ယေရှု လုပ်ဆောင်ပေးခဲ့တဲ့ ကောင်းမှုတွေအတွက် ကျေးဇူးမတင်ကြဘူးကွဲ့။ ဒါပေမဲ့ ယေရှုဟာ ကောင်းမှုတွေ မလုပ်ဘဲ မနေဘူး။
ဒါကြောင့် သူတစ်ပါးအကျိုး ဆောင်ပေးဖို့ ဘယ်တော့မှ မတွန့်ဆုတ်ပါနဲ့။ ကြီးမြတ်တဲ့ဆရာ ယေရှုကို သတိရပြီး သူ့ရဲ့စံနမူနာအတိုင်း လိုက်နိုင်အောင် အမြဲကြိုးစားကြရအောင်။
သူတစ်ပါးကို ကူညီခြင်းနဲ့ပတ်သက်ပြီး ပညာအလိမ္မာ ၃:၂၇၊ ၂၈။ ရောမ ၁၅:၁၊ ၂။ ဂလာတိ ၆:၂ တို့ကိုလည်း ဖတ်ပါ