မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၉

သွေးဆောင်မှုတွေကို တွန်းလှန်ရမယ်

သွေးဆောင်မှုတွေကို တွန်းလှန်ရမယ်

တစ်ယောက်ယောက်​က မကောင်းတာ​လုပ်ဖို့ ကလေးတို့​ကို ဆွယ်​ဖူး​သ​လား။— သတ္တိ​ရှိရင် လုပ်ပါ​လား​ဆို​ပြီး မခံ​ချင်​အောင် ပြော​ဖူးသလား။ သူ​ပြောတဲ့​အတိုင်း လုပ်ရင် ပျော်စရာ​ကောင်း​မယ်၊ ဘာမှ မမှား​ပါ​ဘူးလို့ ပြော​ဖူးသလား။— တစ်ယောက်ယောက်​က အဲဒီလို ပြော​လာ​ရင် သွေးဆောင်​နေတာ​ပဲ။

အဲဒီလို သွေးဆောင်​ရင် ဘာ​လုပ်​ရ​မ​လဲ။ အလျှော့ပေး​ပြီး အမှား လုပ်​ရ​မလား။— အမှား လုပ်လိုက်​ရင် ယေ​ဟော​ဝါ​ဘုရား ကြိုက်​မှာ မဟုတ်​ဘူးကွဲ့။ ဒါပေမဲ့ ဘယ်သူ ပျော်​မ​လဲ၊ သိလား။— ဟုတ်​တယ်၊ စာတန်​မာရ်နတ် ပျော်​မှာ​ပေါ့။

စာတန်​ဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်သလို တို့အားလုံး​ရဲ့ ရန်သူ​လည်း ဖြစ်တယ်။ သူ​ဟာ နာမ်​ဝိညာဉ် ​ဖြစ်လို့ မမြင်​ရ​ဘူး။ သူကျတော့ တို့​ကို မြင်ရတယ်။ တစ်နေ့၊ မာရ်နတ်​က ကြီးမြတ်​တဲ့​ဆရာ ယေရှုကို စကား​လာ​ပြောတယ်၊ ယေရှုကို သွေးဆောင်​ဖို့​ပေါ့။ ဒါနဲ့ ယေရှု ဘာလုပ်ခဲ့သလဲ​ဆို​တာ ကြည့်ရ​အောင်။ ဒါမှလည်း တို့​ကိုယ်တိုင် သွေးဆောင်​ခံရတဲ့​အခါ ဘာလုပ်​ရမယ်​ဆို​တာ သိနိုင်မှာ။

နှစ်ခြင်းခံ​တဲ့အခါ​မှာ ယေရှု ဘာကို သတိ​ရလာသလဲ

ယေရှုဟာ ဘုရား​အလိုတော်ကို အမြဲတမ်း ဆောင်ရွက်​ချင်​တယ်။ ဂျော်ဒန်​မြစ်​မှာ နှစ်ခြင်းခံ​ခြင်းအားဖြင့် အဲဒီသဘော​ကို ပွင့်ပွင့်လင်းလင်း ပြသ​ခဲ့​တယ်။ နှစ်ခြင်းခံ​ပြီး​ပြီး​ချင်း ယေရှုကို စာတန်​က သွေးဆောင်​ဖို့ ကြိုးစား​ခဲ့​တယ်။ ယေရှု​အတွက် ‘ကောင်းကင် ပွင့်​လာတယ်’ လို့ ကျမ်းစာ ဆို​တယ်။ (မဿဲ ၃:၁၆) အဲဒီ​အချက်ကို ထောက်​ရင် ကောင်းကင်ဘုံမှာ ဘုရားသခင်​နဲ့ အတူ​နေခဲ့တဲ့ အရင်​အသက်တာကို ယေရှု စပြီး သတိရ​လာပြီ​လို့ ပြော​နိုင်တယ်။

နှစ်ခြင်းခံ​ပြီး​တာ​နဲ့ ယေရှုဟာ သတိရ​လာတာ​တွေကို တွေးတော​ဖို့ တောကန္တာရ​ထဲ သွားတယ်။ ရက်​ပေါင်း လေးဆယ် နေ​တယ်။ အဲဒီ​အတောအတွင်း ယေရှု ဘာမှ မစား​ဘူး။ ဒီတော့ အခု သိပ်​ဆာ​နေ​ပြီ​ပေါ့။ ​ဒီ​အချိန်​မှာ​ပဲ ယေရှုကို သွေးဆောင်​ဖို့ စာတန် ကြိုးစား​လာတယ်။

မာရ်နတ်​က “မင်း ဘုရားသခင်ရဲ့သား မှန်​ရင် ဒီ​ကျောက်ခဲ​တွေကို မုန့်​ဖြစ်စေ​လို့ အမိန့်ပေး​လိုက်​လေ” ဆို​ပြီး ပြောတယ်။ မုန့်​ဖြစ်လာ​ရင် ဘယ်လောက် စားကောင်း​လိုက်မလဲ​နော်။ ဒါပေမဲ့ ယေရှုဟာ ကျောက်ခဲ​ကို မုန့်​ဖြစ်အောင် လုပ်နိုင်​ပါ့​မလား။— လုပ်နိုင်တာ​ပေါ့။ ဘုရားသားတော် ယေရှု​မှာ ထူးခြားတဲ့​တန်ခိုး ရှိတယ်​လေ။

မာရ်နတ်​က ကျောက်ခဲ​ကို သုံးပြီး ယေရှုကို ဘယ်လို သွေးဆောင်သလဲ

မာရ်နတ်​က ခိုင်း​ရင် ကလေးတို့ ကျောက်ခဲ​ကို မုန့်​ဖြစ်အောင် လုပ်​မလား။— ယေရှုဟာ အဲဒီ​အချိန်မှာ ဆာ​နေတယ်။ ဒီတော့ တစ်ခါ​လောက် လုပ်ရင် မှား​မလား။— ယေရှုဟာ သူ့ရဲ့​တန်ခိုး​တွေကို အဲဒီလို သုံး​ရင် မှား​မှန်း သိတယ်။ အဲဒီ​တန်ခိုး​တွေ ယေ​ဟော​ဝါ ပေး​ထားတာဟာ ကိုယ်ကျိုး​အတွက် သုံး​ဖို့ မဟုတ်ဘူး၊ လူတွေကို ဘုရားသခင်​နဲ့ ရင်းနှီး​လာ​အောင် လုပ်တဲ့​နေရာမှာ သုံး​ဖို့ ဖြစ်တယ်။

ဒါကြောင့် ယေရှု​က စာတန် ခိုင်း​တဲ့​အတိုင်း မလုပ်ဘဲ “လူ​ဟာ အစားအစာ​နဲ့​ပဲ အသက်ရှင်​ရမှာ မဟုတ်ဘူး၊ ယေ​ဟော​ဝါ​ရဲ့ နှုတ်ထွက်​စကား ​မှန်သမျှ​နဲ့ အသက်ရှင်​ရမယ်” ဆို​ပြီး ကျမ်းစာမှာ ရေးထားတဲ့​အကြောင်း ပြန်​ပြော​လိုက်တယ်။ ယေရှု​အနေနဲ့ ယေ​ဟော​ဝါ နှစ်သက်တဲ့​အရာတွေကို လုပ်တာဟာ အစာစား​ရတာ​ထက် ပို​အရေးကြီး​တယ်​ဆိုတာ နားလည်​ထားတယ်။

ဒါပေမဲ့ မာရ်နတ်​က နောက်​တစ်ခါ ကြိုးစား​ပြန်​တယ်။ ယေရှုကို ဂျေရုဆလင်​မြို့ထဲ ခေါ်သွားတယ်။ ပြီးတော့ ဗိမာန်တော် ထိပ်ဖျား​မှာ ရပ်ခိုင်း​ပြီး ‘မင်း ဘုရားသခင်ရဲ့သား မှန်​ရင် ဒီကနေ ခုန်ချ​လိုက်ပါ​လား။ ကောင်းကင်တမန်တွေ​က လက်​နဲ့ ပင့်​ထား​မှာ​မို့ မင်း ကျောက်တုံး​နဲ့ ထိမိ​ခိုက်​မိ​မှာ မဟုတ်ဘူး’ ဆို​ပြီး ပြောတယ်။

စာတန်​က ဘာကြောင့် အဲဒီလို ပြောသလဲ။— ယေရှုကို မိုက်​ရူး​ရဲ​ဆန်​ဆန် လုပ်ဖို့ သွေးဆောင်​တာ​လေ။ ဒီ​တစ်ခါ​လည်း စာတန်ရဲ့​စကားကို ယေရှု နားမထောင်ဘူး။ “‘ယေ​ဟော​ဝါ​ဘုရားကို အကဲ​မ​စမ်း​ရ’ လို့​လည်း ကျမ်းစာမှာ ရေး​ထားတယ်” ဆို​ပြီး စာတန်ကို ပြန်​ပြော​လိုက်တယ်။ အသက်ကို ရင်း​ပြီး ယေ​ဟော​ဝါ​ကို အကဲစမ်း​တာ မှား​မှန်း ယေရှု သိတယ်။

ဒါတောင်မှ စာတန်​က လက်မလျှော့​သေး​ဘူး။ နောက်​တစ်ခါ​ကျ​တော့ ယေရှုကို အင်မတန် မြင့်​တဲ့ တောင်တစ်ခု​ပေါ် ခေါ်သွားတယ်။ ကမ္ဘာ​ပေါ်မှာ​ရှိတဲ့ တိုင်းနိုင်ငံ၊ အစိုးရ​အားလုံး​နဲ့ အဲဒီ​နိုင်ငံ​တွေ​ရဲ့ ဘုန်းစည်းစိမ်​တွေကို ပြ​တယ်။ ပြီးတော့ “ငါ့ကို တစ်ကြိမ်​ပဲ ရှိခိုး​ဦးချ​မယ်​ဆိုရင် ဒါတွေ​အားလုံး မင်းကို ပေးမယ်” ဆို​ပြီး ယေရှုကို ပြောတယ်။

မာရ်နတ် ကမ်းလှမ်း​တာ​ကို စဉ်းစား​ကြည့်။ ဒီ​တိုင်းနိုင်ငံ​တွေ၊ ဒါမှမဟုတ် ဒီ​အစိုးရ​တွေ အားလုံး​ကို စာတန် တကယ် ပိုင်သလား။— စာတန့်​ဥစ္စာ မဟုတ်ဘူးလို့ ယေရှု မငြင်း​ခဲ့​ဘူး။ တကယ်​လို့ စာတန့်​ဥစ္စာ မဟုတ်ဘူး​ဆို​ရင် ယေရှု ငြင်း​ခဲ့​မှာ​ပဲ။ ဟုတ်​ပါတယ်၊ စာတန်​ဟာ လောက​နိုင်ငံ​အားလုံးကို အုပ်စိုး​တဲ့​မင်း အစစ် ဖြစ်တယ်။ ကျမ်းစာက သူ့ကို “ဒီ​လောကရဲ့ မင်း” လို့​တောင် ခေါ်ထားတယ်။—ယောဟန် ၁၂:၃၁

ဒီ​တိုင်းနိုင်ငံ​တွေ​အားလုံးကို စာတန်​က ယေရှုကို ဘာကြောင့် ကမ်းလှမ်း​နိုင်တာလဲ

တကယ်​လို့ မာရ်နတ်​က ငါ့ကို ကိုးကွယ်​ရင် ဘာ​ပေးမယ်၊ ညာ​ပေးမယ်​ဆို​ပြီး ကတိ​တွေ ပေးလာ​ရင် ကလေးတို့ ဘာ​လုပ်ကြ​မ​လဲ။— ဘာ​ကြီး​ပဲ​ရ​ရ မာရ်နတ်ကို ကိုးကွယ်​တာ မှား​မှန်း ယေရှု သိတယ်။ ဒါကြောင့် ယေရှု​က ‘စာတန်၊ ထွက်သွား​စမ်း။ ယေ​ဟော​ဝါ​ဘုရားကိုပဲ ကိုးကွယ်​ရမယ်၊ ကိုယ်တော်​တစ်ပါးတည်း​ကို​ပဲ ဝတ်ပြု​ရမယ်လို့ ကျမ်းစာ ဆို​ထားတယ်’ ဆို​ပြီး ပြန်​ပြော​လိုက်တယ်။—မဿဲ ၄:၁-၁၀။ လုကာ ၄:၁-၁၃

ကလေးတို့ သွေးဆောင်​ခံရ​ရင် ဘာ​လုပ်မလဲ

တို့​တစ်​တွေ​လည်း သွေးဆောင်မှုတွေ ခံ​ရတာပဲ။ ဘာတွေလဲ သိလား။— ဥပမာတစ်ခု​ကို ကြည့်ပါ။ ကလေးတို့​မေမေ​က အချို​ပွဲ​အတွက် သိပ်​အရသာ​ရှိတဲ့​မုန့် လုပ်​ထားတယ် ဆို​ပါ​တော့။ ထမင်း​စားချိန် မတိုင်ခင် မုန့်​မစား​ရ​ဘူးလို့ မေမေ​က ပြော​ထားမယ်။ ဒါပေမဲ့ ကလေးတို့ သိပ်ဆာနေမယ်။ အဲဒီတော့ သိပ်​စား​ချင်​မယ်။ ဒီလိုနဲ့ စား​ချင်တဲ့​စိတ်​က သွေးဆောင်​မှာ​ပဲ။ မေမေ့​စကားကို နားထောင်​မလား။— စာတန်​က​တော့ ကလေးတို့ နားထောင်​တာ​ကို လိုလား​မှာ မဟုတ်ဘူး။

ယေရှုကို ပြန်သတိရ​လိုက်ပါ။ သူ​လည်း သိပ်​ဆာ​ခဲ့​တာ​ပဲ။ ဒါပေမဲ့ ဘုရားသခင် နှစ်သက်​တာ​ကို လုပ်ဆောင်​တာ​ဟာ အစာ​စားတာ​ထက် ပို​အရေးကြီး​မှန်း ယေရှု သိတယ်။ ကလေးတို့​လည်း မေမေ ပြောတဲ့​အတိုင်း လိုက်လုပ်​ရင် ယေရှုနဲ့ တူတယ်​ဆို​တာ ပြ​တာ​ပဲ။

ကလေး​တချို့​က မင်း​တို့​ကို ဆေး​လုံး​တွေ သောက်​ခိုင်း​ရင် ခိုင်း​မယ်။ လုပ်ပါ၊ သိပ်​ပျော်စရာ ကောင်းတယ်​ဆို​ပြီး ပြော​လိမ့်မယ်။ ဒါပေမဲ့ ဒီ​ဆေး​လုံး​တွေ​ဟာ မူးယစ်​ဆေး​တွေ ဖြစ်ချင်​ဖြစ်နေ​မှာ။ အဲဒါ​တွေက အကြီးအကျယ် နေထိုင်​မကောင်း ဖြစ်စေ​နိုင်​ရုံ​မ​က သေ​တောင် သေစေ​နိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်​က မူးယစ်​ဆေး ​ပါတဲ့ စီးကရက်​ကို ပေး​ပြီး မ​သောက်​ရဲ​ဘူး​လား​ဆို​ပြီး မခံ​ချင်​အောင် ပြော​ရင် ပြောမယ်။ ကလေးတို့ ဘယ်လို လုပ်မလဲ။—

ယေရှုကို သတိရပါ။ စာတန်​က ယေရှုကို ဗိမာန်တော်​ပေါ်ကနေ သက်​စွန့်​ဆံ​ဖျား ခုန်​ချဖို့ သွေးဆောင်ခဲ့တယ်။ ဒါပေမဲ့ ယေရှု ခုန်​မချ​ခဲ့​ဘူး။ တစ်ယောက်ယောက်​က အန္တရာယ်​ရှိတာ​တစ်ခုကို သတ္တိ​ရှိရင် လုပ်ပါ​လား​လို့ စိန်ခေါ်​လာ​ရင် ကလေးတို့ ဘာ​လုပ်မလဲ။— ယေရှုဟာ စာတန်​ရဲ့​စကားကို နားမထောင်​ခဲ့​ဘူး။ ကလေးတို့​လည်း အမှား ​လုပ်ဖို့ အားပေးတဲ့ ဘယ်သူ့​စကားကို​မှ နားမယောင်သင့်​ဘူးကွဲ့။

ကိုးကွယ်​တဲ့​နေရာမှာ ရုပ်တု သုံး​တာ​ဟာ ဘာကြောင့် မှားသလဲ

ကျမ်းစာ တားမြစ်​ထားတဲ့ ရုပ်တု​ရှေ့မှာ ဦးချ​ရှိခိုး​ခိုင်း​တာ​မျိုး ကလေးတို့ တစ်နေ့​နေ့ ကြုံ​လာနိုင်တယ်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) ကျောင်းမှာ အခမ်းအနား​ပုံစံမျိုးနဲ့ ဖြစ်ချင်​ဖြစ်မယ်။ ခိုင်း​တဲ့​အတိုင်း မ​လုပ်ရင် ကျောင်း​ဆက်​တက်ခွင့် လုံးဝ မရှိဘူးလို့ ပြော​ရင်​လည်း ပြောမယ်။ ကလေးတို့ ဘယ်လို လုပ်မလဲ။—

လူတိုင်း မှန်​တာ​ကို လုပ်​နေတဲ့​အခါမှာ ကိုယ့်​အနေနဲ့ လိုက်လုပ်​ဖို့ လွယ်လွယ်​လေး​ပဲ။ ဒါပေမဲ့ လူတွေက မှားတာ ​လုပ်ဖို့ ကိုယ့်ကို ဆွယ်​တဲ့အခါ​ကျ​တော့ မှန်​တာ ​လုပ်ဖို့ တော်​တော်​ခက်​မယ်။ လူ​တွေ​က သူတို့​လုပ်နေတာဟာ သိပ်​ကြီး​လည်း မဆိုး​ပါ​ဘူးဆိုပြီး ပြော​ချင်​ပြောမယ်။ ဒါပေမဲ့ အရေးကြီးတဲ့ မေးခွန်း​က ဒီ​ကိစ္စ​မှာ ဘုရားသခင် ဘယ်လို ပြော​ထားသလဲ ဆို​တာ​ပါပဲ။ ဘုရားသခင်​က အသိဆုံး​ပဲ​လေ။

ဒါကြောင့် လူတွေ ဘာပဲ​ပြော​ပြော ဘုရားသခင်​က မှားတယ်လို့​ဆို​တဲ့ အလုပ်​မျိုး​ကို တို့​တစ်​တွေ ဘယ်တော့မှ မ​လုပ်သင့်​ဘူး။ ဒီ​နည်းနဲ့ ဘုရားသခင်ကို အမြဲတမ်း ပျော်ရွှင်​အောင် လုပ်​သွားမယ်။ မာရ်နတ် ဝမ်းသာအောင် ဘယ်တော့မှ လုပ်​မှာ မဟုတ်ဘူး။

မကောင်းတာ လုပ်ဖို့ သွေးဆောင်​တာ​ကို ဘယ်လို တွန်းလှန်​ရမယ်ဆိုတဲ့ ထပ်ဆင့် အကြောင်းအရာကို ဆာလံ ၁:၁၊ ၂။ ပညာအလိမ္မာ ၁:၁၀၊ ၁၁။ မဿဲ ၂၆:၄၁။ ၂ တိမောသေ ၂:၂၂ တို့​မှာ တွေ့နိုင်တယ်။