“ဒါ ဖြစ်ကိုမဖြစ်နိုင်ဘူး!”
နယူးယောက်မြို့မှ အမျိုးသားတစ်ဦးက ဤသို့ပြန်ပြောင်းပြောပြသည်– “ကျွန်တော့်သား ဂျော်နသန်ဟာ မိုင်အနည်းငယ်ကွာဝေးတဲ့ သူ့သူငယ် ချင်းတွေဆီကို အလည်သွားနေတယ်။ ကျွန်တော့်ဇနီး ဗယ်လင်တီးနားက အဲဒီနေရာသွားလည်တာကို မနှစ်သက်ဘူး။ သူမဟာ ယာဉ်အန္တရာယ်အတွက် စိတ်ထဲမှာအမြဲတမ်း တထင့်ထင့်ဖြစ်နေတယ်။ ဒါပေမဲ့ ဂျော်နသန်ဟာ အီလက်ထရောနစ်ဝါသနာထုံပြီး သူ့သူငယ်ချင်းတွေဆီမှာ သူလက်တွေ့လုပ်နိုင်တဲ့ အလုပ်ရုံတစ်ရုံရှိတယ်။ အဲဒီတုန်းကကျွန်တော်ဟာ နယူးယောက်မြို့၊ မန်ဟက်တန်ရပ်ကွက်ရှိနေအိမ်မှာ ရှိနေတယ်။ ကျွန်တော့်ဇနီးကတော့ ပြူတိုရီကိုမှာရှိတဲ့သူ့မိသားစုဆီကို အလည်အပတ်သွားနေတယ်။ ‘ဂျော်နသန် မကြာမီပြန်ရောက်လာမယ်’ လို့ ကျွန်တော်တွေးထင်ထားတယ်။ အဲဒီအချိန်မှာပဲ တံခါးခေါင်းလောင်းမြည်လာတယ်။ ‘ဒါသူပဲဖြစ်ရမယ်။’ ဒါပေမဲ့ သူမဟုတ်ဘူး။ ရဲနဲ့အရေးပေါ်ဆေးဝန်ထမ်းတွေ ဖြစ်နေတယ်။ ‘ဒီယာဉ်မောင်းလိုင်စင်ကို မှတ်မိသလား’ လို့ ရဲအရာရှိကမေးလိုက်တယ်။ ‘ဟုတ်ကဲ့ ကျွန်တော့်သားဂျော်နသန်ဟာပါ။’ ‘လူကြီးမင်းအတွက် စိတ်မချမ်းသာစရာသတင်း ယူဆောင်လာပါတယ်။ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားပြီး . . . လူကြီးမင်းရဲ့သား၊ . . . လူကြီးမင်းရဲ့သား သေဆုံးသွားပါတယ်။’ ကျွန်တော်ကြားကြားချင်း ဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုကတော့ ‘ဒါဖြစ်ကိုမဖြစ်နိုင်ဘူး’ ဆိုတာပါပဲ။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ အဲဒီအဖြစ်အပျက်ဟာ ကျွန်တော်တို့ရဲ့ အသည်းနှလုံးထဲမှာ ဒဏ်ရာဒဏ်ချက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့ပြီး နှစ်ပေါင်းများစွာကြာခဲ့ပေမဲ့ ဒီနေ့ထက်တိုင် ပျောက်ကင်းခြင်းမရှိသေးဘူး။”
ဘာစီလိုနားမြို့ (စပိန်နိုင်ငံ) မှ ဖခင်ဖြစ်သူတစ်ဦးက ဤသို့ရေးသားခဲ့သည်– “၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ကျွန်တော်တို့ဟာ စပိန်ပြည်မှာ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုတစ်စု ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော့်ဇနီးမာရီးယားနဲ့ သားသမီးသုံးယောက်ဖြစ်ကြတဲ့ ဒေးဗစ်၊ ဘာကီတိုနဲ့ အစ္စဘဲလာတို့ရှိခဲ့ကြတယ်။ သူတို့ဟာအသက် ၁၃ နှစ်၊ ၁၁ နှစ်နဲ့ ၉ နှစ်အသီးသီးရှိကြတယ်။
“၁၉၆၃ ခုနှစ်၊ မတ်လအတွင်းတစ်နေ့မှာ ဘာကီတိုဟာ ကျောင်းကပြန်လာတော့ ခေါင်းအကြီးအကျယ်ကိုက်တယ်လို့ ညည်းတယ်။ ဘာကြောင့်ခေါင်းကိုက်ရတာကို ကျွန်တော်တို့ ဝေခွဲမရအောင်ဖြစ်ကြတယ်—ဒါပေမဲ့ မကြာလိုက်ပါဘူး။ သုံးနာရီကြာပြီးနောက်မှာ သူ့ခမျာ အသက်ထွက်သွားရှာတယ်။ ဦးနှောက်သွေးကြောပြတ်လို့ ရုတ်တရက်သေဆုံးသွားတာပဲ ဖြစ်ပါတယ်။
“ဘာကီတိုဆုံးပါးသွားခဲ့တာ အနှစ် ၃၀ ကျော်ရှိပြီ။ သို့ပေမဲ့လည်း အဲဒီဆုံးပါးမှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ပြင်းထန်တဲ့စိတ်ထိခိုက်မှုကို ကနေ့ထက်တိုင် ခံစားနေရပါတယ်။ ကလေးတစ်ယောက်ဆုံးပါးတဲ့အခါ ကိုယ့်ရဲ့တစ်စိတ်တစ်ပိုင်း ဆုံးၡုံးသွားသလို မခံစားရတဲ့မိဘဆိုလို့ရှိမှာမဟုတ်ဘူး—အချိန်ဘယ်လောက်ပဲကြာကြာ၊ သားသမီးဘယ်လောက်ပဲရှိရှိ ဖြေဆည်နိုင်မှာမဟုတ်ဘူး။”
သားသမီးဆုံးပါးခြင်းနှင့်ပတ်သက်သော အထက်ပါတွေ့ ကြုံမှုနှစ်ခုအရ ကလေးတစ်ယောက်သေဆုံးသည့်အခါ ဖြစ်ပေါ်သည့်ဒဏ်ရာဒဏ်ချက်
သည် မည်မျှနက်ရှိုင်း၍ တာရှည်သည်ကို ရှင်းလင်းနားလည်စေသည်။ အောက်ပါအတိုင်းရေးသားခဲ့သည့် ဒဿနိကဗေဒပါရဂူတစ်ဦး၏ စကားများသည် အလွန်မှန်ကန်လှသည်– “ကလေးတစ်ယောက်ဆုံးပါးခြင်းသည် အသက်ကြီးသောသူတစ်ဦး ကွယ်လွန်သည်ထက် ပို၍ကြေကွဲဝမ်းနည်စရာကောင်းပြီး ပို၍လည်းစိတ်ထိခိုက်ကြရသည်။ အကြောင်းမှာ မိသားစုထဲမှကလေးကို အရင်သေဆုံးမည်ဟုမည်သူမျှ မျှော်လင့်မထားသောကြောင့်တည်း။ . . . ကလေးတစ်ယောက်ယောက်ဆုံးပါးခြင်းသည် အနာဂတ်စိတ်ကူးယဉ်အိပ်မက်လှလှလေးများ၊ ဆွေမျိုးတော်စပ်မှုများ [သား၊ ချွေးမ၊ မြေး]၊ . . . မကြုံဖူးသေးသည့်တွေ့ကြုံမှုများကို လက်လွှတ်ဆုံးၡုံးရသည်နှင့်မခြားပေ။” ကိုယ်ဝန်ပျက်ခြင်းကြောင့် ကလေးဆုံးပါးရသည့် အမျိုးသမီးများလည်း ဤကဲ့သို့ ကြီးမားသောဆုံးပါးမှုဝေဒနာမျိုး ခံစားနိုင်ဖွယ်ရှိသည်။ခင်ပွန်းသည်ဆုံးပါး၍ ပူဆွေးကြေကွဲကျန်ရစ်သူဇနီးသည်တစ်ဦးက ဤသို့ရှင်းပြသည်– “ကျွန်မရဲ့ခင်ပွန်းရပ်စယ်လ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်စစ်ဒေသမှာ ဆေးမှူးတစ်ဦးအဖြစ် အမှုထမ်းခဲ့တယ်။ သူဟာ ကြောက်မက်ဖွယ်ကောင်းတဲ့တိုက်ပွဲအချို့ကို တွေ့ကြုံဖြတ်သန်းခဲ့ရတယ်။ သူဟာ အမေရိကန်ပြည်ထောင်စုကို ပြန်လာပြီးနောက် ပိုပြီးအေးချမ်းတဲ့ဘဝနဲ့ နေထိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားသခင့်နှုတ်ကပါဌ်တရားတော်ဆိုင်ရာ ဓမ္မအမှုတော်ဆောင်အဖြစ် အမှုတော်ထမ်းဆောင်တယ်။ အသက် ၆၀ ကျော်လေးလောက်မှာ နှလုံးရောဂါလက္ခဏာပေါ်လာတယ်။ သူဟာ သွက်လက်လှုပ်ရှားတဲ့ဘဝမျိုးနဲ့ နေထိုင်ဖို့ကြိုးစားတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လရဲ့နေ့တစ်နေ့မှာ နှလုံးရုတ်တရက်ဖောက်ပြန်တဲ့ဝေဒနာ အပြင်းအထန်ခံစားပြီး ကွယ်လွန်သွားရှာတယ်။ သူဆုံးပါးသွားတဲ့အတွက် ကျွန်မမှာ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။ ကျွန်မဟာ သူ့ကိုနှုတ်ဆက်ခွင့်တောင် မရလိုက်ဘူး။ သူဟာ ကျွန်မရဲ့ချစ်လင်ဖြစ်ရုံမက အခင်မင်ရဆုံးမိတ်ကောင်းဆွေမွန်လည်း ဖြစ်တယ်။ ကျွန်မတို့ဟာ ဘဝကြင်ဖော်အဖြစ်နှစ်ပေါင်း ၄၀ ကြာ အတူပေါင်းသင်းခဲ့ကြတယ်။ ခုတော့ သာမန်မဟုတ်တဲ့ အထီးကျန်စိတ်ညှိုးငယ်ခြင်းကို ကျွန်မရင်ဆိုင်ရတော့မယ်နဲ့တူတယ်။”
အထက်ဖော်ပြပါတို့သည် ကမ္ဘာတစ်ဝန်းတွင် မိသားစုများကို နေ့စဉ်နှင့်အမျှ ထုထောင်းနှိပ်စက်လျက်ရှိသော ကြေကွဲဖွယ်ရာဖြစ်ရပ် အထောင်အသောင်းအနက်မှ အနည်းအကျဉ်းမျှသာဖြစ်ပါသည်။ ချစ်ရသူတစ်ဦးဆုံးပါး၍ ကြေကွဲဝမ်းနည်းဖြစ်နေသူအများ ပြောတတ်ကြသကဲ့သို့ သင့်ကလေး၊ သင့်ခင်ပွန်း၊ သင့်ဇနီး၊ သင့်မိဘ၊ သင့်မိတ်ဆွေကို သေမင်းခေါ်သွားသည့်အခါ သေခြင်းကို “နောက်ဆုံးသောရန်သူ” ဟု ခရစ်ယာန်ကျမ်းရေးသူပေါလု ခေါ်ဝေါ်ခဲ့သည့်အတိုင်း သင်သဘောတူလက်ခံပေလိမ့်မည်။ ချစ်ရသူတစ်ဦးသေဆုံးပြီဟူသော ထိတ်လန့်ဖွယ်သတင်းဆိုးကို ကြားလိုက်သည်နှင့် ပထမဆုံး သဘာဝအလျောက်ဖြစ်ပေါ်လာသည့် တုံ့ပြန်မှုမှာ “ဒါဖြစ်ကိုမဖြစ်နိုင်ဘူး! ငါလုံးဝမယုံဘူး” ဟူသောငြင်းဆိုသည့်သဘောပင်ဖြစ်သည်။ နောက်ပိုင်းတွင်ကျွန်ုပ်တို့ ဖတ်ရှုရမည့်အတိုင်း အခြားသောတုံ့ပြန်မှုများလည်း မကြာခဏဖြစ်ပေါ်တတ်ပေသည်။—၁ ကောရိန္သု ၁၅:၂၅၊ ၂၆။
သို့သော်လည်း ပူဆွေးသောကခံစားမှုများအကြောင်းကို စဉ်းစားဆင်ခြင်ခြင်းမပြုမီ အရေးကြီးသောမေးခွန်းအချို့ကို ဦးစွာအဖြေရှာကြပါစို့။ သေခြင်းသည် သေလွန်သူပုဂ္ဂိုလ်၏ ဆုံးခန်းဟူ၍ အဓိပ္ပာယ်သက်ရောက်သလော။ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတို့ကို တစ်ဖန်တွေ့ဆုံနိုင်သည့်မျှော်လင့်ချက် ရှိပါသလော။
မျှော်လင့်ချက်အစစ်တစ်ခုရှိ
ကျမ်းရေးသူပေါလုက ထို “နောက်ဆုံးသောရန်သူ” တည်းဟူသောသေခြင်းမှ ကယ်လွှတ်သည့်မျှော်လင့်ချက်ကို ကမ်းလှမ်းထားသည်။သူဤသို့ရေးသားခဲ့သည်– “သေမင်းသည် ဆုံးၡုံးခြင်းသို့ရောက်ရလတ္တံ့။” “နောက်ဆုံးနှိမ်နင်းရမည့်ရန်သူကား သေမင်းပင်ဖြစ်၏။” (၁ ကောရိန္သု ၁၅:၂၆၊ သတင်းကောင်း) ပေါလုကအဘယ်ကြောင့် သေချာပေါက်ပြောနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် သူသည် သေခြင်းမှထမြောက်တော်မူသောအရှင်၊ ယေရှုခရစ်၏သင်ကြားခြင်းကို ခံယူခဲ့ရသောကြောင့်တည်း။ (တမန်တော် ၉:၃-၁၉) ယင်းကြောင့်လည်း အောက်ပါအတိုင်း ပေါလုရေးသားနိုင်ခဲ့ခြင်းဖြစ်သည်– “လူတစ်ယောက် [အာဒံ] ကြောင့် သေခြင်းတရားဖြစ်ပေါ်လာသကဲ့သို့ လူတစ်ယောက် [ယေရှုခရစ်တော်] ကြောင့် လူသေတို့ရှင်ပြန်ထမြောက်ခြင်း ဖြစ်ပေါ်လာ၏။ လူအပေါင်းတို့သည် အာဒံအားဖြင့် သေကြရသကဲ့သို့ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် ရှင်ပြန်ကြရလိမ့်မည်။”—၁ ကောရိန္သု ၁၅:၂၁၊ ၂၂၊ ကဘ။
ယေရှုသည် နာဣနမြို့မှ မုဆိုးမတစ်ဦးနှင့်တွေ့ဆုံ၍ သူမ၏သေဆုံးနေသည့်သားကို မြင်လိုက်ရသည့်အခါ၌ အကြီးအကျယ် စိတ်ထိခိုက်တော်မူ၏။ သမ္မာကျမ်းစာမှတ်တမ်းက ဤသို့ဆို၏– “[နာဣန] မြို့တံခါးအနီးသို့ [ယေရှု] ရောက်သောအခါ မုဆိုးမ၌ တစ်ယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုဟ်ခြင်းငှာထွက်သွား၍ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။ သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍ ‘မငိုနှင့်’ ဟုမိန့်တော်မူလျက် အနီးသို့ကြွ၍ တလား [ထမ်းစင်] ကိုလက်နှင့်တို့တော်မူသဖြင့် ထမ်းသောသူတို့သည် ရပ်၍နေကြ၏။ ကိုယ်တော်ကလည်း ‘အချင်းလုလင်၊ထလော့! သင့်အားငါအမိန့်ရှိသည်’ ဟုမိန့်တော်မူလျှင် သေသောသူသည်ထိုင်၍ စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကိုမိခင်အား အပ်ပေးတော်မူ၏။ လူအပေါင်းတို့သည် ကြောက်ရွံ့ခြင်းသို့ရောက်၍ ‘ကြီးစွာသောပရောဖက်သည် ငါတို့တွင်ပေါ်ထွန်းပြီ။ ဘုရားသခင်သည် မိမိလူမျိုးလုကာ ၇:၁၂-၁၆။
ကို အကြည့်အရှုကြွလာတော်မူပြီ’ဟူ၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။” ယေရှုသည် သနားခြင်းစိတ်၏ နှိုးဆော်ခြင်းကို မည်သို့ခံရ၍ မုဆိုးမ၏သားကို ရှင်ပြန်ထမြောက်စေတော်မူကြောင်း မှတ်သားပါလေ! ထိုအဖြစ်အပျက်သည် အနာဂတ်အတွက် အဘယ်အတိတ်နိမိတ်ဆောင်ကြောင်း စိတ်ကူးစဉ်းစားကြည့်ပါလေ!—ထိုနေရာ၌ မျက်မြင်သက်သေများ ရှေ့မှောက်တွင် ယေရှုသည် မေ့နိုင်ဖွယ်မရှိသော ရှင်ပြန်ထမြောက်ခြင်းတစ်ခု ပြုလုပ်တော်မူ၏။ ဤသည်မှာရှင်ပြန်ထမြောက်ခြင်း၏ နမူနာတစ်ခုဖြစ်သည်။ ဤအဖြစ်အပျက်မတိုင်မီက “ကောင်းကင်သစ်တစ်ခု” အောက်ရှိမြေကြီးပေါ်တွင် အသက်ရှင်ပြန်ခြင်းတည်းဟူသော အနာဂတ်ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကိုယ်တော်တင်ကူးဟောပြောတော်မူခဲ့၏။ ထိုစဉ်က ယေရှုဤသို့မိန့်တော်မူ၏– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။”—ဗျာဒိတ် ၂၁:၁၊ ၃၊၄။ ယောဟန် ၅:၂၈၊ ၂၉။ ၂ ပေတရု ၃:၁၃။
ရှင်ပြန်ထမြောက်ခြင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသူတို့တွင် ယေရှုနှင့်အတူ ခရီးသွားခဲ့ကြသည့် တမန်တော် ၁၂ ပါးအနက်မှအချို့နှင့် ပေတရုတို့ ပါဝင်ကြသည်။ ဂါလိလဲအိုင်ကမ်းစပ်တွင် ရှင်ပြန်ထမြောက်တော်မူသည့်ယေရှု မိန့်ကြားသည်ကို သူတို့နားနှင့် ဆတ်ဆတ်ကြားခဲ့ကြသည်။ ကျမ်းစာမှတ်တမ်းကဤသို့ဆို၏– “ယေရှုကလည်း ‘လာ၍နံနက်စာကိုစားကြလော့’ ဟုမိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့်တော်တို့သည် သိကြသောကြောင့် ‘ကိုယ်တော်သည်အဘယ်သူနည်း’ ဟူ၍ တစ်စုံတစ်ယောက်မျှ မမေးမလျှောက်ဝံ့ကြ။ ယေရှုသည်လာ၍ မုန့်နှင့်ငါးကိုယူပြီးလျှင် သူတို့အားပေးတော်မူ၏။ ထိုပြတော်မူခြင်းကား ယေရှုသည်သေခြင်းမှ ထမြောက်တော်မူသည်နောက် တပည့်တော်တို့အား ကိုယ်ကိုသုံးကြိမ်မြောက်သော ပြတော်မူခြင်းဖြစ်သတည်း။”—ယောဟန် ၂၁:၁၂-၁၄။
ယင်းကြောင့် ပေတရုက ခိုင်မာသောယုံကြည်မှုအပြည့်ဖြင့် ဤသို့ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်– “အသက်ရှင်သောမျှော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှာ . . . ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် မဟာကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန်ဖြစ်ဘွားစေတော်မူသော ငါတို့အရှင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။”—၁ ပေတရု ၁:၃၊ သမ္မာ။
အောက်ပါအတိုင်း ပေါလုဆိုခဲ့ရာ၌ ထိုမျှော်လင့်ချက်ကို ယုံကြည်စိတ်ချကြောင်းပြသခဲ့သည်– “ပညတ္တိကျမ်း၊အနာဂတ္တိကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ သူတို့မျှော်လင့်သည်နည်းတူ အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။”—တမန်တော် ၂၄:၁၄၊ ၁၅။
ထို့ကြောင့် သန်းပေါင်းများစွာသောသူတို့အနေဖြင့် ၎င်းတို့ချစ်ခင်မြတ်နိုးသူတို့ ကမ္ဘာပေါ် အသက်ပြန်ရှင်လာကြမည်ကို တွေ့ရမည်ဟူသော ခိုင်မာသည်မျှော်လင့်ချက် ထားရှိနိုင်ကြသည်။ သို့သော်လည်း ယခုနှင့်အလွန့်အလွန်ကွာခြားသည့် အခြေအနေမျိုး၌ ၎င်းတို့ပြန်ရှင်လာကြမည်ဖြစ်သည်။ ထိုအချိန်တွင် အခြေအနေများ မည်သို့ရှိမည်နည်း။ ဆုံးပါးသွားသည့်ချစ်ရသူများအဖို့ ကျမ်းစာမျှော်လင့်ချက်အကြောင်းအသေးစိတ်ကို ဤဘရိုရှာ၏နောက်ဆုံးအပိုင်းဖြစ်သော “သေလွန်သူများအတွက် သေချာသောမျှော်လင့်ချက်” ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးပါလိမ့်မည်။
သို့သော် ချစ်ရသူတစ်ဦးဆုံးပါးသွားသဖြင့် အသင်ပူဆွေးဝမ်းနည်းနေပါက စိတ်ထဲ၌ဖြစ်ပေါ်လာနိုင်သည့် အောက်ပါမေးခွန်းများကို ဦးစွာစဉ်းစားဆင်ခြင်ကြပါစို့– ဤကဲ့သို့ ပူဆွေးသောကရောက်ရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာလော။ ပူဆွေးသောကနှင့် ကျွန်ုပ်မည်သို့စခန်းသွားရမည်နည်း။ နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ရန် တစ်ပါးသူများက မည်သို့အကူအညီပေးနိုင်သနည်း။ ပူဆွေးသောကရောက်နေသူတို့ကို ကျွန်ုပ်တို့မည်သို့ကူညီပေးနိုင်သနည်း။ အဓိကအားဖြင့် သေလွန်သူတို့အတွက် သေချာသောမျှော်လင့်ချက်အကြောင်း သမ္မာကျမ်းစာက မည်သို့ဆိုထားသနည်း။ ချစ်ခင်မြတ်နိုးရသူများနှင့် ပြန်လည်ဆုံစည်းခွင့်ရပါမည်လော။ မည်သည့်နေရာ၌နည်း။