ပူဆွေးသောကနှင့် ကျွန်ုပ်မည်သို့ စခန်းသွားရမည်နည်း
“ကိုယ့် ရဲ့ခံစားချက်တွေကို မျိုသိပ်ထားဖို့ ကျွန်တော်ဖိအားအများကြီး ပေးခံခဲ့ရတယ်” ဟူ၍ မိုက်ခ်က သူ့ဖခင်ကွယ်လွန်စဉ်က အဖြစ်အပျက်များကို သတိတရနှင့် ရှင်းပြသည်။ မိုက်ခ်အဖို့ရာမှာ ပူဆွေးဝမ်းနည်းမှုကို မျိုသိပ်ရသည်မှာ ယောက်ျားပီသသောအလုပ် ဖြစ်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မိမိမှားယွင်းခဲ့ကြောင်း သူသဘောပေါက်လာသည်။ သို့နှင့် မိုက်ခ်မိတ်ဆွေ၏ အဖိုးကွယ်လွန်ချိန်၌ ဘာလုပ်ရမည်ကို မိုက်ခ်သိခဲ့သည်။ ဤသို့သူပြောပြ၏– “လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကသာဆိုရင် ကျွန်တော်သူ့ပခုံးကိုပုတ်ပြီး ‘ယောက်ျားရင့်မကြီးလိုနေစမ်းပါ’ လို့ပြောမိမှာပဲ။ ဒါပေမဲ့ အခုတော့ သူ့လက်မောင်းကိုအသာအယာကိုင်ပြီး ‘ရင်ထဲမှာရှိတဲ့ခံစားချက်တွေကို သူ့သဘာဝအတိုင်း လွှတ်ပေးထားလိုက်ပါ။ ရင်ထဲမှာပေါ့ပြီး နေသာထိုင်သာရှိသွားပါလိမ့်မယ်။ ကျွန်တော့်ကို ထွက်သွားစေချင်ရင် ကျွန်တော်ထွက်သွားပါ့မယ်။ အနားမှာနေစေချင်တယ်ဆိုရင်လည်း နေပါ့မယ်။ ဒါပေမဲ့ ကိုယ့်ခံစားချက်တွေကို ထုတ်ဖော်ဖို့အတွက်တော့ ဘာမှမစိုးရိမ်ပါနဲ့’ လို့ပြောလိုက်ပါတယ်။”
မေရီအဲန်းသည်လည်း ခင်ပွန်းဖြစ်သူကွယ်လွန်စဉ်က သူမ၏ခံစားချက်များကို မျိုသိပ်ထားရန် ဖိအားပေးခံခဲ့ရသည်။ “သူများအတွက် ပုံနမူနာကောင်းဖြစ်ဖို့ပဲ ကျွန်မစိတ်ပူခဲ့တယ်။ ဒါကြောင့်မို့ သာမန်ခံစားချက်တွေကိုတောင် ကိုယ့်ကိုယ်ကိုအခွင့်မပေးခဲ့ဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူများအတွက်နဲ့ စိတ်မာအောင်ကြိုးစားတာဟာ ကိုယ့်အတွက်ဘာမှအကျိုးမရှိမှန်း နားလည်လာတယ်။ ဒါနဲ့ ကိုယ့်အခြေအနေကို ပြန်လည်ဆန်းစစ်ပြီးနောက် ‘ငိုစရာရှိ ငိုပစ်လိုက်။ သိပ်ပြီးစိတ်မာအောင် မကြိုးစားနဲ့။ ရင်ထဲပေါ့သွားအောင် ထုတ်ပစ်လိုက်ပါ’ လို့ပြောမိတယ်” ဟူ၍သူမက သတိတရနှင့်ပြန်ပြောပြသည်။
ထို့ကြောင့် မိုက်ခ်နှင့် မေရီအဲန်းတို့နှစ်ဦးစလုံးက မိမိကိုယ်ကို ပူဆွေးဝမ်းနည်းခွင့်ပေးပါ ဟူ၍အကြံပေးကြသည်။ သူတို့၏အကြံပေးချက် မှန်ကန်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ပူဆွေးဝမ်းနည်းခြင်းသည် စိတ်လှုပ်ရှားမှုအတွက် ထွက်ပေါက်ပေးသည့်နည်းလမ်းဖြစ်သည်။ သင့်ခံစားချက်များကို ထွက်ပေါက်ပေးလိုက်ခြင်းဖြင့် ခံနေရသည့်ဖိစီးမှုမှ သက်သာရာရနိုင်သည်။ နားလည်မှု၊ မှန်ကန်သောအသိပညာတို့နှင့် ပေါင်းစပ်၍ စိတ်လှုပ်ရှားမှုကို သဘာဝအတိုင်းထုတ်ဖော်မည်ဆိုပါက သင့်ခံစားချက်များကို အရှိအတိုင်း မှန်မှန်ကန်ကန်ရှုမြင်နိုင်အောင် အထောက်အကူပြုပေသည်။
ပူဆွေးဝမ်းနည်းမှုကို လူတိုင်းတစ်ပုံစံတည်း မထုတ်ဖော်ကြသည်မှာ မှန်ပါသည်။ ချစ်ခင်မြတ်နိုးရသူသည် ရုတ်တရက်ဆုံးပါးခြင်း၊ သို့တည်းမဟုတ် ကြာမြင့်စွာဖျားနာပြီးမှကွယ်လွန်ခြင်း ဟူသောအချက်များကလည်း ကျန်ရစ်သူတို့၏ စိတ်လှုပ်ရှားတုံ့ပြန်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်။ သို့သော် သေချာသည့်အချက်တစ်ချက်မှာ သင့်ခံစားမှုများကို ကြိတ်မှိတ်မျိုသိပ်ထားမည်ဆိုလျှင် ကာယပိုင်းရော စိတ္တပိုင်းပါ ထိခိုက်နစ်နာမှုဖြစ်နိုင်သည်။ ပူဆွေးဝမ်းနည်းမှုကို ထွက်ပေါက်ပေးခြင်းသည် ပို၍ကျန်းမာစေနိုင်သည်။ အဘယ်သို့အားဖြင့်နည်း။ သမ္မာကျမ်းစာ၌ လက်တွေ့ကျသောအကြံပြုချက်အချို့ ရှိပါသည်။
ပူဆွေးဝမ်းနည်းမှုကို ထွက်ပေါက်ပေးခြင်း —အဘယ်သို့အားဖြင့်နည်း
စကားပြောခြင်းသည် ထွက်ပေါက်ပေးသည့် နည်းကောင်းတစ်နည်း ဖြစ်နိုင်သည်။ သားသမီးဆယ်ယောက်စလုံး သေဆုံး၍ အခြားသောပုဂ္ဂိုလ်ရေး ကြေကွဲဖွယ်ဖြစ်ရပ်များ တွေ့ကြုံပြီးနောက် ရှေးဘိုးဘေးယောဘက ဤသို့ဆိုခဲ့၏– “ငါ့ဝိညာဉ်စိုးလ်သည် ကိုယ့်အသက်ကိုဧကန်မုချ စက်ဆုပ်ပါ၏။ ကိုယ့်စိုးရိမ်ပူပန်မှုကို ရင်ဖွင့် [ဟေဗြဲ၊ “လွှတ်”] ပါမည်။ စိတ်နာကြည်းစွာနှင့် ပြောဆိုပါမည်။” (ယောဘ ၁:၂၊ ၁၈၊ ၁၉။ ၁၀:၁၊ ကဘ) ယောဘသည် သူ၏စိုးရိမ်ပူပန်မှုကို ချုပ်တည်းမထားနိုင်တော့သဖြင့် “ပြောဆို” ရတော့သည်။ အလားတူစွာ ပြဇာတ်ရေးဆရာ ရှိတ်စပီးယားကလည်း Macbeth ပြဇာတ်တွင် ဤသို့ရေးသားခဲ့သည်– “ဝမ်းနည်းကြေကွဲမှုကိုမြွက်ဆိုပါ;ထုတ်ဖော်မပြောဘဲထားသည့် ပူဆွေးသောကသည် ဝန်ပိနေသောနှလုံးသားကို တီးတိုးတွတ်ထိုး၍ ကြေမွစေတတ်၏။”
ထို့ကြောင့် စိတ်ရှည်ရှည်နှင့် နားလည်စာနာစိတ်ဖြင့် နားထောင်ပေးမည့် ‘အဆွေခင်ပွန်းစစ်’ တစ်ဦးအား ရင်ဖွင့်ပြောဆိုမည်ဆိုပါက များစွာစိတ်သက်သာရာရနိုင်သည်။ (သု. ၁၇:၁၇) အတွေ့အကြုံများနှင့် ခံစားချက်များကို စကားအဖြစ် ထုတ်ဖော်လိုက်ခြင်းအားဖြင့် ယင်းတို့ကိုနားလည်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် ပို၍လွယ်ကူစေပါသည်။ အကယ်၍ နားထောင်ပေးသူသည် ချစ်ရသူဆုံးပါး၍ ပူဆွေးကြေကွဲမှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ပြီးသည့် ကျန်ရစ်သူတစ်ဦးဖြစ်ပါက သူ့ထံမှ ပြဿနာကိုင်တွယ်ဖြေရှင်းသည့် လက်တွေ့အကြံဉာဏ်အချို့ကို သင်ရရှိနိုင်ပေသည်။ မိခင်ဖြစ်သူတစ်ဦးက သူမကလေးဆုံးပါးခဲ့စဉ်က အလားတူဆုံးပါးမှုမျိုးကိုကြုံခဲ့သည့် အမျိုးသမီးနောက်တစ်ဦးအား ရင်ဖွင့်ပြာဆိုခြင်းဖြင့် မည်သို့အကျိုးရရှိခဲ့ကြောင်း ဤသို့ရှင်းပြသည်– “ဒီလိုအဖြစ်ဆိုးမျိုးကို သူများလည်းတွေ့ကြုံကြရတယ်၊ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ရင်ဆိုင်ခဲ့ကြတယ်၊ ပြီးတော့ ဒီနေ့ထက်ထိအသက်ရှင်လျက်ရှိကြပြီး ဘဝမှာပုံမှန်အခြေအနေအတိုင်း ပြန်ပြီးနေထိုင်နိုင်တာကိုသိရတာဟာ တကယ့်ကို အားတက်စရာ ကောင်းပါတယ်။”
မိမိ၏ခံစားချက်များကို သူတစ်ပါးအားပြောပြရန် ကသိကအောက်ဖြစ်နေပါက မည်သို့ပြုမည်နည်း။ ရှောလုနှင့်ယောနသန် အနိစ္စရောက်ပြီးနောက် ဒါဝိဒ်သည် စိတ်လှုပ်ရှားမှုအပြည့်နှင့် ငိုချင်းတစ်ပုဒ်စပ်ဆိုခဲ့သည်။ ၎င်းတွင် သူ၏ဝမ်းနည်းပူဆွေးမှုကို အိတ်သွန်ဖာမှောက် ဖွင့်ချထားသည်။ ၎င်းငိုချင်းသည် နောက်ဆုံး၌ သမ္မာကျမ်းစာတွင် ဓမ္မရာဇဝင်ဒုတိယစောင်၏ အစိတ်အပိုင်းဖြစ်လာသည်။ (၂ ဓမ္မရာဇဝင် ၁:၁၇-၂၇။ ၂ ရာဇဝင်ချုပ် ၃၅:၂၅) အလားတူစွာ အချို့သူတို့က မိမိတို့၏ခံစားချက်များကို စာဖြင့်ရေးသား၍ထုတ်ဖော်ရန် ပို၍လွယ်ကူကြောင်း တွေ့ရှိကြသည်။ မုဆိုးမတစ်ဦးက သူမသည် မိမိ၏ခံစားချက်များကို စာနှင့်ရေးသား၍ ရက်အနည်းငယ်ကြာပြီးနောက် ရေးခဲ့သည်များကို ပြန်လည်ဖတ်ရှုသည်ဟု ပြောပြသည်။ ဤသို့ပြုခြင်းဖြင့် စိတ်သက်သာရာရရှိကြောင်း သူမတွေ့ရှိရသည်။
စကားပြောခြင်းအားဖြင့်ဖြစ်စေ၊ စာရေးခြင်းအားဖြင့်ဖြစ်စေ ခံစားချက်ကို ထုတ်ဖော်ခြင်းသည် ဝမ်းနည်းပူဆွေးမှုကို သက်သာစေရန် အထောက်အကူပြုနိုင်သည်။ အထင်လွဲမှားမှုကိုပါ ပြေလည်အောင် အထောက်အကူပြုနိုင်ပါသည်။ ကလေးသေဆုံး၍ ပူဆွေးကြေကွဲကျန်ရစ်သူမိခင်တစ်ဦးက ဤသို့ရှင်းပြသည်– “ကလေးဆုံးပါးသွားလို့ တခြားလင်မယားတွေ ကွဲကြကွာကြတာကို ကျွန်မတို့လင်မယားကြားရတယ်။ ကျွန်မတို့ကတော့ အဲဒီလိုမဖြစ်စေချင်ဘူး။ ဒါကြောင့် ဒေါသထွက်ပြီးတစ်ယောက်ကိုတစ်ယောက် အပြစ်တင်ချင်လာတဲ့အခါတိုင်းမှာ ကျွန်မတို့ဆွေးနွေးပြီး ဖြေရှင်းကြတယ်။ ဒီလိုလုပ်တဲ့အတွက် ကျွန်မတို့ဇနီးမောင်နှံဟာ ပိုပြီးရင်းနှီးခင်တွယ်လာကြတယ်လို့ ကျွန်မထင်ပါတယ်။” ဤသို့ဖြင့် သင်၏ခံစားချက်များကို သိအောင်ထုတ်ဖော်ခြင်းအားဖြင့် တူညီသောဆုံးပါးမှုတစ်ခုကို အတူကြုံတွေ့ရသော်ငြားလည်း အခြားသူများသည် မတူညီသောနည်းဖြင့် သူ့နည်းသူ့ဟန်သူ့အတိုင်းအတာနှင့် ပူဆွေးဝမ်းနည်းကြသည်ကိုနားလည်ရန် အထောက်အကူပြုနိုင်သည်။
ပူဆွေးသောကကိုဖြေသိမ့်နိုင်အောင် အကူအညီပေးနိုင်သည့်အရာတစ်ခုမှာ ငိုကြွေးခြင်း ဖြစ်သည်။ “ငိုရသောအချိန်” ရှိကြောင်း သမ္မာကျမ်းစာဆို၏။ (ဒေသနာ ၃:၁၊ ၄) ချစ်ခင်မြတ်နိုးရသူတစ်ဦး ဆုံးပါးချိန်သည် ထိုသို့သောအချိန်မျိုး မုချဖြစ်ပေသည်။ ဝမ်းနည်းပူဆွေးသည့် မျက်ရည်ကျခြင်းသည် ကုသမှုအစဉ်၏ အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပုံရသည်။
မိန်းမပျိုတစ်ယောက်က သူမ၏မိခင်ကွယ်လွန်စဉ်က ရင်းနှီးသောမိတ်ဆွေတစ်ယောက် အကူအညီပေးခဲ့ပုံကို ရှင်းပြသည်။ သူမဤသို့ပြန်ပြောပြသည်– “ကျွန်မရဲ့သူငယ်ချင်းက အကူအညီရောမ ၁၂:၁၅ ရှု။) အသင့်အနေနှင့် မျက်ရည်ကျရခြင်းအတွက် ရှက်ကိုးရှက်ကန်းဖြစ်စရာမလိုပါ။ ကျွန်ုပ်တို့တွေ့ခဲ့သည့်အတိုင်း သမ္မာကျမ်းစာထဲ၌ စိတ်ကသိကအောက်မဖြစ်ဘဲ လူရှေ့သူရှေ့၌ ဝမ်းနည်းပူဆွေးခြင်း မျက်ရည်ကျခဲ့သည့် သစ္စာရှိယောက်ျားမိန်းမများ—ယေရှုခရစ်အပါအဝင်—၏သာဓကများဖြင့် ပြည့်လျက်ရှိသည်။—ကမ္ဘာဦး ၅၀:၃။ ၂ ဓမ္မရာဇဝင် ၁:၁၁၊ ၁၂။ ယောဟန် ၁၁:၃၃၊ ၃၅။
ပေးဖို့ အချိန်မရွေး အဆင်သင့်ရှိတယ်။ ကျွန်မနဲ့အတူလိုက်ပြီးငိုတယ်။ ကျွန်မနဲ့စကားပြောတယ်။ ရင်ထဲကခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်တယ်။ ဒါတွေကကျွန်မအတွက် သိပ်ပြီးအရေးကြီးတာ၊ ရှိုက်ကြီးတငင်ငိုချရမှာလည်း ကသိကအောက်ဖြစ်စရာမလိုဘူး။” (စိတ်လှုပ်ရှားမှုဖြစ်မည်ကို ကြို၍မမှန်းဆနိုင်သည့် အချိန်တစ်ချိန်ချိန် ရှိခဲ့မည်ကို သင်သတိထားမိပေမည်။ ဗုံမဆင့်ဆိုင်းမဆင့်နှင့် ဗြုန်းစားကြီး မျက်ရည်ကျကောင်းကျလာမည်။ မုဆိုးမတစ်ဦးက ကုန်ပဒေသာတိုက်ကြီးတွင် ဈေးဝယ်သည့်အခါ၌ (ခင်ပွန်းဖြစ်သူနှင့် ယခင်က ဤသို့ဝယ်နေကျဖြစ်သည်) မျက်ရည်မထိန်းနိုင်ဘဲ ငိုမိတတ်ကြောင်း၊ အထူးသဖြင့် အကျင့်ပါနေသည့်အတိုင်း ခင်ပွန်းဖြစ်သူကြိုက်တတ်သည့် အစားအစာများကို လှမ်းယူသည့်အခါမျိုး၌ မျက်ရည်ကျမိတတ်ကြောင်း သတိထားမိသည်။ မိမိကိုယ်ကို သည်းခံစိတ်ရှည်ပါ။ မျက်ရည်မကျအောင် ထိန်းထားရမည်ဟုလည်း မယူဆပါနှင့်။ မျက်ရည်ကျခြင်းသည် ပူဆွေးဝမ်းနည်းခြင်း၏ သဘာဝကျသော၊ မရှိမဖြစ်သောအစိတ်အပိုင်းဖြစ်ကြောင်း သတိရပါလေ။
အပြစ်မကင်းသည့်ခံစားမှုကို ကိုင်တွယ်ဖြေရှင်းခြင်း
အထက်၌ဆိုခဲ့သည့်အတိုင်း အချို့သူတို့သည် ချစ်ခင်မြတ်နိုးရသူတစ်ဦးဆုံးပါးသည့်အခါ စိတ်ထဲ၌ အပြစ်မကင်းသည့် ခံစားချက်များ ဖြစ်ပေါ်လာတတ်သည်။ ဤအချက်က သားဖြစ်သူယောသပ်အား “ဆိုးသောသားရဲ” ကိုက်သတ်လိုက်ပြီဟူ၍ ယုံကြည်အောင် အယုံသွင်းခံရစဉ်က သစ္စာရှိသောယာကုပ် ခံစားခဲ့ရသည့်သော ကဗျာပါဒကို နားလည်သဘောပေါက်ရန် အထောက်အကူပြုပေမည်။ အစ်ကိုဖြစ်သူတို့၏အဖြစ်အနေကို သွားရောက်ကြည့်ရှုရန် ယောသပ်အား ယာကုပ်ကိုယ်တိုင် စေလွှတ်ခဲ့သည်။ထို့ကြောင့် ယာကုပ်သည် ‘ယောသပ်ကိုတစ်ယောက်တည်း ငါဘာလို့သွားခိုင်းရတာလဲ။ သားရဲတိရစ္ဆာန် ဒီလောက်ပေါတဲ့နေရာမျိုးကို ငါဘာလို့သွားခိုင်းရတာလဲ’ အစရှိသော အပြစ်မကင်းသည့်ခံစားချက်များ ကြိမ်မီးအုံးသည့်နှယ် ခံစားခဲ့ရရှာလိမ့်မည်။—ကမ္ဘာဦး ၃၇:၃၃-၃၅။
သင့်အနေဖြင့် သင်၏ပေါ့ဆမှုအချို့ကြောင့် ချစ်ရသူသေဆုံးရသည်ဟု ယူဆကောင်းယူဆပေမည်။ မိမိကိုယ်ကိုအပြစ်တင်ခြင်း—တကယ့်အပြစ်ဖြစ်စေ၊ စိတ်အထင်အပြစ်ဖြစ်စေ—သည်သာမန်ဖြစ်လေ့ဖြစ်ထရှိသည့် ပူဆွေးဝမ်းနည်းခြင်း တုံ့ပြန်မှုတစ်မျိုးဖြစ်ကြောင်း နားလည်သဘောပေါက်ထားပါက များစွာအထောက်အကူပြုမည်။ ထိုကဲ့သို့သောခံစားချက်များကို စိတ်ထဲ၌သိုသိပ်ထားစရာမလိုပါ။ မိမိမည်မျှအပြစ်မကင်းကြောင်း ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် လိုအပ်သောစိတ်သက်သာမှု ရရှိနိုင်သည်။
ဒေသနာ ၉:၁၁၊ ကဘ) ၎င်းပြင် သင်သည် မကောင်းသောစိတ်ထား မထားခဲ့သည်မှာလည်း သံသယရှင်းပါသည်။ ဥပမာအားဖြင့် သင်ချစ်ခင်မြတ်နိုးရသူအား ဆရာဝန်ထံပြသရန် စောစောခေါ်မသွားမိခြင်းသည် သူ့အားဖျားနာ၍သေစေလိုသည့် ရည်ရွယ်ချက်ကြောင့်လော။ လုံးဝမဟုတ်ပေ! သို့ဖြစ်လျှင် ထိုသူသေဆုံးရခြင်းအတွက် သင်၌ တကယ်တမ်းအပြစ်ရှိပါသလော။ မရှိပါ။
သို့သော်လည်း လူတစ်ဦးကို ကျွန်ုပ်တို့မည်မျှပင်ချစ်စေကာမူ ထိုသူ၏အသက်တာကို ကျွန်ုပ်တို့မထိန်းချုပ်နိုင်သကဲ့သို့ ချစ်ခင်မြတ်နိုးရသူတို့အပေါ် “အချိန်စေ့ခြင်း၊ မျှော်မှန်းမထားသော ဖြစ်ရပ်ဖြစ်ပျက်ခြင်း” မရှိရအောင်လည်း တားဆီးနိုင်စွမ်း ကျွန်ုပ်တို့၌မရှိကြောင်း နားလည်သဘောပေါက်ဖို့လိုသည်။ (မိခင်တစ်ဦးသည် ယာဉ်တိုက်မှုဖြင့် သမီးဖြစ်သူသေဆုံးပြီးနောက် အပြစ်မကင်းသည့် ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းလာတတ်သည်။ သူမဤသို့ရှင်းပြသည်– “သမီးကိုအပြင်သွားခိုင်းမိတဲ့အတွက် ကျွန်မကိုကျွန်မအပြစ်မကင်းဘူးလို့ ခံစားမိတယ်။ ဒါပေမဲ့ အဲဒီလိုစိတ်ထားတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မသဘောပေါက်လာတယ်။ သမီးကိုသူ့အဖေနဲ့ အလုပ်ခိုင်းလိုက်တာဟာ ဘာမှအပြစ်မရှိပါဘူး။ ကြောက်စရာကောင်းတဲ့ မတော်တဆထိခိုက်မှုသာဖြစ်ပါတယ်။”
‘ဒါပေမဲ့ ငါပြောချင်လုပ်ချင်တဲ့အရာတွေ အများကြီးရှိတယ်’ ဟူ၍ သင်ဆိုကောင်းဆိုမည်။ မှန်ပါသည်၊ မိမိသည် ခြောက်ပစ်ကင်းသောဖခင်၊ မိခင်၊ သို့မဟုတ် သားသမီးဖြစ်သည်ဟု ကျွန်ုပ်တို့ထဲမှ မည်သူပြောနိုင်သနည်း။ သမ္မာကျမ်းစာက ဤသို့သတိပေးထားသည်– “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့်မှားခြင်း မရှိသောသူမည်သည်ကား စုံလင်သောသူဖြစ်၏။” (ယာကုပ် ၃:၂။ ရောမ ၅:၁၂) ထို့ကြောင့် မိမိသည်စုံလင်သူမဟုတ်ဟူသော အမှန်တရားကိုလက်ခံပါ။ တကယ်တမ်းဆိုရလျှင် “အကယ်၍သာ ဒီလိုလုပ်ခဲ့ရင်၊ ဟိုလိုလုပ်ခဲ့ရင်” ဟူ၍တစ်တွေးတည်းတွေးနေခြင်းဖြင့် အခြေအနေကိုပြောင်းလဲစေနိုင်မည် မဟုတ်သည့်ပြင် ပြန်လည်နာလန်ထူရာ၌လည်း အဟန့်အတားပင်ဖြစ်စေနိုင်သည်။
မိမိ၌စိတ်အထင်မဟုတ်ဘဲ တကယ့်ကိုအပြစ်ရှိသည်ဟု ယုံကြည်ရန် ခိုင်လုံသည့်အကြောင်းရှိပါက အပြစ်ကိုလျှော့ပေါ့ပေးရာတွင် အရေးအကြီးဆုံးသောအချက်ဖြစ်သည့် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းအကြောင်းကို ဆင်ခြင်စဉ်းစားပါလေ။ “အိုဘုရားရှင် ထာဝရဘုရား၊ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။ကိုယ်တော် [သည်] . . . အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏” ဟူ၍ သမ္မာကျမ်းစာက စိတ်ချစေသည်။ (ဆာလံ ၁၃၀:၃၊ ၄) သင့်အနေဖြင့် အတိတ်ကာလကို ပြန်သွားပြီး အခြေအနေကိုပြောင်းလဲနိုင်မည်မဟုတ်ပါ။ သို့သော် အတိတ်ကအမှားအတွက် ဘုရားသခင့်ခွင့်လွှတ်မှုကို သင်တောင်းခံနိုင်ပါသည်။ ထို့နောက် မည်သို့ပြုမည်နည်း။ စဉ်းစားကြည့်ပါ၊ သင်၏အတိတ်ကအမှားများကို ဘုရားသခင်သင်ပုန်းချေမည်ဟု ကတိထားတော်မူသည်မှန်လျှင် သင့်ကိုယ်ကိုသင်ခွင့်မလွှတ်သင့်ပေလော။—သု. ၂၈:၁၃။ ၁ ယောဟန် ၁:၉။
ဒေါသကို ကိုင်တွယ်ဖြေရှင်းခြင်း
ဆရာဝန်တို့ကိုဖြစ်စေ၊ သူနာပြုတို့ကိုဖြစ်စေ၊ မိတ်ဆွေတို့ကိုဖြစ်စေ သို့တည်းမဟုတ် ကွယ်လွန်သူကိုပင်ဖြစ်စေ သင်အတော်လေး ဒေါသထွက်မိသလော။ ဤသည်မှာလည်း ဆုံးပါးမှုအတွက် ဖြစ်လေ့ဖြစ်ထရှိသော သာမန်တုံ့ပြန်မှုတစ်မျိုးပင်ဖြစ်ကြောင်း နားလည်ထားပါ။ သင်၏ဒေါသသည် ရင်ထဲမှနာကြည်းမှုနှင့်အတူ သဘာဝအလျောက် ဒွန်တွဲလိုက်ပါလာသည့် တုံ့ပြန်မှုဖြစ်ကောင်းဖြစ်မည်။ “ဒေါသကိုသိထားခြင်း—ဒေါသအလျောက်ပြုမူခြင်းမရှိဘဲ ဒေါသဖြစ်နေကြောင်းသိရုံသိထားခြင်း—အားဖြင့်သာ ဒေါသ၏အဖျက်စွမ်းအားမှ လွတ်ကင်းနိုင်သည်” ဟူ၍ စာရေးဆရာတစ်ယောက် ဆိုခဲ့၏။
ဒေါသကိုထုတ်ဖော်ခြင်း၊ သို့မဟုတ် ဝေမျှခြင်းအားဖြင့်လည်း အကျိုးပြုသည်။ အဘယ်နည်းအားဖြင့်နည်း။ စိတ်ကိုမထိန်းဘဲ ဒေါသပေါက်ကွဲခြင်းမျိုး မဟုတ်သည်မှာ ဆိုဖွယ်မရှိ။ ကြာမြင့်စွာဒေါသထွက်ခြင်းသည် အန္တရာယ်ကြီးကြောင်း သမ္မာကျမ်းစာသတိပေးထားသည်။ (သု. ၁၄:၂၉၊ ၃၀) သို့သော် နားလည်ခွင့်လွှတ်တတ်သော မိတ်ဆွေတစ်ဦးအား ရင်ဖွင့်ပြောဆိုခြင်းဖြင့် စိတ်သက်သာရာရနိုင်ကြောင်း သင်တွေ့ရပေမည်။ အချို့မူကား ဒေါသထွက်နေသည့်အချိန်၌ အားနှင့်မာန်နှင့်လေ့ကျင့်ခန်းလုပ်လျှင် ဒေါသစိတ်ပြေစေနိုင်ကြောင်း တွေ့ရှိကြသည်။—ဧဖက် ၄:၂၅၊၂၆ လည်းရှု။
မိမိ၏ခံစားမှုများနှင့်ပတ်သက်၍ ပွင့်လင်းပြီးရိုးသားရန် အရေးကြီးသည်မှန်သော်လည်း သတိထားရန်ကားလိုပေသည်။ ခံစားချက်ကို ထုတ်ဖော်ခြင်းနှင့် ၎င်းတို့ကို သူတစ်ပါးအပေါ် ပုံချခြင်းတို့သည် ပြဒါးတစ်လမ်းသံတစ်လမ်း ဖြစ်သည်။ မိမိ၏ဒေါသနှင့် မချင့်မရဲဖြစ်မှုအတွက် သူတစ်ပါးကိုအပြစ်မတင်သင့်ပါ။ သင်၏ခံစားချက်များကိုရင်ဖွင့်ရာ၌ ရန်လိုသည့်ပုံစံနှင့်မပြောမိရန် ဂရုစိုက်ပါ။ (သု. ၁၈:၂၁) ပူဆွေးဝမ်းနည်းမှုကို ကိုင်တွယ်ဖြေရှင်းရာ၌ သာလွန်ကောင်းမွန်သော အထောက်အကူတစ်ရပ်ရှိပါသည်။ ယင်းအကြောင်းကို ယခုဆွေးနွေးပါမည်။
ဘုရားသခင်ထံတော်မှ အထောက်အမ
“ထာဝရဘုရားသည် ကြေကွဲသောနှလုံးရှိသူတို့အနီးရှိနေ၍ ကြေမွသောစိတ်ရှိသူတို့ကို ကယ်တော်မူ၏” ဟူ၍ သမ္မာကျမ်းစာက ကျွန်ုပ်တို့အားစိတ်ချစေ၏။ (ဆာလံ ၃၄:၁၈၊ သမ) မှန်ပါသည်၊ အရာခပ်သိမ်းထက် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးရှိခြင်းက ချစ်ရသူသေဆုံးခြင်းကို အောင်မြင်စွာဖြေရှင်းနိုင်ရန် အထောက်အကူပေးနိုင် သည်။ အဘယ်သို့အားဖြင့်နည်း။ ယခုအထိတင်ပြလာခဲ့သည့် လက်တွေ့ကျသော အကြံပြုချက်အားလုံးမှာ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာအပေါ် အခြေပြုထားရာများ၊ သို့မဟုတ် သမ္မာကျမ်းစာနှင့် သဘောချင်းညီညွတ်ရာများ ဖြစ်ပေသည်။ ယင်းတို့ကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သင့်အားအောင်မြင်စွာဖြေရှင်းနိုင်အောင် အထောက်အကူပြုနိုင်သည်။
၎င်းပြင် ဆုတောင်းခြင်း၏တန်ဖိုးကိုလည်း လျှော့မတွက်ပါနှင့်။ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ချထားလော့။ သင့်ကိုမစတော်မူမည်” ဟူ၍ ကျမ်းစာက တိုက်တွန်းထားသည်။ (ဆာလံ ၅၅:၂၂) နားလည်စာနာစိတ်ရှိသော မိတ်ဆွေတစ်ဦးအား ခံစားချက်ကို ရင်ဖွင့်ပြောဆိုခြင်းဖြင့် အထောက်အကူရရှိနိုင်သည်မှန်လျှင် “နှစ်သိမ့်ခြင်းအမျိုးမျိုး ပေးတော်မူသောဘုရား” ထံရင်ဖွင့်ခြင်းဖြင့် မည်မျှပို၍အထောက်အကူရရှိပါမည်တကား!—၂ ကောရိန္သု ၁:၃၊ သမ။
ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အားစိတ်သက်သာရာသာ ရရှိစေသည်မဟုတ်ပါ။ “ပတ္ထနာကို နားညောင်းတော်မူသောအရှင်” က စိတ်ရင်းမှန်စွာနှင့် တောင်းလျှောက်သည့် မိမိ၏အစေတော်ခံများအား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးမည်ဟု ကတိပြုထားတော်မူ၏။ (ဆာလံ ၆၅:၂၊ သမ္မာ။ လုကာ ၁၁:၁၃) ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်၊ သို့မဟုတ် လှုပ်ရှားတက်ကြွသောစွမ်းအားကလည်း တစ်နေ့ပြီးတစ်နေ့စခန်းသွားနိုင်အောင် သင့်အား ‘လွန်ကဲသောတန်ခိုး’ နှင့်ပြည့်စုံစေနိုင်သည်။ (၂ ကောရိန္သု ၄:၇) ဘုရားသခင်သည် မိမိ၏သစ္စာရှိသောအစေခံများအား ရင်ဆိုင်ဖွယ်ရာရှိသော မည်သည့်ပြဿနာကိုမဆို၊ လာသမျှပြဿနာတိုင်းကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကူညီထောက်မနိုင်တော်မူကြောင်း သတိရပါ။
ကလေးတစ်ယောက်ဆုံးပါးခဲ့သည့် အမျိုးသမီးတစ်ဦး ဆုတောင်းခြင်းတန်ခိုးက သူတို့ဇနီးမောင်နှံအား ပူဆွေးသောကကို ဖြတ်သန်းနိုင်အောင် မည်သို့အထောက်အကူပြုခဲ့ကြောင်း ဤသို့ပြန်ပြောင်းပြောပြသည်– “တကယ်လို့ ညဘက်အိမ်မှာရှိနေတဲ့အခါ ပူဆွေးဝမ်းနည်းတဲ့စိတ်ကို မထိန်းနိုင်ဘဲဖြစ်လာရင် အသံကျယ်ကျယ်နဲ့ ကျွန်မတို့ အတူတူဆုတောင်းကြတယ်။ သမီးလေးမရှိတော့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ဘာပဲလုပ်လုပ်—ပထမအကြိမ် အသင်းတော်စည်းဝေးတက်ခြင်း၊ ပထမအကြိမ် စည်းဝေးပွဲကြီးတက်ခြင်း—ခွန်အားရဖို့ ကျွန်မတို့ဆုတောင်းကြတယ်။ မနက်အိပ်ရာထလို့ တကယ့်ပကတိအခြေအနေတွေကို မခံမရပ်နိုင်အောင် ဖြစ်လာတဲ့အခါမှာ ကူညီမစပါမည့်အကြောင်း ယေဟောဝါထံ ဆုတောင်းကြတယ်။ အကြောင်းကြောင်းကြောင့် အိမ်ထဲကို ကျွန်မတစ်ယောက်တည်းဝင်တဲ့အခါမှာ ရင်ထဲဆို့တက်လာတယ်။ ဒါကြောင့် ကျွန်မတစ်ယောက်ထဲ အိမ်ပြန်လာတဲ့အခါတိုင်း စိတ်ကိုငြိမ်ငြိမ်ထိန်းနိုင်အောင် မစတော်မူပါလို့ ယေဟောဝါထံ ဆုတောင်းမိပါတယ်။” ထိုသစ္စာရှိအမျိုးသမီးက ဆုတောင်းခြင်းသည်အခြေအနေကို တစ်မျိုးတစ်မည်ပြောင်းလဲပေးနိုင်စွမ်းရှိကြောင်း ခိုင်မာစွာနှင့် မှန်ကန်စွာ ယုံကြည်သည်။ အသင်လည်း မဆုတ်မနစ်သောဇွဲနှင့်ဆုတောင်းပါက အတုံ့အလှည့်အားဖြင့် “ဉာဏ်ဟူသမျှထက်လွန်ကဲသော ဘုရားသခင့်ငြိမ်သက်ခြင်းသည် . . . သင်တို့၏ စိတ်နှလုံးနှင့် အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်” ဖြစ်ကြောင်း သင်သိရှိရပေမည်။—ဖိလိပ္ပိ ၄:၆၊ ၇၊ သမ။ ရောမ ၁၂:၁၂။
ဘုရားသခင်ပေးတော်မူသည့် အထောက်အမသည် အခြေအနေကို တစ်မျိုးတစ်မည် မုချပြောင်းလဲစေနိုင်သည်။ ခရစ်ယာန်တမန်တော်ပေါလုက ဘုရားသခင်သည် “မည်သည့်ဒုက္ခမဆို ခံနေရသူတို့ကို နှစ်သိမ့်စေခွင့်ရှိအံ့သောငှာ ငါတို့ခံရသမျှသောဒုက္ခ၌ [ငါတို့ကို] နှစ်သိမ့်စေတော်မူ”၏ဟုဆိုသည်။ ဘုရားသခင့်အထောက်အမသည် စိတ်ထိခိုက်နာကျင်မှုကို ဖယ်ရှားပစ်ခြင်းမရှိသည်မှာ မှန်သော်လည်း အခံရသက်သာအောင်မူကား စွမ်းဆောင်ပေးနိုင်သည်။ သင်မငိုတော့ သို့မဟုတ် ချစ်ခင်မြတ်နိုးသူကို မေ့သွားမည်ဟူ၍ကား ဆိုလိုခြင်းမဟုတ်ပါ။ သို့သော် နဂိုအခြေအနေကို သင်ပြန်ရောက်နိုင်ပါသည်။ နဂိုအခြေအနေ ပြန်ရောက်သည့်နောက် သင်ကြုံတွေ့ခဲ့ရသမျှသည် ထပ်တူဆုံးပါးမှုမျိုးကို ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်တတ်အောင် အခြားသူတို့ကို ကူညီပေးရာတွင် ပို၍နားလည်မှုရှိပြီး ပို၍စာနာထောက်ထားတတ်သူ ဖြစ်စေပါလိမ့်မည်။—၂ ကောရိန္သု ၁:၄၊ သမ။