မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေလွန်သူများအတွက် သေချာသော မျှော်လင့်ချက်

သေလွန်သူများအတွက် သေချာသော မျှော်လင့်ချက်

အသက် ၂၅ နှစ်အရွယ် အမျိုးသမီး​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “၁၉၈၁ ခုနှစ်​တွင် ကျွန်မ​၏​မွေးစားမိခင် ကင်ဆာရောဂါ​ဖြင့် ကွယ်လွန်​ခဲ့သည်။ သူ​ကွယ်လွန်ခြင်း​သည် ကျွန်မ​နှင့် ကျွန်မ​၏​မွေးစား​မောင်လေး​အတွက် ပြင်းထန်​စွာ​ဂယက်ရိုက်​ခတ်မှု ဖြစ်ခဲ့သည်။ ထို​စဉ်​က ကျွန်မ​အသက်​မှာ ၁၇ နှစ်​နှင့် မောင်လေး​အသက်​မှာ ၁၁ နှစ်​ဖြစ်ကြ​သည်။ သူ့ကို ကျွန်မ အလွန်​လွမ်းဆွတ်​သတိရ​သည်။ သူသည်​ကောင်းကင်ဘုံ​သို့ ရောက်ရှိ​သည်​ဟု သင်ကြား​ခံရ​သောကြောင့် ကျွန်မ​သည်​ကိုယ့်​အသက်​ကို အဆုံးစီရင်​၍ သူနှင့်​အတူ​သွား​နေချင်​သည်။ သူသည်​ကျွန်မ​၏ အ​ခင်မင်​ရဆုံး​မိတ်ဆွေ​ဖြစ်​သည်။”

သေခြင်း​က သင်​ချစ်ခင်မြတ်နိုး​သောသူ​ကို လုယူ​နိုင်စွမ်း​ရှိသည်​မှာ မတရား​ဟု​ထင်​ရ​သည်။ ဤသို့​ဖြစ်လာ​သည့်​အ​ခါ သင်​ချစ်ရသူ​နှင့်​စကားပြောခြင်း၊ အတူ​ရယ်မော​ခြင်း၊ ပိုက်ထွေးခြင်း နောက်​တစ်ဖန်​ဘယ်တော့မှ ပြုလုပ်​နိုင်​တော့မည် မဟုတ်​ဟူ​သော အတွေး​သည် ပို​၍​ခံရခက်​သည်။ သင်၏​ချစ်ခင်မြတ်နိုး​ရသူ​သည် ကောင်းကင်ဘုံ​သို့​ရောက်နေ​ပြီ​ဟု ပြောပြ​ရုံ​နှင့် ထို​ဝေဒနာ​ပြေ ပျောက်​သွား​မည်​မဟုတ်ပါ။

သို့​ရာ​တွင် သမ္မာကျမ်းစာ​က အလွန်​ခြားနား​သည့်​မျှော်လင့်ချက်​တစ်ခုကို ကတိပေး​ထား​သည်။ ရှေ့​ပိုင်း​၌​ဖော်ပြ​ခဲ့​သည့်​အတိုင်း မ​ဝေး​တော့​သည့်​အနာဂတ်​ကာလ​၌ သေဆုံး​သွား​သော သင့်​ချစ်မြတ်နိုး​ရသူ​တို့နှင့် ပြန်လည်​ဆုံစည်း​နိုင်​မည့်​အလားအလာ​ရှိကြောင်း သမ္မာကျမ်းစာ​က ပြ​ဆိုထား​သည်။ သို့သော် ဘာ​မှန်း​မသိ​သော​ကောင်းကင်ဘုံ၌​မဟုတ်ဘဲ ငြိမ်းချမ်းသာယာ​၍ ဖြောင့်မတ်​သော အခြေအနေ​အောက်​ရှိ ဤ​ကမ္ဘာမြေကြီး​ပေါ်တွင် ပြန်လည်​ဆုံစည်း​ကြမည်​ဖြစ်​သည်။ ထို​အချိန်​ကျ​လျှင် လူသား​တို့သည် စုံလင်​သည့်​ကျန်းမာ​မှုကို ခံစား​နိုင်​မည့်​အလားအလာ ရှိလာ​မည်​ဖြစ်​ရာ နောက်​တစ်ဖန်​သေ​စရာ​အကြောင်း မရှိတော့​ချေ။ ‘ဒါက​တော့ ဖြစ်စေ​ချင်တဲ့​ဆန္ဒ​ကိုး!’ ဟူ​၍​အချို့​သူများ ပြောကောင်း​ပြော​မည်။

ဤ​သည်​မှာ သေချာ​သော​မျှော်လင့်ချက်​ဖြစ်ကြောင်း သင်​ယုံကြည်လက်ခံ​နိုင်​ရန် အ​ဘယ်​သက်သေ​အထောက်အထား​များ လို​သနည်း။ ကတိ​တစ်ခုကို​ယုံကြည်​ဖို့​ရာ ကတိပေး​သူသည် အလိုဆန္ဒ​လည်း​ရှိ​ရမည်၊ ထို​ကတိ​ကို​ဖြည့်ဆည်း​ပေးနိုင်စွမ်း​လည်း ရှိ​ရမည်​ဖြစ်ကြောင်း သေချာ​ဖို့လို​သည်။ သို့​ဖြစ်​လျှင် သေလွန်သူများ ပြန်လည်​အသက်ရှင်​လာ​မည်​ဟူ​သောက​တိ​ကို မည်သူ​ပေးခဲ့​သနည်း။

စီ.အီး.၃၁ ခုနှစ်၊ နွေဦး​ရာသီ​၌ ယေရှုခရစ်​က အောက်ပါ​အတိုင်း ရဲရင့်​စွာ​ကတိပေး​တော်မူ၏– “ခမည်းတော်​သည် သေလွန်​သောသူ​တို့ကို ထမြောက်​ရှင်ပြန်​စေတော်မူ​သကဲ့သို့ ထို​နည်းတူ သားတော်​သည်လည်း အလိုရှိ​သမျှ​သောသူ​တို့ကို ရှင်​စေ​၏။ ဤ​အမှုအရာ​ကို အံ့သြခြင်း​မရှိကြ​နှင့်။ သင်္ချိုင်းများ​မှာ​ရှိသော​သူအပေါင်း​တို့သည် သားတော် [ယေရှု] ၏​စကားသံ​ကို​ကြား​၍ ထွက်​ရ​မည့်​အချိန်ကာလ​ရောက်​လတ္တံ့။” (ယောဟန် ၅:၂၁၊ ၂၈၊ ၂၉) မှန်​ပါ​သည်၊ ယခု​သေလွန်​သွား​သည့် သန်းပေါင်းများစွာ​သောသူ​တို့သည် ဤ​ကမ္ဘာမြေကြီး​ပေါ်တွင် ပြန်လည်​အသက်ရှင်​လာ​ကြပြီး ငြိမ်းချမ်းသာယာ​သော ပရဒိသု​အခြေအနေ​အောက်တွင် ထာဝစဉ်​နေထိုင်​သွား​မည့် မျှော်လင့်ချက်​ရှိကြောင်း ယေရှုခရစ်​ကတိ​ထား​တော်မူ၏။ (လုကာ ၂၃:၄၃။ ယောဟန် ၃:၁၆။ ၁၇:၃။ ဆာလံ ၃၇:၂၉ နှင့် မဿဲ ၅:၅ နှိုင်းယှဉ်။) ဤ​ကတိ​တော်ကို ယေရှု​ပေးတော်မူ​ခဲ့​သောကြောင့် ယ​င်းကို​ဖြည့်ဆည်း​ရန် ကိုယ်တော်​၌​ဆန္ဒရှိ​တော်မူ​ကြောင်း ယုံကြည်စိတ်ချ​သင့်​ပေ​သည်။ သို့သော် ထို​အတိုင်း ကိုယ်တော်​ပြုလုပ်ပေး​နိုင်​ပါ​သလော။

ထို​ကတိ​တော်ကို​ပေးပြီး နှစ်နှစ်​မပြည့်​မီ ယေရှု​သည် ရှင်ပြန်ထမြောက်ခြင်း​ပြုလုပ်ပေး​ရန် လိုလား​သည့်​ဆန္ဒရှိ​ရုံမက တတ်​လည်း​တတ်နိုင်​ကြောင်း အစွမ်းထက်​လှ​သည့်​နည်း​ဖြင့် ပြသ​တော်မူ​ခဲ့သည်။

“လာဇရု ထွက်​၍​လာ​လော့!”

ရင်​နင့်​စ​ဖွယ်​မြင်ကွင်း​ဖြစ်​ပေ​သည်။ လာဇရု​သည် အသည်းအသန်​ဖျားနေ​သည်။ အစ်မ​နှစ်ယောက်​ဖြစ်​သော မာရိ​နှင့်​မာ​သ​တို့သည် ယော်ဒန်​မြစ်​တစ်ဖက်​တွင် ရောက်ရှိ​နေသော​ယေရှု​ထံ ဤသို့​သတင်း​ပါး​လိုက်​သည်– “သခင်၊ ကိုယ်တော်​ချစ်တော်မူ​သောသူ​သည် နာ​လျက်​နေ​ပါ​သည်။” (ယောဟန် ၁၁:၃) လာဇရု​ကို ယေရှု​ချစ်တော်မူ​ကြောင်း သူတို့​သိ​ကြသည်။ ဖျားနာ​နေ​သည့်​မိတ်ဆွေ​ကို ယေရှု​အကြည့်​အ​ရှု​မ​ကြွ​ဘဲ နေ​တော်မူ​မည်​လော။ အံ့သြစရာ​ကောင်း​သည်​မှာ ယေရှု​သည် ဗေသနိရွာ​သို့ ချက်ချင်း​ကြွတော်မူ​မည့်​အစား ထို​ရွာ​၌​နောက်​နှစ်​ရက် ထပ်​၍​နေ​တော်မူ၏။—ယောဟန် ၁၁:၅၊ ၆

ယေရှု​ထံ​သတင်းပို့​၍ မကြာမီ​တွင် လာဇရု​သေဆုံး​သွား​လေ​သည်။ မည်​သည့်​အချိန်​တွင် လာဇရု​သေဆုံးကြောင်း ယေရှု​သိတော်မူ​၍ တစ်စုံတစ်ရာ​ပြုလုပ်​ရန် ကြံရွယ်​ထား​တော်မူ၏။ ဗေသနိရွာ​သို့ ယေရှု​ရောက်ရှိချိန်​တွင် ကိုယ်တော်​၏ ချစ်လှစွာ​သော​မိတ်ဆွေ​သည် သေ​၍​လေး​ရက်​ရှိ​လေပြီ။ (ယောဟန် ၁၁:၁၇၊ ၃၉) ထို​မျှ​ကြာကြာ​သေဆုံး​သွား​သူ​အား ယေရှု ပြန်လည်​အသက်ရှင်​စေနိုင်​မည်​လော။

ယေရှု​ကြွလာ​တော်မူ​ကြောင်း ကြား​ရ​သည့်​အ​ခါ​၌ သွက်လက်​ဖျတ်လတ်​သော​မာ​သ​က ကိုယ်တော်​အား​ပြေး​၍ ကြိုဆို​လေ​၏။ (လုကာ ၁၀:၃၈-၄၂ နှိုင်းယှဉ်။) မာ​သ​၏​ပူဆွေးဝမ်းနည်း​မှုကြောင့် စိတ်တော်​ထိခိုက်​ပြီး ယေရှုက “သင်၏​မောင်​သည် ထမြောက်​လိမ့်မည်”ဟု သူ​မ​အား​စိတ်ချ​စေတော်မူ​၏။ မာ​သ​က အနာဂတ်​ထမြောက်ခြင်း​အပေါ် ယုံကြည်​ကြောင်း အရိပ်အမြွက်​ပြသ​သည့်​အ​ခါ ယေရှုက​သူ​မ​အား ဤသို့​ရိုးရိုး​ပင်​မိန့်တော်မူ​၏– “ငါသည်​ထမြောက်ခြင်း​အကြောင်း၊ အသက်ရှင်ခြင်း​အကြောင်း​ဖြစ်၏။ ငါ့ကို​ယုံကြည်​သောသူ​သည် သေလွန်​သော်လည်း ရှင်​လိမ့်မည်။”—ယောဟန် ၁၁:၂၀-၂၅

သင်္ချိုင်းတွင်း​သို့​ရောက်​သောအခါ ယေရှု​သည် တွင်း​ကို​ပိတ်​ထား​သည့် ကျောက်​ကို​ရွှေ့​ရန် အမိန့်ပေး​တော်မူ၏။ ထို့နောက်၊ ကျယ်လောင်​စွာ​ဆုတောင်းပြီး​နောက် “လာဇရု ထွက်​၍​လာ​လော့!” ဟု အမိန့်ပေး​တော်မူ၏။—ယောဟန် ၁၁:၃၈-၄၃

လူအားလုံး​က သင်္ချိုင်းတွင်း​ကို စိုက်ကြည့်​နေကြ​သည်။ တစ်ဆက်​တည်း​တွင် အမှောင်​ထဲမှ လူ​သဏ္ဌာန်​တစ်ခု​ပေါ်လာ​သည်။ ထို​သူ၏​ခြေလက်​၌ အဝတ်​ဖြင့်​ပတ်​လျက်၊ မျက်နှာ​၌ ပဝါ​ဖြင့်​စည်း​လျက်ရှိ၏။ “သူ့ကို​ဖြေ​၍​လွှတ်​ကြလော့” ဟု ယေရှု​မိန့်တော်မူ​၏။ ပတ်​ထား​သည့်​အဝတ်​များကို ဖြေ​ချ​လိုက်​ကြသည်။ မှန်​ပါ​သည်၊ လေး​ရက်​ကြာ သေလွန်​ခဲ့​သူ လာဇရု​ဖြစ်​ပေ​သည်!—ယောဟန် ၁၁:၄၄

တကယ်​ဖြစ်ပျက်​ခဲ့​သလော

လာဇရု​ထမြောက်ခြင်း​အကြောင်းကို ယောဟန်​ခရစ်ဝင်ကျမ်း​တွင် သမိုင်းဖြစ်ရပ်​မှန်​အဖြစ် ဖော်ပြထား​သည်။ အသေးစိတ်​အချက်အလက်​များသည် ကွက်ကွက်ကွင်းကွင်း ထင်ရှား​လှ​သည်​ဖြစ်​ရာ ယ​င်း​သည် သရုပ်ဖော်​ဇာတ်လမ်း သက်သက်မျှသာ​မဟုတ်​ပေ။ ဤ​မှတ်တမ်း​၏ သမိုင်းဝင်​မှုကို သံသယ​ဖြစ်​လျှင် ယေရှုခရစ်​ကိုယ်တော်တိုင် ရှင်ပြန်ထမြောက်ခြင်း​အကြောင်း အပါအဝင် သမ္မာကျမ်းစာ​မှ အံ့ဖွယ်အမှု​ရှိသမျှ​တို့ကို သံသယ​ဖြစ်​ရာ​ရောက်​သည်။ ယေရှု​၏​ရှင်ပြန်ထမြောက်ခြင်း​ကို ငြင်းပယ်​လျှင် ခရစ်ယာန်​ယုံကြည်ခြင်း​တစ်ရပ်​လုံးကို ငြင်းပယ်​ရာ​ရောက်​သည်။—၁ ကောရိန္သု ၁၅:၁၃-၁၅

စင်စစ်​ဆို​လျှင် ဘုရားသခင်​တည်ရှိ​တော်မူ​ကြောင်း သင်​လက်ခံယုံကြည်​ပါ​က ရှင်ပြန်ထမြောက်ခြင်း​အကြောင်း ယုံကြည်​ရန် ပြဿနာ​ရှိ​မည်​မဟုတ်​ပေ။ သာဓက​ဖြင့်​ရှင်းပြ​ရ​သော် လူတစ်ဦး​သည် သူ၏​သေတမ်းစာ​ဖတ်​ကြား​ခြင်း​ကို ဗီဒီယို​ဖြင့်​မှတ်တမ်းတင်​ထား​နိုင်ပြီး သူ​သေဆုံး​သွားပြီးနောက် သူ၏​ဆွေမျိုး​များနှင့် မိတ်ဆွေ​တို့သည် သူ​ပိုင်​ပစ္စည်းဥစ္စာ​များကို မည်သို့​စီမံခန့်ခွဲ​ရမည်​အကြောင်း သူကိုယ်တိုင်​ရှင်းပြ​နေ​သည့်​အလား သူ့ကို​မြင်​၍ သူ့​အသံ​ကို ကြား​နိုင်ကြ​သည်။ လွန်ခဲ့​သည့်​အနှစ်​တစ်​ရာ​လောက်​က​ဆို​လျှင် ဗီဒီယို​ဖြင့်​မှတ်တမ်းတင်ခြင်း​မှာ မစဉ်းစား​ဝံ့​သော​အရာ​ဖြစ်​သည်။ ယခု​ခေတ်​၌​ပင် ဝေးလံသီခေါင်​သည့်​ဒေသများ​၌ နေထိုင်​ကြ​သောသူ​အချို့​အဖို့ ဗီဒီယို​မှတ်တမ်းတင်ခြင်း​ဆိုင်ရာ နည်းပညာ​မှာ အံ့ဖွယ်သရဲ​ပ​မာ ဉာဏ်​မ​မှီ​နိုင်​သည့်​အရာ ဖြစ်နေ​ပေ​သည်။ ဖန်ဆင်းရှင်​ပြ​ဋ္ဌာန်း​တော်မူ​သည့် သိပ္ပံ​နည်း​ကျ​ဥပဒေသ​များကို​အသုံးချ​၍ ဤ​ကဲ့သို့ မြင်နိုင်ကြားနိုင်​သည့်​ရှုခင်း​မျိုး​ကို လူတို့​ပြန်လည်​ဖန်တီး​နိုင်​မည်​ဆိုပါ​က ဖန်ဆင်းရှင်​အ​နေ​ဖြင့် ထို​ထက်မက​ပြုလုပ်နိုင်စွမ်း​ရှိ​မည် မဟုတ်​ပေ​လော။ သို့​ဖြစ်​လျှင် အသက်​ကိုဖ​န်​ဆင်း​တော်မူသော​အရှင်​သည် အသက်​ကို ပြန်လည်​ဖန်ဆင်း နိုင်စွမ်း​ရှိသည်​မှာ ကျိုးကြောင်း​မဆီလျော်​ပေ​လော။

လာဇရု​ပြန်လည်​အသက်ရှင်​လာ​သည့် အံ့ဖွယ်အမှု​သည် ယေရှု​နှင့်​ရှင်ပြန်ထမြောက်ခြင်း​တို့ကို ယုံကြည်​စိတ်​တိုးပွား​ရန် အထောက်အကူ​ပြု​သည်။ (ယောဟန် ၁၁:၄၁၊၄၂။ ၁၂:၉-၁၁၊ ၁၇-၁၉) ယ​င်း​ဖြစ်ရပ်​သည် ယေဟောဝါ​နှင့်​သားတော်​တို့၏ ရှင်ပြန်ထမြောက်ခြင်း​ကို ပြုလုပ်ပေး​လို​သည့် စိတ်​စေတနာ​တော်နှင့်​ဆန္ဒ​တော်​တို့ကို​ပါ စိတ်ထိခိုက်​ဖွယ်​ကောင်း​သည့်​နည်း​ဖြင့် ပေါ်လွင်​စေ​သည်။

‘ဘုရားသခင်သည် တ​သ​တော်မူ​လိမ့်မည်’

လာဇရု​သေဆုံးခြင်း​နှင့်​ပတ်သက်​၍ ယေရှု​တုံ့ပြန်ပုံ​က ဘုရားသခင့်​သားတော်​၏ နူးညံ့သိမ်မွေ့​သည့်​သဘော​ကို ထင်ရှားစေ​သည်။ ထို​စဉ်​က ကိုယ်တော်​၏ နက်ရှိုင်း​သည့်​ခံစားမှုများ​က သေလွန်သူ​ကို ရှင်ပြန်ထမြောက်​ပေး​လို​သည့်​ဆန္ဒ ပြင်းပြ​ကြောင်း​ရှင်းလင်း​စွာ ဖော်ညွှန်း​လျက်​ရှိသည်။ ဤသို့​ဖတ်​ရ​သည်– “မာရိ​သည် ယေရှု​ရှိ​တော်မူရာ​အရပ်​သို့​ရောက်​၍ ကိုယ်​တော်ကို​မြင်လျှင် ခြေတော်ရင်း​၌​ပျပ်ဝပ်​လျက် ‘သခင်၊ ကိုယ်တော်​ရှိ​တော်မူ​လျှင် ကျွန်မ​၏ မောင်​မသေ​ပါ’ ဟု​လျှောက်​၏။ မာရိ​မှစ၍ လိုက်​လာသော​ယုဒလူ​တို့သည် ငိုကြွေး​ကြသည်​ကို ယေရှု​သည်​မြင်တော်မူ​သောအခါ အလွန်​ညှိုးငယ်​ခြင်း၊ စိတ်ပူပန်​ခြင်း​ရှိ၍ ‘အလောင်း​ကို အ​ဘယ်မှာ​ထားကြ​သနည်း’ဟု​မေး​တော်မူ​လျှင် ‘သခင်​ကြွ​၍​ကြည့်​တော်မူပါ’ ဟု​လျှောက်​ကြ၏။ ယေရှု​သည် မျက်ရည်ကျ​တော်မူ၏။ ယုဒလူ​တို့​က ‘ကြည့်ပါ၊ လာဇရု​ကို အလွန်​ချစ်တော်မူ​ပါ​သည်​တကား!’ ဟု​ဆို​ကြ၏။”—ယောဟန် ၁၁:၃၂-၃၆

ဤ​တွင် “ညှိုးငယ်​ခြင်း၊” “စိတ်ပူပန်​ခြင်း၊” “မျက်ရည်ကျ​တော်မူ၏” ဟူ​သော အသုံးအနှုန်း​သုံးမျိုး​ဖြင့် ယေရှု​၏ လှိုက်လှဲ​သော အကြင်နာ​တရားကို ဖော်ညွှန်း​ထား​သည်။ ရင်​နင့်​စ​ဖွယ်​ကောင်း​သော ဤ​ဇာတ်လမ်း​ကို မှတ်တမ်းတင်​ရေးသား​ရာ​၌ အသုံးပြု​ခဲ့​သည့် မူရင်း​ဘာသာစကား​၌ ယေရှု​သည် ချစ်လှစွာ​သော​မိတ်ဆွေ​လာဇရု ကွယ်လွန်ခြင်း​နှင့် လာဇရု​၏​အစ်မ ငိုကြွေး​နေ​သည့်​မြင်ကွင်း​ကြောင့် အလွန်​စိတ်ထိခိုက်​တော်မူ​သဖြင့် မျက်စိ​ထဲမှ​မျက်ရည်များ လျှံ​ကျ​လာ​သည်​ဟု​ဖော်ပြထား​သည်။ *

ထူးခြား​မှတ်သားဖွယ်​ကောင်း​သည်​မှာ ယေရှု​သည် ယခင်​အ​ခါ​က အခြား​လူ​နှစ်ဦး​ကို အသက်ပြန်ရှင်​စေတော်မူ​ခဲ့​ပြီး ဖြစ်​သည်။ လာဇရု​အား​လည်း ထို့​အတူ​ပြု​ရန်​ကြံရွယ်​တော်မူ၏။ (ယောဟန် ၁၁:၁၁၊​ ၂၃၊ ၂၅) သို့သော် ကိုယ်တော် “မျက်ရည်ကျ​တော်မူ၏။” သို့​ဖြစ်​သောကြောင့် လူသားများ​အား အသက်​ပြန်လည်​ရှင်​အော​င်​ပြုလုပ်ပေး​ခြင်းသည် ယေရှု​အဖို့ ပုံမှန်​လုပ်ထုံးလုပ်နည်း​မျှသာ မဟုတ်​ပေ။ ၎င်း​အချိန်အခါ​၌ ကိုယ်တော်​ပြသ​ခဲ့​သည့် နူးညံ့သိမ်မွေ့​သည့်​သဘော​နှင့် လေးနက်​သော​ခံစားချက်​တို့​က ကိုယ်တော်​၌ သေခြင်းတရား​၏ ဒဏ်ရာဒဏ်ချက်​များကို ပျောက်ကင်း​စေ​လို​သည့် ပြင်းပြ​သော​ဆန္ဒရှိ​တော်မူ​ကြောင်း ရှင်းလင်း​စွာ​တွေ့မြင်​နိုင်​သည်။

လာဇရု​အား ရှင်ပြန်ထမြောက်​စေ​ရာ​၌ ယေရှု​ပြသ​တော်မူ​ခဲ့​သည့်​ နူးညံ့သိမ်မွေ့​သော​ခံစားချက်များ​က သေခြင်းတရား​၏ ဒဏ်ရာဒဏ်ချက်​များကို ပျောက်ကင်း​စေ​လို​သည့် ပြင်းပြ​သော​ဆန္ဒရှိ​တော်မူ​ကြောင်း ထင်ဟပ်​လျက်​ရှိသည်

ယေရှု​သည် ‘ယေဟောဝါဘုရား​သခင့် ဇာတိတော်​၏ တိကျ​သော​ပုံသဏ္ဌာန်တော်’ ဖြစ်​သောကြောင့် ကျွန်ုပ်တို့​၏ ကောင်းကင်ခမည်းတော်​သည်လည်း သားတော်​နည်းတူ ကရုဏာ​မေတ္တာ​ကြီးမား​တော်မူ​မည်​ကို ကျွန်ုပ်တို့​လျောက်ပတ်​စွာ မျှော်လင့်​ပါ​သည်။ (ဟေဗြဲ ၁:၃) ရှင်ပြန်ထမြောက်ခြင်း​ပြုလုပ်ပေး​မည့် ယေဟောဝါ​၏ စိတ်​စေတနာ​တော်နှင့်​စပ်လျ​ဉ်း​၍ သစ္စာရှိသူ​ယောဘ​က​ဤသို့​ဆို​၏– “လူသေ​လျှင်​ရှင်​ဦး​မည်​လော။ . . . ကိုယ်တော်​ခေါ်တော်မူ​သောအခါ အကျွန်ုပ်​ထူး​ပါမည်။ လက်တော်​ဖြင့်​ဖန်ဆင်း​ရာကို တ​သ​တော်မူ​လိမ့်​သတည်း။” (ယောဘ ၁၄:၁၄၊ ၁၅သမ) ဤ​နေရာ​၌ “တ​သ​တော်မူ​လိမ့်​သတည်း” ဟူ​၍​ပြန်ဆို​ထား​သည့် မူရင်း​ဘာသာစကား​သည် ဘုရားသခင်၏ ပြင်းပြ​သော​တောင့်တခြင်း​နှင့် ဆန္ဒ​တော်​တို့ကို ဆိုလို​သည်။(ကမ္ဘာဦး ၃၁:၃၀။ ဆာလံ ၈၄:၂) ယေဟောဝါ​သည် ရှင်ပြန်ထမြောက်ခြင်း​ကို စိတ်အားထက်သန်​စွာ မု​ချ​မျှော်လင့်​လျက်​နေ​မည်​မှာ ရှင်း​ပါ​သည်။

ရှင်ပြန်ထမြောက်​ခြင်းက​တိ​တော်ကို ကျွန်ုပ်တို့ အမှန်ပင်​ယုံကြည်​နိုင်​ပါ​သလော။ ယုံကြည်​နိုင်​ပါ​သည်။ ယင်းကို ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော်​တို့သည် စိတ်​စေတနာ​တော်​ရှိ​ရုံ​မျှ​မက ပြည့်စုံ​အော​င်​လည်း တတ်နိုင်​တော်မူသည်။ ယ​င်း​သည် သင့်​အဖို့ အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ အသင်​၌ ယခု​နှင့်​အခြေအနေ အလွန်​ကွဲပြား​သည့်​ ဤ​ကမ္ဘာ​ပေါ်တွင် သေလွန်​သွား​သည့်​ချစ်ရသူ​တို့နှင့် ပြန်လည်​ဆုံစည်း​နိုင်​မည့် မျှော်လင့်ချက် ရှိနေ​ပါ​သည်!

သာယာလှပ​သည့်​ဥယျာဉ်​တစ်ခု​၌ လူသားများ​အား စ၍​နေရာချ​ပေးတော်မူ​ခဲ့​သည့် ယေဟောဝါဘုရား​သခင်​သည် ယခု​ဂုဏ်ကျက်သရေ​နှင့် ပြည့်စုံ​လျက်​ရှိသော ယေရှုခရစ်​၏​လက်ဝယ်​ရှိ ကိုယ်တော့်​ကောင်းကင်နိုင်ငံတော် အုပ်ချုပ်မှု​အောက် ဤ​ကမ္ဘာမြေကြီး​ပေါ်တွင် ပရဒိသု​ဘုံ​ကို ပြန်လည်​တည်ထောင်​မည်​ဟု ကတိပေး​ထားပြီး​ဖြစ်​သည်။ (ကမ္ဘာဦး ၂:၇-၉။ မဿဲ ၆:၁၀။ လုကာ ၂၃:၄၂၊၄၃) ပြန်လည်​တည်ထောင်​လာ​သည့် ထို​ပရဒိသု​ဘုံတွင် လူ့မိသားစု​ကြီး​သည် ဖျားနာခြင်း​နှင့်​ရောဂါ​အပေါင်း​မှ ကင်းဝေး​ပြီး အဆုံး​မရှိ​သော​အသက်တာ​ဖြင့် မွေ့လျော်​ကြ​ရ​မည့်​မျှော်လင့်ချက် ရှိ​ကြ​ပေ​မည်။ (ဗျာဒိတ် ၂၁:၁-၄။ ယောဘ ၃၃:၂၅။ ဟေရှာယ ၃၅:၅-၇ နှိုင်းယှဉ်။) မုန်းတီးမှု၊ လူမျိုးရေး​ငဲ့​ကွက်​မှု၊ လူမျိုးစု​အကြမ်းဖက်မှု​နှင့် စီးပွားရေး​ကျပ်တည်းမှု​အားလုံး​တို့လည်း ရှိတော့မည်​မဟုတ်။ ယေဟောဝါဘုရား​သခင်​သည် ယေရှုခရစ်​တော်​အားဖြင့် ထိုသို့​သန့်ရှင်း​သည့်​ကမ္ဘာ​ပေါ်​သို့ သေလွန်သူများ​ကို ရှင်ပြန်ထမြောက်​စေတော်မူ​လ​တ္တံ့။

ခရစ်တော်​ယေရှု​၏ ရွေးနုတ်ဖိုး​ပူဇော်သကာ​အပေါ်​ အခြေပြု​သည့် ရှင်ပြန်ထမြောက်ခြင်း​က လူမျိုးအပေါင်း​တို့အား ဝမ်းမြောက်ရွှင်မြူး​စေ​လိမ့်မည်

ဤ​အပိုင်း​၏​အစ​၌ ဖော်ပြ​ခဲ့​သည့် ခရစ်ယာန်​အမျိုးသမီး​သည် ယခု​အ​ခါ​ဤ​အတိုင်း​ပင် မျှော်လင့်ချက်​ထားရှိ​သည်။ သူ​မ​၏​မိခင်​ကွယ်​လွန်ပြီး​၍ နှစ်​အတန်ကြာ​ပြီးနောက် သမ္မာ​ကျမ်းစာကို​ဂရုတစိုက်​လေ့လာရန် ယေဟောဝါသက်သေများ​က သူ​မ​အား​ကူညီပေး​ခဲ့သည်။ သူ​မ​ဤသို့​ပြန်ပြော​ပြသ​ည်– “ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​အကြောင်း သိရှိ​ရ​ပြီးနောက် ကျွန်မ​ငိုချ​မိတယ်။ မိခင်​ကို​ပြန်တွေ့​ရမယ်လို့ သိရ​တာဟာ ဝမ်းသာစရာ​သိပ်ကောင်း​တာပါ​ပဲ။”

ချစ်ခင်မြတ်နိုး​ရသူ​တစ်ဦးကို ပြန်လည်​တွေ့မြင်​လို​သည့် အလားတူ တမ်းတမှုမျိုး သင်​၌​ရှိပါက ယ​င်း​သေချာ​သော​မျှော်လင့်​ချက်ကို သင့်ကိုယ်ပိုင်​မျှော်လင့်ချက်​ဖြစ်အောင် မည်သို့​လုပ်​ရမည်​ကို​သိရှိ​ရန် သင့်​အား ယေဟောဝါသက်သေများ​က ဝမ်းမြောက်​စွာ​ကူညီပေး​ပါလိမ့်​မည်။ အနီးအနား​ရှိ ဘုရားသခင့်နိုင်ငံတော်​ခန်းမ​သို့​သွား​၍ သူ​တို့နှင့်​ဆက်သွယ်​ပါ​လေ။ သို့​တည်း​မဟုတ် စာမျက်နှာ ၃၂ တွင်​ဖော်​ပြထား​သည့် အနီးဆုံး​လိပ်စာ​ဖြင့် စာရေး​ဆက်​သွယ်​ပါ​လေ။

^ အပိုဒ်၊ 20 “ညှိုးငယ်​ခြင်း” ဟူ​၍ ပြန်ဆို​သည့်​ဂရိစကား​လုံးမှာ နာကျင်​စွာ၊ သို့​မဟုတ် လေးနက်​စွာ စိတ်ထိခိုက်​သည်​ဟူ​၍ အဓိပ္ပာယ်​သက်ရောက်​သော​ကြိယာ (အ​မ်.ဘရီ.မား​အို.မိုင်) မှ​ဆင်းသက်လာ​သည်။ ကျမ်းစာ​ပညာရှင်​တစ်ဦး​က ဤသို့​ဂရုပြု​ဖော်ပြထား​သည်– “ဤ​နေရာ​၌ ယေရှု​သည် ပြင်းပြ​သည့်​စိတ်လှုပ်ရှားမှု​၏ ချုပ်ထိန်းခြင်း​ကို​ခံ​လိုက်ရ​သဖြင့် ရင်​ထဲမှ​ညည်းညူ​သည့်​အသံ အလိုအလျောက်​ထွက်ပေါ်​လာ​ခြင်း​ဟူ​၍​သာ အဓိပ္ပာယ်​ရှိ​နိုင်​သည်။” “စိတ်ပူပန်​ခြင်း” ဟူ​၍ ဘာသာပြန်ဆို​ထား​သည့် အသုံးအနှုန်း​မှာ စိတ်လှုပ်ရှား​ခြင်း​ကို​ညွှန်း​သည့် ဂရိစကားလုံး (တာ.ရားစ်​စိုး) မှ​ဆင်းသက်လာ​သည်။ အဘိဓာန်​ပြုစုသူ​တစ်ဦး​၏​အလို​အရ ယ​င်း​သည် “ရင်​ထဲ​၌ ဗ​ယောက်​ဗ​ယ​က်​ဖြစ်စေ​ခြင်း၊ . . . ပြင်းပြ​သော​နာကျင်မှု သို့​မဟုတ် ပူဆွေး​ဝမ်းနည်းမှု​ဖြစ်စေ​ခြင်း” ဟူ​၍​အဓိပ္ပာယ်​ရှိသည်။ “မျက်ရည်ကျ​တော်မူ၏” ဟူ​သော​အသုံးအနှုန်း​မှာ “မျက်ရည်​ထွက်​သည်၊ အသံ​မ​ထွက်​ဘဲ​ငိုကြွေး​သည်” ဟူ​၍ အဓိပ္ပာယ်​ရသော ဂရိကြိယာ (ဒါ.က​ရီး​အို) မှ​ဆင်းသက်လာ​သည်။