မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၂၃

‘ဘုရားသခင်သည် ငါတို့ကို ရှေ့ဦးစွာချစ်တော်မူ၏’

‘ဘုရားသခင်သည် ငါတို့ကို ရှေ့ဦးစွာချစ်တော်မူ၏’

၁-၃။ လူ့သမိုင်းရှိ အခြားသေခြင်းတို့မှ ယေရှု၏သေခြင်းကို တစ်မူထူးစေသော အကြောင်းရင်းအချို့ကား အဘယ်နည်း။

ရှေးနှစ်ပေါင်း ၂,၀၀၀ နီးပါးခန့်က နွေဦးပေါက်ရာသီနေ့တစ်နေ့တွင် အပြစ်မဲ့သူတစ်ဦး ရုံးတင်စစ်ဆေးခံခဲ့ရ၍ သူလုံးဝမကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ပြစ်ဒဏ်ချခံခဲ့ရပြီး သေသည့်အထိ နှိပ်စက်ညှဉ်းပန်းခံရသည်။ ယင်းသည် လူ့သမိုင်းတွင် ပထမဦးဆုံးသော ရက်စက်မှုနှင့် မတရားသဖြင့် ပြစ်ဒဏ်ပေးကွပ်မျက်ခြင်း မဟုတ်ခဲ့သကဲ့သို့ ဝမ်းနည်းစရာမှာ နောက်ဆုံးလည်းမဟုတ်ချေ။ သို့တိုင် ယင်းသည် အခြားသူတို့၏သေခြင်းနှင့် လုံးဝမတူ တစ်မူထူးခြားသည်။

ထိုသူသည် နောက်ဆုံးအသက်ထွက်ချိန်တိုင် ပြင်းထန်စွာဝေဒနာခံစားနေရစဉ် ကောင်းကင်ကိုယ်နှိုက်က ထိုအဖြစ်အပျက်၏ အရေးပါမှုကို သိသိသာသာဖော်ပြ၏။ ထိုအချိန်သည် နေ့ခင်းဖြစ်သော်လည်း မြေတစ်ပြင်လုံး ရုတ်တရက်မှောင်ကျသွား၏။ သမိုင်းပညာရှင်တစ်ဦး ဖော်ပြသကဲ့သို့ “နေအရောင်ကွယ်ပျောက်လေ၏။” (လုကာ ၂၃:၄၄၊ ၄၅သမ္မာ) ထို့နောက် အသက်မထွက်မီ မမေ့နိုင်သော ဤစကားများကို သူမိန့်မြွက်ခဲ့သည်– “အမှုပြီးပြီ။” ထိုသူအသေခံခြင်းဖြင့် ထူးခြားသောအံ့ဖွယ်အမှုကို ပြီးမြောက်စေခဲ့သည်။ သူ၏စွန့်လွှတ်မှုသည် မည်သည့်လူသားမဆို ပြုခဲ့ဖူးသမျှ မေတ္တာပါလုပ်ရပ်တကာတို့တွင် အကြီးမားဆုံးဖြစ်သည်။—ယောဟန် ၁၅:၁၃; ၁၉:၃၀

ထိုသူသည် ယေရှုခရစ်ပင်ဖြစ်သည်။ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်၊ မှောင်မိုက်အတိဖြစ်ခဲ့သော ထိုနေ့တွင် ကိုယ်တော် ဝေဒနာခံရပြီး သေဆုံးခြင်းအကြောင်းကို လူအများသိကြသည်။ သို့သော် အရေးကြီးသောအချက်တစ်ချက်ကို သတိမမူမိတတ်ကြချေ။ ယေရှုသည် ပြင်းထန်စွာ ဝေဒနာခံခဲ့ရသည် မှန်သော်လည်း အခြားပုဂ္ဂိုလ်တစ်ဦးမှာမူ ထိုထက်မကပင် ခံစားခဲ့ရသည်။ အမှန်တွင် ထိုနေ့ရက်၌ အခြားပုဂ္ဂိုလ်တစ်ဦးသည် ပို၍ပင် အနစ်နာခံစွန့်လွှတ်ခဲ့သည်—စကြဝဠာတွင် မည်သူမဆိုပြုခဲ့သမျှတွင် အကြီးမားဆုံး မေတ္တာပါလုပ်ရပ်ဖြစ်သည်။ ထိုလုပ်ရပ်ကား အဘယ်နည်း။ အဖြေကား အရေးကြီးဆုံးသောအကြောင်းအရာဖြစ်သည့် ယေဟောဝါ၏ချစ်ခြင်းမေတ္တာဟူသည့် အကြောင်းအတွက် ဆီလျော်သောနိဒါန်း ပျိုးပေးသည်။

အထူးကဲဆုံး မေတ္တာလုပ်ရပ်

၄။ ယေရှုသည် သာမန်ပုဂ္ဂိုလ်တစ်ဦးမဟုတ်ကြောင်း ရောမစစ်သားတစ်ဦး မည်သို့သိမြင်လာခဲ့သနည်း၊ ထိုစစ်သားက မည်သို့ကောက်ချက်ချခဲ့သနည်း။

ယေရှုအား အဆုံးစီရင်ကွပ်မျက်ချိန်တွင် ကြီးကြပ်ခဲ့သူ ရောမတပ်မှူးသည် ကိုယ်တော်မသေဆုံးမီ မှောင်မိုက်သွားခြင်းနှင့် ၎င်းနောက် ပြင်းထန်သောမြေငလျင်လှုပ်ခြင်းတို့ကြောင့် အံ့သြမိန်းမောခဲ့သည်။ “ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏” ဟူ၍ သူပြောခဲ့သည်။ (မဿဲ ၂၇:၅၄) ရှင်းနေသည်ကား ယေရှုသည် သာမန်ပုဂ္ဂိုလ်မဟုတ်ချေ။ ထိုစစ်သားသည် အကြီးမြတ်ဆုံးဘုရားသခင်၏ တစ်ပါးတည်းသောသားတော်ကို အဆုံးစီရင်ရန် အကူအညီပေးခဲ့ပြီတကား! ထိုသားတော်ကို ခမည်းတော် အဘယ်အထိတန်ဖိုးထားမြတ်နိုးသနည်း။

၅။ ယေဟောဝါနှင့် ကိုယ်တော်၏သားတော်သည် ကောင်းကင်တွင် အတူတကွနေထိုင်ခဲ့သော အချိန်ကာလကို မည်သို့သရုပ်ဖော်နိုင်မည်နည်း။

သမ္မာကျမ်းစာက ယေရှုကို “ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦး” ဖြစ်သည်ဟု ဆိုသည်။ (ကောလောသဲ ၁:၁၅) စဉ်းစားကြည့်ပါ၊ ယေဟောဝါ၏သားတော်သည် မျက်မြင်ရ စကြဝဠာမတည်မရှိမီ တည်ရှိတော်မူ၏။ သို့ဖြစ်လျှင် ခမည်းတော်နှင့် သားတော်သည် မည်မျှကြာအတူတူရှိခဲ့သနည်း။ သိပ္ပံပညာရှင်အချို့က စကြဝဠာသည် နှစ်ပေါင်း ၁၃ ဘီလီယံသက်တမ်းရှိပြီဟု ခန့်မှန်းကြ၏။ ထိုမျှကြာမြင့်ချိန်ကို သင်စိတ်ကူးကြည့်နိုင်သလော။ သိပ္ပံပညာရှင်များ ခန့်မှန်းထားကြသည့် စကြဝဠာ၏သက်တမ်းကို လူတို့နားလည်စေရန် နက္ခတ်တာရာပြခန်းတစ်ခုတွင် ပေ ၃၆၀ ရှည်မျဉ်းဖြောင့်လိုင်းကိုသုံးထားသည့် အချိန်တစ်ခုကို ဖော်ပြထားသည်။ ထိုပြခန်းသို့ လေ့လာသူများရောက်လာ၍ ၎င်းအချိန်ကန့်မျဉ်းပြ သက္ကရာဇ်စဉ်ဇယားအတိုင်း လျှောက်လှမ်းသွားသည့်အခါ သူတို့၏ခြေလှမ်းတစ်လှမ်းသည် စကြဝဠာသက်တမ်း နှစ်ပေါင်း ၇၅ သန်းခန့်နှင့်ညီမျှသည်။ ထိုအချိန်ကန့်မျဉ်းဇယားအဆုံး၌ လူ့သမိုင်းအားလုံးကို ဆံချည်မျှင်တစ်မျှင်အထူရှိ အမှတ်တစ်ခုနှင့် ကိုယ်စားပြုထားသည်! ဤခန့်မှန်းချက်သည် မှန်ကန်ဦးတော့ ထိုအချိန်ကန့်မျဉ်းဇယားတစ်ခုလုံးသည် ယေဟောဝါသားတော်၏သက်တမ်းနှင့် ညီမျှနိုင်လောက်အောင် မရှည်သေးပါ! ကိုယ်တော်သည် ထိုနှစ်ကာလများတစ်လျှောက် အဘယ်အရာများကို ပြုလုပ်ဆောင်ရွက်ခဲ့သနည်း။

၆။ (က) လူသားဘဝမတိုင်မီကာလတွင် ယေဟောဝါ၏သားတော်သည် အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။ (ခ) ယေဟောဝါနှင့် ကိုယ်တော်၏သားတော်စပ်ကြား အဘယ်နှောင်ကြိုးမျိုးရှိသနည်း။

သားတော်သည် ခမည်းတော်၏ “ကျွမ်းကျင်လုပ်သား၊” [ကဘ] အဖြစ် ပျော်ရွှင်စွာအမှုထမ်းခဲ့သည်။ (သုတ္တံ ၈:၃၀) သမ္မာကျမ်းစာက ဤသို့ဆိုသည်– “[သားတော်] နှင့်ကင်းလွတ်လျက် ဖန်ဆင်းသောအရာ တစ်စုံတစ်ခုမျှမရှိ။” (ယောဟန် ၁:၃သမ္မာ) သို့ဖြစ်၍ အခြားအရာအားလုံး တည်ရှိလာစေရန် ယေဟောဝါနှင့် သားတော်တို့သည် တွဲဖက်အမှုဆောင်ခဲ့ကြ၏။ ပီတိဖြာစရာ ပျော်ရွှင်မှုရှိအချိန် ပါတကား! မိဘနှင့် သားသမီးသံယောဇဉ်သည် အလွန်ကြီးမားကြောင်း သဘောတူသူ များစွာရှိမည်။ ထို့ပြင် မေတ္တာသည် “စုံလင်ခြင်းအဖွဲ့အစည်း” လည်းဖြစ်သည်။ (ကောလောသဲ ၃:၁၄) သို့ဆိုလျှင် အတိုင်းမသိကြာမြင့်သော အချိန်ကာလအတွင်း တည်ရှိခဲ့သည့် အနှောင်အဖွဲ့စွမ်းအားကို မည်သူစတင်နားလည်နိုင်မည်နည်း။ ရှင်းနေသည်ကား ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်တို့ ဖွဲ့ထားသောမေတ္တာနှောင်ကြိုးသည် အခိုင်မာဆုံးဖြစ်သည်။

၇။ ယေရှုနှစ်ခြင်းခံချိန်တွင် သားတော်နှင့်ပတ်သက်၍ မိမိ၏ခံစားချက်ကို ယေဟောဝါမည်သို့ဖော်ပြတော်မူခဲ့သနည်း။

ထိုသို့ဖြစ်စေကာမူ ခမည်းတော်သည် မိမိ၏သားကို လူသားကလေးတစ်ဦးအဖြစ် မွေးဖွားလာစေရန် ကမ္ဘာမြေပေါ်သို့ စေလွှတ်တော်မူခဲ့သည်။ ထိုသို့ပြုရန် ယေဟောဝါသည် ကောင်းကင်တွင် မိမိ၏ချစ်မြတ်နိုးလှသောသားတော်နှင့် တရင်းတနှီးပေါင်းသင်းမှုကို ဆယ်စုနှစ်ချီ စွန့်လွှတ်ခဲ့ရ၏။ စုံလင်သောလူသားတစ်ဦးအဖြစ် ယေရှုကြီးပြင်းလာသည်ကို အလွန်စိတ်ဝင်စားစွာဖြင့် ကိုယ်တော်သည် ကောင်းကင်မှ ရှုစားခဲ့၏။ အသက် ၃၀ အရွယ်တွင် ယေရှုနှစ်ခြင်းခံခဲ့သည်။ ထိုအချိန်တွင် ယေဟောဝါမည်သို့ခံစားလိုက်ရမည်ကို ကျွန်ုပ်တို့ ခန့်မှန်းစရာမလိုပါ။ ခမည်းတော်ကိုယ်တော်တိုင် ကောင်းကင်မှ ဤသို့မိန့်တော်မူခဲ့သည်– “ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။” (မဿဲ ၃:၁၇) ယေရှုထံမှ တောင်းဆိုခဲ့သမျှ အရာအားလုံးဖြစ်သည့် ပရောဖက်ပြုထားသမျှကို ကိုယ်တော်သစ္စာရှိရှိ ဆောင်ရွက်ခဲ့ကြောင်းတွေ့မြင်ရခြင်းက ခမည်းတော်အား အလွန်ပျော်ရွှင်စရာဖြစ်စေမည်ဖြစ်သည်!—ယောဟန် ၅:၃၆; ၁၇:၄

၈၊ ၉။ (က) စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် ယေရှု အဘယ်အရာခံစားခဲ့ရပြီး ကိုယ်တော်၏ကောင်းကင်ခမည်းတော်လည်း မည်သို့ခံစားခဲ့ရသနည်း။ (ခ) ယေဟောဝါသည် ကိုယ်တော်၏သားတော်အား အဘယ်ကြောင့်ဝေဒနာခံ၍သေဆုံးစေခဲ့သနည်း။

သို့သော် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် ယေဟောဝါ မည်သို့ခံစားခဲ့ရသနည်း။ ထိုညတွင် ယေရှုသစ္စာဖောက်ခံရ၍ လူအုပ်၏ဖမ်းဆီးချုပ်နှောင်ခြင်းခံရစဉ် ကိုယ်တော် မည်သို့ခံစားခဲ့ရသနည်း။ ယေရှု၏မိတ်ဆွေများက ကိုယ်တော့်အား စွန့်ပစ်သွားခဲ့ကြပြီး မတရားသဖြင့်စစ်ဆေးခံရစဉ်၌ကော။ လှောင်ပြောင်သရော်ခံရ၍ တံတွေးထွေးခြင်း၊ လက်သီးဖြင့်ထိုးခြင်းတို့ကို ခံရချိန်၌ကော။ ကျာပွတ်ဖြင့်ရိုက်နှက်ခံရ၍ ကိုယ်တော်၏ကျောသည် အမြှောင်းလိုက်စုတ်ပြဲသွားချိန်၌ကော။ သစ်တိုင်ပေါ် လက်နှင့်ခြေတို့ကို သံဖြင့်ရိုက်ထား၍ ဆွဲထားစဉ် လူတို့က ကိုယ်တော့်အား ကဲ့ရဲ့သရော်ကြစဉ်၌ကော။ အပြင်းအထန်ဝေဒနာခံရခြင်းကြောင့် ချစ်မြတ်နိုးရသောသားတော်သည် ခမည်းတော်ထံ သံကုန်လွှင့် အသနားခံသောအခါ ကိုယ်တော်အနေနှင့် မည်သို့ခံစားလိုက်ရမည်နည်း။ ယေရှုသည် နောက်ဆုံးတွင် အသက်ထွက်၍ ဖန်ဆင်းချိန်မှစ၍ ဦးဆုံးအကြိမ် ခမည်းတော်၏ချစ်လှစွာသောသားတော် မရှိတော့သည့်အခါ ယေဟောဝါ မည်သို့ခံစားခဲ့ရသနည်း။—မဿဲ ၂၆:၁၄-၁၆၊ ၄၆၊ ၄၇၊ ၅၆၊ ၅၉၊ ၆၇; ၂၇:၃၈-၄၄၊ ၄၆; ယောဟန် ၁၉:၁

“ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်”

ကျွန်ုပ်တို့ မှင်တက်မိနေကြသည်။ ယေဟောဝါသည် ခံစားချက်များရှိရာ သားတော်သေဆုံးရခြင်းကြောင့် ကိုယ်တော်ခံစားလိုက်ရမည့်ဝေဒနာကို ကျွန်ုပ်တို့၏စကားဖြင့်ဖော်ပြရန် မစွမ်းဆောင်နိုင်ချေ။ သို့သော် ကျွန်ုပ်တို့ဖော်ပြနိုင်ရာမှာ ယင်းသို့ဖြစ်ရန် ယေဟောဝါခွင့်ပြုခဲ့ရသည့်သဘောထားဖြစ်သည်။ ခမည်းတော်သည် မိမိကိုယ်ကို အဘယ်ကြောင့် ထိုသို့ခံစားစေခဲ့ရသနည်း။ အရေးကြီးလှသဖြင့် အသေးစားပုံစံဖြင့် ခရစ်ဝင်ကျမ်းဟု ခေါ်ဆိုကြသည့် ကျမ်းချက်တစ်ချက်ဖြစ်သော ယောဟန် ၃:၁၆ တွင် ယေဟောဝါသည် ကျွန်ုပ်တို့အား ထူးခြားလှသည့် အကြောင်းတစ်ခုကို ဖော်ပြပေးသည်။ ယင်းက ဤသို့ဆိုသည်– “ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” ထိုကြောင့် ယေဟောဝါ၏သဘောထားမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ ကျွန်ုပ်တို့အတွက် သားတော်ကို ဝေဒနာခံ၍သေဆုံးရန် စေလွှတ်ခဲ့ခြင်းတည်းဟူသော ယေဟောဝါ၏ဆုကျေးဇူးသည် အထူးကဲဆုံးမေတ္တာလုပ်ရပ်ဖြစ်သည်။

ဘုရားသခင့်မေတ္တာတော်ကို အနက်ဖွင့်ဆို

၁၀။ လူတို့ အဘယ်အရာလိုအပ်သနည်း၊ “ချစ်ခြင်းမေတ္တာ” ဟူသောစကားလုံး၏ ဆိုလိုရင်းသည် မည်သို့ဖြစ်နေပြီနည်း။

၁၀ “ချစ်ခြင်းမေတ္တာ” ဟူသောစကားလုံးသည် အဘယ်အရာကို ဆိုလိုသနည်း။ မေတ္တာသည် လူသားတို့ အလိုအပ်ဆုံးအရာဖြစ်၏ဟု ဖော်ပြခဲ့ပြီ။ လူတို့သည် မွေးသည်မှ သေသည်အထိ မေတ္တာနောက် ကြိုးစားလိုက်ကြပြီး ၎င်း၏နွေးထွေးမှု၌ ရှင်သန်ကြကာ ယင်းမရှိသဖြင့် နွမ်းလျသွား၍ပင် သေဆုံးကြရသည်။ သို့ဖြစ်သော်လည်း ယင်းကိုအနက်ဖွင့်ရန် ခဲယဉ်းခြင်းသည် အံ့ဩစရာပင်။ လူတို့သည် မေတ္တာအကြောင်း များစွာပြောဆိုတတ်ကြသည်မှာတော့ မှန်သည်။ ယင်းနှင့်ပတ်သက်သော စာအုပ်များ၊ သီချင်းများနှင့် ကဗျာများ တသီတတန်းကြီးရှိသည်။ ယင်း၏ရလဒ်များကား မေတ္တာ၏အနက်အဓိပ္ပာယ်ကို အမြဲမပေါ်လွင်စေပါ။ အမှန်တွင် ထိုစကားလုံးကို အသုံးများလွန်းခြင်းကြောင့် ယင်း၏ဆိုလိုရင်းမှန်ကို သာ၍ပင် နားလည်ရခက်ပုံရှိသည်။

၁၁၊ ၁၂။ (က) မေတ္တာအကြောင်း အဘယ်နေရာတွင် ကျွန်ုပ်တို့များစွာသိနိုင်သနည်း၊ အဘယ်ကြောင့် ထိုနေရာမှ သိရသနည်း။ (ခ) ရှေးဂရိဘာသာစကားတွင် အဘယ်မေတ္တာအမျိုးအစားများကို သတ်သတ်မှတ်မှတ် ဖော်ပြပေးသနည်း၊ ခရစ်ယာန်ဂရိကျမ်းစောင်တွင် “ချစ်ခြင်းမေတ္တာ” အတွက် အဘယ်စကားလုံးကို အသုံးများသနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။) (ဂ) အဂါးပီးကား အဘယ်နည်း။

၁၁ သို့သော် သမ္မာကျမ်းစာက မေတ္တာအကြောင်း ရှင်းရှင်းလင်းလင်းသွန်သင်ပေးသည်။ ဗိုင်း၏ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်က ဤသို့ဆိုသည်– “မေတ္တာကို ၎င်းလှုံ့ဆော်ပေးသော အပြုအမူများအားဖြင့်သာ သိရှိနိုင်သည်။” သမ္မာကျမ်းစာမှတ်တမ်းပါ ယေဟောဝါ၏ပြုမူစီရင်ချက်များသည် ကိုယ်တော်၏မေတ္တာ၊ ဖန်ဆင်းရာများအပေါ် ကိုယ်တော်ထားရှိသော ကျေးဇူးပြုလိုသည့်ချစ်ခင်စုံမက်မှုအကြောင်း များစွာဖော်ပြသည်။ ဥပမာ၊ အစောပိုင်းတွင်ရှင်းပြခဲ့သော ယေဟောဝါ၏ အမြင့်မြတ်ဆုံးမေတ္တာပါလုပ်ရပ်ထက် ဤအရည်အသွေးကို အဘယ်အရာက သာ၍ဖော်ပြပေးနိုင်သနည်း။ နောက်အခန်းများတွင် လုပ်ရပ်ဖြင့်ဖော်ပြသည့် ယေဟောဝါ၏မေတ္တာတော်နှင့်ဆိုင်သော အခြားပုံဥပမာများစွာကို တွေ့မြင်ကြရမည်။ ထို့ပြင် သမ္မာကျမ်းစာ၌ အသုံးပြုထားသော “ချစ်ခြင်းမေတ္တာ” အတွက် မူရင်းစကားလုံးများမှ ထိုးထွင်းသိမြင်မှုအချို့ရနိုင်မည်။ ရှေးဂရိဘာသာစကားတွင် “ချစ်ခြင်းမေတ္တာ” အတွက် စကားလုံးလေးလုံးရှိသည်။ * ယင်းတို့ထဲမှ ခရစ်ယာန်ဂရိကျမ်းစောင်တွင် အသုံးအများဆုံးမှာ အဂါးပီးဖြစ်သည်။ သမ္မာကျမ်းစာအဘိဓာန်တစ်အုပ်က ၎င်းကို “မေတ္တာအတွက် စိတ်ကူး၍ရနိုင်သမျှတွင် တန်ခိုးအပါဆုံးစကားလုံးဖြစ်သည်” ဟုဆိုသည်။ အဘယ်ကြောင့်နည်း။

၁၂ အဂါးပီးသည် ကျင့်စဉ်မူအားဖြင့် လမ်းညွှန်ခံရသောမေတ္တာကို ရည်ညွှန်းသည်။ ထို့ကြောင့် ယင်းသည် အခြားသူတစ်ဦး၏ ပြုမူပြောဆိုရာအား စိတ်လှုပ်ရှားမှုဆိုင်ရာ တုံ့ပြန်ခြင်းသက်သက်မျှ မဟုတ်ချေ။ ၎င်းသည် အတိုင်းအတာကျယ်ပြန့်ပြီး ယင်း၏အခြေခံတွင် ပိုမိုထောက်ထားမှုရှိ၍ ဆင်ဆင်ခြင်ခြင်ရှိ၏။ ထိုထက်ကား အဂါးပီးသည် လုံးဝကိုယ်ကျိုးမဖက်ချေ။ ဥပမာ၊ ယောဟန် ၃:၁၆ ကိုထပ်မံကြည့်ပါ။ ကိုယ်တော်၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင် ဘုရားသခင်ချစ်တော်မူသော “လောကီသား” တို့ကား အဘယ်နည်း။ ရွေးနုတ်ခံထိုက်သော လူသားအပေါင်းပါဝင်သည့် လောကဖြစ်သည်။ ထိုတွင် အပြစ်ရှိလမ်းစဉ်ကို လိုက်စားနေကြသူ လူများစွာပါဝင်သည်။ ယေဟောဝါသည် သစ္စာရှိအာဗြဟံကို ချစ်သည့်နည်းတူ လူတစ်ဦးစီကို ရင်းနှီးလှသောမိတ်ဆွေအဖြစ် ချစ်ခင်ပါသလော။ (ယာကုပ် ၂:၂၃) ထိုသို့မဟုတ်သော်လည်း ယေဟောဝါသည် ကိုယ်တော်တိုင် ဆုံးရှုံးမှုများစွာဖြင့် မေတ္တာပါစွာ လူအပေါင်းထံ ကောင်းမြတ်ခြင်းကို ကမ်းလှမ်းတော်မူ၏။ လူအားလုံး နောင်တယူကာ သူတို့၏လမ်းစဉ်များကို ပြောင်းလဲစေလိုတော်မူ၏။ (၂ ပေတရု ၃:၉) ထိုသို့ပြုသူ များစွာရှိ၏။ ဤသူတို့ကို ကိုယ်တော်သည် မိမိ၏အဆွေများအဖြစ် ဝမ်းသာအားရ လက်ခံတော်မူသည်။

၁၃၊ ၁၄။ အဂါးပီးတွင် ချစ်ခင်တွယ်တာမှု ပါဝင်လေ့ရှိကြောင်း အဘယ်အရာကဖော်ပြသနည်း။

၁၃ သို့သော် အချို့သူတို့က အဂါးပီးကို တလွဲယူမှတ်ကြသည်။ ယင်းသည် ဉာဏ်ပညာပိုင်းနှင့်ဆိုင်သော အေးတိအေးစက်မေတ္တာမျိုးဖြစ်သည်ဟု ယူမှတ်ကြ၏။ အမှန်မှာ အဂါးပီးတွင် ပုဂ္ဂိုလ်ရေးအရ ချစ်ခင်တွယ်တာမှုပါဝင်လေ့ရှိသည်။ ဥပမာ၊ ယောဟန်က “ခမည်းတော်သည် သားတော်ကိုချစ်တော်မူ” ၏ဟု ရေးသားခဲ့စဉ်က အဂါးပီးဟူသော စကားလုံးပုံစံတစ်ရပ်ကို အသုံးပြုခဲ့၏။ ထိုမေတ္တာ၌ ချစ်ခင်တွယ်တာမှုမပါသလော။ ယေရှုက “ခမည်းတော်သည် သားတော်ကိုချစ်တော်မူ” ၏ဟုဆိုရာ၌ ဖီလီအိုဟူသောစကားလုံးပုံစံတစ်ရပ်ကို အသုံးပြုကြောင်း သတိပြုပါ။ (ယောဟန် ၃:၃၅၊ ၅:၂၀) ယေဟောဝါ၏မေတ္တာတော်တွင် ချစ်ခင်စုံမက်ခြင်းပါဝင်လေ့ရှိသည်။ သို့သော် ကိုယ်တော်၏မေတ္တာသည် ဘယ်သောအခါမျှ ခံစားချက်မျှနှင့်သာ ယိမ်းယိုင်မသွားချေ။ ၎င်းသည် ကိုယ်တော်၏ဉာဏ်ပညာနှင့် ဖြောင့်မတ်သောမူများဖြင့် အမြဲထိန်းကျောင်းလမ်းညွှန်ခံရသည်။

၁၄ ကျွန်ုပ်တို့သိမြင်ခဲ့သည့်အတိုင်း ယေဟောဝါ၏အရည်အသွေးအားလုံးတို့သည် မြင့်မြတ်စုံလင်၍ နှစ်သက်ဖွယ်ဖြစ်သည်။ သို့သော် မေတ္တာသည် နှစ်သက်ဖွယ်အကောင်းဆုံးဖြစ်၏။ အဘယ်အရာကမျှ မေတ္တာလောက် ယေဟောဝါထံ ဆွဲဆောင်နိုင်စွမ်း မရှိချေ။ ဝမ်းသာစရာကား မေတ္တာသည် ကိုယ်တော်၏အထင်ရှားဆုံး အရည်အသွေးလည်းဖြစ်သည်။ ကျွန်ုပ်တို့ မည်သို့သိရှိရသနည်း။

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”

၁၅။ မေတ္တာတော်တည်းဟူသော ယေဟောဝါ၏ဂုဏ်ရည်တော်နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း၊ ထိုဖော်ပြချက်သည် အဘယ်နည်းဖြင့် တစ်မူထူးသနည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။)

၁၅ သမ္မာကျမ်းစာက ယေဟောဝါ၏ အခြားအဓိကဂုဏ်ရည်တော်များနှင့်ပတ်သက်ပြီး ဖော်ပြမထားရာတစ်ခုကို မေတ္တာနှင့်စပ်လျဉ်း၍ ဖော်ပြသည်။ ကျမ်းစာက ဘုရားသခင်သည် တန်ခိုးဖြစ်သည်၊ တရားမျှတမှုဖြစ်သည်၊ သို့မဟုတ် ဉာဏ်ပညာဖြစ်သည်ဟူ၍ပင် ဖော်ပြမထားချေ။ ထိုအရည်အသွေးများကို ကိုယ်တော်ပိုင်ဆိုင်ထားပြီး ယင်းတို့၏ရင်းမြစ်ဖြစ်ရုံမက ထိုအရည်အသွေးသုံးခုစလုံးနှင့်ပတ်သက်၍ ကိုယ်တော်သည်ပြိုင်စံရှားဖြစ်သည်။ သို့သော် လေးခုမြောက်ဂုဏ်ရည်တော်နှင့်ပတ်သက်၍မူ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုသာ၍လေးနက်စွာ ဖော်ပြပါသည်။ * (၁ ယောဟန် ၄:၈) ယင်းက အဘယ်အရာကို ဆိုလိုသနည်း။

၁၆-၁၈။ (က) “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု သမ္မာကျမ်းစာ အဘယ်ကြောင့်ဆိုသနည်း။ (ခ) ကမ္ဘာပေါ်ရှိ သတ္တဝါအားလုံးထဲတွင် လူသည် အဘယ်ကြောင့် ယေဟောဝါ၏ဂုဏ်ရည်တော်ဖြစ်သောမေတ္တာ၏ ဆီလျော်သော အမှတ်လက္ခဏာဖြစ်သနည်း။

၁၆ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဆိုရာ၌ “ဘုရားသခင်သည် မေတ္တာနှင့်အတူတူပင်” ဟူ၍ ညီမျှခြင်းချသည့်အလား မဟုတ်ချေ။ ထိုဖော်ပြချက်ကို “ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ဖြစ်တော်မူ၏” ဟု ထိုက်သင့်အားလျော်စွာ ပြောင်းပြန်လှန်၍မဆိုနိုင်ပါ။ ယေဟောဝါသည် ကိုင်တွယ်ထိတွေ့၍မရသော အရည်အသွေးတစ်ခုထက်မကပိုသော ပုဂ္ဂိုလ်ဖြစ်သည်။ ကိုယ်တော်သည် မေတ္တာအပြင် ခံစားချက်အမျိုးမျိုး ဂုဏ်အင်္ဂါအဖုံဖုံရှိ ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ သို့တိုင် မေတ္တာသည် ယေဟောဝါထဲ၌ နက်ရှိုင်းလှစွာတည်ရှိသည်။ သို့ဖြစ်၍ ကိုးကားရည်ညွှန်းချက်တစ်ရပ်က ထိုအခန်းငယ်နှင့်ပတ်သက်၍ ဤသို့ဆိုသည်– “ဘုရားသခင်၏ဂုဏ်ဒြပ် သို့မဟုတ် သဘောသဘာဝသည် မေတ္တာဖြစ်၏။” ယေဘုယျအားဖြင့် ဤသို့ ကျွန်ုပ်တို့စဉ်းစားကြည့်နိုင်သည်– ယေဟောဝါ၏တန်ခိုးတော်သည် ကိုယ်တော်အား ပြုမူဆောင်ရွက်စေနိုင်သည်။ ကိုယ်တော်၏တရားမျှတမှုနှင့် ဉာဏ်ပညာတော်တို့က ကိုယ်တော်လုပ်ဆောင်ပုံနည်းလမ်းကို လမ်းညွှန်ပေးသည်။ သို့သော် ယေဟောဝါ၏မေတ္တာက ပြုမူလုပ်ဆောင်ရန် ကိုယ်တော့်အား လှုံ့ဆော်ပေးသည်။ ကိုယ်တော်၏မေတ္တာတော်ကို အခြားဂုဏ်ရည်တော်တို့နှင့် ကိုယ်တော်အသုံးပြုပုံ၌ အမြဲတင်ပြလျက်ရှိ၏။

၁၇ ယေဟောဝါသည် မေတ္တာ၏ပြယုဂ်ဖြစ်ကြောင်း မကြာခဏဖော်ပြလေ့ရှိသည်။ သို့ဖြစ်၍ မူပေါ်အခြေပြုသောမေတ္တာအကြောင်း ကျွန်ုပ်တို့သိလိုလျှင် ယေဟောဝါအကြောင်း ကျွန်ုပ်တို့ သင်ယူကြရပေမည်။ မှန်ပါသည်၊ ဤမျှကောင်းမွန်တင့်တယ်သောအရည်အသွေးကို လူ၌လည်း တွေ့မြင်ပေမည်။ သို့သော် သူတို့တွင် အဘယ်ကြောင့်ရှိရသနည်း။ ဖန်ဆင်းချိန်၌ ယေဟောဝါသည် မိမိ၏သားတော်အား “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟုမိန့်တော်မူခဲ့ကြောင်း ထင်ရှားသည်။ (ကမ္ဘာဦး ၁:၂၆) ကမ္ဘာမြေပေါ်ရှိ သတ္တဝါအားလုံးတို့အနက် လူယောက်ျားနှင့် လူမိန်းမတို့သာ မေတ္တာပြတတ်သဖြင့် သူတို့သည် ကောင်းကင်ခမည်းတော်ကို တုပကြသည်။ ယေဟောဝါ၏အဓိကဂုဏ်ရည်တော်တို့ကို ပုံဆောင်ရန် သတ္တဝါအသီးသီးကို ကိုယ်တော်အသုံးပြုခဲ့ကြောင်း သတိရပါ။ သို့တိုင် ယေဟောဝါသည် ကိုယ်တော်၏အဆင့်အမြင့်ဆုံး မြေကြီးသတ္တဝါ လူကို ကိုယ်တော်၏လွှမ်းမိုးကြီးစိုးသည့် အရည်အသွေးဖြစ်သော မေတ္တာ၏အမှတ်လက္ခဏာအဖြစ် ရွေးချယ်လေသည်။—ယေဇကျေလ ၁:၁၀

၁၈ ကျွန်ုပ်တို့သည် တစ်ကိုယ်ကောင်းမဆန်ဘဲ ကျင့်စဉ်မူအတိုင်းချစ်ခင်ကြသောအခါ ယေဟောဝါ၏ လွှမ်းမိုးကြီးစိုးသောအရည်အသွေးကို ကျွန်ုပ်တို့ ထင်ဟပ်ပြနေကြခြင်းဖြစ်သည်။ “ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏” ဟုတမန်တော်ယောဟန် ရေးသားခဲ့သည့်အတိုင်းဖြစ်သည်။ (၁ ယောဟန် ၄:၁၉) သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့ကို အဘယ်နည်းများဖြင့် ရှေ့ဦးစွာချစ်တော်မူသနည်း။

ယေဟောဝါအစပြုဆောင်ရွက်ခဲ့

၁၉။ ယေဟောဝါ၏ဖန်ဆင်းခြင်းအလုပ်၌ မေတ္တာသည် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။

၁၉ မေတ္တာသည် အသစ်အဆန်းမဟုတ်ပေ။ အမှန်မှာ စတင်ဖန်ဆင်းရန် ယေဟောဝါအား အဘယ်အရာက စေ့ဆော်ခဲ့သနည်း။ ကိုယ်တော်သည် အထီးကျန်၍ အဖော်လိုခြင်းကြောင့်မဟုတ်ချေ။ ယေဟောဝါသည် ပြီးပြည့်စုံ၍ မိမိဘာသာနေထိုင်နိုင်ကာ အခြားတစ်ဦးတစ်ယောက်ထံမှ အဘယ်ထောက်ပံ့မှုမျှမလိုပါ။ သို့သော် ကိုယ်တော်၏ လှုပ်ရှားတက်ကြွသော အရည်အသွေးဖြစ်သည့်မေတ္တာက ဘဝ၏ရွှင်လန်းမှုများကို တန်ဖိုးထားလေးမြတ်နိုင်သည့် အသိဉာဏ်ရှိသတ္တဝါများနှင့် ဝေမျှခံစားရန် ကိုယ်တော်အား အလိုအလျောက်စေ့ဆော်ပေးခဲ့၏။ “ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့အထွတ်” မှာ ကိုယ်တော်၏တစ်ပါးတည်းသောသားတော်ဖြစ်သည်။ (ဗျာဒိတ် ၃:၁၄) ထို့နောက် ကောင်းကင်တမန်များမှအစပြု၍ အခြားအရာခပ်သိမ်း ဖြစ်ပေါ်တည်ရှိလာစေရန် ယေဟောဝါသည် ဤကျွမ်းကျင်လုပ်သားကိုအသုံးပြုခဲ့သည်။ (ယောဘ ၃၈:၄၊ ၇; ကောလောသဲ ၁:၁၆) ဤတန်ခိုးကြီးသော နာမ်ဝိညာဉ်သားတို့ကို လွတ်လပ်မှု၊ ဉာဏ်ပညာနှင့် ခံစားချက်တို့ဖြင့် ကောင်းချီးပေးထားရာ သူတို့သည် ကောင်းကင်တမန်အချင်းချင်းနှင့်မက အဓိက ယေဟောဝါဘုရားသခင်နှင့် ချစ်ခင်တွယ်တာမှု ဖွဲ့နှောင်ရန် အခွင့်အလမ်းရရှိထားကြသည်။ (၂ ကောရိန္သု ၃:၁၇) သို့နှင့် သူတို့သည် အလျင်အချစ်ခံရခြင်းကြောင့် မေတ္တာထားတတ်လာကြသည်။

၂၀၊ ၂၁။ အာဒံနှင့် ဧဝကို ယေဟောဝါချစ်တော်မူကြောင်း သူတို့ အဘယ်သာဓက တွေ့ကြုံခဲ့ရသနည်း၊ သို့တိုင် သူတို့ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

၂၀ လူသားတို့တွင်လည်း အလားတူပင်ဖြစ်သည်။ ကနဦးကတည်းက အာဒံနှင့် ဧဝသည် မေတ္တာဖြင့်လွှမ်းခြုံခံခဲ့ရ၏။ သူတို့၏ ဧဒင်ပရဒိသုနေအိမ်တွင် ကြည့်လိုက်သမျှနေရာတိုင်း၌ သူတို့အတွက် ဖခင်၏မေတ္တာကို အထင်အရှားတွေ့မြင်နိုင်ကြသည်။ သမ္မာကျမ်းစာဤသို့ဖော်ပြထားသည်ကို သတိပြုပါ– “ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌နေရာချတော်မူ၏။” (ကမ္ဘာဦး ၂:၈) သင်သည် အမှန်တကယ် သာယာလှပသောဥယျာဉ် သို့မဟုတ် ပန်းခြံတစ်ခုသို့ ရောက်ဖူးသလော။ အဘယ်အရာကို သင်အနှစ်သက်ဆုံးနည်း။ လူခြေတိတ်သောအရိပ်တစ်နေရာတွင် သစ်ရွက်များကြားမှ ထိုးဖောက်ဖြာကျလာသည့် နေရောင်ခြည်ကိုလော။ အံ့ဖွယ်စီမံစိုက်ပျိုးထားသည့် ရောင်စုံပန်းခင်းကိုလော။ ပွက်ထသံမြည်သောစမ်းချောင်းလေး၊ တေးသံကျူးနေကြသည့်ငှက်များနှင့် တဝီဝီမြည်သောပိုးမွှားတို့၏ နောက်ခံတေးသံကိုလော။ သစ်ပင်ပန်းမန်၊ သစ်သီးဝလံနှင့် အဖူးအပွင့်များတို့၏ သင်းပျံ့ကြိုင်လှိုင်မှုတို့ကော။ မည်သို့ဆိုစေ ဧဒင်အရပ်ရှိအခြေအနေနှင့် ယနေ့ အဘယ်ပန်းခြံမျှ ယှဉ်နိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်နည်း။

၂၁ ထိုဥယျာဉ်ကို ယေဟောဝါကိုယ်တော်တိုင် စိုက်ပျိုးခဲ့၍ပင်! ထို့ကြောင့် မဖော်ပြနိုင်လောက်အောင် သာယာလှပရပေမည်။ ထိုအရပ်တွင် အပင်တိုင်းသည် လှပနှစ်လို့ဖွယ်ဖြစ်ကာ အရသာရှိလှသော သစ်သီးပင်များရှိခဲ့သည်။ ထိုဥယျာဉ်တွင် ရေဖောသီကာ ကျယ်ဝန်းသည်သာမက ထိုတွင် စွဲမက်ဖွယ်တိရစ္ဆာန်အမျိုးမျိုးနှင့် သက်ဝင်လှုပ်ရှားနေသည်။ အာဒံနှင့် ဧဝတို့သည် ကျေနပ်ရောင့်ရဲဖွယ်လုပ်ငန်းနှင့် စုံလင်သောအဖော်အဖက်ရှိရုံမက သူတို့ဘဝသည် ပျော်ရွှင်သာယာပြီး ပြည့်ဝစေဖို့ လိုအပ်ရာဘာမျှမရှိချေ။ သူတို့ကို ယေဟောဝါ ရှေ့ဦးစွာချစ်တော်မူသဖြင့် သူတို့လည်းတုံ့ပြန်ရန် အကြောင်းရင်းရှိသည်။ သို့တိုင် သူတို့တုံ့ပြန်ရန် ပျက်ကွက်ခဲ့သည်။ ကောင်းကင်ခမည်းတော်ကို သူတို့ချစ်မြတ်နိုးပြီး နာခံမည့်အစား တစ်ကိုယ်ကောင်းဆန်စွာ ကိုယ်တော်အား ပုန်ကန်ခဲ့ကြသည်။—ကမ္ဘာဦး အခန်းကြီး ၂

၂၂။ ဧဒင်တွင်ဖြစ်ပျက်ခဲ့သော ပုန်ကန်မှုကို ယေဟောဝါတုံ့ပြန်ပုံက ကိုယ်တော်၏ မေတ္တာသည် သစ္စာစောင့်သိကြောင်း မည်သို့သက်သေထူသနည်း။

၂၂ ယင်းက ယေဟောဝါအား မည်မျှနာကျင်လိုက်စေမည်နည်း! သို့သော် ဤပုန်ကန်မှုကြောင့် ကိုယ်တော်၏မေတ္တာပါနှလုံးသားကို နာကြည်းသွားစေသလော။ မနာကြည်းစေပါ! ကိုယ်တော်၏ “မေတ္တာတော်သည် ထာဝစဉ်တည်တော်မူ” ၏။ (ဆာလံ ၁၃၆:၁သတင်းကောင်း) သို့နှင့် အာဒံနှင့် ဧဝတို့၏သားသမီးတို့မှ စိတ်ထားမှန်သူကို ရွေးနုတ်ရန် မေတ္တာပါပြင်ဆင်ပေးချက်များကို ကိုယ်တော်ချက်ချင်းစီစဉ်ပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့သိခဲ့ကြရသည့်အတိုင်း ထိုပြင်ဆင်ပေးရာများတွင် ခမည်းတော် လွန်စွာပေးဆပ်လိုက်ရသည့် မိမိချစ်မြတ်နိုးလှသောသားတော်ကို ရွေးနုတ်ဖိုးအဖြစ် ပူဇော်လိုက်ရခြင်း ပါဝင်ခဲ့သည်။—၁ ယောဟန် ၄:၁၀

၂၃။ ယေဟောဝါသည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်ရသည့် အကြောင်းရင်းတစ်ခုကား အဘယ်နည်း၊ နောက်အခန်းတွင် အဘယ်အရေးပါသောမေးခွန်းကို ဆွေးနွေးမည်နည်း။

၂၃ မှန်ပါသည်၊ အစကနဦးကတည်းက ယေဟောဝါသည် လူသားတို့ကို မေတ္တာပြရာတွင် အစပြုလုပ်ဆောင်ခဲ့သည်။ မရေမတွက်နိုင်သောနည်းများဖြင့် ‘ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရှေ့ဦးစွာချစ်တော်မူ၏။’ မေတ္တာသည် ညီညွတ်မှုနှင့် ရွှင်လန်းမှုရှိစေ၏၊ ယင်းကြောင့် ယေဟောဝါအား “ပျော်ရွှင်သောဘုရားသခင်” ဟု ဖော်ပြထားခြင်းမှာ အံ့ဖွယ်မဟုတ်ချေ။ (၁ တိမောသေ ၁:၁၁ကဘ) သို့သော် အရေးပါသောမေးခွန်းတစ်ခု ပေါ်လာသည်။ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးချင်းစီကို အမှန်ပင် ချစ်ပါသလော။ နောက်အခန်းက ဤအကြောင်းကို ဖော်ပြပါမည်။

^ အပိုဒ်၊ 11 “(ရင်းနှီးသောမိတ်ဆွေ၊ သို့မဟုတ် ညီအစ်ကိုကို လူတစ်ဦး) ချစ်ခင်တွယ်တာရန်၊ နှစ်သက်စုံမက်ရန် သို့မဟုတ် သဘောကျရန်” ဟူ၍ အဓိပ္ပာယ်ရှိသည့် ကြိယာဖြစ်သောဖီလီအိုကို ခရစ်ယာန်ဂရိကျမ်းစောင်များတွင် သုံးလေ့ရှိသည်။ စတောဂျီဟူသော စကားလုံး၏ပုံစံတစ်မျိုး၊ သို့မဟုတ် မိသားစုတော်စပ်မှုမေတ္တာသည် ဤနောက်ဆုံးကာလ၌ လွန်စွာခေါင်းပါးမည့်အကြောင်း ၂ တိမောသေ ၃:၃ တွင်အသုံးပြုဖော်ပြထားသည်။ အီရော့စ် သို့မဟုတ် လိင်ဆိုင်ရာဆွဲဆောင်မှုကြောင့် ဖြစ်ပေါ်သောမေတ္တာမျိုးကို သမ္မာကျမ်းစာ၌ ဆွေးနွေးတင်ပြထားသော်လည်း ခရစ်ယာန်ဂရိကျမ်းစောင်များတွင် မပါချေ။—သုတ္တံ ၅:၁၅-၂၀

^ အပိုဒ်၊ 15 အချို့ကျမ်းချက်များ၏ တည်ဆောက်ထားပုံကို နှိုင်းယှဉ်၍ရနိုင်သည်။ ဥပမာ၊ “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏” နှင့် “ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။” (၁ ယောဟန် ၁:၅; ဟေဗြဲ ၁၂:၂၉) သို့သော် စကားများသည် ယေဟောဝါအား ဒြပ်ဝတ္ထုများနှင့် ပုံခိုင်းထားရာ ယင်းတို့ကို ဥပစာစကားအဖြစ် နားလည်ရပေမည်။ ယေဟောဝါသည် သန့်ရှင်း၍ ဖြောင့်မတ်တော်မူသောကြောင့် အလင်းနှင့်တူသည်။ ကိုယ်တော်တွင် “မှောင်မိုက်ခြင်း” သို့မဟုတ် မသန့်ရှင်းခြင်း လုံးဝမရှိပေ။ ထို့ပြင် ကိုယ်တော့်အား မီးဖြင့်နှိုင်းယှဉ်နိုင်ခြင်းမှာ ဖျက်ဆီးနိုင်စွမ်းကို ကိုယ်တော်အသုံးပြုခြင်းကြောင့်ဖြစ်သည်။